Author's Profile Photo

Kaung Sitt Paing

27/04/2025

"ပျောက်ကွယ်မသွားအမွေအနှစ်များ" -----------------------------------

22 mins read
ပျောက်ကွယ်မသွား အမွေအနှစ်များ
သင်္ကြန်



အိမ်ရှေ့ပိတောက်ပင်ကြီးအောက်တွင် စကားဝိုင်းသည် မြိုင်မြိုင်ဆိုင်ဆိုင်နှင့် ပွဲကျနေ၏။ စကားဝိုင်းဟုသာပြောရသည် လူသိပ်များလှသည်တော့မဟုတ်။ အိမ်လာနေကျသူများဖြစ်ကြသည့် ဘကြီးလှဖေ နှင့် ဦးလေးသာဖြိုး တို့ဖြစ်၍ ကျန်နှစ်ယောက်မှာ ဖေဖေ ဦးသာအောင် နှင့် မေမေ ဒေါ်မေအောင်တို့ လေးယောက်တည်းပင်ဖြစ်သည်။
ဘကြီးလှဖေသည် ဆံပင်မွှေးဖြူဖြူ အသက် (၈၀) ကျော်ပြီဖြစ်ရာ အသိဥာဏ်ရော အတွေ့အကြုံရောပါ ပြည့်စုံသည့် ရွာ၏လူကြီးတစ်ယောက်ပင်ဖြစ်
သည်။ ဦးလေးသာဖြိုးသည် အသားခပ်ဖွေးဖွေး အသက်အားဖြင့် (၃၀) ဝန်းကျင်ရှိ၍ စာအုပ်စာပေနှင့်သာ အဖော်ပြုသူဖြစ်ရာ လူငယ်ပီပီ သဘာဝကျကျ နှင့် လက်တွေ့ကျကျ တွေးခေါ် ပြောတတ် ဆိုတတ်ယုံတတ်သူတစ်ဦး ဖြစ်သည်။ ဖေဖေ ဦးသာအောင် နှင့် မေမေ ဒေါ်မေအောင်တို့ နှစ်ဦးစလုံးသည် အသားခပ်ညိုညိုနှင့် အသက် (၄၀) ဝန်းကျင်ခန့်ဖြစ်ပြီး စကားဝိုင်းတစ်ခုတွင် ဗဟုသုတရှာမှီးတတ်သော တောသူတောင်သားများ ဖြစ်ကြလေသည်။ ကျွန်တော်သည်လည်း ကလေးသူငယ်ဖြစ်သူပီပီ လူကြီးစကားဝိုင်းအနီးတွင် တွယ်ကပ်နေတတ်သည်မှာ ကျွန်တော့်၏ အကျင့်ဖြစ်၏။
" သာအောင်ရေ ငါတော့ဖြင့် မင်းတို့ ပိတောက်ပင်ကြီးလည်း ပွင့်တာဖူးတာ အရင်နှစ် တွေလောက် သိပ်အားမရလှဘူးကွာ...။ သူ့ခမျာလည်း သူ့အချိန် သူ့ရာသီရောက်တော့ သူ့တာဝန်အရ ဖူးရုံပွင့်ရုံ ဝတ္တရားအရပဲလို့ ထင်ပါရဲ့ကွာ...။ အရင်နှစ်တွေကလို ရနံ့မပါသလောက် သိပ်လည်းလန်းလန်းဆန်းဆန်း မရှိရှာပါဘူးကွာ..."
"ဟုတ်တယ် ဘကြီး...။ 'ပျော်ပျော်ရွှင် တီးမှုတ်ကြတဲ့ပွဲမှာ ငိုနေရှာတဲ့ ပန်းပိတောက်ဖူးတွေနဲ့ 'ဆိုတဲ့ သီချင်းစာသားလိုပါပဲဗျာ...။ သင်္ကြန်မတိုင်ခင် လှုပ်လိုက်တဲ့ ငလျင်ကြောင့် သေကြကြေကြနဲ့ လူတွေတောင်မပျော်နိုင်မှတော့ ပိတောက်တွေလည်း ဘယ်ပျော်နိုင်ပါ့မလဲ ဘကြီးရယ်..."
လို့ ကျွန်တော့်ဖေဖေက ဘကြီးလှဖေစကားကိုဝင်ရောက်ထောက်ခံလိုက်၏။ ဦးလေးသာဖြိုးကလည်း
" အခုလှုပ်လိုက်တဲ့ ငလျင်ထဲမှာ ကျွန်တော်တို့ ဘိုးဘွားစဥ်ဆက်ကတည်းက ထိန်းသိမ်းလာတဲ့ ရှေးဟောင်းအမွေအနှစ် တချို့လည်း ပါကုန်ပါပြီဗျာ...
ကျွန်တော်ဖြင့် အတော်စိတ်မကောင်းဖြစ်မိတာ "
" သာဖြိုးရေ ငလျင်လှုပ်လို့ ပျက်သလောက်လည်း ပျက်တယ်ပေါ့ကွာ...ငလျင်လှုပ်လို့ ပျက်တယ်ဆိုတာ ဒြပ်ရှိပစ္စည်းတွေတင် ပျက်လို့ရတာကွ...အေး...ငါတို့စည်းကမ်းမရှိလို့ မထိန်းသိမ်းရင်တော့ ဒြပ်ရှိတင်မဟုတ်ဘူး ဒြပ်မဲ့အမွေအနှစ်တွေပါ ပျက်ဖို့လမ်းစမြင်နေပြီ သာဖြိုး"
"ဗျာ...ဘကြီး။ ကျွန်တော်မရှင်းလိုက်လို့ တစ်ခါလောက်ပြန်ရှင်းပြပါအုန်း ဘကြီး"
"ဒီလိုကွာ...စေတီပုထိုး၊ ရှေးဟောင်း အဆောက်အဦးတွေဆိုတာက ဒြပ်ရှိ အမွေအနှစ်တွေလေကွာ...ဒြပ်မဲ့ အမွေအနှစ်ဆိုတာ အခုအနီးစပ်ဆုံး ဥပမာပေးမယ်ကွာ ငါတို့ရဲ့ ' မြန်မာ့ရိုးရာ အတာသင်္ကြန် ' ။ ငါတို့နိုင်ငံ နိုင်ငံရေးအခြေအနေမတည်မငြိမ် ဖြစ်နေတာကို အခွင့်ကောင်းယူပြီး ထိုင်နိုင်ငံက သင်္ကြန်ဟာ သူတို့နိုင်ငံရဲ့ အပိုင်ပါဆိုပြီးကမ္ဘာ့ဒြပ်မဲ့ ရှေးဟောင်းအမွေအနှစ်စာရင်းမှာ သူတို့ရဲ့ ' ဆောင်ခရမ် ' ရေကစားပွဲတော်ကို တင်လိုက်တယ်မဟုတ်လား...၂၀၂၃ ဒီဇင်ဘာ(၆)ရက်မှာ ထိုင်းနိုင်ငံရဲ့ ဆောင်ခရမ် ရေကစားပွဲတော်ကို ကမ္ဘာ့ဒြပ်မဲ့ ယဥ်ကျေးမှုအမွေအနှစ်အဖြစ် UNECO ကသတ်မှတ်ပေးခဲ့တဲ့ကိစ္စလေကွာ။ ငါတော့ အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီး သဘောမကျလှဘူးကွာ။ငါအနေနဲ့ကတော့ နှမြောမိတာတော့အမှန်ပဲကွ"
"ဟုတ်တယ် ဘကြီး လိုင်းပေါ်မှာ ပွက်လောရိုက်သွားတဲ့သတင်းပဲဗျ"
ဦးလေးသာဖြိုးက ဝင်ရောက်ထောက်ခံလိုက်၏။
" အဲ့လိုဆို သင်္ကြန်က ထိန်းသိမ်းရမဲ့ ယဥ်ကျေးမှုအမွေအနှစ်တစ်ခုပေါ့ ဘကြီးရဲ့...အဲ့လိုထိန်းသိမ်းတတ်ဖို့ကလည်း သင်္ကြန်အကြောင်း စေ့စေ့စပ်စပ်သိထားမှ တော်ခါကျမယ်ထင်ပါရဲ့ ဘကြီးရယ်။ သင်္ကြန်,သင်္ကြန်နဲ့တာပြောနေကြတာ သင်္ကြန်ရဲ့ အဓိပ္ပါယ်ကို ပြောပြပေးပါအုန်း"
ဟူ၍ မေမေက ဘကြီးလှဖေကို မေးမြန်းလိုက်လေ၏။
" သင်္ကြန်ဆိုတဲ့ ဝေါဟာရကတော့ သင်္ကန္တလို့ခေါ်တဲ့ ပါဠိဘာသာ နဲ့ သင်္ကြန္တလို့ခေါ်တဲ့ သက္ကတဘာသာကနေ သက်ဆင်းလာတဲ့ ဝေါဟာရပဲ ။သင်္ကန္တ၊ သင်္ကြန္တ ဆိုတာကူးပြောင်းခြင်းလို့ အနက်အဓိပ္ပာယ်ရတယ်"
" အဲ့လိုဆို သင်္ကြန်ဆိုတာ ဘယ်ကနေဘယ်လို ဖြစ်ပေါ်လာတာလဲဆိုတာကိုရော ပြောပြပါအုန်း ဘကြီးရဲ့"
မေမေကပဲ ဆက်၍ မေးပြန်၏။
" သင်္ကြန်ဘယ်လို စတင်ဖြစ်ပေါ်လာတယ်ဆိုတာကတော့ ဟိန္ဒူအယူဝါဒကနေ ဆင်းသက်လာတဲ့ရာဇဝင်နဲ့ နေနဲ့ကမ္ဘာလည်ပတ်ရာကနေ ဆင်းသက်လာတဲ့ ရာဇဝင်ဆိုပြီး ရာဇဝင်(၂)မျိုးရှိတယ်ကွဲ့ ..."
" ဟိန္ဒူရာဇဝင်မှာတော့ သိကြားမင်းနှင့် ဗြဟ္မာမင်းကြီး အငြင်းပွားကြရာကနေ သိကြားမင်းနိုင်လို့မို့ ဗြဟ္မာမင်းကြီးရဲ့ ဦးခေါင်းကိုရခဲ့တယ်။ ဗြဟ္မာမင်းကြီးဆိုတာကလည်း တန်ခိုးအင်မတန်ကြီးသကွဲ့ ။အဲ့လိုတန်ခိုးကြီးလို့မို့ပဲ အဲ့ဒီဦးခေါင်းကြီးကို ပင်လယ်ထဲပစ်ချရင် ရေခန်းမယ် ။ မြေကြီးမှာထားရင် မီးလောင်ပျက်စီးကြမယ်။ လေထဲကို ပစ်ရင်လည်း သတ္တဝါအားလုံး မီးလောင်ကြမယ်ပေါ့။အဲ့ဒါကိုသိတဲ့ သိကြားမင်းက ဘယ်နေရာမှ မထားရဲလို့ သူ့လက်ထဲသာ ကိုင်ထားရတော့တာပေါ့။ အဲ့ဒီနောက်ပိုင်းမှာ တန်ခိုးကြီးတဲ့ နတ်မင်းကြီးတွေကို တာဝန်လွှဲပြီး တစ်နှစ်ကိုအလှည့်ကျ နတ်မင်းတစ်ပါးစီကနေ အဲ့ဒီဦးခေါင်းကြီးကို ထိန်းသိမ်းထားရမယ်လို့ အမိန့်ထုတ်သတဲ့။ ဦးခေါင်းကြီးကို နတ်မင်းကြီးတစ်ဦးလက်ကနေ တစ်ဦးလက်ထဲလွှဲမယ့် အချိန်အတိအကျကို ပုဏ္ဏားတို့က တွက်ချက်ဖော်ထုတ်ကြပြီး အဲ့ဒီအကူးအပြောင်းကာလကို 'သင်္ကန္တ' လို့ ခေါ်ဆိုကြတာပေါ့။ နှစ်တစ်နှစ် ပြည့်ပြီပေါ့ကွယ်"
"နောက်တစ်ခုကတော့ ဗေဒင်ပညာရပ်တွေ နဲ့ ဆက်စပ်တယ်လို့ ပြောရမှာပဲ"
"ကမ္ဘာက နေကို လှည့်ပတ်တာကို မိဿရာသီကနေ စကြည့်မယ်ဆိုရင် ပြိဿရာသီတို့ ၊ မေထုန်ရာသီတို့ ၊ မိန်ရာသီတို့ဆီ ရောက်တဲ့အခါမှာ သူရိယသိဒ္ဓန္တကျမ်းအဆိုအရ ၃၆၅ ရက်၊ ၆ နာရီ၊ ၁၂ မိနစ်၊ ၃၇ စက္ကန့်ပြည့်လို့ တနင်္ဂနွေ ရဝိဖုဋဂြိုဟ်စင်မှ မိဿရာသီအစ သုညအင်္သာသို့ ဝင်တယ်လို့ သတ်မှတ်ပြီး နှစ်ဟောင်းကုန်ဆုံး နှစ်သစ်သို့ကူးပြောင်းရောက်ရှိတယ်လို့ ဆိုကြတယ်။ သင်္ကြန်ကျပြီလို့ သတ်မှတ်တယ်ကွဲ့။ ဒါပေမယ့် နှစ်သစ်ကို အမှန်တကယ်ကူးတဲ့ အချိန်ကတော့ နောက်ထပ် ၂ ရက်၊ ၄ နာရီ၊ ၄ မိနစ်နှင့် ၄၀ စက္ကန့်ကြာမှဖြစ်တယ်။ အဲ့ဒီလို နေသွားလမ်းကို ၁၂ ရာသီခွင်နဲ့ ညှိနှိုင်းတွက်ချက်ပြီး လပြက္ခဒိန်သုံး မြန်မာတို့အတွက် တန်ခူးလအတွင်းမှာ သင်္ကြန်ကျတာပေါ့"
" ဒီမှာတစ်ခုသတိပြုစရာတော့ရှိတယ်ကွ..."
