Author's Profile Photo

Ax Lynn Yaung

10/05/2025

အို...သင်္ကြန် ဘယ်ခါမုန်းလို့ ဆုံးစေတော့

7 mins read
Culture
ပျောက်ကွယ်မသွား အမွေအနှစ်များ
သင်္ကြန်
အို...သင်္ကြန် ဘယ်ခါမုန်းလို့ ဆုံးစေတော့'s photo

သင်္ကြန်၊သင်္ကြန် ကျွန်မတို့ အားလုံး ရင်းနှီးဖူးပြီးသား အခေါ်အဝေါ်တစ်ခုပါ။ကျွန်မတို့ သင်္ကြန်မှာ ပျော်ကြတယ်၊လည်ပတ်ကြတယ်၊ရေကစားကြတယ်။သင်္ကြန်ကို လွန်စွာချစ်မြတ်နိုးကြပြီး ကလေးတွေအတွက်ရော လူကြီးများအတွက်ပါ ပျော်ရွှင်ဖွယ် အခါသမယ တစ်ခုဖြစ်ပါတယ်။ကျွန်မတို့ မြန်မာနိုင်ငံမှာ ရာသီ၁၂လရှိသလို တစ်လချင်းစီရဲ့ ပွဲတော်တွေလည်း ရှိကြပါတယ်။သင်္ကြန်ဆိုတာကတော့ တန်ခူးလရဲ့ ပွဲတော်တစ်ခုပါ။သင်္ကြန်ဆိုတာကို မြန်မာ့ရိုးရာရေသဘင်ပွဲ၊အတာသင်္ကြန်ပွဲ၊ရေကစားပွဲ စသဖြင့် ခေါ်ကြတာပေါ့ရှင်။သင်္ကြန်ကို လူကြီး၊လူငယ်၊ကလေး အသက်အရွယ်မရွေး ပါဝင်ဆင်နွှဲနေကြပေမယ့် သင်္ကြန်ရဲ့ သမိုင်းကြောင်းကို အများစုက မသိကြဘူးပေါ့။
ဒဏ္ဍာရီ၊ပုံပြင်တစ်ခုလို့ဆိုမလား၊သမိုင်းလို့ပဲပြောကြမလား_ကျွန်မလည်း မဝေခွဲတတ်ပါဘူးရှင်။မြန်မာမင်း၊ရှင်ဘုရင်များလက်ထက်က နရသီဟပတေ့မင်းရဲ့ ကျီစယ်မှုကြောင့် ဖြစ်ပျက်သွားတာလေးတစ်ခုရှိတယ်။မိဖုရားစောလုံကို မင်းကြီးက ကျီစားချင်တာကြောင့် ကိုယ်လုပ်တော်တွေ၊မောင်းမတွေကို စောလုံလေး လာရင် ရေပက်ကြ၊တစ်ကိုယ်လုံးစိုရွှဲနေအောင်ပက်ကြလို့ စေခိုင်းတယ်။စောလုံလေးက ကွပ်ပျစ်ပေါ်မှာ ထိုင်နေတုန်း မင်းကြီးက သူ့အနားလာခေါ်လို့ ခေါ်တာပေါ့။အဲ့အခါကျတော့ စောလုံက မိဖုရားတွေအများကြီးရှိတဲ့ထဲကမှ သူ့ကိုခေါ်တယ်ဆိုတော့ အင်မတန်ပျော်ရွှင်ကြည်နူးပြီး မင်းကြီးဆီကိုသွားတယ်။အဲ့ဒီအခါမှ အားလုံးက သူ့ကို ရေဝိုင်းပတ်ကျပြီး ရေတွေမွန်းသွားရှာတယ်။တစ်ကိုယ်လုံးစိုရွှဲပြီး ကြွက်စုတ်လေးလိုဖြစ်နေတော့ မင်းကြီးရော အခြား ကိုယ်လုပ်တော်တွေကပါ ရယ်ကြတယ်။ဒီတော့ စောလုံလေးက