Rubi
တစ်ခါတုန်းက အသိအစ်မတစ်ယောက်ကျေးဇူးနဲ့ မွန်ပြည်နယ်၊ဘီလူးကျွန်းမှာရှိတဲ့ ချောင်းဆုံမြို့နယ်ကို ပထမဆုံးအလည်ရောက်ခဲ့ပါတယ်။ အဲ့ဒီမြို့လေးကို စဝင်တာနဲ့ သီးခြားကမ္ဘာငယ်လေးတစ်ခုကို ရောက်သွားသလို ခံစားခဲ့ရတယ်။ ရောက်သွားတဲ့အချိန်ကလည်း တိုက်တိုက်ဆိုင်ဆိုင် သင်္ကြန်ကာလလေးမှာပေါ့လေ။
ချောင်းဆုံမြို့နယ်မှာရွာငယ်လေးတွေ များစွာရှိပါသေးတယ်။ကျွန်မတည်းခဲ့တဲ့ ရွာလေးကတော့ “ကမာမို”လို့ခေါ်တဲ့ ကျေးရွာလေးတစ်ခုမှာပါ။ ပထမနေ့ရောက်သွားခြင်းပဲ မြို့မှာ ဘုရားပွဲကျင်းပနေတယ်ဆိုတာကို သိခဲ့ရတယ်။ ချစ်စရာဓလေ့နဲ့ ရွာဘုရားပွဲအကြောင်းကို ကျွန်မ လေ့လာခွင့်ရခဲ့တယ်။ ရွာဘုရားပွဲက ဟိုးအဖိုးအဖွားတွေရှိစဉ်ကတည်းက နှစ်စဉ် မပျက်မကွက် ကျင်းပကြတဲ့ ဓလေ့ထုံးတမ်းအစဉ်အလာ တစ်ရပ်ပါတဲ့။ ဘီလူးကျွန်းမှာ နေထိုင်တဲ့ လူငယ်တိုင်းလိုလိုက နိုင်ငံရပ်ခြား မှာပဲ အလုပ်သွားလုပ်နေကြတော့ ရွာမှာ လူကြီးတွေနဲ့ ကလေးငယ်တွေပဲရှိတာကတော့ တကယ်ကို အံ့သြခဲ့ရပါသေးတယ်။ ဒါပေမယ့် နိုင်ငံရပ်ခြားရောက်နေတဲ့ လူငယ်တွေက ဘုရားပွဲဆိုရင်တော့ ရောက်အောင် ပြန်လာကြပါတယ်။
ချစ်စရာကောင်းတာ တစ်ခုကတော့ ဘုရားပွဲနေ့တွေမှာ ဘယ်အိမ်ကိုဖြစ်ဖြစ် သိသိ မသိသိ ဝင်ရောက် စားသုံး လို့ရတယ်တဲ့လေ။ တစ်အိမ်ကို လူဘယ်လောက်စာချက်မယ်လို့ သတ်မှတ်ထားတာမျိုးမရှိဘဲ ချက်ထားသမျှ အကုန်ကုန်တဲ့အထိ တည်ခင်း ဧည့်ခံကြတာမျိုးပါ။ ချောင်းဆုံမြို့နယ်မှာ တစ်ရက်ကို ၂ရွာလောက်က ဘုရားပွဲ ကျင်းပကြပြီး ဧပြီလ တစ်လလုံးဟာ ဘုရားပွဲတွေနဲ့ စည်ကားနေပါတယ်။ “ရန်ကုန်က အကြွား၊မွန်က အစား၊မန္တလေးက စကား”ဆိုတဲ့အတိုင်း ချောင်းဆုံမြို့နယ်က မွန်လူမျိုးတွေရဲ့ အလှူအတန်းကတော့ တကယ့်ကို အံ့မခန်းပါပဲ။
