ဆောင်း၀င်းလတ်
၁၉၇၀ ပြည့်နှစ် သူငယ်ချင်းတစ်စုနှင့် ကျွန်တော်၊ အထွေထွေစက်မှုလက်မှုဘာသာရပ်များ သင်ကြားရမှာက ၁၉၇၁ နှစ်ကျမှဖြစ်သော်လည်း၁၉၇၀ ပြည့်နှစ်ဦး အစကာလမှစ၍ အင်ဂျင်နီယာမှူး ဦးတင်ဦးနှင့်ဦးဝင်းဆွေတို့နှစ်ယောက်က သီးခြားစက်မှုဘာသာရပ်နှစ်ခုကို ကြို၍သင်ကြားပေးရာ စာတွေ့ ရော၊ လက်တွေ့ ပါ မနားမနေ ကြိုးစားသင်ယူကြရပါသည်။ အင်္ဂလန်နိုင်ငံမှ ရောက်လာသော ပါကင် ဒီဇယ်အင်ဂျင်နှင့် သော်နီကရော့ဖ် ဒီဇယ်အင်ဂျင်စက်များအကြောင်းကို ဆရာနှစ် ယောက်က ဖိဖိစီးစီး သင်ကြားပေးခဲ့ကြသည်။ စာတွေ့ပိုင်းပြီးတော့လက်တွေ့ ပိုင်းအဖြစ် အဆိုပါအင်ဂျင်စက်များ တပ်ဆင် ထားသောသင်္ဘောများမှာ သွားနေကာ မောင်းနှင်ခိုင်းပါတော့သည်။ ခင်မင်ရသောပြောမနာဆိုမနာ သူငယ်ချင်းတွေ လူစု ကွဲသွားကြ၏။ ရန်ကုန်၊ ပုသိမ်၊ဖျာပုံ၊ ဘိုကလေး၊ ပြည်၊ မော်လမြိုင်၊ ရခိုင်စသဖြင့် ယာယီသဘောမျိုး ရောက်ရှိ သွားကြ သည်။
အိပ်ရာမှ စောစောထကာ စစ်တွေမြို့၏ နံနက်ခင်းစည်ကားနေပုံကို ကျွန်တော် ငေးကြည့်နေမိသည်။ မြို့မဈေးတံတားတွင် ကုန်တင်၊ခရီးသည်တင်ပင်လယ်ကိုဖြတ်သန်းသောသင်္ဘောကြီးများရှိသဖြင့်လူတွေရှုပ်ထွေးစပြုပြီ။ဈေးကြီးတစ်ဝိုက်မှာလည်း ရောင်းသူဝယ်သူတွေ ဆူဆူညံလျက်။ကျွန်တော်ခိုနားရာယာယီနေအိမ်ငယ်ဟုဆိုရမည့်အာရ်ပီစီ သင်္ဘောကလေးကတော့ ဆတ်ရိုးကျချောင်း၏လှိုင်းရိုက်ခတ်သံနှင့်အတူငြိမ့်ငြိမ့်လှုပ်လှုပ်။ကျွန်တော့်ထက်ဝီရိယကောင်းကာသဘောမနောစေတနာလည်းကောင်းသောကိုစောရွှေကဘယ်အချိန်ကတည်းကထ၍သူကိုယ်တိုင်ချက်ပြုတ်နေခဲ့မှန်းမသိရသောရခိုင်မုန့်တီဟင်းရည်အိုးကြီးကို မီးဖိုခန်းထဲမှတစ်ဆင့် လက်နှီးနှင့် လက်မပူအောင်မ၍ ယူလာခဲ့ပါပြီ။ မုန့်ဖတ်လည်း ဝယ်ထားပြီးသားပါလား။
ဒါကမနက်စောစာဟု ဆိုရမည်။မနက်စာထမင်းကိုတော့လမ်းကျမှစားကြမည်။မချက်ရသေး။သင်္ဘောမှာရှိသမျှ ကျွန်တော်တို့ သင်္ဘောသားတစ်စု ဝိုင်းဖွဲ့ကာ အာပူလျှာပူ ရခိုင် မုန့်တီစားလိုက်ကြသည်။ ကောင်းလိုက်တာ။ ကိုစောရွှေကြီးက ရခိုင်သား၊ စစ်တွေဇာတိ။ သူကင်္ဘောမှာ ဖတ်ချင်သူတွေ ဖတ်ရအောင် လစဉ်ထုတ် မဂ္ဂဇင်းတွေလည်း ဝယ်ပေးထားပါသေးသည်။ ကျေးဇူးတင်ရ၏။ သူက မူလတန်းပြ ကျောင်းဆရာလေးဘဝမှ သင်္ဘောသားဘဝပြောင်းလာသူတဲ့။ စာတတ်ပေတတ်မို့ သူနှင့်စကားပြောလျှင် နယ်မြေဗဟုသုတတွေ တော်တော်ရလိုက်သည်။
ကျွန်တော်ဒီသင်္ဘောလေးကိုရောက်စကရခိုင်အကြောင်းသူ့ကိုမေးဖူးသည်။
“ရခိုင်ဆိုတာကပါဠိဘာသာနဲ့ဆိုရင်ရက္ခပူရပေါ့ကွာ။ရက္ခဆိုတာကစောင့်ရှောက်တာကိုဆိုလိုတာ။ကိုယ်ကျင့်သီလကိုစောင့်ရှောက်တယ်။ကိုယ့်လူမျိုးကိုကိုယ်စောင့်ရှောက်တယ်။ဒါကြောင့်ရက္ခိုင်ခေါ်တာ'ဟုသူပြောဖူးသည်။ကျွန်တော်တို့တစ်တွေအာပူလျှာပူမုန့်တီစားဟင်းရည်သောက်ပြီး၊လက်ဖက်ရည်ချိုချိုတစ်ခွက်စီသောက်၊ခံတွင်းချဉ်ပြေစေရန်ခြင်္သေ့သုံးကောင်တံဆိပ်ဆေးပေါ့လိပ်ဖွာသူဖွာ၊ စီးကရက်လေးဖွာသူဖွာနှင့် နာရီကြည့်လိုက်တော့ မနက် ၇ နာရီခွဲပြီ။ ဈေးဝယ်ပြီးပြန်လာသော ကိုအုန်းမြင့်ခေါ်ကိုကျွက်ရောက်လာသဖြင့် ကျွန်တော်က ထိုင်ရာမှထကာခြင်းတောင်းကိုလှမ်းယူလိုက်သည်။
