the IX
🌼 ချစ်ရက်ရှည်ရှည် ကံ့ကော်မြေ 🌼
၂၇.
၁ ။
လရိပ်က မနက်သုံးနာရီ ၊ လေးနာရီဆိုလျှင် ထလေ့ရှိသောကြောင့် ယနေ့မနက်တွင်လည်း အိပ်ရာမှစောစောနိုးလာသည် ။
ခရီးသွားနေခြင်းဖြစ်သောကြောင့် လုပ်စရာအထွေအထူးမရှိသော်လည်း မျက်စိကအကျင့်ဖြစ်နေသဖြင့် စာအုပ်ထဖတ်ရန်စိတ်ကူးလိုက်သည် ။
သို့သော် .....
ထူးသစ်ပိုင်က မိခင်ပျောက်သွားမည်ကိုစိုးရိမ်နေသည့်ကလေးတစ်ဦးကဲ့သို့ မိမိလက်ကို ရင်ခွင်ထဲထည့်ကာဆုပ်ကိုင်ထားသဖြင့် ထ၍မရ ။
ညကတစ်ညလုံးနီးပါး ထူးသစ်ပိုင်တစ်ယောက် စိတ်ကူးပေါက်ရာများကိုထလုပ်နေမည်ကိုစိုးရိမ်ခဲ့သော်လည်း ယခုမိမိအရှေ့တွင်အိပ်နေသော ထူးသစ်ပိုင်၏ပုံစံက အပြစ်ကင်းစင်ကာ အေးအေးချမ်းချမ်းပင်ဖြစ်သောကြောင့် စိတ်ထဲမှ
" ဘယ်လောက်တောင်စိတ်ဒဏ်ရာတွေရခဲ့လို့ အခုလိုအထိတောင်ဖြစ်နေရတာလဲ ထူးသစ်ပိုင်ရာ "
ဟု မချိတင်ကဲရေရွတ်လိုက်မိသည် ။
၂ ။
ထူးသစ် အိပ်ချင်စိတ်တို့ကမပြေပျောက်သေးသော်လည်း လရိပ်အေးက
" ထူးသစ်ပိုင် ..... ထူးသစ်ပိုင် ..... ထတော့လေ ..... ရောက်ကာနီးပြီ "
ဟု ပြောကာ မိမိလက်ကို ဖွဖွလှုပ်နှိုးသောကြောင့် အိပ်ချင်မူးတူးနှင့် ငုတ်တုတ်ထထိုင်လိုက်သည် ။ လရိပ်အေးက မိမိကိုယ်ပေါ်မှစောင်ကိုဆွဲဖယ်ပေးပြီး
" ထတော့ ..... နောက်ထပ်လေးဆယ့်ငါးမိနစ်လောက်နေရင်ရောက်ပြီတဲ့ "
ဟု ပြောသည် ။ ထို့ကြောင့် ခေါင်းညိတ်၍ ကုတင်ပေါ်မှဆင်းလာခဲ့လိုက်သည် ။
သို့သော် .....