မင်းကြီးက သူ့ကို အရှက်ခွဲတယ်ဆိုပြီး အမျက်တော်ရှပါလေရော။မင်းကြီးသုံးဆောင်ဖို့ ပွဲတော်အုပ်ကို မိဖုရားတွေက အလှည့်ကျ စီစဉ်ပေးရတယ်။စောလုံအလှည့်ကျတော့ စောလုံက မင်းကြီးစားမယ့်ပွဲတော်အုပ်ထဲကို အဆိပ်ခတ်လိုက်တယ်။ဒါပေမယ့် ‌မင်းကြီးက မစားခင် ခွေးလေခွေးလွင့်လေးတွေက စားလိုက်မိတော့ သူတို့လေးတွေဟာ မင်းကြီးမျက်‌စိရှေ့မှာတင် သေဆုံးသွားကြလေတယ်။မင်းကြီးကလည်း အဆိပ်ဘယ်သူခတ်သလဲ မေးတော့ စောလုံဟာ လိမ်လို့ရပေမယ့် သူခတ်တာဖြစ်ကြောင်း၊ရေပက်တဲ့ကိစ္စကိုမကျေနပ်လို့ ဖြစ်ကြောင်းလျှောက်ထားလိုက်တယ်။မင်းကြီးကလည်း သူက ကျီစယ်တာကို မိဖုရားစောလုံက အခုလိုမျိုး ပြန်လုပ်ရက်နိုင်ရသလားဆိုပြီး အပြစ်ပေးတယ်။မိဖုရားကလည်း ကျိန်စာတိုက်ခဲ့တယ်လို့ ဆိုတယ်ပေါ့ရှင်။ဒါကတော့ ကျွန်မတို့ရဲ့ အနော်ရထာ၊ကျန်စစ်သား၊ဘုရင့်နောင်တို့လို ရှေးမြန်မာဘုရင်လက်ထက်က သမိုင်းဝင်ဖြစ်ရပ်တစ်ခုပေါ့။အဲ့ဒီကနေ သင်္ကြန် စခဲ့တယ်လို့လည်း သိရှိရပါတယ်။အကျီစားသန်က ရန်များ၏ ဆိုတဲ့ ဆိုရိုးစကားက ဘယ်လောက်ထိမှန်တယ်ဆိုတာ ဒီကိစ္စကိုကြည့်ရင်ပဲ သိသာလှပါတယ်။
နောက်ထပ်တစ်ခုကတော့ ဟိန္ဒူဘာသာအယူဝါဒပါ။တစ်နေ့သောအခါမှာ သိကြားမင်းနဲ့ ဗြဟ္မာမင်းတို့က အငြင်းပွားကြတဲ့အခါ အနိုင်ရသူဟာ ရှုံးနိမ့်သူရဲ့ဦးခေါင်းကို ဖြတ်ယူရမယ်လို့ စိန်ခေါ်ကြတယ်။အဲ့ဒီအခါမှာ သိကြားမင်းဟာ ဗြဟ္မာမင်းရဲ့ ဦးခေါင်းကို ရလိုက်တယ်။သို့သော်လည်း ဗြဟ္မာမင်းက သစ္စာဆိုခဲ့တယ်လို့ သိရှိထားရပါတယ်။ဒါကြောင့် သူ့ဦးခေါင်းအား ပင်လယ်ထဲကိုချလျှင် ရေခမ်းမည်ဖြစ်ပြီး ကုန်းမြေမှာထားပါက မီးလောင်မည်ဖြစ်ပါတယ်။အဲ့တာကြောင့်ပဲ ဗြဟ္မာမင်းကြီးရဲ့ ဦးခေါင်းကို ထိန်းသိမ်းဖို့ အလှည့်ကျအနေနဲ့ နတ်တွေကိုတာဝန်ပေးခဲ့ရတယ်။သေချာတွက်ချက်ပြီး အဲ့ဒီဦးခေါင်းကို နတ်တစ်ပါးလက်ကနေ အခြားနတ်ရဲ့လက်ထဲကို လွှဲအပ်ဖို့ အချိန်ကိုသတ်မှတ်တယ်။အဲ့တာကတော့ သင်္ကြန် တစ်နည်းအားဖြင့် သင်္ကန္တ (ကူးပြောင်းခြင်း) ဆိုတဲ့အရာပေါ့။‌ပြောရမယ်ဆိုရင် တစ်နှစ်ပြည့်ပြီးလို့ နောက်နှစ်ကို ကူးပြောင်းရတဲ့အချိန်ပါ။
