Author's Profile Photo

ပေလွှာထက်

27/04/2025

“ပျောက်ကွယ်မသွား အမွေအနှစ်များ”

2 mins read
ပျောက်ကွယ်မသွား အမွေအနှစ်များ
သင်္ကြန်
“ပျောက်ကွယ်မသွား အမွေအနှစ်များ”'s photo

“ပျောက်ကွယ်မသွား အမွေအနှစ်များ”

သင်္ကြန်လို့ ကြားလိုက်တာနဲ့ မြန်မာတို့ရဲ့ရင်ထဲကို အေးချမ်းစေတာတော့ အမှန်ပဲ။ စိတ်တွေက တတ်ကြွ၊ အေးချမ်း၊ ပျော်လာရတယ်ပေါ့။ပြည်ပကို ရောက်နေသူတွေဆို သင်္ကြန် သီချင်းလေးကြားတာနဲ့ကို မိမိတို့ နိုင်ငံ၊ မြို့၊ အိမ်ကို လွမ်းဆွတ်မိတာငြင်းမရပြန်.....

ဒါပေမဲ့ သင်္ကြန်အကြောင်းကို အသေးစိတ်သိသူတော့ ရှားသေးတယ်။ သင်္ကြန်ဆိုတာက “သင်္ကန္တ၊သင်္ကြန္တ” ဆိုတဲ့ ပါဠိစကားကနေ ဆင်းသက်လာတာဖြစ်တယ်။ သူရဲ့ အဓိပ္ပာယ်ကတော့ “ကူးပြောင်းခြင်း” လို့ဆိုပါတယ်။ နှစ်ဟောင်းကနေ နှစ်သစ်ကူးပြောင်းခြင်းပေါ့။

သင်္ကြန်နှစ်ကို သတ်မှတ်တာနဲ့ ပတ်သက်ပြီး ပုံပြင်တစ်ပုဒ်ရှိခဲ့တယ်။

ရှေးအခါက “က၀ါလမိုင်း” ဆိုတဲ့ လောကီဗေဒင်ပညာမှာ
လူ့ပြည်၊နတ်ပြည် ထိကျော်ကြားတဲ့ ဆရာကြီးတစ်ပါးရှိတယ်။ သိကြားမင်းနဲ့အာသီလို့ အမည်ရှိတဲ့ ဗြဟ္မာ မင်းတို့က တစ်နှစ်ပတ်လုံးမှာ မင်္ဂလာအခါ ပြုကောင်းသောရက်၊ မကောင်းသောရက် ဆိုပြီးသတ်မှတ်ရာမှ အငြင်းအခုံဖြစ်ကြလေတယ်။ အငြင်းအခုံဖြစ်ကြရာမှာ ရှုံးတဲ့သူက ခေါင်းကိုဖြတ်ကြေးဆိုပြီး နာမည်အလွန်ကြီးနေတဲ့ “ကဝါလမိုင်းဆရာကြီး” ရဲ့ အဆုံးအဖြတ်ကို သွားရောက်နာခံကြတယ်။ အဲ့ဒီမှာ သိကြားမင်းရဲ့ အဖြေက မှန်ခဲ့တယ်။ အဲ့တော့ သိကြားမင်းက ဗြဟ္မာမင်းရဲ့ ဦးခေါင်းကိုဖြတ် ယူပြီး တာ၀တိံသာကို ပြန်လာခဲ့တယ်။ ဗြဟ္မာမင်းကြီးကလည်း တန်ခိုးကြီးလှတော့ ပင်လယ်ထဲကိုပစ်ရင် ရေခန်းမယ်၊ မြေပြင်ပေါ်ပစ်ရင် မီးလောင်မယ်၊ လေထုထဲ ပစ်ရင် သတ္တဝါအပေါင်း ဒုက္ခရောက်ကြလိမ့်မယ်။ ဒါကိုသိရတော့ သိကြားမင်းက နတ်သမီးခုနှစ်ဖော်ကို တစ်နှစ်လျှင်တစ်ပါးက အလှည့်ကျကိုင်ရမယ်လို့ အမိန့်ပေးလိုက်တယ်။ အဲ့အတွက် အလှည့်ကျရက်ကို ပုဏ္ဏားတွေက တွက်ချက်ပေးရတယ်။ နတ်သမီးတစ်ပါးမှ နောက်တစ်ပါးသို့ လွှဲပြောင်းပေးရတဲ့ကာလကို “သင်္ကန္တ-သင်္ကြန်” လို့ သတ်မှတ်လိုက်ပါတယ်။

