Mg Thunya (ရှပ်ပုံသားလေး)
သင်္ကြန်ဟုဆိုရာဝယ် လူအများသည်သင်္ကြန်ဒိုးသံနှင့်မတူ ဥဩတွန်ကျူးသံတို့၊ ပိတောက်ပန်းတို့ကို အလွန်ပင် သတိရလွမ်းဆွတ်၍ မက်မောခုံမင်တတ်ကြလေ၏။ တသက်တာမေ့မရသော အမှတ်တရများကိုလည်း အတာရေနဲ့ပန်းပိတောက်ကို ဗဟိုပြု၍ ချန်ထားရစ်တတ်ကြသည်။
ထိုသင်္ကြန်ကို ရှေးပုဂံခေတ်ကတည်းက ကျင့်ပခဲ့ကြသည်ဟု မှတ်သားခဲ့ဖူးသော်လည်း အချိန်များရွေ့လျားလာသည်နှင့်အမျှ ထိုသင်္ကြန်ကို လူအများသည် သူ့ခေတ်သူ့အခါအလိုက် ပုံစံအမျိုးမျိုး၊ တေးဂီတအမျိုးမျိုးဖြင့် ဆန်းသစ်ပုံဖော်ကာ နှစ်စဥ်နှစ်တိုင်း မြို့၊ရွာ ဒေသများတွင် မတူညီသောရိုးရာများဖြင့် ဆင်နွဲ့လေ့ရှိကြသည်။
ထိုချိန်များဆို သင်္ကြန်မုန့်လုံးရေပေါ် ၊ မုန့်လက်ဆောင်၊ သင်္ကြန်ထမင်းများက လူအများ၏ နှလုံးသားကို မြူဆွယ်ဖမ်းစားလျက်ရှိတတ်လေ၏။
ကျွန်တော်တို့ တနသ်ာရီဒေသကြီးမှာကား မြန်မာနိုင်ငံတွင် ဘယ်ဒေသမှာမှမရှိသော ရိုးရာမပျက် နှစ်စဥ်နှစ်တိုင်း ”ကျားဆုပန်ပွဲ”ဖြင့် ထိုသင်္ကြန်ကို ဆင်နွဲလေ့ရှိသည်။
ထို ”ကျားဆုပန်ပွဲ ”ကို ကျွန်တော်တို့ဒေသ၌ ”ကုလားကျား” ကသည်ဟုဆိုလေ့ရှိ၏။
သည်ပွဲကိုအမျိုးသား လူကြီးလူငယ်မရွေး ဆင်နွဲကြလေသည်။ ဆင်နွဲလိုသူ ကျားက,ချင်သူတို့က ကိုယ်၌ ဆေးအနီနှင့်အမဲကို ကျားတစ်ကောင်၏ပုံဏ္ဍာန်ဖြင့်ရေးဆွဲပြီး ပါးစပ်တွင် အဝါရောင်ဆေးခြယ်ကာ ပုဆိုးခါးတောင်းကျိုက် သို့မဟုတ် ဘောင်ဘီတိုကို ဖင်ပြောင်အောင် လိမ့်တင်ပြီး ကျားကနေသည့်လူတစ်ယောက်နောက်မှ ခါးတွင်အဝတ်စတစ်ခုခုဖြင့်သိုင်းချည်၍ ခွန်အားအပြည့်ဖြင့် ဆွဲထားပေးရသည် ။
”ကုလားကျား ”ကသည့် ဗုံသုံး၏အသံကား ”ချိုက်...ချိုက်နေ....ဒေါင်း ”ဟု မည်သည်။ ထို ”ကုလားကျား ”ကနေသည့် ကြမ်းတမ်းသောဟန်ပန်တို့သည် ယခုမှသိမြင်ဖူးသော သူတို့အတွက် အလွန်ပင် ကြောက်လန့်စရာကောင်းနေနိုင်သည်။ ဗုံသံမြိုင်လာလျှင် ပို၍ကြောက်စရာကောင်းသည်ဟု ထင်ယောင်ထင်မှားဖြစ်တတ်၏။