တချို့သော ကျမ်းဂန်တွေမှာ နတ်တို့ ကမ္ဘာမြေကို ဆင်းသက်လာပြီး လူသားတို့ရဲ့ ကောင်းမှု၊မကောင်းမှုကို ရေးမှတ်တတ်ကြကြောင်းကိုလည်း ဖော်ပြထားပါတယ်။ကောင်းတဲ့လူကို ရွှေပေလွှာပေါ်မှာ ရေးမှတ်ပြီး မကောင်းတဲ့လူတွေကိုတော့ ခွေးသားရေပေါ်မှာ ရေးမှတ်တယ်တဲ့။မည်သို့ဆိုစေကာမူ ဗုဒ္ဓမြတ်စွာဘုရား ဟောကြားတော်မူသော အဘိဏှသုတ်တော်မှာ ထိုသို့ရေးမှတ်သည်နှင့် ဘာမျှမသက်ဆိုင်ကြောင်း၊ကိုယ်ပြုသည့်ကံကိုယ်သာခံ၊ကိုယ့်ထံပြန်လာမည်ဖြစ်ကြောင်း ပါဝင်ပါသည်။ရှေးအခါကအချို့သော ပုဏ္ဏားများ၊ပညာရှိအမတ်များက သက္ကရာဇ်ကို ၇ နဲ့စား၊၁၂ နဲ့စား စသည်ဖြင့် နည်းလမ်းမျိုးစုံ ကြံဆတီထွင်ကာ ဗေဒင်ဟောစာတမ်းများ၊သင်္ကြန်စာများ ထုတ်ပြန်လာခဲ့ကြပါတယ်။သင်္ကြန်စာတွေမှာ ပါလေ့ရှိတာကတော့ ကမ္ဘာမြေပေါ်ကို နတ်သား၊နတ်သမီးတွေ ဆင်းသက်လာရင် သူတို့ကိုင်ဆောင်လာတဲ့ လက်နက်၊စီးလာတဲ့ ယာဉ်တော်၊ဆင်လာတဲ့ အဝတ်အထည်တို့က ထိုနှစ်ရဲ့ ကံကြမ္မာကို ဖော်ညွှန်းနေသည် ဆိုတာ ဖြစ်ပါတယ်။ဥပမာ- နဂါးစီးလာလျှင် မိုးကောင်းမည် ဆိုတာမျိုးပါ။
အထက်မှာဖော်ပြခဲ့တာတွေဟာ ကျွန်မ သိသမျှ၊ဖတ်သမျှ တွေပါပဲရှင်။ဒါပေမယ့် ဆရာတော်တစ်ပါးက ဒီလို ဆိုမိန့်ခဲ့ဖူးပါတယ်ရှင့်။

သင်္ကြန်ဆိုတာဟိန္ဒူနဲ့မဆိုင်ပါဘူး
ပုဂံခေတ်မတိုင်မီ ပျူခေတ်ကတည်းက
မြန်မာတွေက နွေဦးရာသီမှာရေသဘင်ပွဲကို
တိုင်းသားပြည်သူအားလုံးဆင်နွှဲကြပါတယ်
ရေသဘင်ပွဲဆိုတာ ပျော်ပွဲရွှင်ပွဲပါပဲ
မြန်မာတို့ရဲ့နှစ်ဟာမြတ်စွာဘုရားသာသနာနှစ်နဲ့
ရေတွက်ပါတယ် မြတ်စွာဘုရားပရိနိဗ္ဗာန်စံသော
သက္ကရာဇ်၁၄၈ခုနှစ်ကိုဖျက်သိမ်းပြီး ၁နှစ်လို့
အဇာတသတ်မင်းကစတင်ရေတွက်ခဲ့ပါတယ်
အဲ့နောက်သက္ကရာဇ်၆၂၄ခုနှစ်ရောက်တဲ့အခါ
သရေခေတ္တရာပြည့်ရှင် သုမုန္ဒြီမင်းက ၆၂၂ခုကို