" တစ်နှစ်မှာ န၀င်းအရေအတွက်က ၁၀၈ န၀င်းဖြစ်ပြီး သင်္ကြန် ၁၀၈ ကြိမ်၊ နက္ခတ် ၂၇ လုံး ဖြစ်ပြီး သင်္ကြန် ၂၇ကြိမ်၊ ရာသီ ၁၂ ခုဖြစ်ပြီး သင်္ကြန် ၁၂ ကြိမ် ကျတယ်၊ ၁၂ကြိမ် ကူးပြောင်း တယ်လို့လည်း ဆိုနိုင်တာပေါ့ကွာ။ ဒါပေမဲ့ အဲ့သလို ကူးပြောင်းခြင်းမှာ"သာမည ကူးပြောင်းခြင်း" ဖြစ်၍ "အငယ်စား- စူဠသင်္ကြန်" သာ ဖြစ်နေတဲ့အတွက် ငါတို့လူတွေက အလေးအနက် မထားမကြပါဘူး ။ ဂြိုဟ်အပေါင်းတို့ရဲ့ မိခင်ဖြစ်တဲ့ တနင်္ဂနွေဂြိုဟ်ကိုသာ အလေးအနက်ထားပြီး နှစ်၊ လ၊ ရက် တွေကို မှတ်သားကြတာကြောင့် တနင်္ဂနွေဂြိုဟ်ပြောင်းရွှေ့ ကူးပြောင်း ခြင်းကိုသာ "မဟာ သင်္ကြန်"လို့ အလေးအမြတ်ပြုမှတ်သားပြီး သင်္ကြန်ပွဲတော်ကို ဆင်နွှဲ ကျင်းပ ကြတာဖြစ်တယ် ။ ဒါကြောင့်မို့ ဧပြီလအစပိုင်း ဒါမှမဟုတ် အဆုံးပိုင်းရက်မှာဖြစ်စေ၊ မေလ၊ ဇွန်လ၊ ဇူလိုင်လ တွေမှာဖြစ်စေ ကျင်းပလေ့ ရှိကြတဲ့ အနောက်နိုင်ငံရောက်မြန်မာတွေရဲ့ သင်္ကြန်ပွဲတွေက "မဟာသင်္ကြန်ပွဲ " မဟုတ်ဘဲ "စူဠသင်္ကြန်ပွဲ" တွေသာဖြစ်တယ် ဆိုတာကိုလည်း သတိပြုနားလည်ထားရမယ်ကွ"
ဗဟုသုတကြွယ်ဝယ်တဲ့ ဘကြီးလှဖေကတော့ သင်္ကြန်ဘယ်လိုစတင်လာတယ်ဆိုတာ အချက်လက်ကျကျနဲ့ အားတက်တရော ပြောပြနေ၏။ ထိုအချိန် ဦးလေးသာဖြိုးကလည်း
" ကျွန်တော်ကတော့ ဘကြီးပြောတာနားထောင်ရတာ စာအုပ်ပေါင်းများစွာ ဖတ်လိုက်ရသလိုပါပဲဗျာ...တစ်ထိုင်တည်းနဲ့ ဗဟုသုတတွေ ခူးခပ်စားနေရသလိုပါပဲ"
" သာဖြိုးမင်းလည်း စာပေဝါသနာထုံတဲ့ကောင်ပဲကွာ သင်္ကြန်အကြောင်း ဘကြီးပြောသလိုပဲ ဖတ်ဖူးမှတ်ဖူးတာလေ ပြန်ပြောပြစမ်းပါကွာ...ငါတို့​လည်း ဗဟုသုတရတာပေါ့"
ကျွန်တော့်အဖေက ဝင်၍ စကားထောက်လိုက်၏။
"သင်္ကြန်ဘယ်လို စတင်လာတယ်ဆိုတာနဲ့ ပတ်သက်ပြီး ဖတ်ဖူးမှတ်သားဖူးတာလေးတော့ ရှိတယ်ဗျ...ကျွန်​တော်က လူငယ်ဆိုတော့ ဒီအယူအဆလေးကို ပိုသဘောကျတယ်ဗျ"
" ဟ...အဲ့တာဆို တို့လည်းပြောပါအုန်းကွ...ငါလည်းစိတ်ဝင်စားတယ်"
ဘကြီးလှဖေကပင် ဦးလေးသာဖြိုး စာပေဝါသနာထုံမှန်းသိ၍ ကြားသိလိုလှသည်ကို တွေ့ရသည်။
" တန်ခူးဆိုတဲ့ ဝေါဟာရက "တာကူး"ကနေ ဆင်းသက်လာတာဖြစ်ပြီး တနင်္ဂနွေ ရဝိဖုဋဂြိုဟ်စင်ကနေမိဿရာသီဆီသို့ ကူးပြောင်းတာကိုရည်ရွယ်ပြီး ရှေးမြန်မာပညာရှိတို့က သတ်မှတ်အမည်ပေးခဲ့တာတဲ့ဗျ...နောက်ယူဆပုံတစ်မျိုးကကြတော့ 'တန်' ဒါမှမဟုတ် 'တန်း'မှာ ထန်းဖြစ်ပြီး ခူးဆွတ်ခြင်းလို့ ဆိုထားတယ်ဗျ။ ဒါ့ကြောင့်မို့ထန်းသီးခူးတဲ့လလို့လည်း အဓိပ္ပာယ်ရတယ်ဗျ"
" ဗုဒ္ဓကျမ်းဂန်တွေအဆိုအရ ဒီကာလမှာဆိုရင် ဘုရားရှင်ရဲ့ မယ်တော်ဘက်က အမျိုးတွေရှိတဲ့ ဒေဝဒဟပြည်က မင်းညီ ၊ မင်းသားတွေ ရေကစားတဲ့ ကာလဖြစ်တယ် လို့လည်းဆိုတယ်ဗျ။ ဘုရားရှင်လက်ထက်မတိုင်မီကတည်းက အခုလိုပူပြင်းတဲ့ မိန်ရာသီကနေ မိဿရာသီအပြောင်းမှာဆိုရင် ရေကစားလေ့ရှိကြတယ်တဲ့ဗျ"
"အင်း...သာဖြိုးမင်းပြောတာက ပိုပြီးသဘာဝ
ကျတယ်ကွ...လက်ခံချင်စရာကောင်းတယ်။ မင်းတို့ လူငယ်အတွေး လူငယ်အမြင်နဲ့ အံဝင်ခွင်ကျဖြစ်တယ်"
ဘကြီးလှဖေပင် ချီးကျူး​ထောပနာ ပြုလေ၏။
" သင်္ကြန်မှာ သိကြားမင်း​ဆင်းတယ်ဆိုတာက တကယ်ရောဟုတ်ရဲ့လားဗျ"
ကျွန်တော့်ဖေဖေက မေးလိုက်၏။
"ဗုဒ္ဓကျမ်းဂန်တွေအရတော့ ဒီကာလမှာ မြတ်စွာဘုရားဟောကြားခဲ့တဲ့ ပိဋကတ်တော်တွေမှာ သင်္ကြန်တက်ခြင်း ၊ ကျခြင်း အကြောင်းတွေမပါဝင်ဘူးတဲ့ကွ...ဒါပြီး အဲ့ဒီအထဲမှာ သိကြားမင်းဆင်းတယ်ဆိုတဲ့အကြောင်းတွေ ကောင်းတဲ့သူကို ရွှေပရပိုဒ်မှာမှတ်ပြီး မကောင်းတဲ့သူတွေကိုလည်း ခွေးသရေပရပိုဒ်မှာ မှတ်တယ်ဆိုတဲ့အကြောင်းတွေ မပါဝင်ဘူးတဲ့ကွ...ဒီအတိုင်းပဲ လူတွေ ပြောကြဆိုကြရင်းနဲ့ သင်္ကြန်သိကြားမင်းဆင်းတယ်ဆိုတာ ဇာတ်လမ်းဖြစ်လာပုံရပါတယ်ကွာ။ ဒါပြီးတော့ ဒေါက်တာနန္ဒမာလဘိဝံသ ကလည်း တရားထဲမှာဒီလိုဟောထားတာတော့ ကြားဖူးတယ်ကွ ' ဗုဒ္ဓမြတ်စွာဟောကြားတော်မူခဲ့တဲ့ ပိဋကတ်သုံးတွယ် နိကယ်ငါးဖြာ ဓမ္မခန္ဓာပေါင်းရှစ်သောင်းလေးထောင်ကိုဖွင့်ဆိုတဲ့ အဠကထာ ဋီကာစာအုပ်တွေထဲမှာ တစ်နေရာမှတော့မပါဘူး။ လူ့ပြည်မှာ နှစ်ပေါင်း ၁၀၀ ဆိုရင် တာဝတိံသာနတ်ပြည်မှာ ၁ရက်။ မနှစ်က ဆင်းလာတဲ့သိကြား ဟိုတောင်မရောက်သေးဘူး ပြန်ဆင်းလာရမဲ့ကိန်းရှိတယ်' လို့ ဟောထားတယ်ကွ"
ဘကြီးလှဖေ၏ အဖြေကို ကျွန်တော့်ဖေဖေ ခေါင်းတညိတ်ညိတ်နှင့် သဘောကျနေ၏။ ထိုအချိန် ဦးသာဖြိုးကလည်း...