လူအများစိတ်ဝင်စားဆုံးအချိန်ကား ထိုကနေသော ကုလားကျားက သူ့လက်ကိုသူ ဆတ်ခနဲဖမ်းကိုက်လိုက်သည့် ချိန်ဖြစ်သည်။ ထိုချိန်ဆိုလျှင် လူအများက ဟေခနဲ ဟာခနဲဆူဆူညံညံဖြစ်နဲ့။ ကုလားကျား တာဝန်ရှိသူက ရုတ်ရုတ်သဲသဲလူအုံ့ထဲမှ လူခြောက်ယောက်ထက်မနည်း ဝိုင်းတုတ်ချုပ်နှောင်ထားသော ကုလားကျားကို အုန်းသီးအခွံထက်တွင်တင်ထားသော မီးခဲ၊ မွှေးကြိုင်နေသယောင်ထင်ရသည့် သစ်စေးတမျိုးမျိုးထည့်ထားသော၊ (ဒေသအခေါ် လောဘတ်စာ) မီးခိုးငွေ့များကို ပေးရှူလိုက်မှ ကုလားကျားကား ငြိမ်သွားပြီး နွမ်းနယ်လျက် လူစိတ်ပြန်ဝင်လေသည်။
ကျွန်တော်တို့ဒေသလူတို့၌ ထို ကျားဆုပန်ပွဲကို ကြောက်စရာကောင်းသည်ဟု မမြင်ကြ ချစ်စရာရိုးရာပွဲတစ်ခုအဖြစ် ရင်ထဲယနေ့ချိန်ထိ မိဘဘိုးဘွားအမွေဖြင့် သင်္ကြန်ချိန်ခါဆိုလျှင် နှစ်စဥ်နှစ်တိုင်းကျင်းပလေ့ရှိလေသည်။
အမှန်စင်စစ် ထိုကျားဆုပန်ပွဲသည် ကျွန်တော်တို့ရွာ၌ ရပ်၊ရွာ ရံပုံငွေ သို့မဟုတ် ဘုန်းကြီးကျောင်း ရံပုံငွေအတွက် အိမ်ခုန်ထွက်ရာတွင် အသုံးချလေ့ရှိလေသည်။
အိမ်ခုန်ထွက်သည့်အခါ ကုလားကျားအကကို ကြည့်ချင်လျှင် ကျားမ ၊ ကျားထီး ၊ ကျားသား ၊ မုဆိုး ဟူသော အကောင်များကို သတ်မှတ်ဈေးတခုခုဖြင့် ရွေးဝယ်ကာမှ ကပြခြင်းဖြစ်သည် ။
ထိုနေရာတွင် ကျားထီး၊ ကျားမ၊ မုဆိုး ဟူသော အရာကိုနည်းငယ်ရှင်းပြလိုသည်။
ကျားမနှင့်ကျားထီးကား မိန်းမနှင့်ယောက်ျားမဟုတ်၊ ယောက်ျားများကို ဆေးအနီအမဲ မတူညီသော ဆေးကွက်ဖြင့်ခြယ်ကာ ကျားမ၊ကျားထီးခွဲထားခြင်းဖြစ်သည်။
မုဆိုးလုပ်သည့် လူကား ဆေးကို မိမိကြိုက်သည့်နေရာတွင် ခြယ်နိုင်သည်၊ ကျားထီး၊ကျားမသကဲ့သို့ ဆေးကိုညီညာစွာခြယ်ရန်မလိုပေ။
သို့သော် ထိုမုဆိုးတွင် သစ်သားသို့မဟုတ် တခြားအရာဝတ္ထုတစ်ခုခုဖြင့် ပြုလုပ်ထားသော မြှားလေး ၊ဓား ၊သေနတ်တို့ကို လူအများအံ့ဩမင်သက်လောက်အောင် ပြုလုပ်ထားရမယ်။
ဥပမာ မြှားလေး ၊ဓား ၊ သေနတ်တို့က မုဆိုးလုပ်မယ့်လူထက် ပိုကြီးအောင်လုပ်ပြီး ထမ်း၍ ကနေသည့် ကျားရှေ့တွင် မုဆိုးအက ကပြရသည်။ (မျက်ခွက်ပြောင်နိုင်ရင် ပို၍ပွဲလှလေ၏)
