koror
သာပေါင်းရွာကား လူနေအိမ် ၁၀၀ ခန့်သာရှိသော ရွာငယ်လေးဖြစ်၏။ ရွာရှိလူများ၏ အဓိကစီးပွားရေးကား မိုးစပါးစိုက်ခြင်းဖြစ်ပြီး နွေနှင့်ဆောင်း၌ မြေပဲ၊ နှမ်း၊ ပြောင်းစသည်တို့ စိုက်ပျိုးခြင်းပင်ဖြစ်သည်။ ယခင်က အေးချမ်းခဲ့သော သာပေါင်းရွာကလေးသည် ရွာထိပ်ရှိ အရက်ဆိုင်၌ ငြင်းခုန်ရာမှ စတင်ခဲ့ခြင်းဖြစ်ပေသည်။
ထိုနေ့ကား........
ရွာခံလူမိုက် စိုးတင့်သည် မနက်လင်းကတည်းက ရွာထိပ်ရှိအရက်ဆိုင်၌ ထိုင်သောက်နေသည်မှာ မွန်းတည့်ချိန်ရောက်သော်အရက် ၂ လုံးခန့် သောက်ပြီးဖြစ်သည်။ လူလည်းအတော်ပင်မူးနေပြီ ဖြစ်သဖြင့် အမူးသမားတို့ထုံးစံအတိုင်း အငြင်းအခုန်ပြုလုပ်လိုသဖြင့် စကားပြောဖော် လိုက်ရှာလျက်ရှိသည်။ နေ့လယ်ခင်းကြီးဖြစ်သဖြင့် အရက်သောက်သူ မည်သူမှမရှိသည့်အဆုံး အရက်ဆိုင်ပိုင်ရှင် အတီးနှင့် စကားပြောရန် အကြောင်းရှာပြီး
"ဟေ့ အတီး မင်း သဘာဝလွန်ကိစ္စတွေကိုယုံလားကွ"
ဟုမေးရာ အတီးကလည်း လူရည်လည်သူဖြစ်သည့်အလျောက်
"ယုံတာပေါ့ကိုစိုးတင့်ရာ၊ ဘာလဲ
ခင်ဗျားက မယုံဘူးလား"
ဟုစိုးတင့်အား ကြပ်ချင်သည့်စိတ်ဖြင့်
မေးမြန်းလိုက်ရာ
လူမိုက်စိုးတင့်ကလည်း
"အို အဲ့လိုကိစ္စတွေကကျုပ်ဘဝ မှာတစ်ခါမှကိုယ်တွေ့ မကြုံဖူးဘူး၊ ခင်ဗျားရောကြုံဖူးလို့လား"
ပြန်မေးခွန်းထုတ်သဖြင့် အတီးကလည်း
"မကြုံဖူးပေမယ့် လောကမှာ မကြုံဖူးတိုင်း မယုံလို့မရဘူးဗျ။ လူ့ဘဝ သက်တမ်း ၆၀ ကျော် ၇၀ လေးအတွင်းမှာ ဒီလောက ကြီးက အကြောင်းအရာတွေ အားလုံးကြုံဖို့ သိဖို့ ဘယ်လွယ်မှာလဲ" ဟု စိုးတင့်အား မခံချင်အောင်ပြောလိုက်လေသည်။ စိုးတင့်လည်းမူးနေပြီဖြစ်သဖြင့်
" အို အဲ့တာတွေကျုပ်မသိဘူး၊ ကျုပ်သိတာ ကိုယ်တွေ့ကြုံရရင်ယုံမယ်။ မဟုတ်ရင် မယုံဘူး"
ဟုဘုတောသဖြင့် အတီးကလည်း
" ဟုတ်ပြီလေ ခင်ဗျားမယုံဘူးဆိုရင်
ကျုပ်ခိုင်းသလိုလုပ်မလား။
အဲ့သလိုလုပ်နိုင်ရင် တစ်ပတ်တိတိ
ကျုပ်ဆိုင်မှာ အရက်အဝသောက်ဗျာ"
ဟုစိန်ခေါ်လိုက်သဖြင့် လူမိုက်စိုးတင့်ကလည်း အတီးမည်သို့လုပ်ခိုင်းမည်ကိုပင် မေးမနေတော့ဘဲ
"ကြိုက်ပြီလေ၊ စိန်လိုက်"
ဟုဆိုကာ
အတီး၏ကမ်းလှမ်းချက်အား လက်ခံလိုက်လေသည်။