"ကျွန်တော်လည်း အဲ့လိုပဲထင်တယ်ဗျ
...သေခါနီးစိတ်၊ ခန္ဓာငါးပါးချုပ်ပုံ၊ အကုသိုလ်သဘောနဲ့ငရဲ၊ ယမမင်း အကြောင်းတွေကို ဘုရားရှင်က အဘိဏှသုတ်မှာ ဟောကြားခဲ့ပြီးသားပဲဗျ။ သတ္တဝါတိုင်း သူ့ကံ နဲ့ သူပေါ့ဗျ။ အဲ့ဒီလိုရေးမှတ်တယ်ဆိုတာက ဘယ်လိုမှ ကျိုးကြောင်းဆီလျော်မှု မရှိပါဘူးဗျာ။ နတ် နဲ့ သိကြားတွေက တရားနာချင်ရင် ညသန်းခေါင်ကျော် လူသူကင်းတဲ့အချိန်မှသာ လာလေ့ရှိတယ်ဆိုတဲ့ ဇာတ်နိပါတ်သာဓကများလည်း ရှိနေတာပဲဗျ။ မင်္ဂလသုတ်၊ သက္ကပညာသုတ၊ အာနာပါနသုတ် တို့ဆိုတာ ညအချိန်မှာ ဟောကြားခဲ့တဲ့ သုတ်တွေဖြစ်တယ်လို့ ဆိုထားတာကိုဗျ။ လူတွေရဲ့ ဝမ်းထဲက အစာဟောင်းအနံ့ကို နတ်တွေ ဗြဟ္မာတွေ မခံနိုင်ဘူးဆိုတာ တရားတော်တွေထဲလည်း ပါ,ပါတယ်ဗျာ။ အဲ့ဒါကြောင့်မို့ သင်္ကြန်အတွင်း သိကြားမင်းက လူတို့အကြားဆင်းတယ်ဆိုတာ ယုံတမ်းစကားပဲဖြစ်နိုင်တယ်ဗျ။သိကြားမင်း
ဆင်းတယ်ဆိုတာက တစ်ကဏ္ဍ ရေလောင်းတယ်ဆိုတာက တစ်ကဏ္ဍ ဗျ။ ရေလောင်းတာက မြတ်စွာဘုရားလက်ထက်တော်ကတည်းက သိကြားမင်းဆင်းတယ်ဆိုတာက အဲ့ဒီအချိန်တုန်းက မရှိခဲ့ဖူးဘူး။ နောက်ပိုင်းကာလတွေကြမှသာ သိကြားမင်း အကျနေ့ လူ့ပြည်ဆင်းပြီး အတက်နေ့ လူ့ပြည်မှပြန်တက်တယ် ဆိုတဲ့ဆင့်ပွားဇာတ်လမ်းတွေ ထွက်ပေါ်လာပြီး သိကြားမင်းနဲ့ ရေပက်ခြင်းတို့က ဇာတ်လမ်းအားဖြင့် တစ်သားတည်း ဖြစ်လာတော့တာ ထင်တယ်ဗျ"
ဟူ၍ ဖတ်ရှုမှတ်သားခဲ့ဖူး သည့်အကြောင်းအရာများကို သူ့အတွေးသူ့အမြင်နှင့် ဖြည့်စွက်ပြောကြား လိုက်
၏။
"ကျွန်မလည်း ကြုံတုန်းမေးလိုက်ပါအုန်းမယ် ဘကြီးရယ်။ ကျွန်မတို့ အတာအိုးထိုးတာက သိကြားမင်းကို ကြိုတဲ့အနေနဲ့ ထိုးကြတာ။ အခုပြောတဲ့ သိကြားမင်းဆင်းတာက အမှန်တကယ်မဟုတ်ဘဲ ဇာတ်လမ်းတစ်ခုဆိုတော့ အတာအိုးတွေ ဆက်မထိုးရတော့ဘူးလား"
" အေးပေါ့...အရင်မသိခင်တုန်းက သိကြား
မင်းဆင်းတယ်ဆိုတာ အဟုတ်မှတ်ပြီးထိုးခဲ့တာ အခုတော့လည်း ဆက်ထိုးရင်လည်းရပါတယ်။ သိကြားမင်းကိုကြိုတာဆိုတဲ့ ယုံကြည်မှုအတွက်မဟုတ်တော့ဘဲ နှစ်သစ်ကိုကြိုဆိုဖို့ ၊ ကျက်သရေမင်္ဂလာရှိစေချင်လို့ ဆိုပြီး ပြောင်းလဲပစ်လိုက်လည်း ရတာပဲလေ"
သင်္ကြန်အတာအိုး ဆက်ထိုးရလေမလား ။ ဆက်မထိုးတော့ဘဲ နေလိုက်ရလေလားဟူ၍ စဥ်းစားရခက်နေသော ကျွန်တော့်မေမေလည်း ဘကြီးလှဖေ၏ စကားကြောင့် နားလည်သဘောပေါက်သွားဟန် ရှိလေ၏။
" ဒါနဲ့...ကျုပ်တို့မြန်မာတွေ သင်္ကြန်ကို ဘယ်အချိန်ကတည်းက စတင်ကျင်းပခဲ့ကြသလဲဗျ"
ဟု ဦးသာဖြိုးက ဘကြီးလှဖေကို မေးမြန်း
လိုက်၏။
" သင်္ကြန်ဆိုတဲ့ ဝေါဟာရကို ပုဂံခေတ် ၊ မြန်မာသက္ကရာဇ် ၆၅၃ ခုနှစ် ( ခရစ်နှစ် ၁၂၉၁)ခုနှစ်မှာ ရေးထိုးခဲ့တဲ့ စောလှဝန်းဘုရားကျောက်စာမှာ အစောဆုံးတွေ့ရှိတယ်လို့ အထောက်အထားတွေရှိတယ်ကွ။အဲ့ဒီကျောက်စာမှာ 'မိဖုန် ၊ သင်္ကြန် ၊ စာရိယ် ၊ ညောင်ရိယ်သွန် ၊ မပြယ်စိတ်လျှင်တည်း' လို့ ရေးထိုးထားတာပါတယ်ကွ။ နာမည်ကျော်သမိုင်းပညာရှင် ဒေါက်တာသန်းထွန်းကတော့ ပုဂံခေတ်မှာ သင်္ကြန်ကျင်းပတဲ့လက္ခဏာ မတွေ့ရဘူးလို့ပြောဆိုထားတယ်။ ဒီနေ့ခေတ်လို အချင်းချင်း ရေပက်ကစားတဲ့ သင်္ကြန်လိုပုံစံမျိုးကိုတော့ ဘကြီးတော်ဘုရားလက်ထက် (၁၇၉၅) ခုနှစ်ကြမှ ပဲခူး ၊ အင်းဝ ၊ အမရပူရ မှာတွေ့ရတယ်ဆိုပဲကွ။ တချို့သမိုင်းပညာရှင်တွေရဲ့အဆိုအရ ပုဂံခေတ်စတင်တည်ထောင်တဲ့ ၉ ရာစုကတည်းကရှိတယ်လို့လည်း ပြောကြသလို ရေနဲ့ပက်ကစားရတဲ့ ပွဲတော်တချို့ကို မြန်မာနိုင်ငံ ပျုခေတ် (၂) ရာစုမှာကတည်းက စတင်ရှိနေပြီဆိုကြောင်း ပြောဆိုတာတွေလည်းရှိတယ်။ မြန်မာသင်္ကြန် ဘယ်ခေတ်ကစတယ်ဆိုတာ ပညာရှင်တွေကိုယ်တော်တိုင် တိတိကျကျဖော်ထုတ်ဖို့ ခက်နေဆဲပဲကွ"
"အများစုသိကြမှာကတော့ နရသီဟပတေ့မင်းရဲ့...'စောလုံစောင့်ပါခလှည့်' ဆိုပြီး ကြားဖူးကြမယ်ထင်ပါရဲ့။ နရသီဟပတေ့မင်းက နွေရာသီ ပူအိုက်တဲ့ကာလကြီးမှာ ရေသဘင်ဆင်ယင် ကျင်းပလေ့ရှိသတဲ့။ ပုဂံနန်းတော်ကနေပြီးတော့ ဧရာဝတီမြစ်ဆိပ်အထိ အမိုးအကာအရံတွေနဲ့ လမ်းအရှည်ကြီးခင်းပြီး မောင်းမမိဿံ၊ အခြွေအရံတွေနဲ့ ရေကစားထွက်လေ့ရှိသတဲ့။ နရသီဟပတေ့မင်းကြီးက မိဖုရားစောလုံကို ကျီစယ်စနောက်ချင်တဲ့ အတွက်ကြောင့် ရေရွဲရုံသာမက ရေမွန်းအောင်ပါ ဝိုင်းပက်ကြဖို့ မောင်းမမိဿံတွေကို မှားကြားထားသတဲ့။ ရှင်ဘုရင်ရဲ့ စေခိုင်းချက်ဆိုတော့ ဘယ်နေဝံ့မတုန်း ရေမွန်းအောင်ဝိုင်းပက်ကြတော့တာပေါ့။ မိဖုရားစောလုံခမျာ ရေမွန်းရုံသာမက နရသီဟပတေ့မင်းနဲ့ မောင်းမမိဿံတွေ ဝိုင်းဝန်းရယ်မောကြတော့ ရှက်သွားရှာတာပေါ့။ အဲ့ဒီ မကျေနပ်စိတ်ကနေပဲ နရသီဟပတေ့မင်းကို အဆိပ်ခတ်သတ်ဖို့ ကြံရွယ်တော့တာပဲ။ အဲ့ဒါကို သိသွားတဲ့ နရသီဟပတေ့မင်းကလည်း မိဖုရားစောလုံကို သတ်ခိုင်းလိုက်တာပေါ့။ သတ်ခိုင်းလိုက်ပေမယ်လို့ နရသီဟပတေ့မင်းက မိဖုရားစောလုံအပေါ် အတော်လေးချစ်မြတ်နိုးတာကြောင့် ည,ည ' စောလုံစောင့်ပါခလှည့်'လို့ အိပ်မက်ယောင်ရှာသတဲ့။ အဲ့ဒီသမိုင်းကြောင်းကို ပြန်ကြည့်ပြီးပြောရရင် တို့မြန်မာတွေ သင်္ကြန်ရေကစားတဲ့ဓလေ့က ပုဂံခေတ်နရသီဟပတေ့မင်းလက်ထက်က စတယ်လို့လည်း အများကဆိုကြတယ်ကွ"
" အဲ့ဒါနဲ့ပတ်သက်ပြီး မင်းတို့လူငယ်တွေလည်းသင်ခန်းစာယူစရာတစ်ခုပေါ့ကွာ။ ကျီစားဖန်များတော့ ရန်များတယ်ပေါ့ကွာ။ သင်္ကြန်ရေပက်​တာလည်း စည်းလေးကမ်းလေးနဲ့ ကစားကြပေါ့ကွာ။ အပျော်ကနေ အပျက်မဖြစ်စေကြနဲ့ပေါ့"
" ကျွန်တော်တို့ မြန်မာ့ရိုးရာ အတာသင်္ကြန်နဲ့ပတ်သတ်ပြီး ယဥ်ကျေးမှုဓလေ့တွေ ထင်ရှားတဲ့ အဖြစ်အပျက် အကြောင်းအရာတွေကလည်း အတော်လေးကို စုံစုံလင်လင်ရှိတာပဲနော်...ဘကြီး"
ကျွန်တော့်ဖေဖေက စကားစလိုက်သောအခါ ဘကြီးလှဖေကလည်း
"အများကြီးရှိတာပေါ့ကွာ...ယဥ်ကျေးမူဓလေ့ဆိုလို့ ငါ့အနေနဲ့ကတော့ မြန်မာ့အတာသင်္ကြန် လို့ပြောလိုက်တာနဲ့ ပိတောက်ပန်းရယ် ၊ ငွေဖလားရယ် ၊ အုန်းလက်မဏ္ဍပ်လေးတွေရယ် ၊ စတုဒီတာကျွေးတာလေးတွေရယ်နဲ့ ကမ္ဘာအရပ်ရပ်ကလူတွေကို တွဲသိစေချင်တာကွ။ ဒါမှ...မြန်မာ့ရိုးရာ အတာသင်္ကြန်နဲ့ တခြားနိုင်ငံက ရေကစားပွဲတော် တွေနဲ့ မတူဘူးဆိုတာသိမှာကွ။ တို့နိုင်ငံမှာ ဒါမျိုးယဥ်ကျေးမှု ဓလေ့ထုံးတမ်းအစဥ်အလာတွေ ရှိတယ်...ဒါတွေက မြန်မာနိုင်ငံမှာသာ ရှိတာဆိုတဲ့ ဂုဏ်ပုဒ်တွေကို လိုချင်တာကွ...နိုင်ငံအချင်းချင်း ကူးလူးဆက်ဆံကြလို့သာ ယဥ်ကျေးမှု ဓလေ့ချင်းရောယှက်ချင်ယှက်မယ် မြန်မာ့ဓလေ့မြန်မာ့ဟန်က မြန်မာမှာပဲရှိတာဆိုတာ ပြချင်တာကွ"
မျိုးချစ်စိတ်ဓါတ်အပြည့်နှင့် အားမာန်ပါပါ ပြောကြားနေသည့် ဘကြီးလှဖေသည် ကိုဘဟိန်းသပိတ်တရားဟောနေသည့်အလား...။
" ဘကြီးလည်း လူကြီးတစ်ယောက်အနေနဲ့ သင်္ကြန်နဲ့ပတ်သက်ပြီး မပျောက်မပျောက်အောင် ထိန်း
သိမ်းစောင့်ရှောက် စေချင်တဲ့ အမွေအနှစ်တွေ ၊ ချစ်စရာရိုးရာအစဥ်အလာတွေရှိတယ်ဆိုရင် ပြောခဲ့ဗျာ...ကျွန်တော်တို့ ပိုပြီးသိသွားတာပေါ့"
ဦးလေးသာဖြိုးက ငယ်ရွယ်သူပီပီ အသက်
အရွယ်အတွေ့အကြုံ ကြီးရင့်သူထံတွင် အကြံဥာဏ်တောင်းခံသည့် သဘောပင်ဖြစ်သည်။
