Youth’s Book Reflections
“မေတ္တာနဲ့ အရင်းခံ တည်ဆောက်ထားတဲ့ ဒီလူ့ဘောင်မှာ ချစ်ခြင်းသဒ္ဓါနဲ့ ကရုဏာဗြဟ္မစိုရ်တရားဟာ စိတ်နာသူတွေ အထင်မှားသလောက် မခေါင်းပါးပါဘူး”
~pg.267,မိုးညအိပ်မက်မြူ
မိုးအေးအေးမှာ သည်းထိတ်ရင်ဖိုဝတ္ထုတွေ တစ္ဆေသရဲဝတ္ထုတွေ ဖတ်ရတာဇိမ်တစ်မျိုးလို့ ဖတ်ခဲ့ဖူးတယ်။ တစ္ဆေသရဲမဟုတ်ဘဲ စိတ်ပညာအခြေပြုထားတဲ့ တက္ကသိုလ်ဘုန်းနိုင်ရဲ့ မိုးညအိပ်မက်မြူ စာအုပ်လေးကိုလည်း ဒီတစ်ခေါက် ခါတော်မီညွှန်းပါရစေဗျာ။
ဇာတ်လမ်းကို အကျဉ်းချုပ်ရရင် USကို ပညာတော်သင်အဖြစ်သွားပြီး ထိုမှတဆင့် စိတ်ပညာကိုအထူးပြုလေ့လာနေတဲ့ပညာရှင် မသက်ရီဆိုတဲ့ ထက်မြက်တဲ့ မိန်းမတစ်ဦးကို အဓိက ဇာတ်ကောင်အဖြစ်ထားထားတယ်။ သူမကို ပေါင်းတည်မြို့က ဦးလေးအရင်းသဖွယ် ခင်မင်ရင်းနှီးသော USမှာ တိုင်းရေးပြည်ရေးကိစ္စမှာ အတူပူးပေါင်းလုပ်ကိုင်ခဲ့ဖူးတဲ့ ဦးမင်းခိုင်ဆိုသူက သူ့အိမ်ကို တစ်ခဏလောက် လာတည်းပြီး သူကြုံနေရတဲ့ပြဿနာကို အဖြေရှာပေးဖို့ အကူညီတောင်းလာတယ်။
ပြဿနာအငွေ့အသက်ကတော့ ခရီးရောက်မဆိုက်ကတင် ကြိုတင်ရနေပါပြီ။ မူမမှန်ဘဲ တစ်ခုခုကိုဖုံးချင်နေကြတဲ့ အိမ်သားတွေနဲ့ ခြံဝင်းအကျယ်ကြီး အိမ်အကျယ်ကြီးမှာ လူနည်းနည်းနဲ့ အခင်းအကျင်းက ခြောက်ခြားတုန်လှုပ်စေမိတယ်။ ပြီးတော့ ‘မိုး’….
ရွာမယောင်မိုးတိမ်တွေ၊မှိုင်းညို့နေတဲ့ မိုးတိမ်တွေနဲ့ မိုးလေကလေးတွေ၊မိုးစက်မှုန်တွေက တစ်အုပ်လုံးရဲ့ ထူးခြားတဲ့ရသတစ်မျိုးကို အလှဆင်ပေးထားတယ်။
ပဟေဠိဆန်နေတဲ့ အိမ်ကြီးထဲက ကောင်လေးတစ်ယောက်ကတော့ အိမ်ကြီးနဲ့လိုက်ဖက်ညီစွာ ဆန်းကြယ်ပြီးအဖြေရှာရခက်နေတဲ့ပုစ္ဆာတစ်ပုဒ်ပါ။ စိတ်မနှံ့သူလိုလည်းမဟုတ်ဘဲ သူ့ပြဿနာဟာ ထင်ထားတာထက် နက်နဲနေတယ်။ စုံထောက် တစ်ယောက်က ရာဇဝတ်မှု တစ်ရပ်ရဲ့ အခြေအမြစ်ကို ဖော်ဖို့ သဲလွန်စတွေ ရှာသလို စိတ်ရောဂါကိုကုသရတဲ့ ဆရာဝန်သည်လည်း ရောဂါတစ်ခုရဲ့ အခြေအမြစ်ကို ဖော်ဖို့ သဲလွန်စကို ရှာတယ်။
