Moe Ei Shwe Si
နှစ်သစ်ကူးခြင်း မင်္ဂလာတစ်ပါးမှာ မြန်မာလူမျိုးတို့၏ အမျိုးသားယဉ်ကျေးမှုတွင် အကြီးကျယ်ဆုံးနှင့်အမြင့်မြတ်ဆုံးလည်းဖြစ်သည်။
သင်္ကြန် (သို့မဟုတ်) သံချပ်
သင်္ကြန် နဲ့ သံချပ်သည် ခေါင်း နဲ့ ပန်းလို့ပဲဟု သတင်းတောက်တင်ဝင်းလေးက ပြောဖူးသည်။
၁၉၅၈ ခုနှစ်မှာမွေးဖွားခဲ့တဲ့ လူတစ်ယောက်အနေနဲ့ တော်လှန်ရေး အစိုးရလက်ထက် ၊ ဆိုရှယ်လစ်ခေတ်တစ်လျှောက်လုံး သင်္ကြန် နဲ့ သံချပ်ကို ချစ်တတ်ခဲ့သည်။ သံချပ်များကို လေ့လာဆည်းပူးခွင့်ရခဲ့သည်။ ဆရာသမားကောင်းများ ၊ သင်ဆရာ မြင်ဆရာများစွာရဲ့ပညာရပ်များကို ဝတ်မှုန်ကူးခွင့်ရခဲ့သည်။ သင်္ကြန်သံချပ် ခေတ်တစ်ခေတ်လို့ ပြောရင်ရသည်။ သင်္ကြန်အသင်းပေါင်းများစွာရဲ့ သင်္ကြန်တစ်ခေတ်မှာ သံချပ်တွေ လွှမ်းမိုးခဲ့သည်။
သင်္ကြန် သံချပ် ဘယ်ကစသနည်း။
စစ်ကြိုခေတ်တည်းက သံချပ်တိုင်ခြင်း ၊ သံချပ်ထိုးခြင်း ယဉ်ကျေးမှု၏ ခေတ်ဦးကာလ ဟု ရှေးမှီ နောက်မှီ သူများက ပြောဆိုကြသည်။ စစ်ပြီးခေတ်တွင်လည်း သံချပ်အဖွဲ့တွေဟာ ကားအလှတွေဆင်ပြီး ထွက်ခဲ့ကြသည်။
မန္တလေးသင်္ကြန် နှင့် ရန်ကုန် သင်္ကြန် ကွာခြားပုံမှာ -
- မန္တလေးသင်္ကြန်သည် မင်းနေပြည်ဖြစ်ခဲ့သည်နှင့်အညီ ယဉ်ကျေးမှုဖော်ထွန်းရာ ဘူမိနက်သန် ဖြစ်နဲ့တာနဲ့အညီ ကားအလှဆင်ယင်ထုံးဖွဲ့မှု ၊ ငြိမ့်ညောင်းသာယာ ယိမ်းအက ၊ ယိမ်းအလှများ ၊ ရောင်စုံမီးတွေ ထွန်းညှိပြီး ပြိုင်ပွဲဝင်ကြသည်။ ပရိသတ်တွေ ငေးမောရသည်အထိ ဆွဲဆောင်မှုရှိလှသည်။
- ရန်ကုန်သင်္ကြန်က သံချပ်ကိုဦးစားပေးသည်။ သံချပ်များသည် ပရိသတ်စိတ်နှလုံးကို ဖျော်ဖြေမှုပေးနိုင်သည်။ ညှို့ယူဖမ်းစားနိုင်သည်။
သင်္ကြန်ကိုဆိုရှယ်လစ် ခေတ်တစ်လျှောက် နဖူးတွေ့ ၊ ဒူးတွေ့ ကိုယ်တိုင်ကြုံခဲ့ရသည်။ စစ်ပြီးခေတ်နှင့် လွတ်လပ်ရေးခေတ်ဦးကာလ အပိုင်းအခြားမှာ မြန်မာ့ယဉ်ကျေးမှုသက်သက်မှတစ်ဆင့် တိုးတက်လာကာ အမျိုးသားရေး (ဝါ) နိုင်ငံရေးလှုပ်ရှားမှုအသွင်ဆောင်လာခဲ့ကြသည်။ သင်္ကြန်ဆိုသည်မှာ အသွင်နှစ်ရပ်၏ အနှစ်သာရဖြစ်ကြောင်း စာရေးဆရာ တက္ကသိုလ် မောင်အောင်ဆွေ ၏ ဆောင်ပါးတစ်ပုဒ်တွင် ဖတ်ဖူး ၊ မှတ်ဖူးသည်။