ကျွန်မကလေ အစားအသောက်ဆို သိပ်ကို နှစ်သက်လို့ စားနိုင်တဲ့ထဲ ပါတယ်ပဲပြောရမှာပေါ့လေ။ ဒါပေမယ့် ဘုရားပွဲ မသွားခင် ကျွန်မအသိက ကျွန်မကို သတိပေးလာခဲ့တယ်။ သူဘာပြောလဲဆိုရင် “ရောက်တဲ့ အိမ်တိုင်းမှာ နည်းနည်းပဲ စားနော်”ဆိုတာပါပဲ။ ကျွန်မလည်း သူကဘာဖြစ်လို့ ဒီလိုပြောတာပါလိမ့်ဆိုပြီး စဉ်းစားသွားတာပေါ့။ ဒီလိုနဲ့ ရေမိုးချိုးပြီး ဘုရားပွဲကျင်းပနေတဲ့ ကော့ဒွတ်ရွာနဲ့ ကလော့ကျေးရွာကို ကျွန်မ စတင်ခြေဆန့်ခဲ့ပါတယ်။
ပထမဆုံးရောက်သွားတဲ့ အိမ်က “မုန့်ဟင်းခါး”နဲ့ စတင်ဧည့်ခံပါတယ်။ “မုန့်ဟင်းခါး” ပဲတော့ မဟုတ်ဘူး တခြား “လက်ဖက်သုပ်၊ သစ်သီးစုံနဲ့အတူ အချိုပွဲတွေနဲ့ ရေနွေးကြမ်း”လည်းပါသေးတယ်။ ဒါကတော့ အိမ်တိုင်းက ချထားတာပဲဆိုတော့ ထွေထွေထူးထူးပြောစရာတော့ မဟုတ်ခဲ့ဘူး။ အရှေ့ကို ပြန်ကျော့ရမယ်ဆို “မုန့်ဟင်းခါး”နဲ့ ဧည့်ခံတယ်ပေါ့။ ကျွန်မက မုန့်ဟင်းခါးကို ရန်ကုန်မှာထဲကလည်း ကြိုက်တဲ့အထဲ မပါခဲ့ပေမယ့် ဒါနမြောက်အောင် စားလိုက်ပါမယ်လေဆိုပြီး သွားထိုင်လိုက်ပါတယ်။ ရန်ကုန်သူနဲ့ မွန်ပြည်နယ်ရဲ့ ဇာတ်လမ်းကတော့ စပါပြီ။ ကျွန်မတွေ့လိုက်တော့ မုန့်တီလိုမျိုးပေါ့လေ။ ဒါနဲ့ ကျွန်မလည်း မုန့်ဟင်းခါးအပြင် မုန့်တီပါကျွေးတာလားဆိုပြီး မေးလိုက်တော့ သူတို့ကပြောတယ် “ဒါက မုန့်ဟင်းခါးလေ”တဲ့။ “ဘီလူးကျွန်း မုန့်ဟင်းခါး”တဲ့။
ဒီလိုနှင့် ကျွန်မလည်း ထိုမုန့်ဟင်းခါးအား အနည်းငယ်သုံးဆောင်လိုက်ပြီးသည်နှင့် နောက်တစ်အိမ်သို့ ခရီးဆက်ခဲ့သည်။ ဒုတိယအိမ်သို့ ရောက်တဲ့အခါ အုန်းထမင်းနှင့် ကြက်သား တည်ခင်းထားပြန်သည်။ ကျွန်မ၏ အကြိုက်နှင့်ကိုက်ညီ၍ ကျွန်မလည်း အားပါးတရစားခဲ့လေသည်။ ကျွန်မရဲ့ ဇာတ်လမ်းလေးလည်း စတင်လေပေသည်။ ဇာတ်လမ်းလေးကတော့ ကျွန်မဗိုက်ဟာ ပြည့်သွားခဲ့ပါပြီ။ တတိယအိမ်သို့ အရောက် မုန့်လက်ဆောင်းတိုက်၍ အစားပိတ်အနေနဲ့ အချိုလေးတည်းပြီး စတုတ္ထအိမ်ရောက်တော့ ဟင်းများတည်းခင်းထားသည်မှာလည်း ဘုရင့်စားတော်ပွဲအလားပါပဲ။ ကျွန်မရဲ့ ဗိုက်က ပြည့်နေ၍ မစားသေးဘဲ ခဏထိုင်နေလိုက်သည်။ ထိုင်နေသည့်အချိန်တွင် ဘီလူးကျွန်း ထိုးမုန့်တွေ လာချပေးပြီး “ဒါလေးတွေက ဘီလူးကျွန်း ထိုးမုန့်ပါ”။ “စာကြည့်ပါအုံး”ဆိုသည်နှင့် ကျွန်မလည်း စားကြည့်မိလိုက်သည်။ မန္တလေးထိုးမုန့်တို့ ပုသိမ်ထိုးမုန့် တို့နှင့် အရသာက အနည်းငယ်ကွဲပြားပြီး စားလို့ကောင်းနေပြန်ရော။