သဲလွန်စတွေက တပိုင်းတစဆီ ဝတ္ထုရဲ့နေရာအနှံ့မှာပြန့်ကျဲနေပါလိမ့်မယ်။ ဖတ်ရင်းနဲ့ ရှုပ်ထွေးနေတဲ့ ကြိုးထုံးကြီးက တဖြည်းဖြည်း ရှင်းလင်းလာပါလိမ့်မယ်။ စိတ်ပညာရဲ့ စိတ်ဝင်စားဖို့ကောင်းတဲ့အပိုင်းတွေ၊ လက်တွေ့အသုံးချဖို့ အတွက် အသုံးဝင်တဲ့အရာတွေချပြထားတယ်။
spoilမမိရအောင် ရှောင်ပတ်ရေးနေတော့ ဒီreviewကကို ပဟေဠိပုစ္ဆာဖြစ်နေပြီထင်ပါတယ်။ ဒီတော့လည်း ဆရာ့ရဲ့အမှာစာက စာတစ်ပိုဒ်ကိုပဲ အလွယ်တင်ပြလိုက်ပါရစေ။
စိတ်ပညာနဲ့တစ်နည်းနည်းဆက်နွယ်နေတဲ့ အရေးအသားတွေ ခေတ်စားလာတဲ့အချိန်မှာ ဒီစာအုပ်ကို သူရေးဖြစ်ခဲ့တဲ့ စေတနာနဲ့ပတ်သက်ပြီးပြောသွားတာလေးက
“လူ့ပြည်၌ လူတွေရှိသည်။ လူတိုင်း လောကဓံတရားတို့နှင့် ရင်ဆိုင်ရသည်။ လူအများစုသည် လောကဓံတရားတို့ကို တတ်နိုင်သမျှ ကြံ့ကြံ့ခံပြီး လူ့လောက၌ အများနည်းတူ ဆက်သွားနိုင်ကြသည်။
အချို့လူများက ကံဆိုးကြသည်။ ထိုသူတို့သည် ပါဠိဘာသာဖြင့် “အနယ ဗျသန”ဟုခေါ်သော အဖြစ်ကို ကြုံကြရသည်။ အနယဗျသန ဆိုသည်မှာ ကံဆိုးနှိပ်စက်မှုနှင့် ပျက်စီးရခြင်း ဖြစ်လေသည်။”
ပျက်စီးရခြင်းကိုမှ ဆရာပြောပြထားတာက-
“ပျက်စီးရခြင်း အမျိုးမျိုးတွင် စိတ်၏ပျက်စီးရခြင်းလည်း ရှိသည်။ ဥမ္မာဒ ဟုလည်းကောင်း၊ စိတ္တဝိတ္တမ ဟု လည်းကောင်း ခေါ်သော ရူးသွပ်ခြင်းလည်း ရှိသည်။ သွက်သွက်ခါ ရူးသွပ်မသွားရှိစေ၊ စိတ္တဝိကာရခေါ် စိတ်ဖောက်ပြန်သွားခြင်းမျိုး ရှိသည်။
ထိုသူမျိုးသည် အတ္တောဝါဒခေါ် မိမိကိုယ်ကို ဆုံးမခြင်း မပြုနိုင်တော့။ အတ္တရက္ခာခေါ် အသိဉာဏ်တရားဖြင့် မိမိကိုယ်ကိုမိမိ စောင့်ရှောက်ခြင်း မပြုနိုင်ရှာကြတော့။ တချို့ဆိုလျှင် အတ္တာနုဝါဒခေါ် မိမိကိုယ်ကို မိမိ စွပ်စွဲခြင်း၊ မိမိကိုယ်ကိုမိမိ မကြည်ညိုခြင်းဖြစ်လျက် အတ္တာနုဝါဒဘယခေါ် မိမိကိုယ်ကို မိမိ အပြစ်တင်စွပ်စွဲသော ဘေးကြီး ဖြစ်ကြသည်။”
ထိုသူတို့အကြောင်း ကရုဏာသက်ဖွယ်ရေးလျှင်ရော အပြစ်ရှိပါသလားဆိုပြီး
အမှာစာဖတ်သူတွေကို မေးခွန်းပြန်