ဒီကာလတွေမှာ ဗုဒ္ဓသာသနာလည်းရှိနေပြီ ဆိုတော့ မြတ်စွာဘုရားရှင် လက်ထက်တော်အခါလို့ပြောလို့ရပါပြီ။ သိကြားမင်းဟာ “သင်္ကြန်ကာလ” ကျရောက်ပြီဆိုရင် ကုသိုလ်ကောင်းမှုပြုသူများ၊ ဗုဒ္ဓသာသနာပြန့်ပွားအောင်
လုပ်ဆောင်နေကြသူများကို ရွှေပေလွှာ မှာရေးမှတ်ပြီး မကောင်းမှုပြုသူများကို ခွေးသားရေမှာ ရေးမှတ်တယ်လို့ ကြားဖူးကြပါလိမ့်မယ်။ မြတ်စွာဘုရားရှင် တရားဘာ၀နာဟောကြားချိန်တွေမှာ သိကြားနဲ့နတ်အပေါင်းအပါတို့က ညသန်းခေါင်ယံအချိန်တွေမှာ တရားလာရောက်နာကြားကြပါတယ်။ အကြောင်းမှာ လူတွေရဲ့ ၀မ်းဗိုက်ထဲက အစာအဟောင်းအနံ့နဲ့ အငွေ့အသက်တွေကို မခံစားနိုင်ကြလို့ ဖြစ်ပေတယ်။ ဒီလိုအကြောင်းအရာတွေကို လေ့လာမှတ်သားရတော့ “သင်္ကြန်” ဆိုတာ ဘုရားရှင်လက်ထက်ထဲက ရှိခဲ့တယ်လို့ မှတ်ယူရမှာပါ။

သို့သော် သင်္ကြန်ကာလ ရှိခဲ့ပေမဲ့ ရေလောင်းခြင်း အစဉ်အလာကိုတော့ မတွေ့ရ‌သေးဘူးလို့ ယူဆရပါတယ်။

ဗုဒ္ဓကျမ်းဂန်တွေ အရမှာတော့ သင်္ကြန်လို့သတ်မှတ်ထားတဲ့ကာလ မိန်ရာသီမှ မိဿရာသီအချိန်စက်ဝန်းဟာ အလွန် ပူလွန်းတော့ ဘုရားရှင်ရဲ့ မယ်တော်ဘက် အမျိုးများရှိတဲ့ “ဒေ၀ဒဟ” ပြည်မှာ မင်းသားမင်းသမီးများဟာ ရေကစားလေ့ရှိကြပါတယ်။ ဒီလိုကြောင့် သင်္ကြန်နဲ့ရေလောင်းကစားခြင်းကို သတ်မှတ်မထားပေမဲ့ ပူးတွဲတော့ ရှိခဲ့ကြဖူးပါတယ်။


ပုဂံခေတ်မှာတော့ “ရေလောင်းခြင်းနှင့်အတူ သင်္ကြန်” ရှိနေပြီဆိုတာကိုတော့ ဒီအကြောင်းကနေသိရစေနိုင်တယ်။ နရသီဟပတေ့မင်းလက်ထက်အခါ ဘုရင်နဲ့မိဖုရားစောလုံတို့ရေကစားကြရာမှ ဘုရင်က ကျီစားလွန်သွားတာကို မိဖုရားစောလုံက စိတ်ဆိုးပြီးဘုရင်ကိုသေကြောင်းကြံခဲ့တယ်။ ဒါကို ဘုရင်ကအရင်သိသွားတော့ စောလုံကို ကွပ်မျက်ခဲ့တာဟာ အတော်ကိုထင်ရှားတဲ့ အကြောင်းအရာဖြစ်ခဲ့လို့ပါပဲ။


သင်္ကြန်ပွဲတော်ကို မြန်မာမှာသာမက “ထိုင်း၊ကမ္ဘောဒီးယား၊လာအို” တို့မှာလည်း ကျင်းပကြတယ်။ ဒီဘက်ခေတ်ထိ ဘယ်သူက မူရင်းရိုးရာလည်းဆိုပြီး အငြင်းအခုံတွေ ယခုထိတိုင်ရှိကြပါသေးတယ်။

ဘာကြောင့် “ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို” တို့မှာ သင်္ကြန်ရှိရတာပါလဲ?