ထိုမုဆိုးကား အောက်ပိုင်းတွင် လူရိုင်းတစ်ယောက်သကဲ့သို့ ပြင်ဆင်ထားသည်။
မုဆိုး၏ ရည်ရွယ်ချင်ကား ကြောက်လောက်အောင်ကနေသော ကျားကို မုဆိုးမှ ကျားရှေ့၌ ဓား သို့မဟုတ် မြှားလေးဖြင့် ထိန်းကျောင်း တားဆီးသော (သတ်ပုတ်မယ့်ဟန်) ပုံဏ္ဍာန်ဖြင့် ကပြရလေသည်။
သို့သော့ ထို ကျားဆုပန်ပွဲတွင် ကျားကနည်း အမျိုးမျိုးရှိသည်။ ဒေသအလိုက် ကွဲပြားခြားတတ်လေသည်။
ကျွန်တော်တို့ရွာမှာတော့ ကျားထီး၊ ကျားမ၊ ကျားသားတို့ သံပရာသီးလုသော အကတို့က လူတိုင်းကြည့်ချင်သော အကဖြင့် ထင်ရှားလေသည်။
ထိုအကကိုတွေ့ရဖို့ အိမ်ခုန်ခံရသော အိမ်ရှင်က ဈေးကြီးပေးဝယ်ကာ ကခိုင်းမှ ကသောအက။ ထို့ကြောင့် ထိုအကကိုမြင်ရဖို့ ခဲရင်းလှ၏။
ထိုကကွက်က လူးနေသည့် သံပရာသီးကို ကျားထီးက ကျားမဆီသို့ ပါးစပ်ဖြင့်ကိုက်ကာ လူးလိမ့်ပေးသည်။ ကျားသားလေးက ထိုသံပရာသီးကို ပါးစပ်ဖြင့် မိအောင်ဖမ်းရလေသည်။
ထို့ကြောင့် သင်္ကြန်ဒိုးနဲ့မြူးကြွပျော်ရွှင်စရာကောင်းသော ကျွန်တော်တို့ဒေသတွင် ကျားဆုပန်ပွဲကြောင့် အရပ်ဝေးအရပ်နည်းမြို့ရွာများက တကူးတကလာရောက် ပျော်ရွှင်တတ်ကြလေသည်။
တချို့အိမ်တွေက အတာမုန့်ကျွေးသည့်အခါ မည်သူမဆို လာရောက်သုံးဆောင်နိုင်ကြောင်း ဖိတ်ခေါ်ကျွေးသည်ကလည်း ဖြူစင်ရိုးသားသော မြန်မာလူမျိုးတို့၏ ချစ်စရာဓလေ့ဖြင့် သင်္ကြန်တွင် ကျယ်ပြန့်လျက်ရှိသည်။
ညချမ်းရောက်တဲ့အခါ သင်္ကြန်ယိမ်းအက ပြိုင်ပွဲများက ပိတောက်ပန်းကိုယ်စီပန်ပြီး သင်္ကြန်ဒိုးမြူးကြွကြွဖြင့် ရှု့မဆုံးဖြစ်ရပြန်သည်။
ထို့နောက် နှစ်ဆန်းတစ်ရက်နေ့တွင် ဆွမ်းခြောက်ခံဆင်းခြင်း၊ အသက်ကြီးရွယ်အိုပူဇော်ကန်တော့ခြင်းဖြင့် နှစ်ဟောင်းကိုနှုတ်ဆက်လျက် ကောင်းမှုဖြင့် နှစ်သစ်ကိုစတင်တတ်သည်ကလည်း မြန်မာရိုးရာနှစ်သစ်ကူးကို မမေ့နိုင်သည့် တစ်သက်တာ အမှတ်တရအမွေအနှစ်များကြလေတော့တည်။ ။
မောင်သုည (ရှပ်ပုံသားလေး)
Mya.10.2025
Keep Reading