သူကဈေးဝယ်သမားလည်းဖြစ်သလိုကျွန်တော်တို့စားဖို့နေ့စဉ်ဟင်းထမင်းစီစဉ်ချက်ပြုတ်ပေးသောကျေးဇူးရှင်လည်းဖြစ်သည်။သင်္ဘောကလေးမှာလူနည်းစုဖြစ်၍အားရင်အားသလိုကျွန်တော်တို့ကလည်းကိုကျွက်အားပိုင်းကူချက်ပြုတ်ပေးမြဲပင်။ဒီနေ့တော့ဟင်းလျာကဆိတ်ကလီစာဟင်း၊ပုစွန်ဆီပြန်နှင့်ရုံးပတီသီးဟင်းချိုတဲ့။
“ဧည့်သည်တွေလည်းကျွေးမှာဆိုတော့ပိုပိုလျှံလျှံဆန်ဆီ၊ငရုတ်၊ကြက်သွန်ကအစလောက်လောက်ငငဖြစ်အောင်ငါဝယ်လာခဲ့တယ်'ဟုကိုကျွက်ကကျွန်တော်တို့ကိုပြောပြနေသည်။၇နာရီ၄၅မိနစ်တွင်ဧည့်သည်များရောက်လာကြသည်။ရာထူးအဆင့်အတန်းအားဖြင့်ခရိုင်ဝန်၊ နယ်ပိုင်တွေလို့ဆိုကြပါစို့ရဲ့။ သူတို့ရဲ့ တပည့်တပန်းများလည်းပါရဲ့။
`ကိုလတ်ရေ၊သင်္ဘောထွက်ရအောင်စက်နှိုးပေတော့'ဟုသင်္ဘောပဲ့နင်းကိုကျော်သိန်းကပြောသဖြင့်စက်ခန်းထဲသို့ကျွန်တော်ဆင်းခဲ့သည်။ကိုကျော်သိန်းကလည်းရခိုင်ဇာတိမို့သူစကားပြောလျှင်ကိုစောရွှေကြီးလိုပင်အသံကဒေသသံခပ်ဝဲဝဲ။ ကျွန်တော်က သော်နီခရော့ဖ်အင်ဂျင်စက်များကို နှိုးလိုက်သည်။
သင်တန်းတုန်းက စာတွေ့၊လက်တွေ့ သင်ခဲ့ရသော အင်ဂျင်စက်တွေကို ခုတော့နေ့ရောညပါကိုယ်တိုင်ကိုယ်ကျ နီးနီးကပ်ကပ် ပတ်သက်ဆက်နွှယ်နေရပေပြီ။ သူနှင့် ပတ်သက်သမျှ ကောင်းမွေဆိုးမွေကတော့ကျွန်တော်ရဲ့ ဘဝတစ်ကွေ့စာ ကံတရားပေါ့။ စစ်တွေဆတ်ရိုးကျချောင်းမှထွက်လာကြပြီးနောက်ဘက်ကမြို့ပြရဲ့မြင်ကွင်းကိုကျွန်တော်လှမ်းကြည့်တော့ပို့ထ်အသော်ရတီမျှော်စင်ပွိုင့်မီးပြ၊စစ်တွေအထင်ကရနာရီစင်၊လောင်စာဆီလှောင်ကန်ကြီးတွေကတဖြည်းဖြည်းဝေးကျန်ခဲ့ရစ်ပြီ။စင်ရော်ငှက် တစ်အုပ်က ကျွန်တော်တို့ နောက်မှ ပျံဝဲရင်းလိုက်နေကြဆဲ။ ၁၉၆၈ ခုနှစ်က ကျွန်တော် အယ်လ်စီဂျီသင်္ဘောနှင့် သွားခဲ့ရသော တနင်္သာရီ ကမ်းမြောင်ဒေသ မြိတ်ကျွန်းစုမှာက ပင်လယ်ပြင်ထဲတွင် ကျွန်းပေါင်း ၉ဝဝ ကျော်ရှိခဲ့သလို ယခု ကျွန်တော် အာရ်ပီစီသင်္ဘောကလေးနှင့် ရောက်နေသော ရခိုင်ကမ်းမြောင်ဒေသမှာလည်းမှတ်မှတ်ရရ ကျွန်းပေါင်း ၄၄ ကျွန်းတောင် ရှိနေပြန်သည်။
ဖရုံကာကျွန်းကြီး၏ မြောက် ဘက်မှတစ်ဆင့် ကစ္ဆပနဒီမြစ်ကို ကျွန်တော်တို့ဝင်သည်။မြစ်ရေပြင်က ဆတ်ရိုးကျတုန်းကလို မစိမ်း။ဝါကြင်ကြင်။ကျွန်တော်တို့သင်္ဘောမှအသက်အငယ်ဆုံးသင်္ဘောသားလေးမောင်သိန်းစောကကျွန်တော့်ဆေးလိပ်ဘူးထဲမှ အစီခံမပါသော ခပေါင်းစီးကရက်တစ်လိပ်ကို ယူ၍ဖွာရင်း…
