ယဥ်သီရိလှိုင်(ဆောင်း)
ရင်ထဲကသင်္ကြန်
သင်္ကြန်ဆိုတာ အများသိတဲ့အတိုင်းနှစ်ဟောင်းကုန်လို့နှစ်သစ်ကူးပြောင်းတဲ့ အသစ်သစ်သောကာလတခုဆိုမမှားပါဘူး ထိုချိန်မှာလူတိုင်းဆိုသလို စိတ်ကြည်နူးပျော်ရွှင်ကြရတာပေါ့ သင်္ကြန်ဆိုတဲ့အသံကြားတာနဲ့ လူတွေခေါင်းထဲမှာအရင်တွေးမိတာလေးက နှစ်သစ်ကူးရုံးပိတ်ရက်ဆိုတာ။ သင်္ကြန်ပိတ်ရက်ခံပြီး နှစ်ဆန်းတရက် နှစ်ရက်တွေပါဆိုရင် အနဲလေးမရှိရင်တောင်၇ရက်၈ရက်ဆိုတာအသာလေးဘဲ ဒီတော့ ဒီချိန်ကလူတွေရဲ့အားလပ်ရက်လေးတခုလိုဖြစ်နေပြီး စိတ်ပျော်ရတဲ့အချိန်လေးတခုပေါ့။
ဒီတော့သင်္ကြန်ဆိုတာဘယ်ကလာတာလဲဘယ်ကဆင်းသက်လာတာလဲ သင်္ကန္တခေါ် ပါဠိဘာသာ၊ သင်္ကြန္တခေါ် သက္ကတဘာသာကနေဆင်းသက်လာတဲ့ သင်္ကန္တ ဆိုတဲ့ အစောကရေးခဲ့တဲ့အတိုင်းကူးပြောင်းခြင်းဆိုတဲ့အဓိပ္ပါယ်လို့ စာပေမဂ္ဂဇင်းတွေကနေကိုးကားပြီးသိရပါတယ် ဒါကိုမြန်မာဘာသာနဲ့မြန်မာမှူပြုလိုက်တော့ သင်္ကြန်ဆိုတဲ့ဝေါဟာရဖြစ်သွားပြီး ထိုအတိုင်းခေါ်ဝေါ်ခဲ့ကြတာယခုထိတိုင်ပါဘဲ။
ဒါဆို မြန်မာနိုင်ငံတခုဘဲဒီဓလေ့ရှိတာလား အခြားဘယ်နိုင်ငံတွေရောရှိသေးလဲဆိုရင် ရှိတာပေါ့ အာရှနိုင်ငံတွေဖြစ်တဲ့ ထိုင်း ၊ ကမ္ဘောဒီးယား၊လာအိုနဲ့တရုတ်မှာလည်း တို့ရဲ့ဓလေ့မျိုးရှိကြတယ် ဒါပေမယ့် ဝေါဟာရ အခေါ်ဝေါ်တွေကွဲသွားတယ် ထိုင်းမှာဆို ဆွန်ကရန်(Song Kran)ပွဲလို့ခေါ်ပြီး ကမ္ဘောဒီယားမှာဆို ချိုချနန်သမေး (Chol Chnam Thmey)၊လာအိုမှာ ဘီးမိုင်(Bpee Mai) တရုတ်နိုင်ငံမှာတော့ ယူနန်ပြည်နယ်မှာရှိတဲ့ဒီုင်လူမျိုးတွေရဲ့ရေသဘင်ပွဲဆိုပြီး အခေါ်ဝေါ်တွေအမျိုးမျိုးရှိကြတယ် ဒီနိုင်ငံတွေထဲမှာ သင်္ကြန်ကိုစတင်ခဲ့တာက ပုဂံခေတ်နရသီဟပတေ့မင်းလက်ထက်တွင်ဖြစ်ကြောင်းရှေးမှတ်တမ်းတွေအရသိရပါတယ်။
သင်္ကြန်ကာလကအားလုံးသိကြတဲ့အတိုင်း အကြို အကျ အကြတ် အတက်ဆိုပြီး၄ရက်ရှိတဲ့အပြင် နှစ်ဆန်းတရက်နေ့ နှစ်ဆန်းနှစ်ရက်နေ့စသဖြင့်လည်းရှိပါသေးတယ် အဲ့ထဲမှာလူသိနည်းပြီးစိတ်ဝင်စားဖို့ကောင်းတဲ့အချက်က အတာစားတယ်ဆိုတာပါဘဲ အတာစားတယ်ဆိုတာဘာလဲ အတာရက်လို့သတ်မှတ်ထားတာက အတက်နေ့ဖြစ်ပါတယ် အဲ့ဒီအတက်နေ့နဲ့ မွေးရက်တိုက်ဆိုင်တဲ့သူတွေဟာအတာစားတဲ့ မွေးနေ့ရက်ပိုင်ရှင်တွေဖြစ်ပြီး အဲ့လိုတိုက်ဆိုင်ခဲ့မယ်ဆို ကိုယ်ဟာအတာသင့်သူဖြစ်လာကြပါတယ် တနည်းအားဖြင့်ထိုနှစ်အတွင်းမှာကံမကောင်းတတ်တာမျိုးတွေဖြစ်တတ်တာပေါ့ အဲ့ဒီတွက်စိုးရိမ်နေမယ်ဆိုရင်မလိုပါဘူး ဒီလိုအတာစား/သင့်တဲ့သူတွေအတွက်လည်း ဆောင်ရန်ရှောင်ရန်တွေရှိပါတယ် အဲ့ဒီအတာစားတဲ့ရက်မှာ မွေးရက်တိုက်ဆိုင်သူတွေက အလှူတန်းများများလုပ်ပြီး ကိုယ့်ရဲ့ကံမကောင်းမှုတွေကိုဖယ်ရှားပစ်လို့ရပါတယ် ကိုယ့်ခန္ဓာကိုယ်ကိုသန့်ရှင်းနေအောင် ခေါင်းမှခြေအထိဆေးချပြီး အဲ့ဒီနေ့မှာအကုသိုလ်ဖြစ်မယ့်ကိစ္စတွေရှောင်ကျဥ်တာမျိုး ဥပုဒ်သီလယူကာ စိတ်ကိုရှင်းနေအောင်ထားခြင်းဖြင့်လည်းကာကွယ်လို့ ဖယ်ရှားလိုက်လို့ရပါတယ် ကျွန်မကိုယ်တိုင်လည်းဒီနှစ်အတာစားတာကြောင့်ထိုနည်းအတိုင်းလုပ်ခဲ့ပါတယ်။
သင်္ကြန်ကာလရောက်ပြီဆို ကျွန်မတို့ငယ်ငယ်ကအရမ်းပျော်ကြတယ် အိမ်ကလည်းလုပ်ငန်းလုပ်ပြီးအလုပ်သမားမိန်းမ ကလေးတွေပါအပါ အနဲဆုံးလူ၅၀လောက်ရှိတယ် မေမေကအလှူတန်းရက်ရောပြီးဖေဖေကလည်းငွေအားစိုက်ထုတ်ပေးတော့ သဟဇာတညီလွန်းတယ် ဒီအတွက်ကူညီပေးတဲ့သူလည်းမရှားဘူး သင်္ကြန်ဆိုတဲ့အသံကြားတာနဲ့အရင်ဆုံးမြင်မိတာ မုန့်လုံးရေပေါ်ဘဲမဟုတ်ပါလား မေမေကလည်းသင်္ကြန်ရောက်ဖို့၁ပတ်အလိုလောက်တည်းက ကောက်ညှင်းဆန်တွေကြိုဝယ်ထားတတ်တယ် နောက် ထန်းညက် အုန်းသီး တန်ဆာပလာအစုံဝယ်ထားတယ်ဘာလို့ဆို သင်္ကြန်ရောက်ပြီဆိုတာနဲ့ စျေးတွေကမိုးထိအောင်တက်ကြတာစျေးသည်တွေရဲ့သဘာဝမို့ ထိုရက်မှာလဲ စျေးမစစ်ချင်တာကြောင့် ပြသနာကိုမလာခင်ကြိုရှောင်ထားရတာပေါ့။
အိမ်ကဘာလုပ်ငန်းလုပ်လဲဆို ဆားလုပ်ငန်းလုပ်တယ် နေလှန်းဆားလုပ်ငန်းပေါ့ ဆိုတော့သိတဲ့အတိုင်းမိုးရွာလို့ကမဖြစ် သင်္ကြန်ရောက်ရင်သင်္ကြန်မိုးကလည်းမရွာလို့မဖြစ်ဆိုတော့ သကြားမင်းနဲ့တို့တွေလွန်ဆွဲရပါလေရော ရိုးရိုးတော့မရဘူးဗျ အားရှိမှရတာဆိုတော့ အားဖြစ်အောင် တို့အလုပ်သမားတွေကိုကျွေးမွေးရတယ်
