မောရိသျှ
အရင်ကဆိုရင် အလုပ်တခု လုပ်ခါနီး ဖုန်းပွတ်ပြီး စိတ်ကို စုစည်းတာမျိုး လုပ်တယ်။ အမှန်တော့ အကြောင်းပြချက်သက်သက်ပါ။ အလုပ်လုပ်ချင်စိတ်ပေါက်အောင် ဖုန်းသုံးပြီး စိတ်ပြောင်းကာမှ စိတ်က ဖုန်းထဲ ဈာန်ဝင်သွားလို့ အပွတ်မရပ်တော့တာမျိုး ခနခန ဖြစ်ခဲ့တယ်။ လုပ်နေတဲ့ အလုပ်မှာ အာရုံအပြည့်မရနိုင်ဘဲ စိတ်လေတာမျိုး ခနခန ဖြစ်ခဲ့တယ်။
ဖုန်းကို အချိန်နဲ့အချိန် သူ့အသုံးနဲ့သူ ကန့်သတ်ပြီး သုံးလိုက်တော့ အစပိုင်းမှာ ခက်ခဲပေမဲ့၊ အကျင့်တခုလိုလည်း ဖြစ်သွားတဲ့နောက်ပိုင်း ဖုန်းက ကျွန်တော့်အတွက် အရေးမပါတော့ဘူး။ အရင်ကတော့ ကိုယ်နဲ့မကွာ အမြဲဆောင်ထားရတဲ့ နည်းပညာပစ္စည်း အရေးကြီးပစ္စည်းဖြစ်ခဲ့ပေမဲ့၊ နောက်ပိုင်းမှာ ဖုန်းခနခန ပျောက်တယ်၊ သိပ်မသုံးဖြစ်တော့ မယူဖြစ်တော့ဘဲ ကျန်ကျန်ခဲ့လို့ပါ။ ဖုန်းမသုံးဖြစ်တော့တဲ့အချိန်တိုင်း (ဖုန်းမသုံးဖြစ်တဲ့အချိန်တွေ) မှာ ကျွန်တော် စာပိုဖတ်ဖြစ်တယ်။ စာပိုရေးဖြစ်တယ်။ အလုပ်ပိုလုပ်ဖြစ်တယ်။ ဖုန်းကိုင်ရမှာ ပျင်းသွားတယ်။
ဖုန်းအသုံးနည်းသွားတယ်ဆိုပေမဲ့ ကျွန်တော့် စွမ်းဆောင်ရည် ထူးပြီး တိုးတက်သွားတာတော့ မဟုတ်ဘူးဗျ။ ပုံမှန် သာမှန်ပါပဲ။ နဂိုထက်စာရင်တော့ အလုပ်ပိုလုပ်ဖြစ်တာပေါ့လေ။ ဘယ်သူမှတော့ ရာနှုန်းပြည့် စွမ်းဆောင်ရည်ရသွားတယ်လို့ မရှိပါဘူး။ ရလည်း မရနိုင်ပါဘူး။ ကတ်သီးကတ်သပ် ပြောရရင် ၂၆ ရာခိုင်နှုန်းသော လူတွေနဲ့ မတူဘဲ ဖုန်းအသုံးလျှော့သွားလို့ စွမ်းဆောင်ရည်တွေ လုပ်ရည်ကိုင်ရည်တွေ ၂၆ ရာခိုင်နှုန်း တက်သွားတာမျိုး မဖြစ်ပါဘူး။ ဒါပေမဲ့ နဂိုထက်တော့ အချိန်ပိုရသွားတဲ့အတွက် အလုပ်ပိုလုပ်ဖြစ်သွားပါတယ်။ ဖုန်းသုံးလို့ စိတ်လေသွားချိန်တွေ မရှိတော့တာကြောင့် လုပ်နေတဲ့အလုပ်မှာ အာရုံပိုစိုက်ဖြစ်သွားပါတယ်။
