ရွှေငါး

သူငယ်ချင်းတို့ရေ
"Nemo" ဆိုတဲ့ ရုပ်ရှင်ကားလေးကို ကြည့်ဖူးတဲ့သူရှိကြလား။
ဒီတစ်ခါ ပြောပြပေးမယ့် သူငယ်ချင်းလေးအကြောင်းကတော့ နီမိုလို့ အားလုံးသိကြတဲ့ Clown Fish ဆိုတဲ့ လူပြက်ငါးလေးအကြောင်းပဲဖြစ်ပါတယ်။
ဒါနဲ့ လူပြက်ငါးလေးအကြောင်း ဘယ်လောက်သိလဲ။
သိပ်မသိသေးရင် ဒီစာလေးကို အဆုံးထိဖတ်ပေးနော်။ ဒါဆို သူငယ်ချင်းမသိသေးတဲ့ ဗဟုသုတလေးတွေ ရသွားမှာပါ။
လူပြက်ဆိုပေမဲ့
နီမိုလေးရဲ့ နာမည်က လူပြက်ငါးတဲ့။ ဘာလို့ သူ့ကို လူပြက်ငါးလို့ ခေါ်ကြလဲဆိုတော့ သူက လူပြက်တွေ လူရွှင်တော်တွေလို ရယ်စရာကောင်းလို့မဟုတ်ဘဲ မျက်နှာမှာ ဆေးခြယ်ထားတဲ့ ဟာသပညာရှင်လူပြက်တွေနဲ့ တူလို့ပါတဲ့။
လူပြက်ငါးလေးတွေကို တို့တွေမြင်ဖူးနေကျ အနီနဲ့ အဖြူစပ်အရောင်လေးတွေအပြင် လိမ္မော်၊ အဝါ၊ အမဲ၊ အဖြူ ရောင်လေးတွေနဲ့လည်း တွေ့ရနိုင်သေးပြီး မျိုးစိတ်ပေါင်း ၃၀ နီးပါးရှိတယ်။
အထီးနဲ့ အမ ဘယ်လိုခွဲကြမလဲ
နီမိုလေးတွေကို အထီးနဲ့ အမ ဘယ်လိုခွဲလဲရော သိကြလား။
နီမိုစုံတွဲတစ်တွဲမှာ အကောင်ခပ်ကြီးကြီးက အမ၊ ပိုအကောင်သေးတာက အထီးပါတဲ့။
ထူးဆန်းတာက လူပြက်ငါးလေးတွေကလေ မွေးလာတုန်းက အကုန်အထီးလေးတွေချည်းပဲ။ အုပ်စုထဲမှာ အကြီးဆုံးက အမအဖြစ်ပြောင်းသွားတယ်။ အဲဒီအမက အုပ်စုကိုခွဲခွာသွားရင် နောက် ကျန်တဲ့ ဒုတိယအကြီးဆုံးငါးက အထီးကနေ အမဖြစ်သွားပြန်တယ်။ အမဖြစ်ပြီးသွားရင် အထီးလုံးဝပြန်မဖြစ်တော့ဘူး။
နီမိုလေးတွေရဲ့ အိမ်
လူပြက်ငါးလေးတွေကို နေရာတိုင်းတော့ တွေ့ဖို့ မလွယ်ဘူးနော်။ သူတို့က ပင်လယ်ဆားငန်ရေထဲမှာပဲ နေကြတယ်။ အများဆုံးနေကြတာတော့ ပစိဖိတ်သမုဒ္ဒရာနဲ့ အိန္ဒိိယသမုဒ္ဒရာ၊ မက်ဒါကတ်စကာ၊ သြစတြေးလျ၊ အင်ဒိုနီးရှား၊ ဂျပန်နဲ့ ဖိလစ်ပိုင်တို့မှာပါ။
သန္တာကျောက်တန်းနဲ့ အပြန်အလှန်မှီခိုမှု
သူတို့လေးတွေက အိမ်အဖြစ် Anemones ဆိုတဲ့ သန္တာကျောက်တန်းအပျော့လေးတွေကို မှီခိုပြီးနေကြတယ်။ သူတို့နေတဲ့ အိမ်ပေါ့။ လူပြက်ငါးလေးတွေနဲ့ သူတို့ရဲ့အိမ်လေးဖြစ်တဲ့ သန္တာကျောက်တန်းတို့ဟာ အပြန်အလှန် အကျိုးပြုနေတယ်ဆိုတဲ့အချက်ကလည်း ထူးခြားတဲ့အချက်ဖြစ်ပါတယ်။