တန်ခူးလရဲ့နေကလည်းမညှာမတာ ပူလွန်းပါရဲ့မြေကြီးကလည်းအစွမ်းကုန်ပံ့ပိုးပေးတော့ဆားတွေကလည်းထွက်လိုက်တာလွန်ပါရော ဒီတော့ကျွန်မတို့ချက်ပြုတ်ရေးအဖွဲ့က ဦးကြီးတို့အားရှိဖို့တာဝန်ယူပြီး သင်္ကြန်ရိုးရာစားစရာတွေတမျိုးပြီးတမျိုးလုပ်ကြွေးတော့တယ် ဦးကြီးတို့ကလည်းအားနဲ့မာန်နဲ့ဆားခြင်းတောင်းထမ်းကာထမ်းကာ ရေအိုးကြီးထဲကအအေးတွေကိုတခွက်ပြီးတခွက်မော့ချတာ အားရလိုက်တာအရမ်းဘဲ ဒီတော့တက်ညီလက်ညီကိုဖြစ်လို့ ဒီလိုချိန်တွေဟာမမေ့နိုင်တဲ့ရက်တွေပေါ့ ။
စာဖတ်သူတို့ကိုအမှတ်တရဟာသလေးတခုပြောပြဦးမယ် ဟာသလည်းဖြစ်ချင်မှဖြစ်မယ် ကျွန်မအတွက်တော့ဆယ်ကျော်သက် သစ်ရွက်လှုပ်ရင်တောင်ရယ်တဲ့အရွယ်မို့ အတော်ဟာသဖြစ်ခဲ့ပါတယ် အဲ့နေ့မုန့်လုံးရေပေါ်လုံးပြီးကျန်တဲ့မုန့်သားတွေကို မုန့်ကြာစိသာကူလုပ်ကြတယ် အဲ့ချိန်အလုပ်သမားရဲ့ကလေးလေးက သူလည်းလုံးချင်တယ်ဆိုတော့ ဆော့ဖို့ဆိုပြီးမုန့်သားအနဲငယ်ဖဲ့ပေးလိုက်တယ် ကျွန်မတို့လဲကိုယ့်ဘာသာစကားပြောရင်းလုံးရင်းဆိုတော့ သူဘာလုပ်နေလဲမသိလိုက်ဘူး ကဲကဲပြီးပြီရေနွေးအိုးထဲထည့်မယ်ဆိုပြီး ကြည့်လိုက်ရောသူကသူလုံးထားတဲ့မုန့်ကြာစိအလုံးတွေကိုရောထည့်ထားတယ် ကျွန်မတို့လဲဟာခနဲ့ဖြစ်သွားတာ ဘာလဲဆိုတော့သူ့မုန့်လုံးတွေကမလုံးဘဲအကုန်လုံးက ရှည်ရှည်ချွန်ချွန်တွေနဲ့အဝါရောင်လေးတွေဖြစ်နေရော ပြောရရင်ကလေးဆိုတော့လက်မဆေးဘဲလုပ်တာ သူလက်ကအညစ်ကြေးတွေပါရောပြီး မုန့်သားကဝါသွားရော နောက်ကျွန်မတို့ဝါးခနဲ့ရီကြတော့ရီရမလားဆိုပြီးပထမလုံးထားတဲ့အလုံးလေးတွေပါရောပြီး
သူ့လက်နဲ့နယ်ပလိုက်တာအကုန်ရောထွေးသွားပါရောလား ငိုအားထက်ရီအားသန် သူ့ကိုလဲဘယ်သူမှမဆူဖြစ်ကြ ဗိုက်နှိပ်ကာ ရီကြောဖြတ်ဖို့သာကြိုးစားရတော့တယ် ဒါကလည်းအမှတ်တရတွေထဲကတခုပါဘဲ။
အားလုံးရဲ့ရင်မှာမမေ့နိုင်တဲ့ယဥ်ကျေးမှူတွေထဲကတခုဖြစ်တဲ့ရင်ထဲကသင်္ကြန်ပါဘဲ။ စာဖတ်သူအပေါင်းမြန်မာပြည်သူပြည်သားအပေါင်းတို့လဲ ကပ်ဘေးအပေါင်းမှကင်းဝေးကြပါစေ စိတ်ချမ်းသာပျော်ရွှင်လို့ ယဥ်ကျေးမှူဓလေ့တိုင်းမှာ ပျော်ရွှင်စွာပါဝင်ဆင်နွှဲနိုင်ကြပါစေလို့ ဆုမွန်ကောင်းပို့သအပ်ပါတယ်ရှင်။
ချစ်သောစာဖတ်သူလေးတွေ😘
ကိုးကား မေတ္တာသီသေနစိတ္တေန....အရှင်နန္ဒဝံသ
ဇေယျသုခဓမ္မရိပ်သာ(Amarillo,Texas,U S A)
Keep Reading