ကျွန်မရဲ့ ဗိုက်ကလည်း ပြည့်သတဲ့ပြည့်နေလေပြီပေါ့။ ခဏကြာတော့ ထမင်းဝင်စားလိုက်လေသည်။ လက်ရာကလည်း တကယ်ကောင်းနေရော။ဒီလိုနဲ့ ကျွန်မရဲ့ ဗိုက်က ထပ်ပြီး မစားနိုင်လောက်သည်ထိကို ပြည့်သွားခဲ့ပါပြီ။ ဒီလိုနဲ့ နောက်တစ်အိမ်ထပ်ပြီး ခရီးဆက်လေသည်။ နောက်တစ်အိမ်ရောက်တော့ အရင်ဆုံး အအေးတိုက်လေသည်။ နေပူပူထဲ လာရတော့ အမောပြေသွားသည်။ အအေးလည်း တိုက်ပြီးရော အိမ်ရှင်မှ “လာပါ..ကန်စွန်းဥမုန့်နဲ့ မြန်မာမုန့်မျိုးစုံ ရှိတယ်..စားကြည့်ပါအုံး”ဆိုတော့ ကျွန်မလည်း နည်းနည်းလေးစားလိုက်ပါတယ်။
ဒီလိုနဲ့ အိမ်ရှင်က မေးလာခဲ့တယ်။ “စားလို့မကောင်းလို့လား?။ မကြိုက်လို့လား?”တဲ့။ ကျွန်မလည်း “မဟုတ်ပါဘူးကြိုက်ပါတယ်”ဆိုတော့ “ကြိုက်ရင် များများစားလေ”တဲ့။ ဒီလိုဆိုတော့ ကျွန်မလည်း “ဗိုက်က မဆန့်တော့လို့ပါ”ဆိုပြီး အားနာနာနဲ့ ပြောလိုက် ရပါတယ်။ အိမ်ရှင်က ချက်ချင်းပြန်ဖြေရှာတယ်။ “မစားနိုင်ရင် ငါတို့ရွာ မလာနဲ့”။ “နောက်တစ်ခါလာရင် ဗိုက်အပိုထည့်ခဲ့” တဲ့။ အဲ့ကျတော့မှ မနက်က ကျွန်မအသိမှာလိုက်တဲ့ “ရောက်တဲ့ အိမ်တိုင်းမှာ နည်းနည်းပဲ စားနော်”ဆိုတဲ့ စကားကို ကျွန်မ နားလည်သွားတော့တယ်။
ဒီလိုနဲ့ ကျွန်မလည်း ကလော့ရွာက အသိအမရဲ့ အဖေအိမ်မှာ ခဏနားခဲ့ပြီး ညနေစောင်းတော့ ရွာရဲ့ အထွတ်အမြတ်ထားတဲ့ ကလော့ဘုရားကို သွားရောက်ဖူးမြော်ခဲ့ပါတယ်။ ဘုရားပေါ်မတက်ခင်မှာ ရွာက ကောင်မလေးတွေက ကြံရည်နဲ့ သရက်သီးသုပ်တွေ လာတဲ့ သူတိုင်းကို ဝေနေတာတွေ့လို့ ယူခဲ့လိုက်သေးတယ်။ ထူးခြားတာတစ်ခုက ဘုရားရောက်တော့ မတ်တပ်ကိုယ်တော်တွေရဲ့ အောက်မှာ ဦးခေါင်းတော် တစ်ခုစီ ချထားတာ တွေ့ရတယ်။ ဒါကိုမြင်တော့ ကျွန်မလည်း ဘာဖြစ်တာလဲဆိုပြီး အသိအမကို မေးမိတယ်။ အသိအမပြောပြပုံအရကတော့ ဘုရားက တောင်ပေါ်မှာ တည်ထား တာဆိုတော့ ရွာက မိုးတွင်းဆို မြေပြိုတာတွေ ဖြစ်တယ်တဲ့။ မြေပြိုရင်း ဘုရားတွေပါ ပျက်စီးကုန်တာလို့ပြောပြတယ်။ ကျွန်မလည်း ဒါကြောင့် နောက်ဆုံးသွားခဲ့တဲ့ အိမ်က တောင်အောက်မှာ ဆောက်ထားတာမို့ “ဒီနှစ်မိုးတွင်း ဘယ်အိမ်မှာ နေမှာလဲ”လို့မေးတဲ့ အဓိပ္ပါယ်ကို ကျွန်မကောင်းကောင်းနားလည်သွားခဲ့ပါတယ်။
နေဝင်တော့ ကျွန်မတို့လည်း ဘုရားပေါ်ကဆင်းလာပြီး နောက်ထပ် တစ်အိမ်ကို သွားလည်ခဲ့ကြတယ်။ လမ်းမှာ ရွာက အမျိုးသားတွေ ဘုရားပွဲကို ပျော်ချက်ကတော့ နွားလှည်းကြီး နှစ်စီးနဲ့ နောက်ဘက် ကားမှာလည်း စက်တွေ၊ ဘောက်တွေ တင်ပြီး DJတွေ၊ တခြားသော သံစဉ်တွေနဲ့ ကလာကြတာ ကြည့်နေတဲ့ ကျွန်မတို့ပါ ကြည်နူးမိတယ်။ နွားလှည်းတွေကို အလှဆင် ထားကြပြီး နွားကြီးတွေကလည်း ခေါင်းလေးတွေ တစ်ယိမ်းယိမ်းနဲ့ ကနေကြတာ လှလိုက်တာ ကြည့်လိုတောင် မဝခဲ့ဘူး။ ဒီလိုနဲ့ သွားလည်တဲ့အိမ်ကို ရောက်တော့ ထမင်းမစားခင် ရေနွေးကြမ်းနဲ့ ငရုတ်သီးကြော် ဧည့်ခံတယ်။ ကျွန်မက ငရုတ်သီးကြော်ကြိုက်တော့ တစ်ပန်းကန်ပြီး တစ်ပန်းကန်စားလိုက်တာမှ ကမာမိုက တည်းတဲ့ အိမ်ရောက်တော့ ဗိုက်နာတဲ့အထိပါပဲ။
ဪ… ပြောပြမလို့ မေ့နေတာ… ဘီလူးကျွန်းမှာ ကလေးတွေက သင်္ကြန်ရေမကစားဘူးလို့ မထင်လိုက်ကြနဲ့အုံးနော်…အဲ့က ကလေးတွေရဲ့ စည်းကမ်းနဲ့ ရေကစားတာကိုတော့ တကယ် သဘောကျမိတဲ့ အချက်ထဲက တစ်ခုပါပဲ။ ဘာဖြစ်လို့လဲဆိုရင် ကျွန်မတို့ ငယ်ငယ်တုန်းကဆိုလည်း ဥပုသ်သည်ဆိုရင်တော့ ရေမပက်ဘူးပေါ့နော်။ တခြားသူဆို အကုန်ပက်တယ်လေ။ အဲ့ဒီက ကလေးတွေကတော့ အဲ့လိုမဟုတ်ဘူး ဘယ်သူဖြစ်ဖြစ် “မပက်နဲ့နော်”လို့ ပြောတဲ့သူကို ရေကုန်မခံကြဘူး။ ကားတွေဆိုလည်း တံခါးပိတ်ထားတဲ့ ကားဆို မပက်ဘူး။ ရန်ကုန်က ကလေးတချို့ဆို ပိတ်ပိတ်မပိတ်ပိတ် ပက်တာလေ ကျွန်မတို့အပါပဲ။
