Sandi Cho
ကျွန်မရဲ့ လက်ဖဝါးနုနုလေးမှာ စွန်းထင်းနေတဲ့ အနီရောင်သွေးစက်လေးတွေ...။
အဲဒီလက်ဖဝါးလေးကိုကြည့်ရင်း ထိုင်နေမိတာ ဘယ်လောက်ကြာပြီလဲတောင် မသိတော့ဘူး။သွေးတွေတောင် ခြောက်နေပြီ။ဒါကျွန်မအချစ်ရဆုံး လူနှစ်ယောက်ရဲ့ သွေးတွေ....။
ကျွန်မ အယုံကြည်ရဆုံး လူနှစ်ယောက်ရဲ့ သွေးတွေ...။
ကိုသာ ကျွန်မဘေးနားမှာရှိရင် ဒီပုံစံကို သဘောကျလောက်မှာ။ကိုက အနီရောင်တွေကို သိပ်သဘောကျတာလေ။သူရဲ့အလုပ်စားပွဲပေါ်မှာ နှင်းဆီနီနီရဲရဲလေးတွေကို အမြဲထိုးခိုင်းတတ်တဲ့ကို။ကျွန်မအတွက် လက်ဆောင်လေးတွေ ၀ယ်ပေးတိုင်း အနီရောင်တွေကြီး ရွေး၀ယ်ပေးတတ်တဲ့ကို။ကျွန်မရဲ့ အသုံးဆောင်အများစုက အနီရောင်တွေချည်းပဲ။လူအများစုက ကျွန်မအနီရောင်ကို သိပ်ကြိုက်တာပဲလို့ထင်ကြတယ်။ဒါပေမယ့် တကယ်တော့ ကိုကြိုက်တာပါ။တစ်ခြားအရောင်ပြောင်း၀ယ်ပေးဖို့ပြောတိုင်း"နီတောင် နီနာမည်မှာ နီပါလို့ ကိုက ယူထားတာ"ဆိုပြီး အရွှန်းဖောက်ပြောတတ်သေးတယ်။ကျွန်မနာမည်အရင်းက နီလာသိမ့်။ခင်တဲ့သူအများစုက နီလာလို့ပဲ ခေါ်တတ်ကြတယ်။ကိုတစ်ယောက်ပဲ ကျွန်မကို စတွေ့ကတည်းကနီလို့ခေါ်တာ။
ကိုက အမြဲပျော်ပျော်နေတတ်တယ်။လူမှုဆက်ဆံရေးကောင်းတယ်။အရမ်းအသန့်အပြန့် ကြိုက်တယ်။ကို့ကိုတွေ့တဲ့လူတိုင်း ကလေးအဖေလို့ မထင်ရအောင်ကို နုတာ။ကျွန်မကိုလည်း ကိုကသူလို ပြင်ဆင်စေချင်တယ်။ကျွန်မကတော့ အပိုအလုပ်တွေလို့ပဲမြင်တယ်။ကျွန်မအတွက်တော့ ဈေးကြီးကြီး အင်္ကျီတစ်ထည် ၀ယ်၀တ်မယ့်အစား ပိုက်ဆံကိုစုပဲထားချင်တယ်။ကိုကတော့မဟုတ်ဘူး။အမြဲကောင်းတယ်ဆိုတဲ့အရာမှကြိုက်တယ်၊၀ယ်တယ်၊သုံးတယ်။သူသုံးသလောက်လည်း သူရှာနိုင်နေလို့ ကျွန်မဘာမှမပြောဘူး။ဒါပေမယ့် စိတ်ထဲမှာတော့ ဘ၀င်မကျမိဘူး။ကိုက အနုပညာကိုလည်း အရမ်းရူးသွပ်တာ။ပန်းချီကားတွေစုရတာသဘောကျတယ်။ဂန္တ၀င် သီချင်းတွေနားထောင်ရတာသဘောကျတယ်။ကဗျာဆန်ဆန်လေးနဲ့ ဇိမ်ခံနေရတဲ့ ဘ၀မျိုးကို ကိုအရမ်းသဘောကျတယ်။ကိုနဲ့ ကျွန်မစတွေ့တဲ့အချိန်တုန်းက ကျွန်မက အနေအေးတယ်။အပေါင်းအသင်းလည်းမရှိဘူး။ကျွန်မနားကို ကိုက သီချင်းတွေနဲ့ စကားပြောပြီး ချဉ်းကပ်ခဲ့တာ။