'ဖရုံကာကျွန်းသုံးကျွန်းထဲမှာအခုကျွန်တော်တို့မြင်နေရတဲ့အနောက်ဘက်ဖရုံကာကျွန်းမှာကျွန်တော့်ရွာရှိတယ်။ကြုံကြိုက်လို့ရှိရင်ဆံတော်ရှင်ဘုရားပွဲအစ်ကို့ကိုကျွန်တော်ခေါ်သွားမယ်။သိပ်စည်ကားတယ်အစ်ကို။ရပ်ဝေးရပ်နီးကလှေတွေ၊မော်တော်တွေနဲ့အကုန်လာကြတာ။ဘုရားပွဲဈေးကလည်းတော်တော်ရောင်းကောင်းတဲ့ဈေးပေါ့။ရိုးရာပွဲပေါ့အစ်ကိုရာ”ဟု ပြောပြသည်။
သူ့မိဘသားချင်းများကငါးပုစွန်လုပ်ငန်းနှင့်ကောက်ပဲသီးနှံလုပ်ငန်းလုပ်နေကြကြောင်းလည်းပြောပြသည်။မောင်သိန်းစောကလေးကသီချင်းတော်တော်များများကိုဂစ်တာလက်ကွက်ကောင်းကောင်းနှင့်တီးတတ်သူဖြစ်သည်။သွားလေရာမှာသူ့ဂစ်တာလေးပါလာတတ်သည်။
‘ကျွန်တော်အစ်မနဲ့သူ့ယောက်ျားကတော့အရှေ့ဖရုံကာကျွန်းမှာနေကြတယ်။သူတို့နေတဲ့ကျွန်းမှာလက်ယက်တွင်းတူးရင်ရေနံစိမ်းထွက်တော့စီးပွားရေးအဆင်ပြေကြတယ်”ဟုလည်းပြောပြသည်။စကားကောင်းနေကြတုန်းသင်္ဘောစက်ရှိန်ကိုနည်းနည်းလျှော့ချပြီးမောင်းကြရပြန်သည်။ ရေပြင်တစ်ခွင် ပိုက်မျှောနေရရှာသော ငါးလှေလေးတွေကိုရှောင်ပြီး မောင်းကြရပြန်သည်။
ကျွန်းကြီးတစ်လျှောက်ရွာတစ်ချို့တွင်ပုစွန်မွေးကန်တွေကလည်းအများကြီး။ကစ္ဆပနဒီ၏ဘယ်ဘက်ကမ်းတစ်လျှောက်မှာတော့နိမ့်ကာမြင့်ကာတောင်သေလာတွေ။ဟိုအဝေးဦးရာဇ်တောင်ပေါ်မှာတော့ရွှေရောင်ဘုရားတစ်ဆူ။ရွှေစေတီကိုမနောဓာတ်ကြည်ကြည်ဖြင့်လှမ်းဖူးရင်းစက်ခန်းအတွင်းကျွန်တော်ဆင်းခဲ့ကာဝဲယာအင်ဂျင်စက်များအခြေအနေကိုကြည့်ရသေးသည်။ အခြေအနေကောင်းတော့စိတ်ချမ်းသာရသည်။သူတို့မဖောက်ပြန်သရွေ့ကျွန်တော့်အတွက်စိတ်လက်ပေါ့ပါးနေဦးမည်သာပင်။သူတို့တစ်စုံတစ်ခုချွတ်ယွင်းလျှင်စိတ်ရောကိုယ်ပါပင်ပန်းဖို့သာပြင်ပေတော့။သင်္ဘောကလေး၏ကုန်းပတ်ပေါ်ပြန်တက်လာခဲ့သည်။
ဟော၊ရေဝဲကတော့ကြီး။ရေစီးကလည်းကြမ်းပါပေ့။သည်နေရာကမြစ်နှင့်ချောင်းပေါင်းဆုံရာပေကိုး။ကစ္ဆပနဒီကပုဏ္ဏားကျွန်းချောင်းနှင့် ပေါင်းဆုံမိလေပြီ။'သိန်းစောရေ၊တက်မကို ချောင်းရဲ့ အထက်ပိုင်းဆန်တက်ဖို့ဦးတည်ပြီး ကိုင်ဟေ့။ရေစီးကြမ်းတယ်ကွ၊ချောင်းထဲကို ငါတို့တွေ ရေကိုဆန်ပြီးဝင်မှရမယ်'ဟုပဲ့နင်းကိုကျော်သိန်းကတက်မကိုင်ရသောမောင်သိန်းစောကလေးကိုသတိပေးသည်။ကျွန်တော်က စက်ခန်းထဲပြန်ဆင်းကာ စက်ရှိန်ကို လျှော့ချပေးလိုက်ရသည်။ ချောင်းထဲမှာ စပါးလှေတွေရှိ၍ လှိုင်းပုတ်ပြီး မြုပ်သွားကြမှာ စိုးရိမ်ရ၍ဖြစ်သည်။ပေနှစ်ရာသာသာမျှသာကျယ်ဝန်းသောချောင်းအတွင်းဈေးလှေတွေ၊ဈေးသည်တွေကလည်း ဆူဆူညံညံ။ ဆိပ်ခံတံတားကလည်းသစ်သားတံတားကလေးသာ။ဆန်စက်တွေဆီမှမီးခိုးခေါင်းတိုင်ကလွင့်နေသောမှိုင်းဝေဝေနှင့်ကောင်းကင်မှ တိမ်ပြာပြာတို့ ရောထွေးသွားတာ မြင်နေရသည်။