အခန်းအပြင်သို့မထွက်ပဲ လရိပ်အေးကို
" မင်းရော ..... မျက်နှာသစ်ပြီးပြီလား "
ဟု မေးလိုက်သည် ။ လရိပ်အေးက
" ပြီးပြီ ..... မင်းပဲကျန်တာ ..... မြန်မြန်မျက်နှာသစ်သွားတိုက်ပြီးလာခဲ့ ..... မင်းအတွက်မနက်စာယူထားတယ် "
ဟု ပြန်ပြောသဖြင့် ခေါင်းကုတ်လိုက်ပြီး
" မသွားချင်ဘူး "
ဟူ၍ ပြောလိုက်သည် ။ မိမိစကားကို လရိပ်အေးက
" မသွားချင်လို့ဘယ်ရမလဲ "
ဟု တုံ့ပြန်ပြီး
" ဘာဖြစ်လို့လဲ ..... ကြောက်လို့လား "
ဟူ၍ မေးသည် ။ ဟုတ်မှန်ကြောင်း ခေါင်းညိတ်ပြလိုက်သောအခါ
" ငါလိုက်ခဲ့ပေးမယ် ..... ထ "
ဟု ပြောသည် ။ ထို့ကြောင့် လရိပ်အေးကို လက်တစ်ဖက်ကမ်းပေးလိုက်ပြီး
" ထူပေး "
ဟု ပြောလိုက်သည် ။
၃ ။
ထူးသစ်ပိုင်က ရထားပေါ်မှသန့်စင်ခန်းထဲသို့ဝင်ရန်ကြောက်နေသောကြောင့် လရိပ် ထူးသစ်ပိုင်နှင့်အတူ သန့်စင်ခန်းရှိရာဆီသို့ အဖော်လိုက်လာခဲ့လိုက်သည် ။ ထိုအခါမှ ထူးသစ်ပိုင်က တစ်ကိုယ်ရည်သန့်ရှင်းရေးလုပ်သည် ။ ထိုစဉ်
" မောင်ထူးသစ်အထဲမှာလား လရိပ်လေး "
ဟူသော မေးခွန်းနှင့်အတူ စာအုပ်ဆိုင်ဖွင့်သည့်ထူးသစ်ပိုင်၏အဒေါ်ဖြစ်သူက ရောက်လာသည် ။
" ဟုတ်ကဲ့ဗျ "
ဟု ပြန်ဖြေလိုက်သောအခါ
" ဒီကလေးကတော့ သူများသားသမီးကိုဒုက္ခပေးပြန်ပြီ "
ဟူ၍ ပြောသည် ။ ပြီးမှ
" ကြီးလတ်စောင့်ပေးလိုက်မယ် သား ..... မနက်စာသွားစားတော့ "
ဟု ပြောသည် ။ မိမိတို့စကားပြောနေစဥ်မှာပင် ထူးသစ်ပိုင်က ပြန်ထွက်လာသည် ။ မျက်နှာသုတ်ပဝါကို ပခုံးပေါ်တွင်တင်ပြီး ဆံပင်စုတ်ဖွားနှင့်ထူးသစ်ပိုင်၏ပုံစံက ဖယိုဖရဲဖြစ်နေသော်လည်း ကြည့်ကောင်းနေသောကြောင့် ထူးသစ်ပိုင်ကို သတိလက်လွတ်ငေးကြည့်နေမိသည် ။ မည်မျှကြာအောင် ငေးကြည့်နေမိသည်မသိ ။ ထူးသစ်ပိုင်က နူးညံ့စွာပြုံးပြီး
" လရိပ်ရေ "
ဟု ခေါ်သောအခါမှ ရှက်ကိုးရှက်ကန်းဖြစ်သွားကာ
" အင်း ...... ပြီးပြီလား "
ဟူ၍ မေးလိုက်သည် ။
၄ ။
လရိပ်အေးက ထူးသစ်အတွက် မနက်စာယူထားပေးသော်လည်း ကိုယ်တိုင်ကမူ မစားသဖြင့်
" လရိပ်ရောမစားဘူးလား "
ဟု မေးလိုက်သည် ။ လရိပ်အေးက
" ငါကစားပြီးပြီ ..... မင်းပဲကျန်တာ "