ဟုတ်သားပဲ...။ဒီအချိန်က ကိုသီချင်းနားထောင်နေကျအချိန်ပဲ။ကိုကLana သီချင်းတွေကို သဘောကျတယ်။ Lana ရဲ့ let me love you like a womanဆိုတဲ့ သီချင်းလေးကိုဖွင့်ပြီး အိပ်ခန်းဖက်က ဖြည်းဖြည်ချင်းလျှောက်သွားမိတယ်။အိမ်က သစ်သားအိမ်ကို အလုံဆောက်ထားတာမို့ အလင်းရောင်တော့ ကောင်းကောင်းမရဘူး။ကြမ်းခင်းတွေကလည်း သစ်သားအပြည့်ခင်းထားတာ။ကိုနေချင်တဲ့ ပုံစံအတိုင်းပဲ ဆောက်ခဲ့ကြတာလေ။အတွင်းပိုင်းကိုတော့ classicဆန်ဆန်လေးဖြစ်အောင် မှိန်ပြပြ အဝါရောင်မီးလုံးလေးတွေတပ်ထားတယ်။
အိပ်ခန်းထဲကို ဖွင့်လိုက်တော့ ကိုအကြိုက်ဆုံးbleu de chanel parfumရနံ့လေးက နှာခေါင်းထဲကို တန်း၀င်လာတယ်။အခန်း၀င်၀င်ချင်းကြမ်းပြင်မှာတော့ အမျိုးသမီးတစ်ယောက် သွေးအိုင်ထဲမှာ လဲကျနေတာကို တွေ့ရတယ်။အဲဒီအမျိုးသမီးလည်ပင်းမှာ ကျွန်မနဲ့ coupleလုပ်၀တ်ထားတဲ့ cloverအရွက်ပုံစံ လည်ဆွဲလေးတစ်ခုရှိတယ်။အခုတော့ အဲclover အရွက်တစ်ခြမ်းလေးက သွေးအိုင်ထဲမှာ။အဖြူရောင်မွေ့ရာပေါ်မှာ အေးစက်စွာလဲလျောင်းနေတဲ့ ကိုရဲ့ခန္တာကိုယ်ကိုတွေ့ရတယ်။ပြီးတော့ အဲဒီအဖြူရောင်မွေ့ရာထဲကို စိမ့်၀င်နေတဲ့ နီနီရဲရဲကို့သွေးတွေရောပေါ့။အဖြူရောင်ထဲမှာ နီတောက်တောင်အရောင်ကိုတွေ့ရတာဟာ အရမ်းကဗျာဆန်တာပဲ။ကိုအနားကိုကပ်ပြီး ကိုခေါင်းလေးကို အသာအယာ မပြီး ကျွန်မရဲ့ပေါင်ပေါ်တင်ထားလိုက်တယ်။ကို့ဆံပင်လေးတွေကို ဖွရင်း သီချင်းသံလေးထဲကအတိုင်း လိုက်ဆိုကြည့်တယ်။
" let me love you like a woman...let me hold you like a baby"။ကိုနားထောင်နေရဲ့လားတော့ ကျွန်မမသိဘူး။သေချာပေါက်နားထောင်နေမှာပါ။ကျွန်မရဲ့ စိတ်ကတော့ အတိတ်တစ်နေရာဆီကို dandelionပန်းလေးလို လွင့်ပျံ့သွားတယ်။
တိတ်ဆိတ်ပြီးခြောက်သွေ့နေတဲ့ညမှာ ဆူညံသံတွေပြည့်နေတဲ့ အိမ်လေးရှိတယ်။အိမ်ထဲမှာတော့ ယောင်္ကျားတစ်ယောက်က ပန်းအိုးတစ်အိုးကို ရိုက်ခွဲလိုက်တယ်။သူအမျိုးသမီးလို့ ထင်ရတဲ့မိန်းမတစ်ယောက်ကတော့ အော်ဟစ်ငိုယိုပြီး တောင်းပန်နေတယ်။ခနက ကျကွဲထားတဲ့ ပန်းအိုးကွဲစပေါ် သူမရဲ့ ခြေထောက်နဲ့နင်းမိပြီး သွေးတွေတစိမ့်စိမ့်ထွက်လာတယ်။ရေခဲခြစ်ပေါ် အချိုရည်တွေလောင်းလိုက်သလိုပဲ။သူမရဲ့ ယောင်္ကျားက အတော်ဒေါသထွက်နေတဲ့ပုံပဲ။သူဘေးနားမှရှိတဲ့ သစ်သားကုလားထိုင်တစ်လုံးကို မပြီး နံရံပေါ်ကို ပြစ်ပေါက်လိုက်တယ်။