" သင်္ကြန်ပွဲတော်ရဲ့ နှစ်သက်ကြည်နူးစရာအကောင်းဆုံးကတော့ သက်ကြီးပူဇော်ပွဲပဲကွ။ လူငယ်တွေက သက်ကြီးရွယ်အိုတွေကို လက်သည်း ၊ ခြေသည်းညှပ်ပေးတာ ၊ ခေါင်းလျှော်ရေချိုးပေးတာ ၊ နှိပ်နယ်ပေးတာ ၊ သနပ်ခါးလိမ်းပေးတာ အဲ့ဒီ ကုသိုလ်ကောင်းမှုတွေအပြင် ရိုသေမြတ်နိုးစွာ ကန်တော့ကြတာကလည်း ကမ္ဘာမှာမရှိတဲ့ တန်ဖိုးထားရမယ့် မြန်မာ့ယဥ်ကျေးမှုအမွေအနှစ်ပဲကွ။ ဂါရဝေါစ နိဝါတောစ မင်္ဂလာ ၊ ပူဇာစ ပူဇနေယျာနံ မင်္ဂလာတို့နဲ့လည်း ညီညွတ်တယ်ကွ။ သင်္ကြန်ပွဲတော်ရက်မှာဆိုရင် လူကြီး ၊လူငယ်တချို့ တရားစခန်းဝင်လို့ ဝိပသနာတရားတော်တွေကိုတောင် ပွားများအားထုတ်ကြသေးတာကွ။ လူငယ်တချို့ကတော့ ရတောင့်ရခဲလှတဲ့ လူ့ဘဝမှာ ဒုလ္လဘ ရဟန်းတွေဝတ်ကြသလို ၊ တချို့ အမျိုးသမီးများကြတော့လည်း သီလရှင်ဝတ်ပြီး သင်္ကြန်ရက်တွေမှာ ကုသိုလ်ကောင်းမှုယူခြင်းနဲ့သာ ကုန်လွင်စေတာက သင်္ကြန်ပွဲတော်နဲ့ သင်္ကြန်ရုံးပိတ်ရက်တွေကို အကျိုးရှိရှိ အသုံးချလိုက်နိုင်တာပဲကွ။ ပဗ္ဗဇ္စိတဘာဝ ဒုလ္လဘတရားတော်ကို လိုက်နာကျင့်သုံးခြင်းပေါ့ကွာ။ သက်ကြီးရွယ်အို အတော်များများနဲ့ တချို့သူတွေကတော့ ဘုန်းတော်ကြီးကျောင်းတွေကိုသွားကြပြီး ရှစ်ပါးသီလ ၊ ကိုးပါးသီလတွေကို ဆောက်တည်ကြတာပေါ့။ နေ့လည်တွေမှာဆိုရင်တော့ သံဃာတော်တွေထံကနေ နိဗ္ဗာန်ရောက်ကြောင်း တရားတော်တွေ နာယူတာ ၊ တရားထိုင်တာ ၊ ပုတီးစိတ်တာ ၊ မေတ္တာကမ္မဌာန်းစီးဖြန်းတာ ၊ မိမိတို့ ဥပုသ်သည် အချင်းချင်း တရားစကား ဆွေးနွေး ဗဟုသုတဖလှယ်တာတွေကို ပြုလုပ်ကြတယ်။ဗာဟုသစ္စဥ မင်္ဂလာ ၊ ကာလေနဓမ္မသာကစ္ဆာ မင်္ဂလာတရားတော်တွေကို လိုက်နာကျင့်သုံးခြင်းလို့ ပြောလို့ရတာပေါ့ကွာ။ နှစ်သစ်ရဲ့ အဦးဆုံးနေ့ဖြစ်တဲ့ နှစ်ဆန်း(၁)ရက်နေ့မှာ ငါးလေးတွေ ၊ ငှက်လေးတွေ ၊ နွားတွေ ၊ တိရစ္ဆာန်လေးတွေကို ဘေးမဲ့လွှတ်ပေးပြီး ဇီဝိတဒါန အလှူဒါနပြုကြတယ်ကွ။ ညနေချမ်းအချိန်တွေမှာဆိုရင်တော့ ကျေးရွာ ၊ရပ်ကွက် လမ်းဆုံလမ်းခွတွေမှာ သံဃာတော်တွေ ပင့်ဖိတ်ပြီး တစ်နှစ်တာ အန္တရာယ်ကင်းစင်စေဖို့ ပရိတ်တရားတော်တွေ ၊ ကမ္မဝါစာတွေ ရွတ်ဖတ်သရဇ္စျာယ် တော်မူကြတယ်။အစဥ်အလာယုံကြည်မှုပဲပေါ့။ အဲ့တာလေးတွေကတော့ ချစ်စရာ​ကောင်းတဲ့ မြန်မာ့ရိုးရာအစဥ်အလာဖြစ်သလို မပျောက်မပျက်အောင် ဆက်လက်ထိန်းသိမ်းရမယ့် အမွေအနှစ်တွေလို့ ငါကတော့ ပြောချင်တယ်ကွာ"
ဘကြီးလှဖေပြီးလျှင် ဦးလေးသာဖြိုး၏ အလှည့်ရောက်လို့လာ၏။
" ဆရာမောင်ခင်မင်(ဓနုဖြူ)ရဲ့ စာထဲကလိုပဲ အေးမြတဲ့ကျောက်စက်ရေကို ဖန်ပြာခွက်နဲ့သောက်မှာ ပိုအရသာရှိတယ်လိုပေါ့ဗျာ...မြန်မာ့ရိုးရာအတာသင်္ကြန်ကလည်း အချင်းချင်းစည်းလုံးညီညွတ်မှု ၊ ရိုသေကိုင်းရှိုင်းမှု ၊ စေတနာသဒ္ဒါတရား ထက်သန်မှုတွေ ပြည့်နှက်နေတဲ့ ယဥ်ကျေးမှု ထုံးတမ်းအစဥ်အလာတွေနဲ့မှ ပိုပြီး ပေါ်လွင်တယ်ဗျ"
" ဒါပေါ့ကွ သာဖြိုးရ...သင်္ကြန်ရဲ့အနှစ်သာရက အဲ့တာပဲကွ။ မှတ်ထား။ ရေပက်ရုံသက်သက်နဲ့တော့ သင်္ကြန်ဖြစ်မလာဘူးကွ ဒီအချိန်ဒီရာသီမှာ လူကြီးမိဘတွေကို ဘယ်လိုပူဇော်ကန်တော့ရမယ် ၊ ဘယ်လိုထုံးတမ်းအစဥ်အလာတွေကို ဆက်လက်ထိန်းသိမ်းရမယ် ဆိုတာတွေက သင်္ကြန်ရဲ့ ထောက်တိုင်တွေပဲကွ။ နှစ်သစ်ကူးရေပက်တာ ငါတို့နိုင်ငံ တစ်နိုင်ငံတည်းမှ မဟုတ်တာလေကွာ...ထိုင်း ၊ ကမ္ဘောဒီးယား ၊ လာအိုတို့တောင် ပက်ကြသေးတာပဲ ရေပက်တာချင်းတူပေမယ့် ရည်ရွယ်ချက်ချင်း ၊ ယဥ်ကျေးမှုချင်း ၊ ဓလေ့စရိုက်ချင်းမှမတူတာ...အဲ့ဒါအနှစ်သာရပဲ။ အဲ့ဒီအနှစ်သာရကို မပျောက်မပျက်အောင် ထိန်းသိမ်း​ဖို့က ငါတို့တာဝန်ပဲ ။ ငါပြောတဲ့ ဒြပ်မဲ့ယဥ်ကျေးမှုကို ပျောက်ပျက်မသွားအောင်ပေါ့ကွာ"
ဘကြီးလှဖေသည် လူကြီးပီပီ မိဘရိုးရာအစဥ်အလာများကို ပျောက်ပျက်သွားမှာစိုးရိမ်ရှာ၏။
" သာဖြိုး...ငါတို့ရွာကလေးမှာရှိတဲ့ အတာသင်္ကြန်နဲ့ပတ်သက်ပြီး ချစ်ခင်နှစ်သက်စရာကောင်းတဲ့ ရိုးရာအစဥ်အလာ အမွေအနှစ်တွေ ထူးထူးခြားခြားဖြစ်စဥ်လေးတွေ ပြောစမ်းကွာ"
" ဒါကတော့ သိပ်မခက်လှပါဘူး ဘကြီးရာ...ကိုယ့်ရပ်ကိုယ့်ရွာအကြောင်း သိပ်သိတာပေါ့ဗျ"
" သင်္ကြန်ရောက်ပြီဆိုတာနဲ့ အရပ်ဝေးရပ်နီး မြို့ရောက်နေတဲ့သူတွေအကုန် ရွာကိုပြန်လာကြပြီး သက်ကြီးရွယ်အိုတွေကို ကန်တော့တာ ၊ မပြန်နိုင်တဲ့ နိုင်ငံခြားကသူတွေကလည်း အချင်းပိုက်ဆံစုပြီး ဆေးဝါး ၊ မုန့်ပဲသရေစာ ၊ ပိုက်ဆံ သူတို့အဆင်ပြေသလို ကန်တော့ကြတာတွေကလည်း ကျွန်တော်တို့ရွာလေးရဲ့ ယဥ်ကျေးမှုအစဥ်အလာတစ်ရပ်လို့ ပြောလို့ရနေပြီမို့လား ဘကြီး"
" ရတာပေါ့ကွာ...ဘယ်နေရာ ရောက်နေရောက်နေ ကိုယ့်ရပ်ကိုယ့်ရွာကို မမေ့မလျော့ မြတ်နိုးတွယ်တာတဲ့စိတ်ကို ငါကတော့ လေးစားတယ်ကွာ။ သင်္ကြန်ဆိုရင် တို့ရွာမှာ လူအစုံဆုံးပဲမဟုတ်လား။ အဲ့ဒါလေးကိုက တို့ရွာလေးရဲ့ တမူထူးခြားမူပဲကွ"
"ရွာမှာဆိုရင် သင်္ကြန်အခါရောက်ပြီဆိုတာနဲ့ ဟင်းကောင်းဟင်းလျာတွေနဲ့ ဘုန်းကြီးကျောင်းတွေ ၊ ရွာရဲ့သက်ကြီးရွယ်အိုတွေကို ကန်တော့ကြတာပေါ့။ ကျွန်တော်တို့ရွာအခေါ် မနက်ခင်းမှာကန်တော့တာကို "အစို" ကန်တော့တယ်လို့ ခေါ်ကြတာကိုဗျ။ ထမင်းချိုင့်နဲ့ ဝက်သား ၊ အမဲသား ဟင်းကောင်းတွေနဲ့ ကန်တော့ကြတယ်လေ။ နေ့လည်ခင်းကန်တော့တာကိုတော့"အခြောက်"ကန်တော့တယ်လို့ ခေါ်ကြပြန်တာပေါ့ဗျာ။ မုန့် ၊ ဆန် ၊ ဆေးဝါး ၊ အချိုရည် တွေနဲ့ ကန်တော့ကြတယ်ဗျ။ နှစ်ဆန်းတစ်ရက်နေ့ရောက်ရင် အိမ်သန့်ရှင်းရေး ၊ လမ်းသန့်ရှင်းရေး ၊ ရပ်ရွာသန့်ရှင်းရေးတွေ စုပေါင်းလုပ်ဆောင်တာ ၊ ရွာထဲက အိမ်တိုင်းအိမ်တိုင်း ရေအိုးအသစ်လဲတာ ၊ သက်ကြီးပူဇော်ပွဲလုပ်တာ ၊ သက်ကြီးရွယ်အိုတွေကို ခေါင်းလျှော်ပေးတာ ၊ ချိုးရေခပ်ပေးတာ ၊ ခြေသည်းလက်သည်းညှပ်ပေးတာ ၊ ဘုရားမှာ အဖွဲ့လိုက်ရေသပ္ပါယ်ကြတာ ၊ ကလေးလူကြီးပါမကျန် ဥပုသ်သီလ ဆောက်တည်တာ ၊ ပရိတ်မွှန်းတာ ၊ ကမ္မဝါစာဖတ်တာ ၊ စတုဒိသာကျွေးတာ၊ ငှက်လေးတွေ ၊ ငါးလေးတွေလွှတ်တာတွေက ကျွန်တော်တို့ရွာမှာဆိုရင် ထူးထူးခြားခြား ဖြစ်စဥ်လို့ပဲ ပြောရမလား ၊ အစဥ်အလာလို့ပဲပြောရမလားပဲဗျ။ ကျွန်တော်တို့ ငယ်ငယ်ကတည်းက အခုချိန်အထိရှိနေဆဲပဲဗျ။ မုန့်လုံးရေပေါ်ထဲ ငရုပ်သီးထည့်တဲ့ အစဥ်အလာကလည်း အခုထက်ထိ ရှိနေတုန်းပဲဗျ။ အဲ့ဒီလို စနောက်တတ်တဲ့ ဓလေ့ကလည်း ပျော်စရာလည်းကောင်းတယ်ဗျ။ တောရော မြို့ပါမကျန် အခုထက်ထိ ရှိနေဆဲပဲဗျ"
" အေး...အဲ့ဒီဓလေ့တွေကို မပျောက်ပျက်အောင် ထိန်းသိမ်းရမယ့်တာဝန်က မင်းတို့ငါတို့မှာ အပြည့်ရှိတယ်နော် ။ တိုင်းပြည်တစ်ပြည်မှာ ယဥ်ကျေးမှု ဓလေ့ထုံးတမ်းအစဥ်အလာ ပျောက်ပြီဆိုတာနဲ့ လူမျိုးပျောက်ဖို့ဆိုတာ နီးစပ်လာပြီကွ။ မင်းတို့ခေတ်က ပိုဆိုးတာပေါ့ကွာ အင်တာနက်ခေတ်ဆိုတော့ တစ်နိုင်ငံနဲ့တစ်နိုင်ငံ ယဥ်ကျေးမှုခြင်း ကူးလူးဆက်ဆံတာ မြန်တယ် ၊ တစ်နိုင်ငံနဲ့တစ်နိုင်ငံ ယဥ်ကျေးမှုခြင်း အပြိုင်အဆိုင် လွှမ်းမိုးနေတဲ့ခေတ်မှာ တခြားနိုင်ငံက ယဥ်ကျေးမှု ဝါးမြိုတာမခံရဖို့လိုတယ်ကွ။ ယဥ်ကျေးမှု ဓလေ့ထုံးစံဆိုတာ နိုင်ငံတစ်နိုင်ငံရဲ့ ဘိုးဘွားပိုင်အမွေအနှစ်ကွ။ ရှမ်းပြည်က လက်ဖက်ခင်းတွေ...ဖားကန့်က ကျောက်စိမ်းတွင်းတွေတင် ဘိုးဘွားပိုင် အမွေအနှစ်မဟုတ်ဘူးကွ။ တို့နိုင်ငံမှာ ဘိုးဘွားပိုင် အမွေအနှစ်တွေက ဒြပ်ရှိရော ဒြပ်မဲ့ရောပဲကွ"
ဘကြီးလှဖေစကားများသည် အတွေးအမြင် နှင့် ခံစားချက်များစွာ ပါဝင်နေပေ၏။
ထို့နောက် ဦးလေးသာဖြိုးက
" ကျွန်တော်​တို့ ပြောဖို့တစ်ခုမေ့နေကြတယ်ဗျ။ သင်္ကြန်ရဲ့ အထိမ်းအမှတ်ပန်းလေဗျာ..."