တစ်ချိန်တုန်းက မြန်မာဟာ “ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယအရှေ့မြောက်ပိုင်း၊ တရုတ်နိုင်ငံ ယူနန်ပြည်နယ်၊ လာအိုနဲ့ ထိုင်းနိုင်ငံလန်နား” အထိ ထိန်းသိမ်းအုပ်ချုပ်နိုင်ခဲ့ကြပါတယ်။ ဒါကြောင့် “ထိုင်း၊ လာအို၊ ကမ္ဘောဒီးယား” တို့ဟာ ၁၉ရာစုအထိ မြန်မာပြက္ခဒိန်ကို တရား၀င်ပြက္ခဒိန်အဖြစ် အသုံးပြုခဲ့ကြပါတယ်။ ပြက္ခဒိန်ထဲက ရက်တွေ နှစ်တွေအရ သူတို့ကိုအုပ်ချုပ်စဉ်ကာလတွေမှာ “သင်္ကြန်” ပွဲတွေကို ဆင်နွဲခဲ့ကြပါတယ်။ သူတို့နိုင်ငံတွေမှာတော့ သင်္ကြန်လို့ မခေါ်ပဲ ထိုင်းမှာဆို ဆောင်ခရန်(songkran )၊ လာအိုမှာ ပီမိုင်(pimai)၊ ကမ္ဘောဒီးယားမှာဆို(chaul chnam thmey) လို့ ခေါ်တွင်ကြပါတယ်။ ၂၁ရာစုနှောင်းပိုင်းမှာတော့ ထိုင်းနဲ့ကမ္ဘောဒီးယားတို့ရဲ့ သင်္ကြန်ဟာ လူကြိုက်များလာခဲ့ကြပါတယ်။


ခုချိန်ကာလတွေမှာတော့ မြန်မာတိုင်းရင်သားလူမျိုး ညီကိုမောင်နှမတွေဟာ ဘုရားရှင်လက်ထက် ပုဂံခေတ်တွေထဲက ရှိခဲ့တဲ့ မြန်မာ့ရိုးရာ သင်္ကြန် ပွဲတော်လေးကို “တန်ဖိုးကြီး အမွေအနှစ်” အဖြစ်ကျင်းပ ဆင်နွဲလေ့ရှိကြပါတယ်။ သင်္ကြန်နဲ့ပတ်သက်ရင် “ပိတောက်ပန်းနဲ့မုန့်လုံးရေပေါ်” တို့ဟာလည်း ထင်ရှားတဲ့ အရာလေးတွေအဖြစ်ရှိခဲ့ပါတယ်။ သင်္ကြန်ကာလမှာတော့ “ တရားဘာ၀နာကျင့်ကြံပွားများအားထုတ်ကြတယ်၊ ကုသိုလ်ကောင်းမှု အလှူဒါန‌တွေပြုကြတယ်၊ ဂီတနဲ့အနုပညာ မြန်မာ့ရိုးရာ အကအလှတွေ” ပျော်ပွဲရွှင်ပွဲတွေနဲ့အတူ မရိုးရတဲ့ အခါသမယလေးကို ဆက်လက်ထိန်းသိမ်း ကျင်းပနေကြပါတယ်။


ဒီစာပုဒ်လေးမှာတော့ သင်္ကြန်နဲ့ပတ်သက်တဲ့ စိတ်၀င်စားစရာ ရာဇ၀င်နဲ့အကြောင်းအရာ၊ ဂုဏ်ယူခဲ့ရတဲ့ အရာလေးတွေကို ရေးသားဖော်ညွှန်းခဲ့ရပါတယ်။

မြန်မာမှာ သင်္ကြန်လို့ ဆိုလိုက်တာနဲ့ “ပျောက်ကွယ်မသွား အမွေအနှစ်များ” ဆိုတာ ဆက်လက်ပြီး(ဆက်လက်ပြီး) မျိုးဆက်သစ်များက တန်ဖိုးရှိစွာ ထိန်းသိမ်းသွားကြပါအုံးမယ်လို့လည်း မျှော်လင့်ရင်း.....https://d37prn8pxyven1.cloudfront.net/947e9a3ddff240a69200a7781775c843/img/2025-04-27T14:13:09.124356.jpg

Keep Reading

တန်ဖိုးထားလို့ တင့်တယ်စေ မြန်မာတို့ရဲ့ယဥ်ကျေးမှုအမွေမြန်မာ့အမွေအနှစ် "အမှတ်တရများနှင့် သင်္ကြန်" အကြောင်း စာရေးပြိုင်ပွဲကြီးမြန်မာရိုးရာသင်္ကြန်နှင့်ကျားဆုပန်ပွဲ __________________"အရိုးကို အရွက်မဖုံးနဲ့" --------------------နှစ်သစ်ကူး(တန်ခူးလ)၏ အကြောင်း သိမှတ်ဖွယ်ရာများ။မြန်မာနှင့်သင်္ကြန်၊ သင်္ကြန်နှင့် ပိ​တောက်"ပျောက်ကွယ်မသွားအမွေနှစ်များ....အို...သင်္ကြန် ဘယ်ခါမုန်းလို့ ဆုံးစေတော့ပျောက်ကွယ်မသွား အမွေအနှစ်များရင်ထဲကသင်္ကြန်