ဘုရားပွဲကျင်းပတဲ့ရက်က နှစ်စဉ် နှစ်ဆန်းတစ်ရက်နေ့ဆို ကျွန်မတည်းတဲ့ “ကမာမိုကျေးရွာ”က အလှူလုပ်တဲ့နေ့ပါ။ မနက်အစောကြီးထဲက အိမ်ရှေ့ကနေ မွန်ဝတ်စုံအပြည့် ဝတ်ဆင်ပြီး ချစ်စရာကောင်လေး၊ကောင်မလေးတွေ ဖြတ်သွားတာကို ကျွန်မ သတိထားမိလို့ အုန်းနို့ခေါက်ဆွဲစားရင်း ကြည့်နေခဲ့မိပါတယ်။ ကျွန်မအတွက် မွန်လူမျိုးတွေရဲ့ အုန်းနို့ခေါက်ဆွဲဟာ မုန့်ဟင်းခါးပါပဲ။ ခဏကြာတော့ ရွာက ဦးလေးကြီး သုံးလေးယောက်က မွန်တိုက်ပုံတွေ ဝတ်ဆင်ပြီး လက်ထဲက စာရွက်တစ်ရွက် ကျွန်မကို ပေးခဲ့ပါတယ်။ ကျွန်မလည်း ဘာမှန်းမိလို့ အသိအမကို သွားပြတဲ့အခါ “ဒါက ကမာမို နွားလှည်းအလှပြိုင်ပွဲလေ”တဲ့။
ကျွန်မလည်း စိတ်ထဲကနေ “ကောင်းလိုက်တဲ့ Idea” လို့ ချီးကျူးမိပါတယ်။ ခဏကြာတော့ နွားလှည်းလေးတွေပေါ်မှာ ကောင်လေး၊ ကောင်မလေးတွေက လက်အုပ်ချီပြီး ထိုင်လျှက်အနေအထားနဲ့ လှည်းလေးတွေ စတင် ရောက်လာပါ တော့တယ်။ လှည်းတစ်စီးချင်းမှာ နံပါတ်လေးတွေ တပ်ထားပေးတယ်။ ကျွန်မတို့က လှည်းတွေ အားလုံးထဲက စည်းကမ်းချက်များနဲ့ကိုက်ညီပြီး အလှဆုံးလှည်းကို ရွေးပေးရတာမျိုးပေါ့။ အဲ့ဒီရိုးရာလေးကို ကျွန်မ အင်မတန် သဘောကျမိတယ်။ ကျွန်မ ရန်ကုန်မှာလည်း ဒီလိုရိုးရာ ယဉ်ကျေးမှုမျိုးကို တစ်ခါမှ မြင်လည်း မမြင်ဖူးသလို၊ ကြားလည်း မကြားဖူးခဲ့ပါဘူး။
အဲ့ဒီနေ့ မနက်ပိုင်းမှာပဲ နွားလှည်းအလှပြိုင်ပွဲ ပြီးသွားသည်နှင့် ရွာတိုင်းမှာ ကိုးကွယ်ကြတဲ့ ဘုန်းကြီးကျောင်းကိုယ်စီကို ရွာက ကောင်လေး၊ ကောင်မလေးတွေ ဦးဆောင်ပြီး ဆွမ်းချိုင့်ပို့ကြပါတယ်။ ဒါကြောင့်လည်း မွန်ပြည်နယ်မှာ စေတီပုထိုးတွေ အများအပြား တည်ထားသည်ကို တွေ့ရတာကိုး။ ရွာမှာ လူကြီးတွေထက် လူငယ်တွေက ဘုရားတရားနဲ့ပတ်သက်ရင် ဦးဆောင်လုပ်ကိုင်ပေးကြတာကိုမြင်တော့ တော်လိုက်တဲ့ လူငယ်လေးတွေလို့သာ တိတ်တဆိတ် ချီးကျူးခဲ့ပြီး တည်းတဲ့အိမ်ကို ပြန်ခဲ့ရပါတယ်။