" ဟုတ်ပါ့...သာဖြိုးရာ တို့စကားဝိုင်းမှာ ပိတောက်ပန်းကို မေ့နေကြတာ။ ပိတောက်ပင်အောက်ထိုင်နေကြပြီး။ ပိတောက်ပွင့်ချိန် အတာကူးချိန်ပဲကွ။ ငါတော့ဖြင့် ပိတောက်တွေပွင့်နေတာ ၊ ပိတောက်ပန်းတွေကို ခေါင်းမှာဝေနေအောင်ပန်းထားတာ မြင်ရင်ကို စိတ်ထဲက အလိုလို ပီတိ​ဖြစ်နေတာကွ။ အဲ့တာကလည်း အမွေအနှစ်တစ်ခုပဲကွ သာဖြိုး မှတ်ထားကြကွ။ ၂၀ရာစုမတိုင်ခင်တုန်းကတော့ သင်္ကြန်ပန်းအနေနဲ့ ရင်ခတ်ပန်းနဲ့ ကံ့ကော်ပန်းတွေကို အသုံးပြုခဲ့ကြတယ်လို့ဆိုကြတယ်ကွ။ အခုတော့ ပိတောက်ပန်းဆိုတာ မြန်မာတစ်မျိုးသားလုံးရဲ့ အထိမ်းအမှတ်ပန်း ၊ သင်္ကြန်ရဲ့ ကိုယ်စားပြုပန်းဖြစ်နေပြီကွ။ ပိတောက်ပန်းရနံ့လေးရယ် မြေသင်းနံ့လေးရယ်က မြန်မာသင်္ကြန်ကို ကိုယ်စားပြုဖော်ပြနေကြတဲ့ ရနံ့တွေပဲကွ"
" ဟုတ်ပါ့ဗျာ...ဘကြီးပြောတာမှန်တယ်ဗျ"
ကျွန်တော့်ဖေဖေက ဘကြီးလှဖေစကားကိုအားပါးတရထောက်ခံလေ၏။
"ကျွန်တော်လည်း ဟိုတလောကပဲ ဆရာမင်းသုဝဏ်ရဲ့ အိုးစည်သံရသစာတမ်းကို ဖတ်ပြီးအခုဟာနဲ့ ဆက်စပ်တွေးမိတာလေးရှိတယ်ဗျ"
"လုပ်စမ်းပါအုန်းဟ...အသိတစ်မျိုးတိုးတာပေါ့ကွာ"
ဘကြီးလှဖေနှင့် ဦးလေးသာဖြို့တို့ နှစ်ယောက်က စကားဝိုင်းကို ဦးဆောင်နေသူများဖြစ်သည့်အလျောက်တစ်ယောက်တစ်မျိုးစီ ပြောကြားနေကြသည်မှာ အားကျကြည်နူးစရာဖြစ်၏။
" ဆရာမင်းသုမင်းဝဏ်က ဒီလိုရေးထားတယ်ဗျ...'တန်ခူးလ သင်္ကြန်တွင်းသို့ရောက်သောအခါ တစုတဝေးကြီး ထွက်လာကြပြန်၏။ ထိုအချိန်ကား နွေခေါင်ခေါင်တည်း ။ ရေလည်းပူ၏။ လေလည်းပူ၏။ သစ်ပင်​တို့သည်လည်း ကျိုးတိုးကျဲတဲ ခပ်မွဲမွဲပင်ရှိကြ၏။ ရွာလမ်းတို့သည် ဖုတ်တထောင်းထောင်းနှင့် ဖြစ်လေ၏။ အထက်ပူ ၊ အောက်ပူ ၊ ရှေ့ပူ ၊ နောက်ပူ ၊ ဝဲယာနှစ်ဖက်လည်းပူသော တန်ခူးလအပူထဲတွင် အိုးစည်အသံ စီညံညံသည် ရွာရိုးတွင် မြည်ဟိန်းပြန်၏။ သင်္ကြန်ထမင်းကျွေးသော အိမ်ရှေ့ဆီကလည်း မြည်၏။ လူမျောက်ပွဲဆီကလည်း မြည်၏။ ဘေးမဲ့နွားကြီးအတွက် အလှူခံသည့်ဆီကလည်းမြည်၏။ ဤသို့ဖြင့် ညိုသောအသားရောင်သည် မြန်မာတို့၏ အမျိုး
သားအသားရောင်ဖြစ်သကဲ့သို့ အိုးစည်သံသည်လည်း မြန်မာတို့၏ အမျိုးသားတူရိယာသံ ဖြစ်လေသည်' လို့ရေးသားထားတာဗျ"
" သာဖြိုး...အဲ့ဒီဓလေ့လည်း တို့ခပ်ငယ်ငယ်တုန်း မီလိုက်သေးတယ်ကွ။ အခုနောက်ပိုင်း တို့အတော်ကြီးလာတဲ့ အချိန်​လောက်က​စပြီး သင်္ကြန်မှာ အိုးစည်တီးတဲ့ဓလေ့ မရှိတော့တာကွ။ ဘကြီးလှဖေအိမ်မှာ အရင်က အိုးစည်ကြီးတွေ မြင်မိပါသေးတယ် ။ အခုတော့ရှိသေးလားတောင် သေချာမကြည့်မိတော့ဘူး"
ဟု ကျွန်တော့်ဖေဖေက ဝင်ရောက်ပြောဆိုလိုက်သောအခါ...ဘကြီးလှဖေကလည်း
" ရှိပါ့ဗျာ...ရှိပါ့။ ငါ့ဖြင့်နှမြောလွန်းလို့ အိမ်ပေါ်မှာ အရှုပ်ခံပြီးတော့တောင် သိမ်းထားတုန်းပဲကွ...ကဲ...သာဖြိုးရေ ဆရာမင်းသုမင်းဝဏ်ပြောသလိုဆို ငါတို့ရဲ့မြန်မာ့အမျိုးသားတူရိယာသံဖြစ်တဲ့ အိုးစည်သံကတော့ သင်္ကြန်မှာ အသံဆိတ်နေတာ အတော်တောင်ကြာခဲ့ပြီကွ။ သာအောင်တို့တောင် မီရုံပဲမီလိုက်မှာ။ အဲ့မှာပဲကြည့် ဆယ်စုနှစ်အတွင်းမှာတောင် သင်္ကြန်မှာအိုးစည်တီးတဲ့ ချစ်စရာရိုးရာအစဥ်အလာလည်း ပျောက်ကွယ်သွားပြီလို့တောင် ပြောလို့ရနေပြီနော်။ တခြားဒေသတွေမှာလည်း ငါ့တော့ဖြင့် မမြင်မိ မကြားမိတာတော့ အမှန်ပဲကွ။ အခုနောက်ပိုင်းလူငယ်တွေဆို သင်္ကြန်မှာအိုးစည်တယ်ဆိုတာတောင် မသိကြတော့ဘူးကွ။ ပျောက်ပျက်မသွားအောင် ထိန်းသိမ်းရမယ့်အမွေအနှစ် အဖြစ်တောင်မဟုတ်တော့ဘူးနော် ပြန်လည်ဆန်းသစ်လာအောင် ဖော်ထုတ်ရမယ့် မြန်မာ့ရိုးရာအစဥ်အလာအမွေအနှစ်တစ်ခုဖြစ်နေပြီကွ"
"ဒါနဲ့ဘကြီးရယ်...သင်္ကြန်ဆိုတာ မြန်မာနိုင်ငံအနှံ့အပြားမှာ လုပ်ကြတာဆိုတော့ လူမျိုးတစ်မျိုးနဲ့ တစ်မျိုး တစ်ဒေသနဲ့တစ်ဒေသ လုံးလုံးလျားလျားကြီးတော့ တူကြမှာတော့ မဟုတ်လောက်ဘူးထင်ပါရဲ့ဗျာ"
ကျွန်တော့်ဖေဖေက သူ့အထင်အမြင်တစ်ခုဖြင့် ထပ်မံ၍ စကားဆက်လိုက်၏။
" ဒါတော့...ဘယ်တူနိုင်မလဲ သာအောင်ရာ ငါတို့မြေပြန့်မှာတောင် တူကြတာမှမဟုတ်ဘဲ။ မြန်မာနိုင်ငံမှာ တိုင်းရင်းသား လူမျိုးစုများတာမို့ သင်္ကြန်ကျင်းပတဲ့ ပုံစံတွေကလည်း မတူညီနိုင်ဘူးကွ။ရခိုင်ဒေသမှာ တမူထူးခြားသလို ရှမ်းပြည်ဘက်မှာလည်း တစ်မျိုးဆန်းနေလိမ့်မယ်။ ငါတို့ဓလေ့ ငါတို့အစဥ်အလာကမှသာ သင်္ကြန်မဟုတ်ဘူးနော်...တိုင်းရင်းသားတွေမှာလည်း သူတို့ဓလေ့ သူတို့နဲ့ကိုက်ညီတဲ့ ရိုးရာအစဥ်အလာတွေရှိကြတာပဲ။အဲ့လိုမတူညီမူတွေကိုလည်း တန်ဖိုးထားလေးစားပြီး မပျောက်မပျက် ဆက်လက်ထိမ်းသိမ်းရမယ့် အမွေအနှစ်တွေထဲမှာလည်း ပါတယ်နော်..."