သန္တာကျောက်တန်းလေးက သူတို့ရဲ့ ဥတွေကို ကာကွယ်ပေးတယ်။ ရန်သူတွေမမြင်အောင် ကာပေးတယ်။ ပြီးတော့လေ ရန်သူတွေကို အဆိပ်နဲ့တောင် ပြန်ပစ်ပေးသေးတယ်။ အဆိပ်ဆိုလို့ စိတ်ပူသွားလား။ စိတ်မပူပါနဲ့။ အဲဒီအဆိပ်က လူပြက်ငါးလေးတွေကိုတော့ အန္တရာယ်မပေးနိုင်ပါဘူး။ သဘာဝတရားကြီးက လူပြက်ငါးလေးတွေရဲ့ကိုယ်ပေါ်မှာ အဲဒီအဆိပ်ကိုခံနိုင်ရည်ရှိတဲ့ အချွဲတွေပါစေတာမို့ သူတို့ကိုတော့ ဘေးဥပဒ်မဖြစ်စေဘူးတဲ့လေ။
လူပြက်ငါးလေးတွေနဲ့ ဂေဟစနစ်
သူတို့ပိုတဲ့ အစားအသောက်တွေနဲ့ သူတို့စွန့်ပစ်လိုက်တဲ့ မစင်တွေက သန္တာကျောက်တန်းလေးတွေအတွက် ဓာတ်မြေသြဇာလို အကျိုးပြုတယ်။ ပြီးတော့ သန္တာကျောက်တန်းမှာကပ်နေတဲ့ ကပ်ပါးကောင်တွေကိုလည်း သူတို့က စားပေးတဲ့အတွက် သန့်ရှင်းသွားစေတယ်။ ဒီလို အပြန်အလှန်အကျိုးပြုတာပေါ့။
ပုံမှန်သက်တမ်းဘယ်လောက်ရှိလဲ
လူပြက်ငါးလေးတွေရဲ့ သက်တမ်းကရော ဘယ်လောက်ရှိမယ်လို့ထင်လဲ။ ခဏရပ်ပြီး ခန့်မှန်းကြည့်ပါဦး။
လက်ဖက်ရည်ပန်းကန်လောက်ပဲ ရှိတဲ့ ငါးသေးလေးတွေက အသက်ရှည်မယ်လို့ ဘယ်ထင်ရမလဲနော်။ ဒါပေမဲ့ လူပြက်ငါးလေးတွေရဲ့ ပုံမှန်သက်တမ်းစေ့က ၈ နှစ်ကနေ ၁၂ နှစ်ထိတောင် ရှိပါတယ်။
လူပြက်ငါးဖေဖေနဲ့ မေမေဟာ သူတို့ ဥလေးတွေဥဖို့ သန္တာကျောက်တန်းတွေကြားထဲ အကောင်းဆုံးနေရာကို ရှာပြီး အမေက ဥတွေ ဥချတယ်။ တစ်ခါဥချရင် ရာနဲ့ ထောင်နဲ့ချီပြီးများတယ်။ ပြီးရင် အဖေဖြစ်သူက စောင့်ရှောက်ပေးတယ်။ ရက် ၂၀ လောက်ဆို လူပြက်ငါးလေးမှန်းသိသာစေတဲ့ အစင်းလေးတွေ စပေါ်လာပါပြီ။ သူတို့က အဲဒီအရွယ်လောက်ကတည်းက ကိုယ်နေမယ့်အိမ်ကို ကိုယ်ရှာတတ်နေကြပါပြီ။
မျိုးတုန်းပျောက်ကွယ်မသွားအောင် ထိန်းသိမ်းနိုင်မယ်ဆိုရင်တော့ ချစ်စရာလူပြက်ငါးလေးတွေကို နောင်နှစ်ပေါင်းများစွာထိ တွေ့နေရဦးမှာပါ။
တခြား ဘယ်သူငယ်ချင်းလေးတွေအကြောင်း သိချင်ကြသေးလဲဆိုတာ ဖြေသွားခဲ့ပါဦး။
"သင်မသိသေးတဲ့ သူတို့အကြောင်း" စိတ်ဝင်စားပြီး နောက်ထပ် သူငယ်ချင်းလေးတွေအကြောင်း ထပ်သိချင်သေးတယ်ဆိုရင် Avocado Story Recipe (fb page) ၊ Avo Story Magazine (Youtube) နဲ့ ထောပတ်သီးပုံပြင်မဂ္ဂဇင်း (Tik Tok) တို့ကို Like/Follow/Subscribe လုပ်ထားခဲ့လိုက်တော့နော်။
Facebook Link - https://www.facebook.com/theAvocadoStoryRecipe
Youtube Link - https://www.youtube.com/@theavocadostoryrecipe
Tik Tok Link - https://www.tiktok.com/@theavocadostoryrecipe
#nemo #clownfish #knowledge #story
Keep Reading