"ကျုပ်ပြောမယ် ကိုစိုးတင့်၊ ခင်ဗျားဒီည ရွာထိပ်က သင်္ချိုင်းဆီသွား သင်္ချိုင်းမြေအလယ်က အလောင်းဆီက မြေနည်းနည်းယူ၊ အရိုးနှစ်ချောင်းယူ၊ သွားတစ်ချောင်းနဲ့ မတ်စေ့ယူခဲ့ဗျာ၊ ယူပြီးကျွန်တော့ဆီလာခဲ့၊ ဆက်လုပ်ရမည့်ဟာ ပြောပြမယ်" ဟုဆိုကာ စိုးတင့်အားခိုင်းစေသည်။
အမှန်တော့ သင်္ချိုင်းမြေမှ မတ်စေ့ ဆောင်လျှင် စီးပွားတက်သည်ဟု
အတီးမှ ကြာဖူးနားဝရှိထားသဖြင့်
မတ်စေ့ပါယူခိုင်းလိုက်ခြင်းဖြစ်သည်။
စိုးတင့်လည်း ညရောက်သည့်အခါ ယိုင်ထိုး ယိုင်ထိုးဖြင့် ရွာထိပ်သင်္ချိုင်းဆီသွားလေတော့သည်။
ဖြစ်ချင်တော့ လမိုက်ည ဖြစ်သဖြင့် အလင်းရောင်မရှိလုနီးပါး ဖြစ်ကာ ကြယ်ရောင်အလင်းသာအားပြု၍ စိုးတင့်မှာ မမြင်မစမ်း သွားနေရသဖြင့် မကြာခဏ ခလုတ်တိုက်လဲလေသည်။
ခလုတ်တိုက်လဲသည့်အခါတိုင်း စိုးတင့်မှာလူမိုက်ပီပီ မကြားဝံ့မနာသာများ ဆဲဆိုပြီး ခလုတ်မတိုက်အောင် ပုဆိုးစလွယ်သိုင်း၍ ...င်ပြောင်ဖြင့် လမ်းလျောက်နေ၏။
စိုးတင့်၏အပြုအမူများမှာ ပတ်ဝန်းကျင်ကို စော်ကားမထီမဲ့မြင်ပြုသလိုဖြစ်နေလေသည်။
သင်္ချိုင်းထဲသို့လာသည့်အခါ၌လည်း ဆိုင်ရာပိုင်ရာအား ခွင့်တောင်းခြင်းလည်းမရှိ၊ အပြုအမူများကလည်း စော်ကားသကဲ့သို့ ဖြစ်နေခြင်းသည် စိုးတင့်အတွက်မကောင်းလှပေ။
တစ်ချီတွင် စိုးတင့်ချော်လဲချိန်၌ မိုက်ခနဲ ဖြစ်သွားပြီး ကြက်သီးများထလာကာ ခန္ဓာကိုယ်သို့ တစ်စုံတစ်ယောက် တိုးဝင်လာသကဲ့သို့ ခံစားရသဖြင့် လုပ်မိလုပ်ရာ လုပ်သည့်အနေဖြင့် ခန္ဓာကိုယ်အား ရုန်းကန်လိုက်လေသည်။ ယင်းအချိန်မှာပင် ဆိုးရွားသောအနံ့ဆိုးကြီး ထွက်လာပြီး စိုးတင့်နားထဲ၌
"မင်းကိုငါထိန်းချုပ်လိုက်ပြီ၊ တို့ကိုလာစော်ကားတဲ့အတွက် ပြန်ပေးဆပ်ရမယ်"
ဟူသောအသံဆိုးကြီးကြားရပြီး စိုးတင့်မှာ သတိလစ်သွားလေသည်။
ထိုအချိန်သာပေါင်းရွာကလေး၌ အချိန်အခါ မဟုတ်ဘဲ မိုးတွေခြိမ်း၍
လေပြင်းများတိုက်သဖြင့် ရွာသားများမှာ အိမ်ရှိ တံခါးများ ပြူတင်းပေါက်များ
အကုန်လိုက်ပိတ်ကြလေသည်။
ခဏကြာသော် မိုးများ ရွာလာပြီး ရွာလယ်လမ်းအတိုင်း လမ်းလျောက်လာသော လူတစ်ယောက်အား လျှပ်စီးလက်သည့်အချိန်၌ မြင်လိုက်ရရာ ထိူသူမှာ...................... (ဆက်ရန်)
Keep Reading