ညဘက်မှာ ရွာတိုင်းလိုလိုကတော့ ပျော်ပွဲရွှင်ပွဲမထည့်ကြပေမယ့် ထည့်တဲ့ရွာတွေလည်းရှိတာမို့ ကျွန်မလည်း မနားတမ်းလျှောက်လည်ဖြစ်ခဲ့ပါတယ်။ ကျွန်မ အိမ်ပြန်ရောက်တော့ ရွာက အဖော်တွေနဲ့အတူ ကလော့ဘုရားအောက်ခြေက ဇာတ်ပွဲကို ဆိုင်ကယ်နဲ့ ခဏသွားခဲ့ပါတယ်။ ဇာတ်ပွဲမှာ ကစားနည်းမျိုးစုံလည်း စုံလင်စွာပေါ့ရှင်။ လမ်းကလည်း မှောင်တာမို့ ကျွန်မ အကြာကြီးတော့ မနေခဲ့ပါဘူး။ မုန့်လေးလည်း စားရင်း၊ကျွန်မ ကစားတတ်တာလေးတွေ ကစားပြီး အိမ်ကိုပြန်ခဲ့ပါတယ်။
ဒီလိုနဲ့ ကျွန်မလည်း နှစ်ဆန်း နှစ်ရက်နေ့မှာ တည်းတဲ့ အိမ်မှာပဲ တစ်နေကုန် ကပ်နေခဲ့တာပေါ့။ အိမ်ကို ဧည်သည်ရောက်လို့ဆိုပြီး ရွာထဲက အမကြီးတွေ တစ်ယောက်ပြီးတစ်ယောက် အိမ်ကို လာကြတာအမော။ ဘာလာလုပ်တာလဲဆိုတော့ ကျွန်မစားဖို့ဆိုပြီး ခြံထွက်အသီးအနှံတွေ လာပို့ကြတာတဲ့။ ရွာကို အလည်လာတာဆိုပေမယ့် ခင်မင်ပေးကြတယ်။ ဘုရားပွဲဆိုလည်း လူကြီး လူငယ်မရွေး တက်ညီလက်ညီ လုပ်ကိုင်ကြတယ်။ ဒီလို ယဉ်ကျေးမှုကို လက်ဆင့်ကမ်းပြီး ခုချိန်ထိ ထိန်းသိမ်းလာခဲ့ကြတာကိုလည်း ဘေးကနေကြည့်ပြီး ကြည်နူးရသလို ဂုဏ်လည်း ယူရပါတယ်။ ဒီလိုနဲ့ ကျွန်မလည်း နောက်တစ်နေ့မှာ ရွာလွတ်က အလှူမှာ နေ့လယ်စာ စားပြီး ရန်ကုန်ကို မပြန်ချင်ပဲ ဝမ်းနည်းစွာပဲ ပြန်လာခဲ့ရပါတယ်။ ကျွန်မအတွက်တော့ ခဏတာတွေ့ခဲ့ကြပေမယ့် ချောင်းဆုံမြို့နယ်လေးရဲ့ သင်္ကြန်အမှတ်တရတွေက ပျော်ရွှင်ရတဲ့ Memoriesအဖြစ် ဒီနေ့၊ဒီချိန်ထိ ကျန်ခဲ့ပါတော့တယ်။
ကျွန်မပြောပြခဲ့တဲ့ ချောင်းဆုံ ဘုရားပွဲဟာဆိုရင် နှစ်စဉ် သင်္ကြန်ကာလလေးမှာပဲ ပြုလုပ်ကြတဲ့ ဘုရားပွဲဖြစ်တာကြောင့် စာဖတ်သူတို့ရော သင်္ကြန်မှာ ခရီးသွားတာမျိုး၊ အလှူပေးချင်တာမျိုးရှိရင် ချောင်းဆုံ သင်္ကြန်ဘုရားပွဲကို တစ်ခေါက်လောက် ရောက်အောင် သွားကြည့်ကြပါလို့ တိုက်တွန်းရင်းနဲ့... လူသိသိပ်မများတဲ့ ယဉ်ကျေးမှု အမွေအနှစ်လေးကို မိတ်ဆက်ပေးလိုက်ပါတယ်။
စာကြွင်း : ဒီနှစ်တော့ ငလျင်ကလည်း လှုပ်ထားတော့ ဘုရားပွဲပြန်ဖို့က ကျွန်မအတွက် သိပ်မလွယ်တော့ဘူးထင်ပါတယ်။
ချစ်တဲ့ Rubi…
Keep Reading