ဖျက်ပြီး ၂နှစ်လို့သတ်မှတ်ရေတွက်ခဲ့ပါတယ်
အဲ့နောက် သက္ကရာဇ်၅၆၂ခုအရောက်မှာ ပုပ္ပါး
စောရဟန်းမင်းက ၅၆၀ကိုဖျက်ပြီး၂နှစ်လို့ သတ်မှတ်ရေတွက်ခဲ့ပါတယ် နှစ်တွေဖျက်လိုက်ပြီးခုနှစ်အသစ်လုပ်တာကို သက္ကရာဇ်ဖြိုတယ်လို့ခေါ်ပါတယ် နောက်ဆုံး၂နှစ်ကနေစရေတွက်လာခဲ့မြန်မာ့ခုနှစ်ဟာ အခုဆိုသက္ကရာဇ်
၁၃၉ဝပြည့်တော့မှာဖြစ်ပါတယ် သက္ကရာဇ်ဆို
တာသက္ကရာဇာ ဆိုတဲ့ပါဠိစကားကနေလာပါတယ် သက္ကရာဇာဆိုတာသာကီဝင်မင်းမျိုးတွေရဲ့
ပြက္ခဒိန်ခုနှစ်ပါ မြန်မာတွေဟာ သာကီဝင်မင်းမျိုးဖြစ်တဲ့ အဘိရာဇာက တကောင်းပြည်ကြီးကို
တည်ထောင်ပြီးနေလာရာမှပျူတွေက မြန်မာလူမျိုးဖြစ်ခဲ့တယ်လို့အဆိုရှိတာကြောင့် မြန်မာတို့ဟာ သာကီဝင်တွေရဲ့ပြက္ခဒိန်ခုနှစ်ကိုအသုံးပြုခဲ့ပြီး
နွေမိုးဆောင်း ဥတုသုံးပါးမှာ နွေဥတုဟာနှစ်ရဲ့အစလို့ ယူဆခဲ့ပါတယ် ဒါကြောင့်မို့ နွေဦးရာသီရေသဘင်ပွဲဟာမြန်မာနှစ်သစ်ကူးပွဲလည်းဖြစ်ခဲ့ပါတယ် နှစ်ဦးမှာတိုင်းပြည်သာယာဝပြောဖို့
ဘုရင်တွေက ပညာရှိအမတ်ကြီးတွေကိုဟောကိန်းထုတ်ခိုင်း ပါတယ် ဟောကိန်းထုတ်သူတွေထဲမှာပုဏ္ဏားတွေလည်းပါတာကြောင့် သိကြားမင်း ဗြဟ္မာခေါင်းအယူအဆတွေပါနေတာဖြစ်ပါတယ် ဟိန္ဒူဘာသာမှာဗြဟ္မာဦးခေါင်းကိုဖြတ်တာသီဝနတ်ကြီးပါ သိကြားနတ်မဟုတ်ပါဘူး
ဖြတ်ခံရတဲ့ဗြဟ္မာဆိုတာလဲ ဟိန္ဒူဘာသာအလို
ဗြဟ္မာကြီးပါ ဗုဒ္ဓဘာသာအလိုမှာက ဗြဟ္မဟာ
သိကြားနတ်ထက်တန်ခိုးကြီးတာကြောင့်
ခေါင်းဖြတ်လို့မရပါဘူး သိကြားမင်းကအငြိုးအတေးနဲ့ခေါင်းဖြတ်တာမျိုးလည်း ဗုဒ္ဓဘာသာမှာမရှိပါဘူး မြန်မာတွေရဲ့နှစ်ဦးသင်္ကြန်စာကို
ပုဏ္ဏားတွေကိုစီရင်ခိုင်းလိုက်ရာက ဟိန္ဒူ ဗြဟ္မာ
သျှီဝ ဇာတ်လမ်းကို သိကြားဗြဟ္မာဇာတ်လမ်းလုပ်လိုက်လို့ရောထွေးကုန်တာပါ နှစ်ဦးဟောစာတမ်းနဲ့ နှစ်သစ်ကူးဘာမှမဆိုင်ပါဘူး
ဟိန္ဒူတွေရဲ့နှစ်သစ်ကူးကပြီးသွားပါပြီ
သက္ကရာဇ်လည်းမတူပါဘူး ရေပတ်ပြီးတော့
လည်းနှစ်မကူးပါဘူး ရောင်စုံမှုန့်တွေပက်ပြီး