ဖုန်းကို အရူးကြီးလို မသုံးဖြစ်တော့တဲ့နောက်ပိုင်း နှစ်စဉ်နဲ့အမျှ ထွက်နေတဲ့ ဖုန်းအသစ်တွေကို မဝယ်ဖြစ်တော့ဘူးဗျ။ ကျွန်တော်ဘဝအတွက် ထူးပြီး လိုအပ်တာမျိုး ပါမလာသလို၊ ရှိနေပြီးသား ဖုန်းအဟောင်းကလည်း လိုအပ်တာတွေအားလုံးကို ဖြည်းဆည်းပေးနိုင်သေးတော့ ငွေအသုံးချွေတာပြီးသား ဖြစ်သွားတယ်။ ဖုန်းအသစ်ကိုင်ပြီး လူ့ပေါ်ကြော့တွေနဲ့ ပြိုင်ချင်စိတ်လည်း မရှိတော့ဘူး။ အလုပ်ပိုလုပ်ပြီး သူများထက် သာတဲ့ လူနေမှုဘဝမျိုး တည်ဆောက်နိုင်ဖို့အတွက်ပဲ အာရုံစိုက်ဖြစ်တော့တယ်။
ဖုန်းနဲ့လည်း စာမဖတ်ဖြစ်ပါဘူး။ ကွန်ပြူတာလည်း အတူတူပဲခင်ဗျ။ စာကို စာလိုပဲ ဖတ်ချင်တာကြောင့် စာအုပ်ပဲ ဝယ်ဖတ်ဖြစ်တယ်။ တကယ်လို့ Printed Version မရနိုင်ခဲ့ရင် eBook တွေကို Print ထုတ်ပြီး ဖတ်တယ်။ မျက်လုံးကလည်း စာရွက်နဲ့ ဖတ်တဲ့အကျင့် စွဲနေပြီဗျ။ LED Screen တွေနဲ့ ကျင့်သား လုံးဝ မရဘူး။
ဖုန်းတွေနဲ့ Apps တွေကို ဖန်တီးတဲ့ Developer တွေကို ကျွန်တော် လေးစားတယ်။ သူတို့အလုပ်က ဖုန်းတွေ Apps တွေကို မသုံးချင်ဘဲ မနေနိုင်အောင် နည်းလမ်းအမျိုးမျိုးသုံးပြီး လူတွေကို ဆွဲဆောင်မှ သူတို့လည်း မငတ်မှာကိုး။ အဲတော့ သူတို့ကို စော်ကားတာတော့ မဟုတ်ဘူး။ သူတို့ရဲ့ ကျွမ်းကျင်မှုအတိုင်း ကျွန်တော်ကို့ ပိုဆွဲဆောင်နိုင်ပါစေလို့ ဆန္ဒပြုသလို၊ ကျွန်တော်ကလည်း သူတို့ရဲ့ ဆွဲဆောင်မှု သွေးဆောင်မှုတိုင်းကို ဆန့်ကျင်နိုင်ပြီး ကိုယ့်အာရုံမပျက်အောင် ထိန်းချုပ်နိုင်ဖို့ ကြိုးစားချင်စိတ်ပဲ ရှိတော့တယ်။ စမတ်ဖုန်းတွေက တကယ်ပဲ အသုံးကျပါတယ်။ အသုံးဝင်ပါတယ်။ နေ့စဉ်လူနေမှုဘဝကို လွယ်ကူစေနိုင်စွမ်း ကြီးပါတယ်။
ဒါပေမဲ့ ကျွန်တော်တော့ ကျွန်တော့်ဘဝကြီးကို ဘာမဟုတ်တဲ့ လက်တကိုင်စာ နည်းပညာပစ္စည်းလေးရဲ့ လွှမ်းမိုးမှုအောက် ရောက်မသွားချင်ဘူး။ ကိုယ့်စိတ်နဲ့ကိုယ် ကိုယ့်လက်ကိုယ့်ခြေနဲ့ပဲ လုပ်နိုင်သမျှ လုပ်ချင်တယ်။ မပျင်းချင်ဘူးဗျ။ တခါပျင်းရင် ဆယ်ခါလောက် အချိန်ဆွဲချင်သွားရော။ ကိုယ့်အကျင့်ကို ကိုယ်တိုင်ကတော့ ပြင်ဖို့ခက်တာ၊ ဘာမဟုတ်တဲ့ စက်ပစ္စည်းလေးကြောင့် ကိုယ့်အကျင့်ကို ပြင်မရလောက်အောင် ပျက်စီးသွားတာမျိုး လုံးဝ အဖြစ်မခံနိုင်ဘူးဗျာ။
#မောရိသျှ
Keep Reading