ဟု ပြန်ဖြေသောကြောင့် ဖက်နှင့်ထုတ်ထားသော မနက်စာအထုတ်ကိုဖြည်ကြည့်လိုက်သည် ။ အပြင်စာမတည့်သောမိမိအတွက် သီးသန့်စီစဥ်ထားဟန်တူသော ကောက်ညှင်းပေါင်းနှင့်အကြော်စုံဖြစ်နေသောကြောင့် နှာခေါင်းရှုံ့လိုက်ပြီး
" ကောက်ညှင်းပေါင်းကြီး ..... ငါမကြိုက်ဘူး လရိပ် "
ဟု ပြောလိုက်သည် ။ လရိပ်အေးက
" ငါ့မှာဘယာကြော်ရှိတယ် စားမလား "
ဟု မေးလာသည် ။ ထို့ကြောင့် ခေါင်းခါလိုက်ပြီး
" တော်ပါပြီ ကျေးဇူးပါပဲ လရိပ်ရာ ..... အိမ်ရောက်မှပဲစားတော့မယ် "
ဟု အဖြေပြန်ပေးလိုက်သည် ။
၅ ။
လရိပ်တို့သိထားသည့်အတိုင်းပင် လေးဆယ့်ငါးမိနစ်နီးပါး ရထားစီးပြီးသောအခါ ပဲခူးဘူတာသို့ရထားဆိုက်သည် ။
လွယ်လာသည့်လွယ်အိတ်ကိုသာသယ်ရပြီး အခြားမည်သည့်ပစ္စည်းကိုမှသယ်စရာမလိုသည်အထိ ထူးသစ်ပိုင်တို့မိသားစု၏ကြွယ်ဝချမ်းသာမှုက များပြားသောကြောင့် ပထမဦးဆုံးအကြိမ်အဖြစ် ထူးသစ်ပိုင်ကိုအားကျမိသည် ။ ထူးသစ်ပိုင်ကမူ ဤသည်ကိုသိဟန်မတူ ။ ရထားပေါ်မှဆင်းသည်နှင့် မိမိ၏ပခုံးကိုဖက်ပြီး
" ပဲခူးမြို့ကနေကြိုဆိုပါတယ် ရန်ကုန်သားလေး "
ဟု ပြောသည် ။ ထို့ကြောင့် ပြုံးလိုက်ပြီး
" မင်းတို့မြို့က တော်တော်သာယာတာပဲ "
ဟု ချီးကျူးစကားဆိုလိုက်သည် ။ ထိုစဉ် ထူးသစ်ပိုင်၏အဒေါ်များနှင့် ခြေချုပ်မိနေသောလေပြေက အနားသို့ရောက်လာပြီး
" ကိုကြီးပိုင်တို့ဆီက တော်တော်သာယာတာပဲ ..... ရန်ကုန်နဲ့ဘာမှမဆိုင်ဘူးနော် "
ဟု ပြောသည် ။ လေပြေ့စကားကို ထူးသစ်ပိုင်က
" ဒီလိုသာယာတဲ့နေရာမှာအမြဲနေချင်ရင် ပဲခူးသားလေးတစ်ယောက်လောက်ကိုဆွဲစိထားလိုက်လေ ..... ကိုကြီးမှာအသိတွေအများကြီးရှိတယ် ..... မိတ်ဆက်ပေးမယ်လေ "
ဟု တုံ့ပြန်သည် ။ မိမိအားစိတ်ဝင်စားနေသူကို ထူးသစ်ပိုင်၏ပြန်လည်တုံ့ပြန်ပုံက ပညာသားပါသောကြောင့် ကြိတ်ပြုံးလိုက်မိသည် ။ မိမိပြုံးသည်ကိုမြင်သွားသောလေပြေက မျက်စောင်းထိုးပြီး
" ဟာ ..... ကိုကြီးပိုင်ကလည်း ..... သမီးကရည်းစားထားဖို့ကိုစိတ်မဝင်စားသေးဘူး "