အဲနံရံရဲ့ အတွင်းဖက်မှာ ကပ်လျက်ရှိနေတဲ့ ကုတင်အောက်က ကောင်မလေးရဲ့ ခန္တာကိုယ်ဟာ ဆတ်ကန တုန်သွားသည်။အဲဒီကောင်မလေးရဲ့ လက်တွေကလည်း တုန်နေတယ်။သူမအမေဘုရားရှိခိုတိုင်း ကြားနေကြဖြစ်နေတဲ့ ဂါထာတစ်ခုကို ကြောက်ကြောက်လန့်လန့်နဲ့ ရွတ်နေမိတယ်။သူမရွတ်နေတာမမှန်မှန်း သိပေမယ့် အဲဂါထာက သူမကို ကာကွယ်ပေးမယ့်လို့ ယုံကြည်နေမိတယ်။ဘုရားကို တပြီး သူမနဲ့သူမရဲအမေကို ကာကွယ်ပေးဖို့ ဆိုတောင်းနေမိတယ်။ပုံမှန်ဆို သူမ ကုတင်အောက်မှာနေရမှာကြောက်တယ်။အိပ်ရာ၀င်တိုင်း ကုတင်အောက်က အရာတစ်ခုခုက ထွက်လာပီ့း သူမကို ခြောက်လန့်မှာပဲလို့ထင်ခဲ့မိတာ။အခုတော့ သူမအတွက် ကုတင်အောက်က အလုံခြုံဆုံးနေရာဖြစ်နေပြီ။ကုတင်အောက်က အမှောင်ထဲမှာ တစ်ယောက်ထဲနေနေရပေမယ့် သူမ မကြောက်မိတော့ဘူး။ဆူညံသံတွေတိတ်ဆိတ်သွားတဲ့အချိန်မှာတော့ သူမနေနေတဲ့အခန်းကို ဖွင့်၀င်လာတဲ့ တံခါးဖွင့်သံကိုကြားရတယ်။သွေးတွေနဲ့ခြေဗလာတစ်ခုက ကုတင်နားထိလျှောက်လာတာကို ကုတင်အောက်ကနေမြင်နေရတယ်။ကုတင်နားရောက်တော့ ရွေ့လျားနေတဲ့ ခြေထောက်တွေဟာရပ်တန့်သွားတယ်။သူမနှလုံးခုန်သံတွေမြန်လာတယ်။ပြီးတော့ သူမကိုတစ်စုံတစ်ယောက်က လှမ်းပြီးဆွဲတယ်။
အချစ်ဆိုတာက တစ်ခြားသူတွေအတွက် လွယ်ကူနေလောက်ပေမယ့် ကျွန်မအတွက်တော့ အရမ်း ခက်ခဲခဲ့တယ်။လူတစ်ယောက်ကို ဘယ်လိုချစ်ရမလဲဆိုတာ ကျွန်မ မသိဘူး။သူကို ဘယ်လို ဂရုစိုက်ပေးရမလဲဆိုတာ ကျွန်မမသိဘူး။မနာကျင်ရအောင် ဘယ်လိုချစ်ရမလဲဆိုတာ ကျွန်မ မသိဘူး။ကိုက ကျွန်မကို အဲဒီအရာတွေအားလုံး သင်ပြပေးခဲ့တဲ့သူပေါ့။ကိုအနားမှာ နေရတာ လုံခြုံတယ်လို့ ခံစားရတယ်။ကိုလက်ထပ်ခွင့်တောင်းတုန်းက ကျွန်မငြင်းမိခဲ့တယ်။အဲလိုငြင်းမိခဲ့လို့ စိတ်မကောင်းလည်းဖြစ်ရတယ်။ဒါပေမယ့် ကျွန်မရဲ့ မသိစိတ်ထဲမှာ မိသားစုဘ၀ဆိုတာကိုကြောက်တယ်။ငယ်ငယ်တုန်းက ကြုံခဲ့ရသလို ပန်းအိုးကွဲသံတွေ၊ထုနက်ရိုက်နက်တဲ့ အသံတွေကို ထပ်မကြားချင်ခဲ့ဘူး။ကိုကတော့ အဲလိုလူမျိုးမဟုတ်လောက်ဘူးလို့ ယုံကြည်ချင်ခဲ့တယ်။နောက်ဆုံးမှာတော့ ကျွန်မကိုနဲ့လက်ထပ်လိုက်တယ်။
