Author's Profile Photo

Youth’s Book Reflections

16/08/2025

အိမ်ကျွန်-ချမ်းငြိမ်း(ဟံသာဝတီ)

3 mins read
Book Review
အိမ်ကျွန်-ချမ်းငြိမ်း(ဟံသာဝတီ)'s photo


“မင်း ဒီနေ့ကစ ငါ့အိမ်မှာ ကျွန်လုပ်။ မင်းလုပ်နေတဲ့အလုပ်တွေ အကုန်ရပ်ထား။ ပြန်ခံမပြောနဲ့ ။ ငါပြောတဲ့အတိုင်း တသွေမတိမ်း နားထောင်လိုက်နာ၊ကြားလား။ “

ကဲ အဲ့လိုစကားမျိုး အခုနေ စာဖတ်သူကို လာပြောပြီဆိုပါတော့ ဘယ်လိုတုံ့ပြန်မလဲခင်ဗျာ။ သေချာပေါက် စိတ်တိုဒေါသထွက်မိမှာပါ။မဟုတ်ရင်လည်း ပေါကြောင်ကြောင်နဲ့ကွာ။ ဘာတွေလာပြောနေတာလဲပေါ့။

ဒါပေမဲ့…

မန်ဒီဆိုတဲ့ ဆူဒန်နိုင်ငံတောင်ပိုင်းက တောသူမလေးအတွက်တော့ ဒီစကားဟာ သူ့ငယ်ရွယ်မှု၊ပျော်ရွှင်မှု၊ရဲရင့်တက်ကြွမှုတွေအကုန်လုံးကို သိမ်းကျုံးဆွဲနုတ်သွားပစ်ခဲ့တယ်။

နူဘာဆိုတဲ့ မျိုးနွယ်လူမျိုးစု တစ်ခုက မန်ဒီဆိုတဲ့ ကောင်မလေးဟာ သူ့မွေးရပ်မြေ ဆူဒန်နိုင်ငံကို ကမ္ဘာ့အလယ် တင့်တယ်စေဖို့ အိပ်မက်မက်ခဲ့ဖူးတယ်။ သူ့လူမျိုးနွယ်ဝင်တွေအတွက် အားထားရာ ဆရာဝန်မကြီးလည်း ဖြစ်ချင်စိတ်ထက်သန်ခဲ့တယ်။ သူမစေတနာကောင်းခဲ့ပေမယ့် ဆူဒန်နိုင်ငံကြီးကတော့ သူမကို ကြီးမားသောပေးဆပ်မှုတွေသာ ရက်ရက်စက်စက်တောင်းဆိုခဲ့တယ်။

မန်ဒီတို့ အမျိုးအနွယ် နူဘာလူမျိုးစုတွေဟာ ကိုယ့်ပိုင်နက်၊ကိုယ့်နယ်မြေ၊ကိုယ့်ယဉ်ကျေးမှုဓလေ့တွေနဲ့ တခမ်းတနားတည်ရှိခဲ့တဲ့ ကမ္ဘာဦးမျိုးနွယ်စုတွေထဲက တစ်ခုဖြစ်တယ်။ ဒီမျိုးနွယ်စုမှာ မန်ဒီလေးရဲ့ အဖေကတော့ ရပ်ရွာခေါင်းဆောင်တစ်ဦး။ မန်ဒီလေးဟာ သူ့အဖေဆီက ပျော့ပြောင်းတဲ့ဆံနွယ်နဲ့ အမေ့ဆီက ရုပ်ရည်ချောမောမှုတွေ အမွေရထားသူဖြစ်တာကြောင့် ရွာထဲမှာတော့ သူမဟာ လှပချောမောသူအဖြစ် မျက်နှာပွင့်လှပါတယ်။ ထက်လည်းထက်၊သွက်လည်းသွက်တဲ့ မန်ဒီက ငယ်စဉ်ကတည်းက သူ့ပတ်ဝန်းကျင်မှာရှိတဲ့ အဆီအငေါ်မတည့်တဲ့အရာမှန်သမျှကို မေးခွန်းထုတ်တတ်ခဲ့တယ်။ ပညာရှာတဲ့အရွယ်မှာလည်း ပညာသာလျှင် ဒီလို ချို့တဲ့ဘဝတွေများစွာကို ကယ်တင်ပေးနိုင်မှာဆိုတာကို အကြွင်းမဲ့ယုံကြည်တာမလို့ ကြိုးကြိုးစားစား သင်ယူခဲ့တယ်။

