Nan Ko Ko Oo
တစ်ခါတလေကျရင် သူငယ်ချင်းကိုလွမ်းတာလား..၊ အရက်ကိုလွမ်းတာလား မဝေခွဲတတ်တော့ပေ။
သူငယ်ချင်းကို သတိရတာလား။
အရက်သောက်ချင်လို့လား။
အရက်သောက်ချင်လို့ သူငယ်ချင်းကို သတိရတာလား။
သူငယ်ချင်းကို သတိရလို့ အရက်သောက်ချင်တာလား။
သူငယ်ချင်းကို တွေ့ချင်ရုံပဲဆိုရင်လည်း ယောက်ျားချင်း အဲလောက်ထိ သည်းသည်းလှုပ် မဖြစ်သင့်။
အရက်သောက်ချင်ရုံပဲဆိုပြန်ရင်လည်း ကိုယ့်ဘာသာ ယမကာလုလင်လို့ မသတ်မှတ်ထား။
ညနေစောင်းချိန်ရောက်လျှင်လည်း ကျွန်တော်သည် ဆေးလိပ်ကလေးဖွာရင်း တွေးနေမိသည်။ သူ အခုလောက်ဆို သောက်နေမလား..။
သူငယ်ချင်းက တစ်နယ်တစ်ကျေးက ကျွန်တော်တို့မြို့ကလေးတွင် တာဝန်လာကျသည်။ မိသားစုနဲ့ခွဲခွာပြီး တစ်ယောက်တည်းနေနေရသည်။
သူက တစ်ယောက်ထဲဆိုတော့ လွတ်လပ်သည်။ ကျွန်တော်က မိသားစုနဲ့ အတူနေရတော့ ကျဥ်းကျပ်သည်၊ မလွတ်လပ်။
သူ့နားရောက်လျှင် ခဏတဖြုတ် လွတ်လွတ်လပ်လပ်နေရသည်။ စိတ်လွတ်လက်လွတ် နဲ့ ခေါင်းတွေ ကြည်လင်သွားသည်။
အိမ်မှာဆိုရင် ဖုန်းပြောရတာတောင် သိပ်ပြီး မလွတ်လပ်။ ကျွန်တော်က တကယ်တော့ မပွင့်လင်းလို့ဖြစ်သည်။ ကျွန်တော် ဖုန်းပြောတာ ဘယ်သူနဲ့ပြောနေတာလဲ။ ဘာအကြောင်းတွေပြောနေတာလဲ စသဖြင့် ခရေစေ့တွင်းကျ မေးမြန်းတာကို သဘောမကျ။ စပ်စုခံရတာကို လုံးဝ မကြိုက်။
ဒါပေမဲ့ အဲလိုမကြိုက်ကြောင်းကိုလည်း ပွင့်လင်းစွာ ထုတ်မပြော။ အလိုက်တသိနဲ့ အလိုလို သိစေချင်သည်။ သို့ရာတွင် လူတွေဆိုတာ တစ်ယောက်စိတ်တစ်ယောက်မမြင်နိုင်သောကြောင့် အလိုက်မသိတာကိုတော့ အပြစ်ဆိုစရာတော့ မရှိပါဘူးလေ..။
သူငယ်ချင်းနဲ့ ကျွန်တော်လည်း ရင်းနှီးတယ်ဆိုပေမယ့် ဖုန်းပြောတဲ့အခါ တစ်နေရာရာသို့ ထထွက်သွားတတ်သည်။
တစ်ခါတော့ သူသည် အနောက်ဖက်ခပ်လှမ်းလှမ်းသို့သွား၍ စော်နဲ့ ဖုန်းသွားပြောသည်။ ကျွန်တော်လည်း သေးပေါက်ချင်လာသောကြောင့် အနောက်ဖက်သို့ ဝင်လာသည်။ သူက " ဟေ့လူ၊ ဘာလာလုပ်တာလဲ၊ အရှေ့သွားပါဗျ " ဟု ကျွန်တော့်ကို မောင်းထုတ်သည်။ ကျွန်တော့်မှာ " အိမ်သာထဲ သေးလာပေါက်တာဗျာ.. " ဟု တောင်းပန်စကားဆိုရသည်။
သူငယ်ချင်းက
" ပြောင်းချင်ပြီဗျာ..။ ကိုယ့်ဇာတိကိုယ်ပြန်ချင်ပြီ " ဟု အမြဲညည်းလေ့ရှိသည်။
ဟုတ်တော့လည်း ဟုတ်သည်။ ဘယ်သူမဆို ကိုယ့်နေရာ၊ ကိုယ့်ဒေသမှာပဲ နေချင်ရှာမည်။ နေရပ်နဲ့ခွဲပြီး ကိုယ်နဲ့ မသိမကျွမ်းတဲ့ သူစိမ်းတရံဆန်တဲ့ မြို့မှာ ဘယ်နေချင်ပါ့မလဲ။
ဒါပေမဲ့ ကျွန်တော် စိတ်ပူတာက သူမရှိတော့လျှင် ကျွန်တော် ဘယ်သူနဲ့ အတူတူ သောက်ရတော့မှာလဲ..။
ကျွန်တော် တစ်ယောက်တည်း ကျန်ခဲ့မှာပေါ့..။
အချိန်တွေကို အကျိုးရှိစွာ အသုံးချရမည်။ သူ မထွက်ခွာသွားခင်ကလေးတွင် သူ မပြောင်းရွှေ့ခင်ကလေးတွင် သူနဲ့အတူ တတ်နိုင်သမျှ အတူတူသောက်ရမည်။
မောင်ဦး
Sep28 2024
အဆက်
အခုတော့ သူမရှိတော့..။
ကျွန်တော့်ကမ္ဘာထဲကနေ သူ ပျောက်ကွယ်သွားပြီ။
ဆိုင်းမဆင့် ဗုံမဆင့် ရုတ်ခြည်းဆိုသလိုပါပဲ။
နှုတ်ဆက်ဖို့တောင် အချိန်မရဘဲ ကျွန်တော့်ဆီကနေ လွင့်ထွက်သွားသည်။
သင်္ကြန်ကျရင် အတူတူသောက်ကြမယ်ဆိုတဲ့ မျှော်လင့်ချက်ကလည်း တစစီကွဲကြေသွားခဲ့ပြီ။ အိပ်မက်တွေ ပျက်သုဥ်းသွားရပြီ။
အထီးကျန်ခြင်း အဖော်မဲ့ခြင်းသည် နှစ်ပေါင်းများစွာ ကျွန်တော့်ကို ခြောက်အိပ်မက်တွေ မက်စေခဲ့သည်။
တကယ်တော့ ဒါတွေက ဘယ်သူမှ ဖန်တီးခဲ့တာ မဟုတ်ပေ။ ကျွန်တော်ကိုယ်တိုင် လုပ်ယူခဲ့တာဖြစ်သည်။
Keep Reading