ဟု ပြန်လည်တုံ့ပြန်သည် ။ လေပြေ့စကားကို ထူးသစ်ပိုင်ပြန်မတုံ့ပြန်ရသေးခင်မှာပင် လာကြိုသောကားပေါ်သို့ ပစ္စည်းများကတင်ပြီးသွားသဖြင့် ထူးသစ်ပိုင်၏အာရုံက ကားပေါ်သို့တက်ရန်ပြောင်းသွားသည် ။
၆ ။
လောက၌ ဘုရားရိပ် ၊ တရားရိပ်ပြီးလျှင် အအေးချမ်းဆုံးအရိပ်သည် မိဘအရိပ်ဖြစ်သည်ဟူသောအဆိုသည်မှန်ကန်ကြောင်းကို ဖခင်ဖြစ်သူနှင့် တစ်နှစ်နီးပါးခွဲခွာရပြီးသောအခါတွင် ထူးသစ်သိလိုက်ရသည် ။ ထို့ကြောင့် ဘေးတွင်ပါလာသော လရိပ်အေးတို့မောင်နှမနှင့်စကားပြောရန်ကိုပင်မေ့လျော့ကာ တစ်နှစ်အတွင်း၌ မိမိတို့အိမ်၏ပြောင်းလဲသွားမှုကို ငေးကြည့်နေမိသည် ။ ဤသို့ငေးကြည့်နေစဥ်မှာပင် စီးလာသောကားက နှစ်ထပ်တိုက်ပုလေး၏ဆင်ဝင်အောက်တွင် အသာထိုးရပ်သည် ။ ကားရပ်သည်နှင့်
" ဟော ..... ရောက်လာကြပြီဟေ့ "
ဟူသော အသံကိုကြားရသည် ။ ထိုအသံကိုကြားရပြီးသည်နှင့် အိမ်ထဲမှ မိမိအားငယ်စဥ်ကတည်းကထိန်းကျောင်းလာသော အဒေါ်ဝမ်းကွဲဖြစ်သူက ပြေးထွက်လာသည် ။ ရန်ကုန်မှအဒေါ်သုံးယောက်ပြီးလျှင် ဤအဒေါ်ဝမ်းကွဲဖြစ်သူကို အချစ်ဆုံးဖြစ်သောကြောင့် ကားပေါ်မှမဆင်းခင်ကတည်းက
" ဒေါ်လေးရေ "
ဟု အော်လိုက်သည် ။ ကားပေါ်မှမဆင်းရသေးသော မိမိ၏အဒေါ်သုံးယောက်က မိမိအားပြုံးစစနှင့်ကြည့်လာသောကြောင့် ပြန်ရယ်ပြလိုက်ပြီး ကားပေါ်မှအရင်ဆုံးဆင်းလိုက်သည် ။
၇ ။
ရန်ကုန်တွင်ရှိသောထူးသစ်ပိုင်တို့၏အိမ်ထက် ပဲခူးမှအိမ်ကပိုကျယ်ကာ ခြံလည်းပိုကျယ်သဖြင့် လရိပ် ကားပေါ်မှဆင်းပြီးပြီဖြစ်သော်လည်း အိမ်ထဲသို့မဝင်သေးပဲ ခြံတစ်ခြံလုံးကို လေ့လာကြည့်နေမိသည် ။ ထိုစဉ် ထူးသစ်ပိုင်က
" သားသူငယ်ချင်းနှစ်ယောက်ကိုလည်းအလည်ခေါ်လာတယ် အပါး "
ဟူသော စကားကိုပြောရင်း တည်ကြည်ခန့်ညားသည့်အမျိုးသားကြီးတစ်ဦးကို မိမိနှင့်လေပြေ့အနားသို့ခေါ်လာသည် ။ ထိုအမျိုးသားကြီးက မိမိတို့ကိုကြည့်ပြီးပြုံးကာ
" မောင်ထူးသစ်သူငယ်ချင်းတွေက ဦးတို့မိသားစုဝင်လိုပဲမို့လို့သက်တောင့်သက်သာနေကြနော် ..... အားမနာနဲ့ "
ဟု ပြောသည် ။ ပြီးမှ ထူးသစ်ပိုင်ကိုကြည့်ပြီး
" သူငယ်ချင်းတွေကိုအထဲခေါ်လာခဲ့လေ သား ..... အပါးနဲ့မိတ်ဆက်ပေးအုံး "
