Author's Profile Photo

Noble

16/07/2025

အနှုတ်တခုနဲ့ ညီတဲ့ အပေါင်း သုံးခု

1 min read
Personal Development
General Knowledge
Motivation

လူတွေရဲ့ အတွေးမှာ အဆိုးဘက်နဲ့ အကောင်းဘက် ဘယ်ဟာ ပိုများမယ်ထင်လဲ? 

စိတ်ပညာရှင်တယောက်ဖြစ်တဲ့ Barbara Fredrickson အနေနဲ့ သူ့ရဲ့  သုတေသန တခုကနေ ရှာတွေ့ခဲ့တာက လူသားတွေမှာ အနှုတ်ဘက် (မကောင်းတဲ့) အတွေးတွေ ပိုကြီးစိုးနေတယ်တဲ့… ဒါက ရှင်သန်ခြင်းရဲ့ သဘာဝ ဖြစ်စဥ်တခုပါပဲ… 

ဒါပေမယ့် … မကောင်းတဲ့ အတွေးတွေ များလာရင်တော့ ကိုယ့်ရဲ့ စိတ်ပိုင်းဆိုင်ရာမှာ ထိခိုက်မှု ရှိလာနိုင်ပါတယ်။ ဒါကြောင့်  …. နည်းလမ်းလေးတခုကို သူအကြံပေးထားတယ်.. 

‘မကောင်းတဲ့ အတွေးတခု ဝင်တိုင်းမှာ ကောင်းတဲ့ အတွေး သုံးခု ပြန်တွေးပါတဲ့’ 

ပုထုဇဥ် ဖြစ်နေသေးသရွေ့တော့ ဘယ်လောက်ပဲ ဖြူစင်တယ်ပြောပြော .. မကောင်းတဲ့ အတွေး၊ မကောင်းတဲ့ ခံစားချက် အမြင်တွေ ရှိတတ်ကြတာ သဘာဝပါပဲ…

တခါတလေကျ ကြုံဖူးလိမ့်မယ်…

မနက်မိုးလင်းရင် ဒီနေ့ ငါကောင်းတာလေးတွေပဲ တွေးမယ် ၊ ကောင်းတာတွေပဲ ပြောမယ် လို့ စဥ်းစားထားပေမယ့် တခြားသူတယောက်ရဲ့ အပြုအမူ၊ အပြောအဆိုကြောင့် စိတ်က ညစ်နွမ်းသွားပြီး အဆိုးမြင်မိ၊ မကောင်းတဲ့ အတွေးတွေ ဝင်လာပြန်ရော… 

တခါတလေကျတော့လည်း ကိုယ်မထင်မှတ်ထားတဲ့ ပြဿနာ၊ ဖြစ်ရပ်တွေကြောင့် စိတ်က အဆိုးဘက်ကို ဦးတည်နေပြန်ရော… 

‘အော်.. ငါ ကံဆိုးလိုက်တာနော်’ 

‘ငါကျမှ ဒါမျိုး ဖြစ်တတ်တာပါလား’

‘ငါတော်တော် အသုံးမကျတာပဲ’ 

ဒီလို အတွေးမျိုးတွေပေါ့… 

လောကမှာ အကောင်းနဲ့ အဆိုးကလည်း အမြဲ ဒွန်တွဲနေတော့ တချိန်လုံး အကောင်းတွေကိုပဲ ခံစားမိဖို့ ဆိုတာ မလွယ်ပါဘူး…

ဒါပေမယ့် စကားလေး တခုရှိတယ်.. Positive thinking (အကောင်းမြင်တတ်တဲ့အတွေးတွေ) ဟာ Positive Outcome (အကောင်းဘက်ကို သွားတဲ့ ရလဒ်) တွေကို ပေးနိုင်တယ်တဲ့… 

သာမန် စဥ်းစားကြည့်မယ်ဆိုရင်တောင် စိတ်က အကောင်းဘက်ကို များများတွေးမယ်၊ ကြည်လင်နေမယ်၊ အကောင်းမြင်စိတ်နဲ့ မေတ္တာထားကြည့်မယ်ဆိုရင် စိတ်ကအေးချမ်းသွားတယ်လေ..

ဒီတော့ အကောင်းမြင်စိတ် ၊ ကောင်းမွန်တဲ့ အတွေးတွေက တနေ့တာဘဝမှာ သိပ်ကို အရေးပါပါတယ်

ဒါဆိုရင် အကောင်းဘက် ပိုများပြီး အဆိုးဘက်တွေ နည်းသွားအောင် အခုနည်းလမ်းလေးကို သုံးကြည့်ရအောင် … 

အဆိုးတခု တွေးမိတိုင်းမှာ … ကောင်းမွန်တဲ့ အတွေး သုံးခုကို ပြန်အစားထိုးကြည့်ကြမယ် … 

ဥပမာ …. ‘ကိုယ် ဒီနေ့ အလုပ်တွေ သိပ်များလို့ အချိန်မမှီမှာကို စိတ်ဖိစီးနေပြီ ဆိုကြပါစို့’ 

ဘာအတွေးတွေ ဝင်လာနိုင်လဲ? 