ထုတ်ထားပါတယ်။ ဆရာရေးမယ့်သူကတော့ ဒီဝတ္ထုထဲမှာပါတဲ့ အိမ်ကြီးထဲက ထူးဆန်းပြီးသိရခက်တဲ့ လူငယ်လေးတစ်ယောက်အကြောင်းပါ။
စိတ်ပညာမှာ လက်ခံထားတဲ့အချက်
တစ်ချက်က “စိတ်ရောဂါ အဆောက်အအုံ ဖွဲ့တည်စ ငယ်စဉ်ကလေးဘဝက အတွေ့ အကြုံဟာ အရေးအကြီးဆုံး ဖြစ်ပါတယ်။”ဆိုတာပါပဲ။ အခုတစ်ခါ ဒီထဲကလူငယ်က ကလေးဘဝအရွယ်မှာ မိခင်က နောက်အိမ်ထောင်ပြုသွားရတယ်။ အဲ့ဒီအရွယ်ကစ သူဟာ မိခင်ရဲ့ချစ်ခြင်းမေတ္တာကို လက်လွှတ်ဆုံးရှုံးလိုက်ရတယ်။ အဲ့ဒီ စိတ်နဲ့အပြိုင် မိခင်အပေါ် မုန်းတီးစိတ်လည်းဖြစ်လာတယ်။သို့ပေမယ့် သူက အဲ့ဒီအမြင်၊အဲ့ဒီစိတ်ကိုရင်ထဲမထားဘဲ မသိစိတ်ထဲမှာပဲထားထားတယ်။ ဒီလိုကာရိုက်တာရဲ့ ဘဝဟာ နောက်ဆုံးမှာ ကိုယ့်ကိုယ်ကို အပြစ်တင်ခြင်း၊ ကိုယ့်ကိုယ်ကိုမုန်းတီးခြင်းနဲ့သာဆုံးပြီး ပိုင်ဆိုင်ထားတဲ့ဘဝကို အဆုံးသတ်ချင်လာတယ်။
မရဏချောက်ထဲလည်းမဆင်းချင်၊မဆင်းရဲတဲ့ ဝင်ကစွပ်ကောင်လိုအဖြစ်ကို
ရောက်နေတဲ့ စိတ်ဝေဒနာလူနာအတွက် မသက်ရီတို့လို သမားကောင်းနဲ့ဆုံစည်းလိုက်ရတာလည်း မင်္ဂလာပါပဲ။ အနာနဲ့ဆေးကိုက်တော့တာပေါ့။ ပြီးတော့လည်း အထူးသဖြင့် ဒီထဲကလူနာလေးအတွက်ကတော့ ရှိရှိသမျှသော ကမ္ဘာပေါ်က စိတ်ရောဂါကုဆရာဝန်ကြီးတွေထက် မသက်ရီကသာလျှင် အကောင်းဆုံးသော ရလဒ်တစ်ခုကို လုပ်ဆောင်ပေးနိုင်မှာကတော့ အသေချာပါပဲ။
ဒီထဲမှာ စာအုပ်ရေးတဲ့အချိန်ကာလက တံတားကလေး စိတ်ရောဂါကုဆေးရုံကြီးအကြောင်း ဖော်ပြထားတာတွေ့ရတယ်။ အခုအခြေအနေနဲ့ကတော့ ကွာနေလောက်ပါပြီ။ မည်သို့ပင်ဆိုစေ ဒီကိစ္စသည်လည်း တိုင်းပြည်မှာ ရှိသင့်ရှိထိုက်တဲ့ အစိတ်အပိုင်းတစ်ခုအဖြစ် ခေတ်မီအဆင့်မြင့်မားဖို့ရာလိုအပ်မယ်လို့ မှတ်ယူမိပါတယ်။
အဆုံးထိဖတ်ရှုပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ခင်ဗျာ။
Read More Book Reviews at FB page👇
https://www.facebook.com/share/1G6jttPWss/?mibextid=wwXIfr
#Youths_book_reflections #bookreview #bookrecommendations #မိုးညအိပ်မက်မြူ #တက္ကသိုလ်ဘုန်းနိုင်
Keep Reading