ဟု ပြောသည် ။ ထူးသစ်ပိုင်က စကားနာခံစွာဖြင့် ကားပေါ်မှပစ္စည်းများကိုချနေဆဲဖြစ်သည့် အဒေါ်ဖြစ်သူများကို
" သားအိမ်ထဲဝင်နှင့်ပြီနော် ကြီးကြီးတို့ရေ "
ဟု ပြောကာ အလယ်မှနေ၍ မိမိနှင့်လေပြေ၏ပခုံးကိုဖက်သည် ။ ထို့နောက် အိမ်ထဲသို့ဦးဆောင်၍ဝင်သည် ။
၈ ။
ထူးသစ် လရိပ်အေးတို့မောင်နှမနှင့် တစ်အိမ်လုံးကိုမိတ်ဆက်ပေးပြီးချိန်သည် မနက်ကိုးနာရီပင်မထိုးသေးသောကြောင့် လရိပ်အေးတို့ကို
" လရိပ်တို့သွားနားလေ ..... ဆယ့်နှစ်နာရီခွဲမှထမင်းစားမှာ "
ဟု ပြောလိုက်သည် ။ ထို့နောက် အနားတွင်မတ်တပ်ရပ်နေသော အဒေါ်ဝမ်းကွဲဖြစ်သူအား
" ဒေါ်လေး ..... သားအစားလရိပ်တို့ကိုနေရမယ့်အခန်းလိုက်ပြပေးလို့ရလား ..... သားဖေဖေနဲ့စကားခဏပြောလိုက်အုံးမယ် "
ဟု ပြောလိုက်သည် ။ ပြီးမှ လရိပ်အေးတို့ကို ပြုံးပြလိုက်ပြီး
" ငါပြီးရင်လိုက်လာခဲ့မယ် "
ဟု ပြောလိုက်သည် ။ လရိပ်အေးက ခေါင်းညိတ်ပြပြီး လေပြေကမတ်တပ်ထရပ်သောကြောင့် ဖခင်ဖြစ်သူ၏ဘေးသို့ နေရာရွှေ့ထိုင်လိုက်ပြီး
" အပါးကိုလွမ်းလို့ဖက်အုံးမယ် "
ဟု ဆိုကာ ဖခင်ဖြစ်သူအားဖက်လိုက်သည် ။ ဖခင်ဖြစ်သူက မိမိအားပြန်ဖက်ပြီး
" အပိုတွေ အပိုတွေ ..... ရန်ကုန်ရောက်နေတဲ့တစ်နှစ်အတွင်းမှာ ဖအေဆီစာဆယ်စောင်ပြည့်အောင်တောင်မရေးပဲနဲ့ "
ဟု မိမိစကားကို တုံ့ပြန်သည် ။ ဖခင်ဖြစ်သူပြောသည်မှာမမှားသောကြောင့် ခပ်တိုးတိုးရယ်လိုက်ပြီး
" အပါးသားလေးကစာတွေတအားကြိုးစားနေရတာနဲ့ မအားဘူးဖြစ်နေလို့ပါ "
ဟူ၍ ပြောလိုက်သည် ။ ထို့နောက် ဖခင်ဖြစ်သူအားဖက်ထားသောလက်ကိုလွှတ်လိုက်ပြီး ပေါင်ပေါ်တွင်ခေါင်းအုံးလိုက်ကာ
" အပါးကသားကိုလွမ်းနေရင် ပဲခူးမှာပဲပြန်လာနေလိုက်ရမလား "
ဟု မေးလိုက်သည် ။ ဖခင်ဖြစ်သူက ဤစကားကို
" အပိုတွေ ..... အခုရန်ကုန်မှာပျော်နေပြီမဟုတ်လား "
ဟု တုံ့ပြန်သောကြောင့် လရိပ်အေး၏မျက်နှာကို အကြောင်းအရင်းမရှိမြင်ယောင်မိသွားသည် ။ ဖခင်ဖြစ်သူက မိမိခေါင်းကို ဖွဖွပုတ်ပေးပြီး
" ဖေ့သားလေး အခုလိုအဆင်ပြေပြေပျော်ပျော်ရွှင်ရွှင်နဲ့နေနေတာ ဖေဝမ်းသာတယ် "
ဟု ထပ်ပြောသဖြင့် ပြုံးလိုက်ကာ
" ဖေတို့ကသားကိုစိတ်ချမ်းသာအောင်ထားပေးတာကိုး "