(၁) သင်္ကြန်ကို (အပျော်ဒီမိုကရေစီ) အဖြစ်မြင်ပြီး ကြောင်ကြောင်ကြားကြား စူးစူးဝါးဝါး ပျော်တဲ့သင်္ကြန်ဟုလည်းကောင်း
(၂) နောက်တစ်မျိုးကတော့ နိုင်ငံရေးစိတ်ဓာတ်ပြင်းထန်သူများက သင်္ကြန်ရေသဘင်ပွဲကို နိုင်ငံရေး ၊ စည်းရုံးရာ (ကွင်း) အဖြစ် အပြည့်အဝ အသုံးပြုခြင်းဖြစ်သည်။ ထိုသူတို့သည် (စာရေးဆရာ ၊ ကဗျာဆရာ ၊ နိုင်ငံရေး ဝါသနာပါတဲ့လူငယ်များ ) ပင်ဖြစ်သည်။
တစ်နည်းဆိုရလျှင် သံချပ်များဖြင့် နိုင်ငံရေးကို အနုပညာဖြင့် လိမ်းကျံ ထားချက်ပင်ဖြစ်သည်။ ယင်းအနုပညာဖြင့် ပြည်သူလူထု၏ နှလုံးသားကို နိုးကြားတက်ကြွစေခဲ့သည်။ နိုင်ငံရေးအနုပညာဖြင့် ဖျော်ဖြေခဲ့ကြသည်။
လူငယ်များသည်ကား တိုင်းပြည်နှင့် လူမျိုးအပေါ် အမှားနှင့်အမှန် ၊ အမှောင် နှင့် အလင်းကို မိမိတို့၏ အယူအဆရေးရာနှင့်ယှဉ်၍ အမျိုးသားရေးစိတ်ဓာတ်ကိုနှိုးဆော်ကြသည့် လူငယ်များဟု တစ်ချို့က ဂုဏ်ပြုကြသည်။
ဒုတိယကမ္ဘာစစ်ကြီးမဖြစ်မီအချိန်၌ နိုင်ငံခြား အရင်းရှင် စီးပွားရေးသမားများသည် သူတို့၏ ကုန်ပစ္စည်းများကို အလှပြကားများနှင့် တစ်ခမ်းတစ်နား ကြော်ငြာကာ မြန်မာသင်္ကြန်ပွဲကိုကြော်ငြာပိတ်ကားအဖြစ် အသုံးချခဲ့ကြပြီး စီးပွားရေးအမြတ်ထုတ်ခဲ့ကြသည်။ လွတ်လပ်ရေးရပြီးနောက်တွင်လည်း နိုင်ငံရေးအဖွဲ့များသည်မြန်မာ့ရိုးရာသင်္ကြန်ပွဲကို နိုင်ငံရေးကျားကွက်ချပွဲ ၊ အားပြိုင်ပွဲ ၊ ငွေဖြုန်းပွဲ အဖြစ်အသုံးချခဲ့ပြန်သည်။ သူ့ဘက် ကိုယ့်ဘက် စောင်းချိတ်ထိုးနှက်ကြသည်။ အနောက်တိုင်းသရုပ်ပျက်မှုကလည်း မြန်မာ့ရိုးရာယဉ်ကျေးမှုအနှစ်သာရ သင်္ကြန်ပွဲကို စွန်းထင်းပေကျံညစ်ထေးခဲ့ကြသည်။
ကိုလိုနီခေတ်နှင့်ဂျပန်ခေတ်များတွင် သင်္ကြန်ရေကစားပွဲတော်ကျင်းပပုံများကို မှတ်တမ်းတင် ရုပ်ရှင့်တွေအရ ကြည့်ရှုခွင့်ရခဲ့သည်။ ၁၉၃၀ ခုနှစ်ဝန်းကျင်မှာ သမာရိုးကျ ရေပက်ကစားတဲ့ သင်္ကြန်ဟာ ကုန်တိုက်ကြီးတွေမှာ အသုံးပြုတဲ့ ကုန်တင်ကားတွေနဲ့ လှည့်လည်ရေပက်ကစားကြပြီး ကားပေါ်တူရိယာ ပစ္စည်းများတင်ကာ ၊ ကားကိုပန်းချီဆွဲ အလှဆင်ကာ ၊ ဘက်ထရီမီးတွေထွန်းညှိ လှပစေတဲ့အထိ တိုးတက်လာခဲ့သည်ဟု ဆရာဆူးငှက်ရဲ့ဆောင်းပါးမှာဖော်ပြခဲ့ဖူးပါသည်။