ဘကြီးလှဖေကတော့ သင်္ကြန်နဲ့ပတ်သက်တဲ့မြန်မာ့ရိုးရာအစဥ်အလာတွေကို မ​ပျောက်ပျက်​အောင် စွမ်းစွမ်းတမံဆောင်ရွက်ချင်ရှာသည့် ပုဂ္ဂိုလ်ကြီးပေတည်း။
"အဲ့တာမပြောနဲ့ ငါတို့ခေတ်နဲ့ မင်းတို့ခေတ်တောင် တူတော့တာမှမဟုတ်တော့တာ။ ငါတို့ခေတ်တုန်းက သင်္ကြန်းနဲ့ အခုမင်းတို့ခေတ်သင်္ကြန် ကွဲပြားလာပုံလေးတွေကိုလည်း ပြောပြချင်သေးတယ်ကွာ...မင်းတို့လည်း သိရအောင်ပေါ့"
"လုပ်စမ်းပါအုန်း...ဘကြီးရာ ဘယ်လိုမတူတော့တာတုန်း"
ကျွန်တော့်ဖေဖေက မေးလိုက်၏။
" ငါတို့ငယ်ငယ်ကတုန်းက သင်္ကြန်နဲ့ အခုခေတ်သင်္ကြန် အတော်လေးတော့ ကွာခြားလာတယ်ကွ ။ ဒီနေ့ခေတ်ကတော့ ရပ်ကွက်လေးတွေထဲလောက်ကပဲ အုန်းလက်မဏ္ဍပ်ထိုးကြပြီး လူစည်ကားတဲ့ မြို့လည်ခေါင်တွေ နေရာအများစုမှာ သင်္ကြန်ရေပက်စင်ပဲ ဆောက်ကြတော့တာပါ။ တို့ခေတ်တုန်းကလို ပိတောက်ပန်းတွေဝင်းဝါနေအောင် အလှဆင်ထားတဲ့ အုန်းလက်မဏ္ဍပ်တွေအစား စတိတ်ရှိုးစင်တွေပဲ ပိုနေရာယူလာကြတယ်။ ငါတို့ခေတ်တုန်းက မိန်းမပျိုတွေက သင်္ကြန်မလည်ကြဘူးကွ အခုလို ယာဥ်တွေလည်း မပေါ် သေးတာရောတော့ ပါမှာပေါ့ကွာ ။ ရေလောင်းချင်ရင် ကန်တော့သွားတာစောင့်ပြီးလောင်း ဒါမှမဟုတ် အိမ်တိုင်ရာရောက်သွားပြီး ကိုယ်လောင်းချင်တဲ့မိန်းမပျိုကို ခွင့်တောင်းပြီး လောင်းရတာကွ ။ ဘေးရွာတွေမှာရှိတဲ့ မိန်းမပျိုတွေရေသွားလောင်းတယ် ဆိုတာတောင်မှ အဲ့ဒီရွာရဲ့ ရွာခံတွေ ကာလသားတွေက ကျေနပ်မှ လက်ခံမှ လောင်းလို့ရတာက ။ ခွင့်ပန်ပြီး လောင်းရတာကွ။ အခုမင်းတို့လို ဆိုင်ကယ်ပေါ်တွေ ကားတွေပေါ်ကနေ 'ဗွမ်း'ခနဲ ပက်သွားလို့မရဘူးကွ။ တို့ကလေးတုန်းကဆိုရင် ပက်စရာလူမရှိတော့ဘူးဆိုမှ ရွာထဲက ကလေးတစ်ဖွဲ့လိုက်ကြီး ရွာတောင်ကချောင်းကိုသွားရတာ ပျော်စရာပေါ့ကွာ ။ နေထန်းတစ်ဖျားရောက်လို့ ချောင်းရေချိုးလို့ဝခါမှ နေပူကြီးထဲကနေ ပြန်လာကြတာ။ အဲ့တာ ငါတို့တောရွာအတော်များများပဲ။ သင်္ကြန်လည်တာကလည်း ကာလသားကြီးတွေ လောက်ကပဲတခြားရွာက မိန်းမပျိုတွေကို တကူးတကသွားလောင်းကြတာမျိုး။မင်းတို့ခေတ်ကြတော့ ကလေးကအစ သင်္ကြန်လည်တဲ့ ကာလသားတွေနဲ့ လိုက်သွားကြဆိုတော့ ရွာထဲမှာ ရေပက်အောင်ကျန်ခဲ့တဲ့ကလေးက ခြောက်ကပ်ကပ်ပေါ့ကွာ"
" ငါတို့ခေတ်တုန်းကနဲ့ယှဥ်ပြီးတော့ အခုသင်္ကြန်ရဲ့ တချို့အရာလေးတွေကိုတော့ သိပ်မနှစ်မြို့တာလေးတွေလည်း ရှိတယ်ကွာ"
ဘကြီးလှဖေ၏ လေသံက လေးနက်မှုအပြည့်နှင့် တည်ငြိမ်စွာပြောကြားနေသည်ကိုလည်း တွေ့ရ၏။
" ပြောသာပြော ဘကြီး...ဘကြီးတို့ပြောမှ ကျွန်တော်တို့က သိလို့ပြင်စရာရှိတာ ပြင်လို့ရမှာဗျ"
" မင်းတို့ဟာက သင်္ကြန်ပျော်ပြီးလို့ ပြန်လာကြပြီဆိုရင်လည်း ရွာထဲမှာ ဆောင်းဘောက်တွေဖွင့် တီးလုံးမြူးတာတွေနဲ့ ကကြခုန်ကြနဲ့။ ဟိုတုန်းက သင်္ကြန်လို ဆိတ်ငြိမ်အေးချမ်းမှု အရသာအပြည့်အဝ မခံစားကြရတော့ဘူး ။ အထူးသဖြင့် ဥပုသ်စောင့်တဲ့သူတွေ အနှောက်အယှက် ဖြစ်စေတော့တာပဲ။ မင်းတို့လူငယ်တွေကတော့ ကိုယ်လွတ်လပ်ပိုင်ခွင့်ပဲဆိုပြီး ပြောနေကြတာပေါ့ကွာ။ ဒီမိုကရေစီ ဒီမိုကရေစီနဲ့ ကိုယ်လုပ်ချင်တာ လွတ်လွတ်လပ်လပ် လုပ်ပိုင်ခွင့်ရှိတယ်ဆိုပြီး မှားနေကြတာကွ။ တကယ့် ဒီမိုကရေစီအစစ်က ကိုယ့်ရဲ့ လွတ်လပ်ခွင့်က တစ်ပါးသူကို အနှောက်အယှက်မဖြစ်စေရဘူးကွ ။ မပျော်နဲ့ မဟုတ်ပါဘူး ပျော်တာလည်း ပျော်ပေါ့ကွာ။ ရွာဆိုရင်လည်း သင်္ကြန်အတွင်း ပွက်လောရိုက်လို့ ရန်ပွဲတွေ ၊ ရိုက်ပွဲတွေက ပါလိုက်သေး ။ မြို့မှာဆိုလည်း ဘာထူးလဲကွာ ရိပ်သာထဲကသူတွေခဗျာ မသက်သာကြရှာဘူး။ ဟိုရပ်ကွက်ကလည်း ဆူ...ဒီရပ်ကွက်ကလည်းဆူနဲ့ ။ အဲ့ဒါတွေလည်း သိဖို့ကောင်းတယ်ကွ ဗုဒ္ဓဘာသာဝင်တွေဖြစ်ပြီးတော့...သင်္ကြန်မဏ္ဍပ်တွေမှာ မုန့်လုံးရေပေါ် ၊ ရွှေရင်အေး ၊ မုန့်လက်ဆောင် ၊ ဂျုံရည် ၊ သာကူရည် တွေနဲ့ စတုဒိသာ​တွေ ကျွေးမွေးတာ ငါ​ချီးကျူးတယ်ကွာ။ သင်္ကြန်နဲ့အတူ မြန်မာ့ရိုးရာမုန့်တွေကို ဖော်ပြပြီးသား ထိန်းသိမ်းပြီးသားလည်း ဖြစ်တယ်။ ဒါပေမယ့် အခုနောက်ပိုင်း မင်းတို့ခေတ်လူငယ်တွေက သင်္ကြန်မဏ္ဍပ်ခုံတွေမှာ အဖျော်ရည်ယမကာ ၊ ဘီယာတွေ တည်ခင်းထားတာတွေ့နေရတော့ အဲ့ဒါကိုတော့ သိပ်မနှစ်မြို့လှဘူးကွာ"
"သင်္ကြန်နဲ့ပတ်သက်ပြီး ရှောင်ကြဉ်အပ်တာ (၁၀) ပါးရှိတယ်ကွ...အဲ့တာတော့ မင်းတို့လည်း သိလောက်မယ်ထင်ပါရဲ့ကွာ"
" (၁၀) ပါးလုံးတော့ မကုန်မသိဘူး ဘကြီးလှဖေရဲ့ နည်းနည်းကျဥ်းကျဥ်းပဲသိတာ။ ပြောပြပါအုန်း"
ကျွန်တော့်မေမေက သိလို၏။
" မှတ်ထားကြကွဲ့..."