ဟူ၍ ပြောလိုက်သည် ။ ထိုစဉ်
" သားအဖတွေ တယ်ချစ်နေကြပါလားဟေ့ "
ဟူသော အသံနှင့်အတူ အဒေါ်အလတ်ဖြစ်သူက အနားသို့ရောက်လာသည် ။ ထို့ကြောင့် လှဲနေရာမှထထိုင်လိုက်ပြီး အဒေါ်အလတ်ဖြစ်သူကို ပြုံးပြလိုက်ကာ
" ကြီးလတ်တို့မောင်နှမစကားပြောကြအုံး ..... သားဗိုက်ဆာလို့စားစရာသွားရှာလိုက်အုံးမယ် "
ဟု ပြော၍ နေရာမှထလာခဲ့လိုက်သည် ။
၉ ။
လရိပ်က ထူးသစ်ပိုင်၏အခန်းတွင်ပင် ထူးသစ်ပိုင်နှင့်အတူနေရမည်ဖြစ်သောကြောင့် အနည်းငယ်စိတ်လှုပ်ရှားမိသည် ။ ထို့ကြောင့် မိမိတို့အတွက်ပေးထားသော နှစ်ယောက်အိပ်ကုတင်ပေါ်တွင် တင်ပါးလွှဲထိုင်ကာ အခန်းထဲသို့ဝေ့ဝဲကြည့်လိုက်မိသည် ။
အခန်းက ရန်ကုန်အိမ်ကအခန်းလောက်မကျယ်သော်လည်း ပရိဘောဂပစ္စည်းများကမူ အစုံအလင်ရှိသည် ။ မိမိတွင်လည်းကိုယ်ပိုင်အခန်းရှိသော်လည်း စာကြည့်စားပွဲနှင့်အိပ်ရာသာရှိပြီး အထွေအထူးမရှိသောကြောင့် အချစ်ခံရပြီး ကြွယ်ဝချမ်းသာသောထူးသစ်ပိုင်ကို အားကျမိသည် ။
သို့သော် .....
ထိုင်၍အားကျနေရုံနှင့် ထူးသစ်ပိုင်၏ဘဝကိုရလာလိမ့်မည်မဟုတ် ။ ထို့ကြောင့် မိမိအတွေးကို ဘေးဖယ်လိုက်ပြီး ကုတင်ပေါ်တွင် စိတ်လွတ်ကိုယ်လွတ်လှဲလိုက်သည် ။
ညကတစ်ညလုံးနီးပါး အိပ်ရေးဝဝအိပ်ခဲ့ရသော်လည်း ကိုယ့်အိပ်ရာတွင်အိပ်ရခြင်းမဟုတ်သောကြောင့် အိပ်တစ်ဝက်နိုးတစ်ဝက်နှင့်သာ အိပ်ခဲ့ရသဖြင့် ယခု အိပ်ရေးဝဝအိပ်ရန်စိတ်ကူး၍ မျက်လုံးများကိုပိတ်လိုက်သည် ။
၁၀ ။
ထူးသစ် ရန်ကုန်အိမ်တွင်နေစဥ်ကလည်းပျော်သော်လည်း ပဲခူသို့ပြန်ရောက်သောအခါ မိသားစုများပို၍သိုက်သိုက်ဝန်းဝန်းရှိသည်ဟုခံစားရသောကြောင့် ပဲခူးသို့ပြန်လာရသည်ကိုပျော်သည် ။ ထို့ကြောင့် တစ်ညလုံးနီးပါး ကောင်းကောင်းမအိပ်ရသေးသော်လည်း ပြန်အိပ်ရန်စိတ်မကူးတော့ပဲ မတွေ့ရသည်မှာကြာပြီဖြစ်သော မိမိ၏ငယ်သူငယ်ချင်းများနှင့်တွေ့ရန်စိတ်ကူး၍ စကားကောင်းနေကြဆဲဖြစ်သော အဒေါ်အလတ်ဖြစ်သူနှင့်ဖခင်ဖြစ်သူအား
" အပါးနဲ့ကြီးလတ်ရေ ..... သားအပြင်ခဏထွက်လိုက်အုံးမယ်နော်
Unlock to read this premium article with 10 points.