“ဟိုးတုန်းကဒီမြို့မှာပုဏ္ဏားတွေနေခဲ့လို့မြို့နာမည်ကိုပုဏ္ဏားကျွန်းလို့ပေးထားတာ'ဟုကိုစောရွှေကြီးကကျွန်တော့်ကိုပြောပြသည်။လိုက်ပါလာသောဧည့်သည်တချို့ကသင်္ဘောမှခဏဆင်းသည်။ကြိုးတံတားရှိ၍ကြိုးတံတားကိုဖြတ်သန်းကာသူတို့တစ်တွေဦးရာဇ်တောင်ဘုရားဖူးဖို့တက်သွားကြသည်။ကျွန်တော်ကတော့မြို့အနောက်ဘက်မှသြရမ္မတောင်တန်းကြီးဆီလှမ်းငေးကြည့်နေမိသည်။တကယ်တမ်းကျတော့ကျွန်တော်ရောက်နေသောပုဏ္ဏားကျွန်းမြို့ကလေးမှာဘဲငါးရာတောင်အခြေတောင်စွယ်မှာရှိနေခြင်းသာ။စစ်တွေကတော့ဟိုးတောင်အရပ်မှာကျန်ခဲ့ပါပြီ။အရှေ့အရပ်မှာမြောက်ဦး၊အနောက်အရပ်မှာရသေ့တောင်၊ ကျွန်တော်တို့ဆက်ပြီး သွားရဦးမှာက မြောက်အရပ်ရှိ ကျောက်တော်သို့။
“ဧည့်သည်တွေဘုရားဖူးပြီးတောင်ပေါ်ကပြန်ဆင်းလာကြရင်ငါတို့ဆက်ထွက်မယ်။ဒီတစ်ခါသင်္ဘောထွက်ရင်ကိုသော်တာကြီးကပဲ့ကိုကိုင်ဗျာ။ ခင်ဗျားက ဒီလမ်းကြောင်းတွေ မရောက်ဖူးသေးတော့တဖြည်းဖြည်းသွားရင်းလာရင်း ရေလမ်းကြောင်း သိသွားအောင်လို့ပဲ့ကိုင်ခိုင်းတာပါ။ဒီကထွက်သွားလို့မြစ်ဝကိုရောက်ရင်ခင်ဗျားသတိထားရမှာကအန္တရာယ်ကြီးတဲ့ကျောက်တန်းရှည်ကြီးရှိတယ်။ မြစ်မရှည်ကျောက်တန်းလို့ခေါ်ကြတယ်။ ဦးရာဇ်တောင် ဘုရားကမ်းဘေးကသန္တာကျောက်တန်းကြီးဗျ။ ခင်ဗျားက အဲဒီကျောက်တန်းကြီးကိုရှောင်ပြီး သင်္ဘောကို မောင်းရမှာနော်။
ကျောက်တန်းကိုလွန်တာနဲ့မြောက်ဘက်ကိုသာ ဦးတည်ပြီးမောင်းပေတော့'ပဲ့နင်းကိုကျော်သိန်းကမကြာသေးမီကမှပုသိမ်ကပြောင်းရွှေ့လာသည့်ကိုသော်တာကြီးကိုပြောနေသည်။ရန်ကုန်မှရောက်လာခါစ ကျွန်တော်သည်လည်း ရခိုင်၏ ရေမြေနှင့် ကျွမ်းဝင်အောင် မပြတ်အကဲခတ်ရပေဦးမည်။ တော်တော်လေးကြာတော့မှ ဧည့်သည်တွေပြန်ရောက်လာကြသည်။ကျွန်တော်လည်းစက်ခန်းထဲဆင်းရပြန်သည်။စက်တွေနှိုးရပြန်သည်။ပုဏ္ဏားကျွန်းမြို့ကလေးမှ ကျွန်တော်တို့သင်္ဘော ခွာလာပြီး ကစ္ဆပနဒီမြစ်၏ ဘယ်ဘက်အခြမ်းမှစမုန်တောင်ကြောကို ဖြတ်ကျော်ရပြန်သည်။ တဖြည်းဖြည်းမြစ်ပြင်ပိုကျယ်လာကာဟင်းခရော်ချောင်းနှင့်ဆုံစည်းမိသည်။လယ်ကွင်းတွေကတစ်မျှော်တစ်ခေါ်။လယ်စောင့်တဲလေးတွေကိုမြင်တော့ဟိုးမှတ်ကျွန်းဒေသဆီမှမိဘဘိုးဘွားဇာတိကွမ်းခြံကုန်းမြို့ကလေးတစ်ဝိုက်ကိုလွမ်းမိသည်။ဟင်းခရော်ချောင်းထဲသို့ ကျွန်တော်မဝင်။ သူ့လမ်းကြောင်းက မြောက်ဦးသို့ရောက်သောလမ်းကြောင်းမို့ ကျွန်တော်တို့က စက်ရှိန်ကို မြှင့်ကာကစ္ဆပနဒီအတိုင်း ခုတ်မောင်းသည်။ မြစ်ပြင်၏အရောင်က ပို၍စိမ်းရင့်လာသည်။
‘ဧည့်သည်တွေကို ထမင်းကျွေးဖို့ ပြင်လိုက်တော့မယ်’ဟုစားဖိုမှူးအိုးသူကြီးကိုကျွက်ကပြောကာ သူ့လက်ရာဟင်းလျာများကို တည်ခင်းပါလေတော့သည်။‘ဧည့်သည်တွေ စားပြီးမှ ငါတို့စားကြတာပေါ့'ဟုလည်း ကိုကျွက်ကပြောသေးသည်။ မနက်က မုန့်တီစားထားသော်လည်း ကိုကျွက်ချက်ထားသော ဟင်းနံ့လေးသင်းလာသဖြင့် ဆာသလိုလိုပင်။