အဲနေ့ မရောက်ခင်အထိ ကျွန်မကို့ကိုလက်ထပ်ခဲ့တာကို နောင်တမရမိခဲ့ဘူး။အဲနေ့က ကိုရာထူးတိုးသွားတဲ့အတွက် ဂုဏ်ပြုညစာစားပွဲလေးလုပ်တယ်။ကိုအလုပ်ကလူနည်းနည်းရယ်နဲ့ ကျွန်မသူငယ်ချင်း ရတနာတို့မိသားစုရယ် အိမ်နီးချင်းတွေရယ်ကို ဖိတ်ပြီး ညစာဧည့်ခံတယ်။အကုန်လုံးက ကို့ကို ဂုဏ်ပြုစကားတွေပြောပြီး ပြုံးပျော်နေကြတယ်။သီချငိးသံလေးတွေကလည်း လေပြေထဲမှာ ပြေးလွှားကစားနေကြတယ်။
ပြုံးမပျော်နိုင်တဲ့ တစ်ဦးတည်းသောလူကတော့ ကျွန်မပါပဲ။ကိုမှာ သူစုထားတဲ့ ဈေးကြီးဝိုင်တွေရှိတယ်။ကိုက သူဝိုင်တွေကို အရမ်းတန်ဖိုးထားတာ။အဲဒါကြောင့် ဝိုင်ပုလင်းမှားဖောက်မိသွားမှာဆိုးလို့ ကို့ကိုလာမေးတဲ့အချိန်မှာ ကိုအလုပ်ခန်းထဲမှာ မထင်ထားတဲ့အရာတစ်ခုကို ကျွန်မတွေ့ခဲ့ရတယ်။မိန်းမတစ်ယောက်နဲ့ ကိုတူတူရှိနေတယ်။
"နေပါဦး ကိုသီဟကလည်း၊အပြင်မှာ လူတွေရှိနေတယ်လေ။"
"ခနလေးပါပဲကွာ"
အမျိုးသမီးက ချွဲ့ချွဲ့နွဲ့နွဲ့ရယ်ရင်း
"ကိုသီဟ။ရတနာနဲ့ နီလာ ဘယ်သူကို ပိုချစ်တာလဲ"
"မင်းလေးမေးလိုက်တဲ့အထဲမှာကို အဖြေကပါနေပြီလေကွာ။နီလာက နီလာတစ်ခုတည်း။ရတနာက ရတနာအကုန်မလား။ကိုဖြေစရာလိုသေးလို့လားပြော"
ရတနာက အနိုင်ရသူရဲ့အပြုံးမျိုးနဲ့ပြုံးပြီး သာယာနေတယ်။ကိုကျွန်မကို လက်ထပ်ခွင့်တောင်းတုန်းက လက်ခံလိုက်ဖို့ ကျွန်မကို ဖြောင်းဖျခဲ့တဲ့ ရတနာရဲ့ မျက်နှာကိုပြေးမြင်လာမိတယ်။သူတို့ ဘယ်ချိန်ကတည်းက ဒီလိုဖြစ်နေခဲ့ကြတာလဲ....။
ကျွန်မရင်ထဲမှာ စူးစူးရှရှနာကျင်မှုတစ်ခုကို ခံစားလိုက်ရတယ်။ဘယ်ဖက်ရင်ဘက်ပေါ် လက်ကိုဖိထားရင်း ဧည့်ခန်းဆီကို အမြန်ဆင်းလာခဲ့တယ်။အဲဒီချိန် ဧည့်ခန်းထဲမှာ lanaရဲ့သီချင်းသံလေးက လေပြေလေးတွေထဲမှာ လွင့်ပြန့်နေတယ်။
"Cause you're just a man.
It's just what you do.
You head in your hands as you colour me blue....."
Keep Reading