လွတ်လပ်ရေးရပြီးနောက် ပြည်တော်သာခေတ်တွင်လည်း ခေတ်ကိုမကျေနပ်သူများက သံချပ်ထိုးပြီး သရော်ခဲ့ကြသည်။
၁၉၄၈ ခုနှစ် လွတ်လပ်သောနိုင်ငံဖြစ်လာသည်နှင့်အညီ သင်္ကြန်သံချပ်များသည် ငြိမ်းချမ်းရေးကို ဦးတည်လာခဲ့သည်။ ပြည်ထောင်စုစိတ်ဓာတ် ၊ ပြည်ထောင်စုရေးကို ဦးတည်လာခဲ့သည့် သံချပ်များတစ်ခေတ်ဆန်းလာပြန်သည်။ ၁၉၆၀ ခုနှစ်ရွေးကောက်ပွဲမတိုင်မီ ပါတီးအသီးသီး ၊ ပုဂ္ဂိုလ်အသီးသီးက မဲဆွယ်တရားဟောကြသလို သံချပ်တွေနဲ့လည်း မဲဆွယ်ခဲ့ကြသည်။
၁၉၆၂ ခုနှစ်ကျပြန်တော့ ပြည်ထောင်စုအရေးမှသည် ငြိမ်းချမ်းရေးဆီသို့ ၊ ငြိမ်းချမ်းရေးမှသည် ပြည်ထောင်စုအရေးဆီသို့ သံချပ်တွေနဲ့ ခေတ်အဆက်ဆက် ငြိမ်းချမ်းရေးတောင်းဆိုခဲ့သည်မှာ သင်္ကြန်သမားများပင် ဖြစ်သည်။
ရန်ကုန်မြို့တော်ခန်းမရှေ့ မြို့တော်ဝန်သင်္ကြန်မဏ္ဍပ်တွင်ဝန်ကြီးချုပ်ဦးနှနှင့် ဝန်းကြီးများက နိုင်ငံတော်သမ္မတကြီးဒေါက်တာ ဘဦးကိုငွေဖလားဖြင့်ရေပက်ကြသည့် ရှားပါးဓာတ်ပုံသည် ခေတ်တစ်ခေတ်၏ သင်္ကြန်သမိုင်းစာမျက်နှာတစ်ခုပင်ဖြစ်သည်။
သံချပ်၏အဓိပ္ပာယ် ၊ စပ်နည်း ၊ နမူနာပြကဗျာများဟူ၍ ကဗျာဆရာကြီးတင်မိုး က အောက်ပါအတ်ုင်းဖော်ပြခဲ့ဖူးသည်။
သံချပ်၏အဓိပ္ပာယ်
ယိမ်းချင်း ၊ နတ်ချင်း ၊ လှေလှော်သံစသော သီချင်းတို့၏ အကြား၌ ထည့်သွင်းချပ်ညှပ်၍ တိုင်ကာ ၊ ဖောက်ကာ သီဆိုရေသာ သီချင်းသံတိုမျိုးဖြစ်ေသာေကြာင့် သံချပ်ဟုခေါ်ဆိုသည်။
စပ်နည်း
သံချပ်စပ်ရာတွင်အတိုင် အဖောက်တစ်စုံစီပါရမြဲဖြစ်သည် ။ အတိုင်ပိုဒ်တွင် ခုနှစ်လုံးခံ၍ အဖောက်ပိုဒ်တွင် ခုနှစ်လုံးဖြစ်စေ၊ ရှစ်လုံးဖြစ်စေအုပ်ရသည်။ ကာရန်ယူပုံမှာ ၇.၃ သို့မဟုတ် ၇.၄ ဖြစ်သည်။
နမူနာပြကဗျာများ
မိုးလားကွဲ မောင်တို့ မောင်တို့ --- လေလားကွဲ မောင်တို့ မောင်တို့ (သံချပ်အချီ)
ဖန်ပြာခွက်နဲ့ကျောက်စက်ရေ --- အမောပြေအောင် တိုက်ပါမယ်
အိုးစည်သားများကျက်သေရ --- ကမ္ဘာအသင်္ချေပြောလို့မဆုံး
တေဇာ ဝေဖြာ ကြေညာကျော် -— မိုးပေါ် ဘိုးတော် မတဲရပ်သား