ခဏကြာတော့မြစ်၏ ဘယ်ဘက်ကမ်းမှ သဲထပ်ရွာကလေးကို မြင်ရသည်။ရွာနှင့်နီးနီးကပ်ကပ်မှသင်္ဘောမောင်းနေစဉ် ဆေးတံသောက်နေသော အမျိုးသမီးတချို့ ပလိုင်းလွယ်ကာ သွားလာနေကြတာမြင်ရ၍ သည်ရွာမှာလည်း ရခိုင်အပြင်၊ ခမီနှင့် မြိုတိုင်းရင်းသူ၊ တိုင်းရင်းသားတွေ ရှိနေပါလားဟုသတိထားမိ၏။ပုဏ္ဏားကျွန်းမှာတုန်းကလည်း ခမီနှင့်မြိုတိုင်းရင်းသူ၊တိုင်းရင်းသားများတွေ့ ခဲ့ရသည်။
“ဒီရွာမှာတော့ရခိုင်နဲ့ခမီတွေအနေများတယ်”ဟုကိုကျော်သိန်းကပြောပြသည်။သဲထပ်မှဆက်မောင်းလာတော့ရွာတန်းရှည်ရောက်အောင်တော်တော်ကြာသည်။ရွာနာမည်ကိုသိအောင်ရွာထိပ်တွင်’အပေါက်ဝမှကြိုဆိုပါ၏'ဆိုင်းဘုတ်လေးထောင်ထသေး၏။ကျွန်တော်တို့ကရွာမှာဝင်မကပ်ဘဲဆက်မောင်းသည်။သို့သော်ရေစွယ်ထိုးတာကြမ်း၍ထင်သည်။အပေါက်ဝရွာတန်းရှည်ကလေးကမ်းပြိုပြိုကျနေတာ ရင်လေးစရာ လှမ်းမြင်ခဲ့ရသည်။
‘သောင်နဲ့ ဝေးဝေးခွာမောင်းနော် ကိုသော်တာကြီး'တက်မခန်းတွင် ပဲ့ကိုင်နေသောကိုသော်တာကြီးအား ပဲ့နင်းကိုကျော်သိန်းက သတိပေးသည်။
မြစ်အရှေ့ဘက်ကမ်းမှ သောင်ပြင်ကြီးက တစ်မျှော်တစ်ခေါ်။ပလိုင်းလွယ်ထားသော ခမီတိုင်းရင်းသူတချို့ကို
သောင်ပြင်ပေါ်မှဆေးရွက်ကြီးစိုက်ခင်းထဲအလုပ်လုပ်နေကြတာလှမ်းမြင်ခဲ့ရသည်။မြစ်အနောက်ဘက်ကမ်းမှာတော့သြရမ္မတောင်တန်းကြီးက သဘာဝအတိုင်း လွမ်းမောဖွယ်ရာ။သည်တောင်စွယ်တောင်တန်းကြီး၏ဝဲယာကို ခွဲခြားစီးဆင်းနေသော မေယုခေါ် မယူမြစ်၊ကစ္ဆပနဒီခေါ် ကုလားတန်မြစ်တစ်ကြောမှ သောင်ပြင်များတွင်အသီးအနှံစုံလည်းပေါ။ ငါးပုစွန်တွေလည်း လှိုင်လှိုင်ပေါပေါ့။ ဒါကြောင့်လည်း ရခိုင်သင်္ကေတ ဓညဝတီဆိုသည်က မြန်မာလို သီးပင်စားပင်မျိုးစုံစားလို့မကုန်အောင် ပေါများခြင်းတဲ့။ ဧည့်သည်တွေ စားပြီးကြတော့ပဲ့စင်ခန်းတွင် ပဲ့ကိုင်သူ ကိုသော်တာကြီးမှ လွဲ၍ ကျွန်တော် တို့အားလုံးဝိုင်းဖွဲ့ ထမင်းစားကြသည်။မောင်သိန်းစောကလေးပြီးတော့ကိုသော်တာကြီးနှင့်လူချင်းလဲကြသည်။
မောင်သိန်းစောကလေးပဲ့ကိုင်အလှည့်။ကျွန်တော်လည်း ပဲ့ကိုင်ခန်းဘက် ခဏလျှောက်လာရင်း မောင်သိန်းစောကို
‘အရှေ့ဘက်ကမ်းတောင်ပေါ်ကဘုရားကဘာဘုရားလဲ'ဟုမေးကြည့်တော့'ကျွန်တော်တို့ရခိုင်မှာအကြီးအကျယ်အထင်ရှားဆုံးသေလာဂီရိပဗ္ဗတောင် ဆံတော်ရှင်စေတီ'တဲ့။ မောင်သိန်းစောလေးပဲ့ကိုင်နေဆဲမှာပင်သင်္ဘောကကျောက်တော်မြို့ကို ဝင်ခဲ့ပြီ။ စစ်တွေမှမိုင်ရှစ်ဆယ်ဝေးသည်အထိခုတ်မောင်းခဲ့ရသောသင်္ဘောလေး၏အင်ဂျင်စက်နှစ်လုံးကိုလည်းအမောဖြေခိုင်းရပေတော့မည်။ ကျောက်တော်မြို့၏အကျယ်အဝန်းကို မောင်သိန်းစောကလေးအား မေးကြည့်ရာ…
“တောင်နဲ့မြောက် တစ်မိုင်လောက်ပဲရှိပါတယ်”ဟုပြောပြသည်။“အစ်ကိုအံ့ဩစရာတစ်ခုဒီမြို့မှာတွေ့ရလိမ့်မယ်။ ရှေးဟောင်းပစ္စည်းကြီးတစ်ခုပေါ့'ဟု မောင်သိန်းစောကလေးက ပြော၍‘ဘာများပါလိမ့်’ဟုမေးကြည့်ရာ“မီးသတ်ကားကြီးတစ်စီးရှိတာ၊ဟိုးလွန်ခဲ့တဲ့လွတ်လပ်ရေးမရခင်ခေတ်ကတည်းကကားဟောင်းကြီးအစ်ကိုရဲ့'ဟုပြောတော့အံ့အားသင့်မိသည်။အိမ်တွေကိုလှမ်းကြည့်တော့ခြံကျယ်ဝင်းကျယ်တစ်ထပ်အိမ်တော်တော်များများကို သပ်သပ်ရပ်ရပ်ပင် မြင်လိုက်ရသည်။