၁။ ရုဒ - ငိုကြွေးပူဆွေးခြင်း
၂။ မေထုန်န - မေထုံသံဝါသပြုခြင်း
၃။ မံသ - အသားဟင်းလျာစားသောက်ခြင်း
၄။ သူရာ - သေရည်သေရက်မူးရူးသောက်စားခြင်း
၅။ ကောဓ - အမျက်ဒေါသထွက်ခြင်း ၊ သတ်ပုတ်ခြင်း
၆။ ရုဓိရ - သွေးဖောက် ၊ သွေးထုတ်ခြင်း
၇။ တေလိက - ဆီလိမ်း ၊ ဆေးလိမ်းခြင်း
၈။ ရုက္ခေဆ - သစ်ပင်ခုတ်ဖြတ်ခြင်း ၊ ခုတ်လှဲခြင်း ၊
ထင်းဖြတ်ခြင်း
၉။ ကိဏ - ဝယ်ယူခြင်း ၊ ကျီသွင်းခြင်း
၁၀။ ဝိက္ကဏ - ရောင်းခြင်း ၊ ဆိုင်ထွက်ခြင်း
သင်္ကြန်တွင်းမှာ ရှောင်ကျဥ်ရာ ၁၀ဖြာတရားစု...တဲ့ကွ မှတ်ထားကြ"
ကျွန်တော့်ဖေဖေ ဘကြီးလှဖေပြောအပြီးတွင်
" ဘကြီး...ကျွန်တော်တို့ အခုလုပ်နေတာတွေက အတော်များများနဲ့ မကိုက်ညီဘူး ဖြစ်နေတယ်ဗျ။ ကျွန်တော်လည်း သင်္ကြန်ရော တခြားပွဲလမ်းသဘင်တွေနဲ့ ပတ်သတ်ပြီး မကြိုက်တာ တစ်ခုရှိသေးတယ်ဗျ"
ဟု ပြောလေရာ...ဘကြီးလှဖေကလည်
" ဆိုစမ်းပါအုန်းကွ"
"ဒီလိုဗျာ...ကျွန်တော်တို့က ဗုဒ္ဓဘာသာဝင်ဖြစ်ပါလျှက်နဲ့ ပွဲလမ်းသဘင်တစ်ခုခုရှိရင် ဝက်ပေါ်လိုက် အမဲပေါ်လိုက်နဲ့ဗျာ။ သီတင်းကျွတ်အခါပဲ ဖြစ်ဖြစ် ၊ သင်္ကြန်အခါပဲ ဖြစ်ဖြစ် ဘုန်းကြီးကျောင်းတွေ ရွာထဲက ဘိုးဘွားမိဘတွေ ကန်တော့ပြီဆိုရင် ကန်တော့တဲ့ သူတိုင်းရဲ့ဆွမ်းချိုင့်တွေထဲမှာ ဝက်သားဖြစ်ဖြစ် ၊ အမဲသားဖြစ်ဖြစ်မပါမဖြစ်ကို ပါကြတာ။ ရွာထဲရပ်ထဲမှာ ပြောသံတချို့တောင်ရှိသေးဗျ...ဝက်သားမရသေးလို့မို့ အမဲသားမရသေးလို့မို့ မကန်တော့ရသေးဘူး ဆိုတာတွေ။ အဲ့ဒါကြီးက ဘာနဲ့တူလဲဆိုတော့ ယဇ်ပူဇော်တာနဲ့ တူမနေဘူးလားဗျ။ ကျွန်
တော်တို့ ဒီလိုလုပ်ဖို့အတွက် သူတို့အသက်တွေ ပေးဆပ်လိုက်ရတာဗျာ။ အဆိုတော်ထူးအိမ်သင် သီချင်းတောင်ရှိသေးဗျ ' လောကမှာ ကိုယ်အသက်ဆက်ဖို့အတွက် တခြားဘဝတွေ ဆုံးရှုံးမသွားဖို့ပဲ ' တဲ့ဗျ။ ကျွန်တော်ဖြင့် ကုသိုလ်ရတယ်လို့ကို မထင်မိပါဘူးဗျာ။ ကျန်တဲ့ဘာသာဝင်တွေဆိုရင် အပြစ်မပြောပါဘူးဗျာ။ သူတို့ဘာသာ သူတို့လမ်းစဥ်က ကျွန်တော်တို့နဲ့ မတူလို့မို့ အခုဟာက ဗုဒ္ဓဘာသာဝင်ဖြစ်နေပါလျှက်နဲ့။ ဘုန်းကြီးကျောင်းတွေမှာဆိုရင်လည်း သင်္ကြန်ပြီးရင် ကျွန်တော်တို့အရပ်ခေါ်ပေါ့ အခါဟင်း အခါဟင်းနဲ့ ဝက်သား အမဲသားတွေ ပိုလျှံနေတာမှ ဒယ်အိုးကြီးတွေနဲ့ မနည်းမနောဗျ။ အဲ့ဒီအစဥ်အလာကတော့ ဆက်ပြီးထိန်းသိမ်းသင့်တဲ့ အစဥ်အလာထဲမှာတော့ မပါသင့်တော့ဘူးလို့ ယူဆတယ်ဗျာ"
" သာအောင် မင်းပြောတာ သိပ်မှန်တယ်ကွ။ဒါပေမယ့် အဲ့ဒီအစဥ်အလာကြီးက မင်းရောငါရော သတိတောင် မထားမိကြတော့ပါဘူးကွ။ ပြင်နိုင်မယ်ဆိုရင်တော့ အကောင်းဆုံးပေါ့ကွာ"
အကြီးနှင့်အငယ် တစ်လှည့်စီ မေးလိုက်ဖြေလိုက် ဆွေးနွေးလိုက်နှင့် သုတပေးစွမ်းသည့် စကားဝိုင်းတစ်ဝိုင်းသာမဟုတ် အတော်ပင် ရသမြောက်သည့် စကားဝိုင်းတစ်ဝိုင်းပါလား ဟုပင် ကျွန်တော်ပီတိဖြစ်မိ၏။
" သင်္ကြန်နဲ့ပတ်သက်ပြီး ငါတို့ခပ်ငယ်ငယ်တုန်းကပေါ့ကွာ ဦးနုခေတ်ပြည်တော်သာ ခေတ်​တုန်းက ရန်ကုန်သင်္ကြန်အကြောင်း ငါမှတ်မိသလောက်တော့ ပြန်ပြောပြအုန်းမယ်ကွ...ငါရန်ကုန်မှာ လိုက်နေခဲ့ဖူးသေးတော့ နည်းနည်းပါးပါးတော့ သိတယ်ကွ"
" လွတ်လပ်ရေးရပြီး ပြည်တော်သာခေတ်မှာ လွတ်လပ်စွာ ရေးသားပြောဆိုပုံနှိပ်ခွင့်က အနည်းဆုံး ၉၅% လောက်ပေးထားတဲ့အချိန်မို့ ရန်ကုန်သင်္ကြန်မှာ မီးသတ်ပိုက်တွေသုံးပြီး အကြမ်း
ပတမ်း ရေပက်တာ ၊ နိုင်ငံရေးမကျေနပ်ချက်တွေကို သရုပ်ဖော်ပြတာ ၊ သံချပ်ထိုးတာတွေ ခေတ်စားလာတယ်ကွ။ ရေပက်တာအကြမ်းဆုံးနေရာတွေကတော့ စမ်းချောင်း၊ ရှမ်းလမ်း (အခု ဗဟိုလမ်း)မှာရှိတဲ့ “နေဗီကွာတား” လို့ခေါ်တဲ့ ရေတပ် အရာရှိများရိပ်သာ၊ ဦးဝိစာရလမ်းနဲ့ ပြည်လမ်းကြားမှာရှိတဲ့ ယနေ့ခေတ် ပြည်သူ့ဥယျာဉ်ဖြစ်နေတဲ့ ပြည်ထောင်စု စစ်ရဲတပ်ဌာနချုပ်၊ ဝင်ဆာလမ်း (အခု ယုဇနပလာဇာ)နေရာမှာရှိခဲ့တဲ့ နေပြည်တော်စစ်ဌာနချုပ်တို့မှာကွ “မီးသတ်ပိုက်ကြီးစက်ကုန်တင် လူသတ်ပွဲပင်ထင်လောက် ပါရဲ့”ဆိုတဲ့သံချပ်တွေ ခေတ်စားလာတော့တာပဲ။စစ်ဌာန
ချုပ်တွေရှေ့မှာ ဝန်ကြီးချုပ်ဦးနုရဲ့ “လူထုအောင်သံပြဇာတ်”ကို ရုပ်ရှင်ရိုက်ရာကနေ ခေတ်စားလာတဲ့ “ဗိုလ်ကြီးရယ် ကျွန်မနွားကလေးကိုတော့ ပြန်ပေးခဲ့ပါရှင့်”ဆိုတဲ့စကားနဲ့သရော်ကြသေးဗျ ။ “ပုလိပ် တစ်မတ်၊ ပြူစောထီး ငါးမူး၊ ယူအမ်ပီ သုံးမတ်၊ အာမီ တစ်ကျပ်၊ ဂိတ်ကြေးသတ်” ဆိုတဲ့သံချပ်နဲ့လည်း အော်ကြ သရော်ကြနဲ့ပေါ့ကွာ။ ရေတပ်အရာရှိများရိပ်သာရှေ့မှာ "အမဲသားနဲ့အာလူး၊ အာလူးနဲ့ အမဲသား နေ့တိုင်းစားရတဲ့ စံပန်ဝါလား (သမ္ဗာန်သမား)တွေ” ဆိုတဲ့သံချပ်က ရေတပ်သားတွေ အထိအနာ ဆုံးသံချပ် ပေါ့ကွာ။ ရန်ကုန် တရုတ်တန်းနဲ့ ဘင်္ဂါလီစုမှာညစ်ပတ်သူတွေက မြောင်းပုတ်ရေနဲ့ ပက်လေ့ရှိကြလို့မို့ “တစ်ကိုယ်လုံးနံစော်ချင်ရင် ဘင်္ဂါလီစုကိုသွားကြစို့ရဲ့၊ ရေပုပ်နဲ့အပက်ခံချင်ရင် တရုတ်တန်းကို သွားလိုက်ကြဟဲ့”လို့ တောင် သံချပ်ထိုးတာကွ"
" အခုနောက်ပိုင်း သင်္ကြန်တွေမှာ သတိထားမိလာတာ တစ်ခုရှိတယ်ကွ။ အဲ့တာ သံချပ်ထိုးတာပဲကွ။ သံချပ်တွေနဲ့ ခေတ်ရဲ့လိုအပ်ချက်တွေ ၊ အုပ်ချုပ်သူအစိုးရတွေကို ဖော်ထုတ်ပြောဆိုချင်တာမျိုတွေနဲ့ မကျေနပ်ချက်ဖော်ထုတ်မှုတွေအတွက် တွင်တွင်ကျယ်ကျယ်အသုံးပြုလာကြတာကွ။ အရင်တုန်းကလည်း ရှိတော့ရှိတာပေါ့ အခုလောက်ကြီးတော့ သံချပ်က ခေတ်မစားသေးဘူးကွ"
" အဲ့တာလည်း ဟုတ်တယ်ဗျို့...အဲ့တာကလည်း ထိန်းသိမ်းရမဲ့ အမွေအနှစ်တစ်ခုပဲဗျ ။ မြန်မာသင်္ကြန်လို့ပြောလိုက်ရင် သံချပ်ထိုးတာရော တွဲမြင်အောင်ကြိုးစားတင့်တယ်ဗျ"
ဦးလေးသာဖြိုးက လှိုက်လှိုက်လှဲလှဲထောက်ခံ၏။
" လွတ်လေးရေးရပြီးစ ဦးနုတို့ကတော့ ဘကြီးကိုယ်တိုင်ကကြုံခဲ့တာပေါ့ဗျာ ။ ဘကြီးတို့ရဲ့ လူကြီးမိဘတွေနဲ့ ဟိုးရှေးယခင် မြန်မာဘုရင်တွေလက်ထက်ကသင်္ကြန်အကြောင်းလည်း ဘကြီးလက်လှမ်းမှီသလောက်ကြားသိရသလောက် ပြောပြပါအုန်းဗျာ ပြောလက်စနဲ့တစ်ထိုင်တည်းနဲ့ သင်္ကြန်အကြောင်း စုံသထက်စုံသွားတာပေါ့ဗျာ"
ဦးလေးသာဖြိုးကလည်း ဗဟုသုတလိုလားသူပီပီ သိလိုရာအကြောင်း မေးမြန်းတော့၏။
" အင်း...ငါလည်း တချို့ဟာက ငါတို့လူကြီးပြောခဲ့တာတွေ ကြားဖူးနားဝရှိတာတွေ ဖတ်ဖူးမှတ်ဖူးတာတွေ ပြန်လက်ဆင့်ကမ်းရတာပေါ့ကွာ"
" ရှေးမြန်မာမင်းတွေ လက်ထက်ကလည်း သင်္ကြန်ကျပြီဆိုရင် ငွေဖလားထဲ ရေကြည်ရေအေး ၊ အမွှေးနံ့သာတွေထည့်ပြီး သပြေခက်နဲ့ဖျန်းတာ တစ်ဦးနဲ့တစ်ဦး ရေလောင်းတာတွေ လောက်ပဲပြုလုပ်ကြတာ။ ဦးနုခေတ်တုန်းကလည်း ရန်ကုန်မြို့တော်ခန်းမရှေ့မှာရှိတဲ့ မြို့တော်ဝန်မဏ္ဍပ်မှာ ဝန်ကြီးချုပ်ဦးနုနဲ့ ဝန်ကြီးတွေ တစ်ခါတစ်ရံ နိုင်ငံတော် သမ္မတကြီး ဒေါက်တာဘဦးတို့ကပါ သပြေခက်နဲ့ ရေပက်တာ ၊ အလွန်ဆုံး ငွေဖလားနဲ့ ရေလောင်းတာတို့ တော့ လုပ်ကြတာပေါ့ကွာ။ ပိုက်နဲ့ပက်လေ့တော့မရှိပါဘူး။ အခုနောက်ပိုင်းတော့ နှစ်သစ်ကို အေးချမ်းစွာ ကြိုဆိုတဲ့သဘောနဲ့ ရေပက်တာ ၊ ရေလောင်းတာ ၊ ရေပိုက်နဲ့ပက်တာ ၊ ရေပြွတ်သေနတ်တွေနဲ့ ဆော့ကစားတာတွေ ဖြစ်လာကြတာ။ နှစ်ဟောင်းက အပူတွေ နှစ်သစ်မှာအေးမြစေဖို့နဲ့ နှစ်ဟောင်းက အညစ်အကြေးတွေ ၊ မကောင်းတာတွေကို နှစ်သစ်မှာ မပါစေလိုတာပေါ့ကွာ။ နှစ်ဟောင်းမှာ ကိန်းအောင်းနေတဲ့ ဘေးဥပဒ်အန္တရာယ်တွေ ၊ စိတ်ဆိုးစိတ်ညစ်တွေ ပပျောက်ကင်းစင်ပြီး သန့်ရှင်းစေရန် ရည်ရွယ်ပြီး လုပ်ဆောင်ကြတဲ့ သဘောပေါ့"
" ရှေးအခါက သင်္ကြန်ကျဖို့အတွက် ပထမဆုံးပြင်ဆင်ရတာကတော့ သင်္ကြန်အမြောက်ပစ်ဖောက်တဲ့ အစီအစဥ်ပဲကွ။ မြန်မာအစဥ်အလာအတိုင်း ပညာရှိဗေဒင်ဆရာတွေ တွက်ချက်ပေးထားတဲ့ အခါတော်ကျချိန်မှာ နန်းမြို့တံခါး (၁၂)ရပ်ကနေ အမြောက်(၃)ချက်စီပေးပြီး သင်္ကြန်ကျပြီဖြစ်ကြောင်း နိုင်ငံပြည်သူတွေကို အသိပေးလေ့ရှိတယ်တဲ့ကွ။ ပြီးတော့ သင်္ကြန်ကာလအတွင်း ရေကြည်ရေအေးနဲ့သာ ပက်ဖျန်းရမယ်။ သင်းရနံ့မွှေးပျံတဲ့ရေနဲ့သာ ပက်ရမယ်။ ထုံး ၊ နနွင်း ၊ အိုးမဲသုတ်တာတွေ မသန့်တဲ့ရေတွေနဲ့ ပက်ဖျန်းတာတွေ မလုပ်ဘူး​ဆိုပြီးတော့ သင်္ကြန်မတိုင်ခင် မြို့တွင်းမြို့ပြင်မှာ ကြေညာချက်တွေထုတ်တယ်တဲ့ကွ။ ဒီလိုနဲ့ ခေတ်စနစ်တွေ ပြောင်းလာတော့ မြန်မာနိုင်ငံမှာ သင်္ကြန်ကျင်းပတဲ့ ပုံစံတွေကလည်း တဖြည်းဖြည်းပြောင်းလဲလာကြတယ်ကွ။ ၁၉၃၀ နောက်ပိုင်း
ရောက်လာတော့ ရေပက်ခံကားနဲ့ လည်တာတွေ ၊ သင်္ကြန်အကနဲ့ မဏ္ဍပ်တွေမှာ ဖျော်ဖြေတာတွေ ရန်ကုန် ၊ မန္တလေး ၊ စစ်တွေ ၊ မော်လမြိုင်တို့မှာ စပြီးခေတ်စားလာတယ်လို့ ဆိုတယ်ကွ။ နန်းတော်ရှေ့ဆရာတင် နဲ့ မြို့မငြိမ်းတို့လို တေးရေးဆရာတွေရဲ့ သင်္ကြန်တေးသီချင်းတွေ ပေါ်ပေါက်လာခဲ့ပြီးတဲ့နောက်မှာတော့ မြန်မာသင်္ကြန်ဟာ ဂီတသင်္ကြန်အဖြစ် အသွင်ကူးပြောင်းဆန်းသစ်လာခဲ့တယ်ကွ"
"အဲ့ဒါတွေကတော့ လူကြီးတွေဆီနေ လက်ဆင့်ကမ်းလာတဲ့အရာတွေ ဖတ်ဖူးမှတ်ဖူးတာလေးတွေပေါ့ကွာ"
ဘကြီးလှဖေသည် ရှေးမြန်မာမင်းများလက်ထက်က သင်္ကြန်အကြောင်းကိုပင် ဝေဝေဝါးဝါးမဟုတ် သေချာပြန်ပြောပြနိုင်စွမ်းရှိသည်။ ဘကြီးလှဖေပြောအပြီးတွင် ဦးလေးသာဖြိုးကလည်း...