ဟေလား ---- မောင်တို့ဝါး (သံချပ်အချ)
ယခုအခါ သင်္ကြန်ပွဲတွင် သံချပ်ကဗျာများ အထူးခေတ်စားလာသည်။ တိုင်းပြည်၌ ပြုပြင်စရာကိစ္စများကို လှောင်ပြောင်ရယ်မောရင်း ဟာသဉာဏ်ပါသော အကျိုးပြုသတိပေးသံချပ်များ စပ်ဆိုသည်မှာ မြန်မာအစဉ်အလာတစ်ခုဖြစ်ပေသည်။
(ကိုးကား)
မိုးမခ မီဒီယာ စာနယ်ဇင်း အဖွဲ့မှ ထုတ်ဝေသော ကဗျာဆရာတင်မိုး၏ မြန်မာကဗျာဖွဲ့နည်း ၂၀၁၁ မှ
သံချပ် (အိုးစည် ၊ ဒိုးပတ် ဝိုင်းတွင် အတိုင်အ ဖောက်ဆိုသော ကဗျာ တစ်မျိုး
သံချပ်ထိုး (အ ကြောင်းအရာ တစ်ရပ်ရပ်ကို သံချပ်စပ်၍ သီဆိုသည်၊ သံချပ်နှင့် ပြက်ရယ်ပြုသည် (မြန်မာ့အဘိဓာန်)
သံချပ်ဆိုတာ ရင်ခုန်သံ ၊ သင်္ကြန်ဆိုတာ ပြည်သူတွေရဲ့ကြေးမုံပြင် (ဇာဂနာ)
သံချပ်ထိုး၍ သန်လျှက်ကျိုး စိတ်အပျက်အကျိုးတွေပြုပြင်တည်ဆောက် ပေါက်ပေါက်ဖောက်မတတ် အမှန်မရပ်နိုး သံချပ်ထိုးတဲ့ အတာသင်္ကြန်ပွဲ (အေဖော်နိုင်)
သံချပ်ဆိုတာ ပြည်သူ့အသံ (ဦးအောင်မြင့် သင်္ကြန်သမား)
သံချပ်ဆိုတာ တိုင်းပြည်ပြုပါပဲတဲ့ (ဦးစိန်ဝင်း ပြည်သူ့မော်ကွန်း)
သံချပ်ဆိုသည်မှာ သင်္ကြန်အခါမှသာ ပြုလုပ်ကြသည် မဟုတ်ပေ။ အလျှင်သင့်သလို ကထိန်ပွဲ ၊ တံတားဖွင့်ပွဲ စသည့်အခမ်းအနားပွဲ ရပ်ပွဲ ၊ ရွာပွဲ များတွင် အပြိုင်အဆိုင်သံချပ်ထိုးကြသည်။ သံချပ်ဖြင့် ဂုဏ်ပြုကြသည်။
သံချပ်ကိုချစ်မြတ်နိုးမှုမှာ အသက်နဲ့အမျှ ထုထည်ကြီးမားလာခဲ့သည်။ သံယောဇဉ်ပိုတွယ်လာမိခဲ့သည်။
၁၉၈၉ ခုနှစ်မှာ သင်္ကြန်တံခါးကြီးပိတ်ခဲ့သည်။
၂၀၁၄ ခုနှစ်မှာ သင်္ကြန်တံခါးကို နောက်တစ်ကြိမ်တွန်းဖွင့်ခဲ့ကြသည်။
၂၀၁၉ ခုနှစ်ထိ --------
၂၀၂၀ မှာ ကိုဗစ်ကြောင့်မလုပ်ဖြစ်ခဲ့
၂၀၂၁ မှာ စစ်အာဏာထိန်းချုပ်မှုကြောင့် သင်္ကြန်သံချပ်သမားများရှေ့မတိုးသာ
၂၀၂၂ မှ ယနေ့အထိ သံချပ်တံခါးကြီး ပြန်မဖွင့်နိုင်
တံခူးဘုရင် - ဦးအောင်ချစ်တင် - ခပ်ရဲ့ရဲ့
သာကီနွယ် - ဦးတင်အောင် - စိတ်သွားတိုင်းကိုယ်မပါတော့
အပ္ပမာဒေထ သမ္မာဒေထ - ဦးသီဟ - ဆရာလည်းလေသံသဲ့သဲ့
ဆ ဆရာကြီး - ဦးခန်းမောင် - တုန်ချိချိ
ပစ်တိုင်းေထာင် - ဦးလှရွှေ-ခေါင်းတွေဖြူ မျက်စေ့လဲမှုန်