“ဒီမြို့မှာအဓိကလမ်းနှစ်လမ်းကတော့အနောက်လမ်းမနဲ့ကမ်းနားလမ်းပေါ့။လမ်းတိုလေးတွေတော့ရှိတယ်'ဟုမောင်သိန်းစောကလေးပြောပြီးသင်္ဘောကပ်ရန်ဆိပ်ခံတံတားဘက်သို့ဦးတည်လိုက်သည်။သင်္ဘောကပ်တော့မည်မို့ပဲ့နင်းကိုကျော်သိန်းကိုယ်တိုင် တက်မခန်းထဲဝင်လာသည်။ ဆိပ်ခံဗောတံတားပေါ်တွင် တာဝန်ရှိသူ အရာရှိပိုင်းဝန်ထမ်းတချို့လာဆင်း ကြိုနေကြတာ လှမ်းမြင်ရသည်။
ကျွန်တော်တို့သင်္ဘောပေါ်မှာပါလာသောခရိုင်နှင့်နယ်ပိုင်အရာရှိကြီးများကိုဆင်းကြိုနေခြင်းပင်။သင်္ဘောကြိုးချည်ကပ်ပြီးတော့သူတို့တစ်တွေမြို့အခြေအနေကိုစစ်ဆေးဖို့တက်သွားကြသည်။ကျွန်တော်လည်းစက်ခန်းထဲမှဝဲယာစက်များကို စိတ်ချလက်ချ ရပ်ပစ်လိုက်နိုင်ပြီ။ အားလုံးနားနားနေနေသင်္ဘောပေါ်မှာထိုင်ကာဟိုငေးသည်ငေးနှင့် ကိုကျွက်စီစဉ်ပေးသော ရေနွေးကြမ်းပူပူ၊ ပဲခြမ်းကြော်သုပ်တို့ဖြင့် အပန်းဖြေကာစကားစမြည်ပြောကြသည်။သည်ဒေသမှာ ကျွန်တော်တို့ထက် အနေကြာ၊လုပ်သက်လည်းပါရင့်ပြီဖြစ်သောကိုကျက်ကသူကြုံတွေ့ခဲ့ရဖူးသောအရာရှိကြီးတစ်ဦး၏မိသားစုတစ်စုအကြောင်းကို ပြောပြသည်။
'လွန်ခဲ့တဲ့သုံးနှစ်လောက်ကခုလိုပဲနယ်လှည့်စစ်ဆေးရေးအရာရှိကြီးတစ်ယောက်ကိုကျောက်တော်ကိုသင်္ဘောနဲ့လာပို့ရဖူးတယ်။ သူကသူ့မိန်းမနဲ့ကလေးတွေ၊ သမက်တွေ၊ ချွေးမတွေပါ တစ်ပြုံကြီးခေါ်လာတာကွ။ ငါတို့ ပိုပြီး တာဝန်ကြီးတာပေါ့ကွာ။ ခုလိုပဲကျောက်တော်ဆိပ်ကမ်းရောက်တော့သူတို့ကိုဆင်းကြိုတဲ့အရာရှိငယ်တွေနဲ့ဝန်ထမ်းတွေကတရိုတသေဆီးကြိုကြတာပေါ့။ဒီကျောက်တော်ဒေသတစ်ဝိုက်မှာထူးခြားတာတစ်ခုရှိတယ်။ဟိုးရှေးအစဉ်အဆက်ကတည်းကဘယ်ဌာနဆိုင်ရာဘယ်လိုအရာရှိကြီးတွေ့ပဲလာလာဆီးကြိုပြီးစကားပြောတဲ့အခါမှာရှေးထုံးစံကိုမဖျက်ကြဘဲသူတို့ပြောကြဆိုကြတဲ့စကားလုံးတွေထဲမှာဘုရားဆိုတာကိုထည့်ထည့်ပြီးပြောတတ်တဲ့ဓလေ့ရှိကြတယ်။ဟုတ်ပါဘုရား၊မှန်ပါဘုရား၊ကြွပါဘုရား၊ စားတော်မူပါဘုရားစသဖြင့်ပေါ့လေ။ အမိန့်ရှိပါဘုရားဆိုတာမျိုးပေါ့လေ။
ဒီလိုပြောတာကိုနားထောင်ပြီးသဘောကျ၊သာယာသွားတာကတော့အရာရှိကြီးရဲ့မိန်းမနဲ့သူ့မိသားစုပဲကွ။တကယ်တော့သူတို့ကမင်းမျိုးမင်းနွယ်လည်းမဟုတ်ကြဘူး။သာမန်သူလိုငါလိုလူတန်းစားထဲကတစ်ဆင့်ပြီးတစ်ဆင့်ရာထူးတက်လာလို့အရာရှိကြီး၊အရာရှိကတော်၊အရာရှိသားသမီးဆိုပြီးဖြစ်လာကြတဲ့လူတန်းစားပေါ့ကွာ။ဒါပေမဲ့သူတို့မိသားစုအကြောင်းငါစုံစမ်းကြည့်တော့ သူတို့က စိတ်ကြီးဝင်တဲ့ရောဂါရှိပြီးသားမိသားစုဆိုတာ သူတို့အိမ်က အိမ်ဖော်တွေ၊ အလုပ်သမားတွေဆီကတစ်ဆင့် ငါတို့သိလိုက်ရတယ်။ အိမ်မှာဆိုရင်လည်း သူတို့ကို အရှင်ဘုရား၊မယ်မယ်ဘုရား၊ သားတော်၊ သမီးတော်၊ သမက်တော်၊ ချွေးမတော်၊မြေးတော်ဆိုပြီး ခေါ်တာပြောတာကိုမှ သဘောကျတယ်ဆိုပဲ။