‘ ငါ အလုပ်တွေ မှီပါ့မလား?’ ‘ငါ ဒီနေ့ ဒါတွေ မပြီးရင် သွားပါပြီ’ 

ဒီလို အဆိုးဘက်ကို သွားတဲ့ အတွေးတွေကို ကောင်းမွန်တဲ့ အတွေးတွေနဲ့ အစားထိုးကြည့်ရအောင်… 

‘ငါ ဒီနေ့ အလုပ်တွေ ပြီးအောင် လုပ်ကြည့်မယ်၊ ဒါက ငါ့ရဲ့ လုပ်နိုင်စွမ်းတခုကို ပြသနိုင်မယ့် အခွင့်အရေးပဲ’ 

‘ငါတော်တော် အလုပ်တွေ ကြိုးစားနေတာပဲ၊ ကြည့်စမ်း၊ ဒီတိုင်းသာဆို ငါတော်တော် တိုးတက်လာမှာ အသေချာပဲ’

‘ဒီနေ့သာ အလုပ်တွေပြီးသွားရင် ငါမနက်ဖြန် ငါလုပ်ချင်တာတွေ လုပ်လို့ရမှာပဲ’ 

ဒီလို အတွေး (၃) ခုနဲ့ အစားထိုးကြည့်လိုက်ပါ… 

ဒါဆိုရင် ခုန ဝင်နေတဲ့ အဆိုးမြင်စိတ်တွေ အကုန်ပြောင်းသွားတဲ့အပြင် ကိုယ်ကြုံနေရတဲ့ အခြေအနေ တခုကို တည်တည်ငြိမ်ငြိမ်နဲ့ အကောင်းဆုံး ကျော်ဖြတ်သွားနိုင်မှာ ဖြစ်ပါတယ် 

အကောင်းမြင်စိတ်ဖြစ်ဖို့ ၊ အတွေးတွေ ကောင်းမွန်ဖို့ဆိုရင် 

(၁) လက်ရှိ အခြေအနေကို ကျေးဇူးတင်ပါ 

(၂) အပြုသဘောဆောင်တဲ့ စကားတွေကို ပြောပါ 

(၃) ကောင်းတဲ့ ရလဒ်တွေကို ပုံဖော်ပါ 

ဒါဆိုရင် ကိုယ့်ရဲ့ နေ့ရက်တွေမှာ positive ဘက်ကို သွားတဲ့ ခံစားချက်တွေ၊ positive energy နဲ့ positive outcome တွေ ပိုမိုပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။ 

အခု ပြောခဲ့တဲ့ နည်းလမ်းလေးက ရိုးရှင်းပေမယ့် ကိုယ့်ဘဝကို ပိုပျော်ရွှင်စေမှာ ဖြစ်တဲ့အပြင် အခြေအနေဆိုးတွေကို အကောင်းဘက်ကနေ လှည့်တွေးရင်းနဲ့ ကိုယ့်ရဲ့ စိတ်ခွန်အားကို အကောင်းဆုံး မွေးမြူနိုင်မှာ ဖြစ်တာကြောင့် ဒီနေ့ကစပြီး အားလုံး အတူတူ စမ်းကြည့်ကြဖို့ ပြောရင်း မျှဝေလိုက်ရပါတယ်။ 

Noble’s Wellness Corner 
Coach Noble 
16.7.2025

Keep Reading

မရှုပ်မရှင်း မရှင်းမရှုပ် အပိုင်းတစ်မရှုပ်မရှင်း မရှင်းမရှုပ် အပိုင်းနှစ်စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးစိတ်ရှည်ပါ။မိုက်ရဲ့ အရင်းအနှီးတွေက ဘာဖြစ်မလဲ။ဆီလီကွန်ဗယ်လီမှာ မက်လောက်စရာ အကောင်းဆုံး အလုပ်တန်ရာတန်ကြေးနိယာမအဆန့်အဖျက်အဲလက်ဇ် ဘာဂျာ ဘယ်လိုနည်းနဲ့ ဟောလီးဝုဒ်ထဲ ရောက်ခဲ့သလဲ အပိုင်းနှစ်အကျိုးရှိမယ့်စာအုပ်ပဲဖတ်ပါ