ဆူးကြားဗူးခါး - ဦးဘိုကြီး - နောင်နှစ်ခါ သင်္ကြန်ပွဲ နွှဲချင်သေး ပါရဲ့
ကျွနုပ်တို့သည် - ဦးအောမော် - လေနှစ်ခါဖြတ် သုံးခါဖြတ်ရင် အားလုံးပြတ်ပြီတဲ့
တစ်ကိုယ်တော် - အောက်တိုဘာအောင်ကြီး - နှုတ်ခမ်းမွှေးလည်းဖြူ သွားတွေက ကျိုး
ပြည်သူ့မော်ကွန်း - ဦးစိန်ဝင်း - လေဖြတ်တာငါ့ကိုအသေသတ်တာပဲတဲ့
သင်္ကြန်မင်းသားကြီး - အောာင်ကျော်ဦး - သင်္ကြန်ကကျားကန်ထားတယ်
မြန်မာပြည်နိဒါန်း - ဗေလုဝ- မသန်စွမ်တော့ပေ
မတုံးဒါး- ဦးကြည်ဝင်း - ခုတော့တုံးနေပြီ
ဒီလူတွေက နောက်ဆုံးခံတပ် သင်္ကြန်မျိုးဆက်များပင်ဖြစ်သည်။
နောက်တစ်ခါင်္သကြန်တံခါးကြီးပွင့်အောင် တွန်းဖွင့်ဖို့ အခွင့်အ ရေး ရနိုင်ပါတော့မလား .........
မဆလ ခေတ်က င်္သကြန်အသင်းပေါင်း ၂၀၀ ကျော် တစ်သင်းချင်း နာမည်မ ဖော်ပြေတာ့ပါ။ မဏ္ဍပ်ပေါင်းများစွာ ၂၀၁၄ မှ ၂၀၁၉ ထိ အသင်း ၁၀ သင်းကျော် မဏ္ဍပ် ဆယ်ဂဏန်းမပြည့် ၊ ဆုတ်ယုတ်မှု လက္ခဏာများစွာ ၊ ကုန်ကျစရိတ်တန်ဖိုးကလည်း သိန်းရာဂဏန်းကပ်လုလု ၊ မဆလ ခေတ်က ငွေကျပ်တစ်ေထာင်ကျပ်မျှသာ ။
ဒိုင်းဖလားခေတ်မှသည် ငွေသားဆုချီးမြှင့်လာသည့် ခေတ်ဆီသို့ ရေပက်ခံကားများမှ စီးပွါးရေး စီးပွါးရေး ဆိုပြီး သံချပ်ပြန်ထိုးခံရသည့် အထိ အကျည်းတန် အရုပ်ဆိုးခဲ့သည်။ မဏ္ဍပ်တွေနဲ့ အသင်းတွေ လက်ဝါးရိုက် တစ်ယောက် တစ်ဝက်အပေးအယူ မူမမှန်မှုတွေက ယဉ်ကျေးမှု သင်္ကြန်ကို အရုပ်ဆိုးခဲ့ ၊ ပြုပြုရေးသံချပ်တိုင်သူတွေ ကိုယ်တိုင် လာဘ်ပေး လာဘ်ယူ အကျင့်ဆိုးနဲ့ သင်္ကြန်သည် လောကရဲ့ ဒဏ်ခတ်မှုကိုခံခဲ့ရသည်။ (ပြောမဆုံး ပေါင်တောသုံးထောင်)ဟုသာ မှတ်ကြကုန်လော ။
မည်သို့ပင်ဆိုစေကာမူ
ရွှေဝါပိတောက် တွေဖူးရင် သတိတွေရ
ဟိုးတုန်းကတို့ရဲ့သင်္ကြန် သတိတွေရ
ကွယ်ပျောက်သွားတဲ့ သင်္ကြန်သမားကြီးများကို သတိတွေရ
မိုးလင်းပေါက် ကတဲ့သင်္ကြန် သတိတွေရ
အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ကြတာ သတိတွေရ
သတိတွေရ ၊ သတိတွေရ ၊ သတိတွေရ
အောင်ကျော်ဦးဦး (25-4-2025)
#ပျောက်ကွယ်မသွားအမွေအနှစ်များ #သင်္ကြန်
Keep Reading