ငါးတန်းလောက်မှ အင်္ဂလိပ်စာကိုစသင်ရခဲ့ပေမဲ့ ကျောင်းက သင်ပေးထားခဲ့တဲ့ အာရေဗျ ဘာသာစကားက သူမကို မွန်းကျပ်မှုတွေဆီကနေ အနည်းငယ်ချောင်ချိစေခဲ့တာတော့အမှန်ပါပဲ။ ဒီကြားထဲ သူ့အစ်ကို တစ်ယောက် အသည်းအသန်နေမကောင်းဖြစ်လို့ နယ်မြို့ကလေးမှာ ဆေးရုံတင်ရတော့ ကိုယ့်မွေးရပ်မြေရွာရဲ့ နိမ့်ကျမှုတွေကို ပိုမြင်လာရပြီး သူမရဲ့ ပညာရေးပန်းတိုင်တွေဟာ ပီပြင်ထင်ရှားလာခဲ့တယ်။

ရှင်သန်နေစဉ်ကာလအတွင်းမှာ သူ့ဘဝနဲ့သူ သာယာနေတဲ့ မန်ဒီကလေးကို ကံကြမ္မာက မျက်နှာသာမပေးခဲ့ရှာပါဘူး။ စာသင်ယူလို့ကောင်းတုန်း၊မိစုံဖစုံနဲ့ ကလေးဘဝရဲ့ ပျော်ရွှင်မှုတွေ ခံစားနေရတုန်းအချိန် တစ်ရက်မှာတော့ မူဂျာဟစ်ဒင်ဆိုတဲ့ အစွန်းရောက်အဖွဲ့တွေက ညဘက်ကြီးမှာ သူတို့ရွာကို လာတိုက်ခိုက်ပြီး တောကောင်တွေဖမ်းသလိုမျိုး တဲအိမ်လေးတွေကို မီးတင်ရှို့၊ အလန့်တကြားဖြစ်ပြီးပြေးလွှားနေတဲ့ နူဘာမျိုးနွယ်စုတွေကို လိုက်ဖမ်း။ အဖမ်းမခံတဲ့ယောက်ျားလေးတွေကို -တ်ပစ် ။ မိန်းမတွေကို မု-ိမ်းကျင့်၊ရိုက်နှက်။ ကလေးငယ်တွေကို ဖမ်းဆီးပြီး ကျွန်လုပ်ပြန်ရောင်းစားကြတယ်။ ဒါတွေက နူဘာမျိုးနွယ်စုတစ်ခုတည်း လန့်ထိတ်နေရတဲ့ အကြောက်တရားမဟုတ်ဘဲ ဆူဒန်နိုင်ငံအတွင်း မှီတင်းနေထိုင်ကြတဲ့ တိုင်းရင်းသားမျိုးနွယ်စုတိုင်းရဲ့ ချွေးပြန်စေတဲ့အိပ်
မက်ဆိုးတစ်ခုပါပဲ။

ရွာကိုဖျက်ဆီးသွားတဲ့ သူပုန်တွေဟာ ငယ်ငယ်ရွယ်ရွယ် တောက်ပတဲ့အနာဂတ်
တွေနဲ့ ကလေးပေါင်းများစွာကိုလည်း အညွန့်ချိုး နှိပ်စက်ပြီး အိမ်ကျွန်လုပ်ခဲ့ကြတယ်။ အကြောက်တရားကို ငယ်စဉ်ကတည်းက ရိုးတွင်းခြင်ဆီထိ ထည့်သွင်းခံလိုက်ရတဲ့ ကလေးပေါင်းများစွာဟာ လူစင်စစ်ကနေ တစ်ဆင့်နိမ့်တဲ့အခိုင်းအစေ သတ္တဝါဖြစ်သွားခဲ့ရတယ်။

ဒါပေမဲ့ သူတို့ဟာလည်း လူတွေမလား။ အသည်းနှလုံးနဲ့ ခံစားတတ်ကြတဲ့ လူတွေပါ။ ကိုယ်ပိုင်အခွင့်အရေးဆိုတာတွေကိုထားတော့။လွတ်လပ်စွာ တွေးခေါ်ခွင့်ကိုတောင် ဘောင်သွင်းအကျဉ်းချခံရတဲ့ သူတို့ဘဝတွေဟာ လွတ်မြောက်မှု၊လွတ်လပ်မှုကို ငံ့လင်နေကြရရှာတယ်။