ဒါကသူတို့အိမ်တွင်းရေးကိစ္စလေ။အပြင်လူတွေကတော့သူတို့ကိုခုလိုဘယ်သူကမှပြောကြဆိုကြမှာမှမဟုတ်ဘဲ။ကျောက်တော်ကိုလည်းရောက်ရောအပြင်လူတွေကပထမဆုံးသူတို့ကိုခုလိုပြောဆိုဆက်ဆံတာကြုံလိုက်ရတော့သူတို့စိတ်ထဲမှာလည်း အရမ်းကို သာယာသွားကြတယ်'ဟု ကိုကျွက်က ပြောတော့ ကိုသော်တာကြီးက တဟဲဟဲရယ်ရင်း'ရောဂါတက်လာကြတာပေါ့ဟုတ်လား'ဟုအရွှန်းဖောက်လိုက်သည်။
“ဒါကလည်းလူတချို့မှာအတွင်းကျိတ်ကျိတ်ပြီးဖြစ်တဲ့စိတ်ရောဂါတစ်မျိုးပဲပေါ့ကွာ”ဟုပဲ့နင်းကိုကျော်သိန်းကပါဝင်ပြောသည်။ကိုကျွက်က စကားဆက်သည်။“တကယ်တမ်းကျတော့ ကျောက်တော်မြို့ကလေးဟာဘာမှအထွေအထူးစစ်ဆေးစရာမလိုတဲ့မြို့ကလေးပါကွာ။အေးအေးဆေးဆေးသိမ်သိမ်မွေ့မွေ့နဲ့ ယဉ်ယဉ်ကျေးကျေးပြောကြဆိုကြနေထိုင်ကြတဲ့မြို့ကလေးပါ။အစိုးရအရာရှိကြီးတွေဆိုတာလည်းတစ်ခါတလေမှနယ်လှည့်ရင်းဝင်လာတတ်ကြတာ။ ဒါပေမဲ့ စောစောကငါပြောတဲ့အရာရှိကြီးရဲ့မိသားစုကျတော့အပြင်လောကမှာ ငါတို့ဘုရားထူးခံရပြီ
ဟေ့ဆိုတဲ့မာန်တွေတက်ပြီးဘုရားထူးခံရတဲ့အရသာကိုရလေလိုလေအိုတစ္ဆေဖြစ်လာကြပါလေရော။အကြောင်းမရှိအကြောင်းရှာပြီးကျောက်တော်မြို့ကလေးကိုလာဖို့သုံးလတစ်ကြိမ်လောက်ငါတို့သင်္ဘောကိုတက်တက်စီးကြတယ်။
လာလိုက်ရင်လည်းတစ်အိမ်လုံး၊အိမ်ဖော်တွေကအစအိမ်မှာမွေးထားတဲ့ခွေးပါမကျန်စေရဘူး။ဒီတော့ငါတို့မှာသင်္ဘောလေးကသင်္ဘောကြီးမဟုတ်တော့နေရာထိုင်ခင်းကခပ်ကျဉ်းကျဉ်းရယ်။ဝယ်ရခြမ်းရ၊ချက်ရပြုတ်ရ၊ဖွယ်ဖွယ်ရာရာကျွေးမွေးဧည့်ခံလိုက်ရတာလည်း စရိတ်ကုန်၊ လူတွေပင်ပန်းနဲ့ အတော်စိတ်ပျက်စရာကောင်းတယ်။ ကြာတော့ အောက်ခြေဝန်ထမ်း အသိုင်းအဝန်းကစေတနာပျက်လာကြတာပေါ့ကွာ။သည်ကြားထဲသူတို့ကိုဖိမ့်ဖိမ့်တုန်အောင်ကြောက်ကြရတာကွ။သူတို့ငြိုငြင်သွားလို့ကတော့ပင်စင်ရဖို့ မမျှော်လင့်နဲ့ ပြုတ်ပြီသာမှတ်။
မကြာပါဘူးကွယ်ဆရာသမားကြီးကအရှင်ထွက်ထွက်သွားရတယ်။ဒါနဲ့ပဲကိစ္စတစ်ခုတော့ငြိမ်းသွားတာပေါ့'ဆိုသည့်ကိုကျွက်စကားကြောင့်မောင်သိန်းစောကလေးက“အရှင်ထွက်ထွက်သွားတယ်ဆိုတာဘယ်လိုများလဲကိုကျွက်ရဲ့”ဟုမေးလိုက်သည်။“ဝန်ထမ်းလောကမှာအသေထွက်ဆိုတာကသေဆုံးသွားတဲ့သူတွေပေါ့ကွာ။အရှင်ထွက်မှာတော့နှစ်ပိုင်းရှိတယ်။ ရိုးရိုးပင်စင်ရပြီးထွက်ရတဲ့သူ အသက်ခြောက်ဆယ်ပြည့် ပင်စင်ပေါ့ကွာ။
ဒီကြားထဲမှာကျန်းမာရေးမကောင်းလို့ ဆေးပင်စင် ဆိုတာလည်း ရှိတာပေါ့။နောက်အရှင်ထွက်တစ်မျိုးကတော့မလုပ်တော့နဲ့ဆိုပြီးအပြီးထုတ်ပစ်လိုက်လို့ထွက်ကြရတဲ့အရှင်ထွက်မျိုးကိုပြောတာ'ဟု ရှင်းပြသည်။“ဒါဆိုရင် ဟိုဆရာသမားကြီးက ဘယ်လိုအရှင်ထွက်လဲဗျ'ဟုကိုကျော်သိန်းကမေးတော့ကိုကျွက်က“ဟောဒီ ရခိုင်ပြည်နယ်မှာ ဘူးသီးတောင်မောင်တောက နယ်စပ်လူဝင်လူထွက်ရှိတဲ့ နေရာလေဗျာ။ဒီကိစ္စမျိုးမှာဝင်စေဗျား၊ထွက်စေဗျားဆိုပြီး တံခါးမရှိ၊ ဓားမရှိဝင်ခွင့်ထွက်ခွင့်ပေးနိုင်တဲ့အဖွဲ့အစည်းထဲမှာရှိတဲ့အဲဒီဆရာသမားကြီးဟာသူလည်းဘာသားနဲ့ထုထားတာမှမဟုတ်တော့ လူတိုင်းကြိုက်တတ်တဲ့သည်းခြေကြိုက်လေးတွေကိုရုံးမှာတစ်မျိုး၊အိမ်နောက်ဖေးတံခါးကတစ်ဆင့်သူ့မိန်းမနဲ့သူ့သားသမီးတွေဆီကတစ်မျိုးလမ်းကြောင်းအမျိုးမျိုးနဲ့အိတ်ထဲထည့်ပါများလာတော့သူတို့အသိုင်းအဝိုင်းထဲမှာအဝေမတည့်တဲ့ပြဿနာမီးပွားလေးကစလို့ပြဿနာပိုကြီးလာပြီး အဖြုတ်၊ အထုတ်ဇာတ်လမ်းကြီးထဲ ပါသွားတော့တာပေါ့ဗျာ”ဟု ကိုကျွက်ပြောပြမှ ကျွန်တော်တို့လည်း ဝန်ထမ်းလောကကြီး၏ သံဝေဂရစရာ သံသရာတွေကို ... သိလိုက်ကြရတော့သည်။
ပုထုဇဉ်တို့ဘာဝ သနားစရာလည်းကောင်း၊ ရယ်ပွဲဖွဲ့ရာလည်းကောင်းလှပေသော မိသားစုကြီး တစ်ခုပါလား။
“အဲဒီအရှင်ထွက်ကြီးနဲ့တွေ့သေးလား”ကိုသော်တာကြီးကမေးသည်။ကိုကျွက်ကခေါင်းခါပြပြီး“တစ်ခါမှကိုပြန်မတွေ့တော့ဘူးဗျ။ ဒါပေမဲ့ သူတို့ အရှင်ထွက်ထွက်သွားရတာ တန်ပါတယ်ဗျာ။ တစ်ဘဝစံလို့ပဲပြောပြော၊ဘယ်လိုထင်ကြထင်ကြ ၀ပြီကိုးဗျ။ စားလို့လည်းနင့်သွားကြပြီကိုးဗျ။ဘာများပူစရာလိုတော့လို့လဲ။ဒီလိုလူတန်းစားမျိုးတွေဆိုတာခဏလောက်သာဇာတ်မြှုပ်ပြီးနေတတ်ကြတာ။ သူတို့အသိုင်းအဝိုင်းအချင်းချင်းကျတော့အစ်ကိုကြီး၊ညီလေးနဲ့တယ်ဖေးမတတ်ကြတာကိုး။
အခါအခွင့်သင့်တာနဲ့အသွင်ပုံသဏ္ဌာန်အမျိုးမျိုးနဲ့ဘွားခနပြန်ပေါ်လာတတ်ကြတယ်။အဲဒီအခါကျတန်ခိုးကြီးဘုရားတစ်ဆူဆူမှာဂေါပကအဖွဲ့ဝင်လူကြီးနေရာနှံ့များပြန်တွေ့ရမလား၊ကုမ္ပဏီတစ်ခုခုမှာနာယက၊ဥက္ကဋ္ဌနေရာနဲ့များပြန်တွေ့ရဦးမလားဆိုတာလူတို့လောကအတွက် သိပ်ပြီး မထူးဆန်းတော့တဲ့ ကိစ္စတွေပါဗျာ'ဟု ကိုကျွက်က ပြောပြသည်။ ကိုစောရွှေကြီးက‘လူမှုရေးအသင်းအဖွဲ့တွေမှာလည်းပရဟိတစိတ်ထားမြင့်မြတ်သူနေရာမျိုးကပြန်ပေါ်လာတတ်ကြသေးတယ်ဗျ'ဟုပြောပြန်သည်။
ကျွန်တော်တို့တစ်တွေစကားပိုင်းဖွဲ့၍ကောင်းနေတုန်းဆိပ်ခံဗောတံတားဆီမှလူစုလူဝေးကိုတွေ့လိုက်ရ၍စကားစပြတ်သွားကြ၏။ဪ..ကျွန်တော်တို့သင်္ဘောနှင့်လိုက်ပါလာသူစစ်ဆေးရေးခရိုင်အဆင့်၊မြို့နယ်အဆင့်အရာရှိကြီးများအားမြို့ခံတာဝန်ရှိသူတချို့ကတတ်နိုင်သမျှဧည့်ခံပြုစုကျွေးမွေး၊လက်ဆောင်လေးတွေပေး၊ရိုရိုသေသေရိုကျိုးစကားဆိုကာသင်္ဘောရှိရာသို့ ပြန်လည်ပို့ဆောင်နှုတ်ဆက်နေကြပါပေါ့လား။ယဉ်ကျေးသောရှေးရိုးဆန်လှသည့်မြို့ကလေး၏ ထုံးစံအရ’မှန်ပါ့ဘုရား’၊ ဟုတ်ပါ့ဘုရား”၊ “အမိန့်ရှိပါဘုရား၊ကြွပါဘုရား”ဆိုသည့် စကားလုံးတွေကတော့ သူတို့အတွက် အိပ်မက်ဆန်နေလေမလား။
သို့တည်းမဟုတ်ရှေ့ကအရှင်ထွက်၊အသေထွက်သွားလေသူကြီးတချို့နှင့်မိသားစုတွေလိုများသာယာမှုအပေါင်းခညောင်းနေကြလေမလား။ မည်သို့ပင်ဖြစ်စေ သူတို့တစ်တွေအသက်ရှည် ကျန်းမာကြပါစေ။ အရှင်ထွက်တော့ဖြင့် သည်လောကထဲက ရုပ်ပျက်ဆင်းပျက်ထွက်ခွာမသွားကြရပါစေနဲ့။
Keep Reading