" အဲ့တာကြောင့်မို့ ကဗျာ​ဆရာ 'ကိုလ်း'က '
'မြို့သေ' ဆိုတဲ့ မန္တလေးအကြောင်းဖွဲ့ဆိုတဲ့ ကဗျာထဲမှာ '၁၉၄၅ မြို့ဟာစစ်ဒဏ်ကိုကြုံတယ်...ဒါပေမယ့်...ငါတို့ဟာ...ခြအုံကြီးမဖြစ်ဘဲ...ပိတောက်ပင်ကြီးဖြစ်ပြခဲ့တဲ့မြို့ ...ဗုံးဆံအခွံကိုတောင်...အခါထိုးဖို့...
အတာအိုးလုပ်ခဲ့တဲ့မြို့ ...စစ်ဟာမြို့ကိုသာ...ပြာချနိုင်ခဲ့ပေမယ့်...သင်္ကြန်ကိုမကျအောင်...မတားနိုင်ခဲ့သော...တံခါးတော် (၁၂) ရပ်က ...အမြောက်သံ (၃၆) ချက်ဖြင့် ဖွင့်တည်ရာ...တရားတော်လာအခင်းနဲ့...မြို့မင်းရတနာပုံဖြစ်တယ်' လို့ထည့်ရေးထားတာကိုဗျ"
ဦးလေးသာဖြိုး အသက်ငယ်သလောက် ဗဟုသုတကြွယ်သလို ဘကြီးလှဖေကလည်း အသက်
ကြီးသူပီပီ အတွေ့အကြုံစုံစုံလင်လင်ဖြင့် ရှေးဟောင်း
နှောင်းဖြစ်များကိုပင် ပြန်ပြီးဖောက်သည်ချပေးနိုင်၏။
" ဒါနဲ့ UNECO က ကမ္ဘာ့ရှေးဟောင်းအမွေအနှစ်သတ်မှတ်ပေးတဲ့ ကိစ္စနဲ့ပတ်သက်ပြီး မင်းသိသလောက်ရှင်းပြစမ်းပါ သာဖြိုးရာ။ အဲ့ကိစ္စငါစိတ်ဝင်စားလို့ကွ"
ကျွန်တော်ဖေဖေကလည်း စကားဝိုင်းတွင် ရသမျှ ဗဟုသုတရှာမှီးတတ်သူပီပီ မေးမြန်းတတ်၏။
" ကျွန်တော်တို့မြန်မာ့ရိုးရာ နှစ်သစ်ကူး အတာသင်္ကြန်ပွဲတော်ကို ယူနက်စကိုရဲ့ လူသားမျိုးနွယ်ဆိုင်ရာ ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းမှာ ပါဝင်နိုင်ရေးအတွက် အဆိုပြုစာတွဲကို ယူနက်စကို ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်ကော်မတီထံ သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာနက ၂၀၂၃ ခုနှစ်၊ မတ်လ ၂၄ ရက်မှာ ပေးပို့တင်သွင်းခဲ့တယ်ဆိုပဲဗျ။၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၅ ရက်နေ့ ပါရာဂွေးနိုင်ငံ၊ အာဆွန်စီယွန်မြို့က ကျင်းပတဲ့ (၁၉)ကြိမ်မြောက် ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်ညီလာခံက “မြန်မာ့ရိုးရာ နှစ်သစ်ကူး အတာသင်္ကြန်ပွဲတော်”ကို ကမ္ဘာ့ဒြပ်မဲ့ ယဉ်ကျေးမှုအမွေအနှစ်စာရင်းမှာ ထည့်သွင်းကြောင်းတရားဝင် ဆုံးဖြတ်အတည်ပြုကြေညာခဲ့တယ်ဗျ။ ကျွန်တော်တို့ အတာသင်္ကြန်ကို မြန်မာတစ်နိုင်ငံလုံးနဲ့တင်ဆိုင်တော့တာ မဟုတ်တော့​ဘူး တစ်ကမ္ဘာလုံးနဲ့ သက်ဆိုင်သွားပြီပေါ့ဗျာ။ နောက်ပိုင်းတွေမှာ ကျွန်တော်တို့ သင်္ကြန်ကိုလည်း လူသိများလာပြီး ကမ္ဘာလှည့်ခရီးသွားတွေကို ပိုဆွဲဆောင်နိုင်လာမယ် တိုင်းပြည်ဝင်ငွေတွေ တိုးလာမယ်ပေါ့ဗျာ။မြန်မာ့ အတာသင်္ကြန်ဆိုတာလည်း တိမ်ကောပျောက်ပျက်ဖို့ ခဲယဥ်းသွားပြီပေါ့ဗျာ"
စကားဝိုင်းကလည်း ဆွေးနွေးမေးမြန်းသံတွေ နှင့် သောသောညံလို့နေလေ၏။
"ငါတို့စကားဝိုင်းလည်း တစ်ယောက်ပြော
တစ်ယောက်ပြောနဲ့ သင်္ကြန်အကြောင်းလည်း အတော်လေးစုံစုံလင်လင် သိရတာပေါ့ကွာ။ အဲ့လိုသိသွားကြပြီဆိုတော့ မပျက်သင့်တာ မပျက်အောင် မပျောက်သင့်တာ မ ပျောက်အောင် ထိန်းသိမ်းဖို့ လိုအပ်နေပြီဆိုတာလည်း ပိုပြီး သိသွားကြလိမ့်မယ်လို့လည်း မျှော်လင့်တယ်ကွာ။ ရှေးတုန်းက သင်္ကြန်ဓလေ့တွေကတော့ အကြို - သပ္ပါယ် ၊ ကျဝယ် - ဆွမ်းကပ် ၊ အကြတ် - ခေါင်းလျှော် ၊ တက်သော် - ကျွေးဖြစ် ၊ နှစ်ဆန်းတစ် ၊ နှစ်သစ် တရားနာ လို့ 'ပေါရာဏ်ပုရပိုဒ်' မှာ ရေးသားထားတယ်ကွ ။ အဓိပ္ပာယ်ကတော့ အကြိုနေ့ - စေတီကို ရေသပ္ပါယ် ၊ အကျနေ့ - အာရုဏ်သစ်သီးဆွမ်းကပ် ၊ အကြတ်နေ့ - သက်ကြီးရွယ်အိုတွေကို ခေါင်းဆေးမင်္ဂလာပြုပေးခြင်း ၊ အတက်နေ့ - စတုဒိသာခေါ်ကျွေးခြင်း ၊ နှစ်ဆန်းတစ်ရက်နေ့ - နှစ်သစ်တရားနာပေါ့။ ငါတို့ဘိုးဘွားအစဥ်အဆက်ကတည်းက မပျောက်မပျက်ထိန်းသိမ်းလာတဲ့ သင်္ကြန်ရဲ့ရိုးရာ အမွေအနှစ်တစ်ခုပေါ့ကွာ။ အမွေအနှစ်ဆိုတာလည်း ထိန်းသိမ်းတတ်မှ တန်ဖိုးရှိတယ်ဆိုတာလည်း မမေ့ကြနဲ့အုန်းကွ။ ဘယ်လောက်တန်ဖိုးရှိရှိ မထိန်းသိမ်းတတ်ရင်တော့ အလကားပဲကွ...မှတ်ထား။ တန်ဖိုးဆိုတာ ထိန်းသိမ်းသူတွေအပေါ်မှာပဲ မူတည်တာ။ ကဲ...နေလည်းအတော်စောင်းနေပြီ။ ငါပြန်လိုက်အုန်းမယ်ကွာ...နောက်ရက်မှပြန်ဆုံကြတာပေါ့ကွာ"
" ကျုပ်လည်းပြန်တော့မယ် ကိုသာအောင်ရေ ။ စကားကလည်း ပြောလို့ကောင်းတယ်ဗျ။ နောက်ရက်အားမှ လာခဲ့အုန်းမယ်ဗျာ"
ဘကြီးလှဖေနှင့် ဦးလေးသာဖြိုး ပြန်သွားကြ၍ ဖေဖေသည် နွားကျောင်းရန် ယာထဲသို့ ထွက်ခွာသွားချေပြီ။ မေမေသည်လည်း ချက်ခန်းပြုတ်ခန်းဝင်တော့လေသည်။ ကျွန်တော်တစ်ယောက်တည်းသာ စကားဝိုင်းလေးအနီးတွင် အိမ်တိုင်ကိုမှီကာ ပျောက်ကွယ်မသွားအောင်ထိန်းသိမ်းရမည့် သင်္ကြန်၏ အမွေအနှစ်များအကြောင်း တွေးတောရင်းဖြင့် ကျန်နေခဲ့လေတော့သည်။

- ကောင်းစစ်ပိုင်


ကိုးကား - Source of internet
Wikipedia

Keep Reading

တန်ဖိုးထားလို့ တင့်တယ်စေ မြန်မာတို့ရဲ့ယဥ်ကျေးမှုအမွေမြန်မာ့အမွေအနှစ် "အမှတ်တရများနှင့် သင်္ကြန်" အကြောင်း စာရေးပြိုင်ပွဲကြီးမြန်မာရိုးရာသင်္ကြန်နှင့်ကျားဆုပန်ပွဲ __________________"အရိုးကို အရွက်မဖုံးနဲ့" --------------------နှစ်သစ်ကူး(တန်ခူးလ)၏ အကြောင်း သိမှတ်ဖွယ်ရာများ။မြန်မာနှင့်သင်္ကြန်၊ သင်္ကြန်နှင့် ပိ​တောက်"ပျောက်ကွယ်မသွားအမွေနှစ်များ....အို...သင်္ကြန် ဘယ်ခါမုန်းလို့ ဆုံးစေတော့ပျောက်ကွယ်မသွား အမွေအနှစ်များရင်ထဲကသင်္ကြန်