မန်ဒီကလေးတစ်ယောက် အိမ်ကျွန်ပွဲစားကနေတဆင့် အလုပ်လုပ်ရမယ့်အိမ်ကို ရောက်သွားပြီး သခင်မအသစ်ရဲ့ ပုံစံထဲ ဝင်အောင် နေထိုင်ပြုမှုခဲ့ရတယ်။ မဝင်ဝင်အောင် အတင်းအဓမ္မ ရိုက်နှက်မှုတွေ၊စော်ကားမှုတွေကြားမှာ မန်ဒီကလေးဟာမျက်ရည်နဲ့မျက်ခွက်။မိသားစုနဲ့လည်းကွဲခဲ့ရ။ ငယ်စဉ်က မင်းသမီးလေးလို အလိုလိုက်ခံရတဲ့ သူဟာ အခုတော့ အိမ်မွေးခွေးလောက်တောင်မှ တန်ဖိုးမထားခံရဘူး။ ငယ်ငယ်ရွယ်ရွယ် ဆယ်နှစ်သားလောက်ကတည်းက အိမ်ကြီးကိုသန့်ရှင်းရေးအကုန်လုပ်ရ၊သူများမလုပ်ချင်တဲ့အရာတွေသိမ်းကျုံးလုပ်ရ။ စားတော့ တူတူပေးမစား၊ တန်းတူမထား။ အိမ်ရတော့လည်း မှောင်မည်းနေတဲ့အခန်း အခင်းမရှိဘာမရှိနဲ့ထားပြီး အပြင်က သော့ခတ်ပိတ်သွားတယ်။

ဒီလိုဘဝပေးအခြေအနေကို မန်ဒီဟာ လိုက်လျောညီထွေဖြစ်အောင် ကြိုးစားနေခဲ့ပါတယ်။ သူမရဲ့ မိသားစုကို အချိန်တိုင်းတမ်းတနေပေမယ့်လို့ သူမ မစွမ်းနိုင်တဲ့ အကွာအဝေးမှာမလို့ ဘာမှမတတ်နိုင်ခဲ့ဘူး။ နေ့စဉ် အသပြာတစ်ပြားတစ်ချပ်မှမရဘဲ ရိုက်နှက် ဆဲဆိုကြိမ်းမောင်းခံရတဲ့ မန်ဒီကတော့ သက်ဆိုးရှည်ရှာပါတယ်။ သူ့စိတ်ကို သူအားတင်းထားရင်း ခက်ထန်လှတဲ့ အချိန်တွေကို ဖြတ်သန်းခဲ့ရတယ်။

ဆူဒန်မှာ ကျွန်အဖြစ်နဲ့ နှစ်များစွာလုပ်ခဲ့ရတဲ့မန်ဒီအတွက် အလှည့်အပြောင်းတစ်ခုကတော့ အင်္ဂလန်ကို သွားပြီး လက်ရှိသခင်မရဲ့ အစ်မထံမှာ ကျွန်သွားလုပ်ရတာပါပဲ။ အင်္ဂလန်ရဲ့ တိုးတက်ပြောင်းလဲမှုတွေဟာ တောသူမလေး မန်ဒီအတွက်တော့ အံ့ဩလို့မကုန်နိုင်အောင်ပဲပေါ့။ အစပိုင်းတော့ သူလုပ်ရမယ့်အိမ်က ကောင်းပေမယ့် နောက်ပိုင်းမှာ သူထွက်ပြေးမှာစိုးရိမ်လာတာကြောင့် အရင်သခင်မထက် ပိုဆိုးရွားတဲ့နည်းလမ်းတွေနဲ့ မန်ဒီလေးကို ထပ်နှိပ်စက်ပြန်တယ်။ ဒီဘဝဆိုးကြီးမှာ လုံးချာလည်လိုက်နေရင်း အခွင့်အရေးတစ်ခုက မန်ဒီဆီရောက်လာခဲ့တယ်။ ဪ နောက်ကျလှချည်လားလို့ စာဖတ်ရင်း အားမလိုအားမရဖြစ်ခဲ့ရတာအမှန်ပါ။

ရလိုက်တဲ့အခွင့်အရေးကို မန်ဒီတစ်ယောက် သည်းတထိတ်ထိတ်နဲ့ စွန့်စားပြီး ဒီ အမှောင်တွင်းကြီးကနေ ကိုယ်လွတ်ရုန်းတက်နိုင်ခဲ့လိုက်တယ်။

“အနောက်နိုင်ငံမှာ နေတဲ့လူတွေ အတွက် လွတ်လပ်မှုဆိုတာ သိပ်မထူးဆန်းလှပါဘူး။ တန်းတူအခွင့်အရေးတွေ၊ အလုပ်သမား အခွင့်အရေး၊ အမျိုးသမီးအခွင့်အရေးစတဲ့ မွေးရာပါအခွင့်အရေး တွေကို ခံစားနေကြရလို့ လွတ်လပ်မှုဆိုတဲ့ အခွင့်အရေးကို သိပ်ဂရုမထားတော့ပါဘူး။ ဆူဒန်နိုင်ငံလို မဖွံ့ဖြိုးသေးတဲ့နိုင်ငံက လာတဲ့လူသားတွေအတွက်ကတော့ လွတ်လပ်မှုဆိုတာ အရမ်းအံ့ဩ နှစ်လိုဖွယ်ရာဖြစ်ပြီး တန်ဖိုးမဖြတ်နိုင်တဲ့ အရာတစ်ခု ဖြစ်ပါတယ်။ ဒါထက်ပိုပြီး ကျွန်ပြုခံရတဲ့လူတွေအတွက် လွတ်လပ်မှုဆိုတာ အနှိုင်းမဲ့ အလှတရားတွေ ရှိတဲ့ ခံစားမှုလို့ဆိုရမှာ ဖြစ်တယ်။”

ကျွန်ဘဝကလွတ်ပေမယ့် သူမဟာ သူမရဲ့ရပ်တည်မှုအတွက် အင်္ဂလန်မှာ နိုင်ငံရေးခိုလှုံခွင့်ရဖို့ တိုက်ပွဲတွေ ထပ်နွှဲခဲ့ရပါသေးတယ်။ အဆုံးသတ်မှာတော့ ကျွန်တော်တို့ဆီ အခုလို သူမရဲ့ ရဲစွမ်းသတ္တိအတွက် ထိုက်တန်တဲ့ဂုဏ်ပုဒ်အဖြစ် သူမကိုယ်တိုင်ရေးသားထားတဲ့ အတ္ထုပ္ပတ္တိစာအုပ်ဟာ ကမ္ဘာအနှံ့ကိုဖြန့်ချီရပြီး ရောင်းအားကောင်းခဲ့သလို နိုင်ငံပေါင်းများစွာကပါ ဘာသာပြန်ခဲ့ကြပါတယ်။ ကမ္ဘာ့နေရာအသီးသီးမှာ ကျွန်ပြုခံရနေဆဲ၊အဖိနှိပ်ခံနေရဆဲ လူသားတွေအတွက် မန်ဒီက သူ့ဘဝကို အရှိကိုအရှိိတိုင်း ဟုတ်မှန်စွာ ထုတ်ဖော်ရေးသားပြီး လောကမှာ အမှန်တရားမကွယ်ပျောက်သေးကြောင်း genderမရွေး ကိုယ်ပိုင်လွတ်လပ်ခွင့်၊လူသားချင်းစာနာမှု၊တရားမျှတမှုတွေသည် ကမ္ဘာမြေမှာ မဆိတ်သုဉ်းသေးဖူးဆိုတာကို သူ့ဘဝနဲ့ရင်းပြီးမန်ဒီနေဇာဆိုတဲ့ ကလေးမလေးတစ်ယောက်ကတော့ သက်သေပြပေးသွားခဲ့ပါပြီ။

(စာရေးဆရာက မူရင်းထဲက တချို့သောအခန်းတွေကိုအကြောင်းအမျိုးမျိုးကြောင့် ချန်လှပ်ထားတာဖြစ်ပါလိမ့်မယ်။ ဒီအပိုင်းတွေကြောင့် အရသာပျက်သွားလားဆိုရင်တော့ အဲ့လိုတော့မဟုတ်ပါဘူး။ သို့ပေမယ့် ဖြစ်နိုင်ရင်တော့ မူရင်းကိုဖတ်စေချင်ပါတယ်။ မန်ဒီရဲ့ဘဝကို ပြည့်ပြည့်စုံစုံနဲ့ အချိတ်အဆက်ထိထိမိမိ ဖတ်ရှုခံစားရမှာမလို့ပါ။)

Read More Book Reviews at FB page👇
https://www.facebook.com/share/15qb4fZPnA/?mibextid=wwXIfr

#bookreview #Youths_book_reflections #အိမ်ကျွန်
#ချမ်းငြိမ်းဟံသာဝတီ

Keep Reading

AVA (Season 1 & 2) Beyond AVA The Fall of Hantharwaddyဘဝဟူသည်အရင်းအနှီးနဲ့ တည်ဆောက်ထားတဲ့ ဘဝရည်မှန်းချက်ပန်းတိုင်မေတ္တာမဏ္ဍိုင်တန်ဖိုးရှိတဲ့အရာ ခံစားမိအောင်ပါပီလွန်နှင့်ဗင်ဂို စာအုပ်ထဲက နိုးစက်သည်းခြေကြိုက် စာအုပ် ၆ အုပ်"စာအရေးအသား ကောင်းစေရန်" – အပိုင်း ၄: စာရေးသူတွေရဲ့ စိတ်နေသဘောထားတွေအကြောင်း  The Gentleman in the Parlour"စာအရေးအသား ကောင်းစေရန်" – အပိုင်း ၃: ဘယ်လို အမျိုးအစားတွေကို ရေးမလဲ