နှစ်ကူးတာပါ မြန်မာနှစ်သစ်ကူးကရက်ရှည်ကျင်းပတာပါ တစ်ရက်ထဲလည်းမလုပ်ပါဘူး
အတိုချုပ်ရရင် ဟိန္ဒူနှစ်သစ်ကူးနဲ့ မြန်မာဗုဒ္ဓဘာသာနှစ်သစ်ကူးလုံးဝတခြားစီဆိုတာပါပဲ

အချို့သော စာပေလောကမှာ ကမ္ဘာက နေကို လှည့်ပတ်နေတာကနေ စတင်ပါတယ်။နေသွားလမ်းကို ကြည့်ပြီး ရာသီခွင် ၁၂ မျိုးနဲ့ ညှိနှိုင်းကာ တန်ခူး၊အတာကူးဆိုတဲ့ အခေါ်အဝေါ်စတင်ရှိလာတာပါ။
ကျွန်မတို့ အတာကူးတဲ့ တန်ခူးလ အချိန်အခါမှာ ရေကစားပွဲကျင်းပကြတယ်၊မဏ္ဍပ်တွေတည်ဆောက်ပြီး အဆို၊အက၊အတီး၊အမှုတ်တွေနဲ့ ဖျော်ဖြေတာဟာ ဓလေ့ရိုးရာတစ်ခုလို့ပဲ ဆိုကြစို့ရှင်။ကလေးသူငယ်တွေက ရေပက်ကြတယ်။လူငယ်လေးတွေ၊ဆယ်ကျော်သက်လေးတွေက ရေပက်ခံထွက်ကြတယ်။လူကြီးမိဘ၊ဘိုးဘွားတို့က ဘုရားတရားလုပ်ကြတယ်။တချို့ကတော့ သင်္ကြန်မှာ တရားစခန်းဝင်တာ၊သီလရှင်ဝတ်တာ၊ဘုန်းကြီးဝတ်တာတွေ ပြုလုပ်ကြပါတယ်။ဟေ့ဟေ့ ယိမ်းသမလေးတွေရေ့...ဆိုတဲ့ သီချင်းသံတွေ၊ရေပက်လို့ စိုနေတဲ့ မြေကြီးရဲ့ မြေသင်းရနံ့တွေ၊ပိတောက်ဝါဝါနဲ့ မွှေးကြိုင်သင်းပျံ့မှုတွေ စတဲ့အရာတွေက ကျွန်မတို့ကို ရင်ခုန်လှိုက်မောစေပါတယ်။သင်္ကြန်မှာ ရေပက်ကြတာက နှစ်ဟောင်းမှ အညစ်ကြေးတွေကို ရှင်းလင်းသန့်စင်ပြီး နှစ်သစ်ဆီကို စိတ်သစ်၊လူသစ်ဖြင့် ရှေ့ဆက်တယ် ဆိုတဲ့ သဘောပါ။ကျွန်မတို့ မြန်မာတွေရဲ့ ဓလေ့ထုံးတမ်းတစ်ခုကတော့ တရော်ကင်ပွန်းနဲ့ ခေါင်းဆေးမင်္ဂလာပြုတာပေါ့။ဒါက သမိုင်းတစ်ခုတွင်ခဲ့တယ်။ရှင်ဘုရင်တစ်ပါးက သူ့နဖူးထက်မှာ မှည့်တစ်လုံးပါတယ်။အဲ့ဒီမှည့်ကြောင့်ပဲ သူ့ရဲ့ ဩဇာအာဏာက ကြီးမားနေတာ၊ဒေသတစ်ဝှမ်း‌လုံးကို လွှမ်းမိုးထားနိုင်တာ။ဒါပေမယ့် တစ်ရက်ကျ သူ့ကိုနန်းချချင်တဲ့ လူတစ်ယောက်က ဘုန်းကံနိမ့်အောင် ကြံစည်ပစ်လိုက်တော့ နဖူးထက်က မှည့်ဟာပျောက်သွားတော့တယ်။မင်းကြီးလည်း တောထဲကိုထွက်ပြေးရတာပေါ့။တောထဲက တရော်ကင်ပွန်းပင်ကြီးရဲ့အောက်မှာ နေ့တိုင်းတရားမှတ်တယ်တဲ့လေ။တစ်ရက်ကျတော့ မိုးတွေရွာပါလေရော။ထိုအခါမှာတော့ တရော်ကင်ပွန်းပင်ကနေ မိုးရေတွေစီးကျလာတော့ သူရဲ့ ဘုန်းတန်ခိုးတွေပြန်ရပြီး မှည့်ရှင်လေးကလည်း ပြန်ပေါ်လာတယ်။အဲ့တာကြောင့် မြန်မာလူမျိုးတိုင်းက မင်္ဂလာအပေါင်းခညောင်းစေဖို့၊ဘုန်းတန်ခိုးတိုးစေဖို့၊မကောင်းမှုကိုပယ်ကာ ကောင်းမှုတွေဖြစ်ထွန်းလာဖို့ တရော်ကင်ပွန်းနဲ့ ခေါင်းလျှော်ကြတယ်။အထူးသဖြင့် သင်္ကြန်တွင်းနဲ့နှစ်ဆန်းတစ်ရက်နေ့တွေမှာပါ။
သင်္ကြန်မှာ အကြို၊အကျ၊အကြတ်၊အတက်ဆိုပြီးလေးရက်နဲ့ နှစ်ဆန်းတစ်ရက်နေ့တို့ပါဝင်ပါတယ်။ရေပက်ကြသလို ငွေဖလားထဲမှာ နံ့သာရေ၊တရော်ကင်ပွန်းထည့်ပြီး သပြေခက်နဲ့ လိုက်လံ ရေဖျန်းလေ့ရှိကြပါတယ်။ယောဂီဝတ်စုံလေးများဖြင့် အမျိုးသမီးများကိုတွေ့ရခြင်းသည်လည်း အင်မတန် ကြည်နူးဖွယ်ဖြစ်ပါသည်။ရေပက်ခံထွက်ဖို့၊ရေပက်ကြဖို့ စည်းစည်းလုံးလုံးနဲ့ ကြိုးပမ်းနေကြတာကလည်း ချစ်စဖွယ်ဖြစ်ပါတယ်။အဲ့ဒီအချိန်အခါသမယမှာ အမျိုးသမီးတို့ခေါင်းထက် ပိတောက်ပန်းလေးများနဲ့ မြင်ရသည်မှာ ကျက်သရေရှိလှသည်။၂၀၀၀ ပြည့်နှစ်လောက်ထိဟာ မြန်မာမှာ မြန်မာ့ရိုးရာဝတ်စုံကိုပဲ ဝတ်ဆင်ကြတာပါ။တိုက်ပုံ၊ရင်ဖုံး၊လုံချည်၊ပုဆိုးတို့နဲ့မြင်ရတာက လုံခြုံစွာနဲ့ တင့်တယ်ပါတယ်။အခုမျက်မှောက်ခေတ်မှာ အနောက်တိုင်းယဉ်ကျေးမှုသာ ပျံ့နှံ့လာပြီး ကျွန်မတို့ရဲ့ ဝတ်စားဆင်ယင်ပုံတွေက အနည်းစုသောသူတွေမှာပဲ ကျန်ရစ်နေခဲ့တာပါ။ဆရာမြို့မငြိမ်းရဲ့ တူးပို့ xxx တူးပို့ ဆိုတာလေးက သင်္ကြန်ရဲ့ တေးသံပါ။သင်္ကြန်မိုး ရုပ်ရှင်ကားဟာ သင်္ကြန်ရဲ့ ပြယုဂ်ပါ။ပိတောက်ဟာ သင်္ကြန်ရဲ့ အမှတ်သညာပါ။သင်္ကြန်မှာ ဘယ်လောက်ထိ ပျော်စရာကောင်းလဲ ဆိုတာကတော့ အေးပါတယ်ဆိုတဲ့ သူတွေကတောင် သင်္ကြန်မှာဆိုရင် အပြတ်ကဲကြတာပဲ။အကုန်လုံးက လွတ်လွတ်လပ်လပ်ပျော်ပါးကြ၊ကကြ။ခွင့်လွှတ်မှုအပြည့်နဲ့ ဘာကိစ္စပဲဖြစ်ဖြစ် စိတ်မဆိုးကြဘူး၊ရန်မဖြစ်ကြဘူး။သင်္ကြန်အချိန်မှာ အရမ်းပျော်ဖို့ ကောင်းတာ။ကျွန်မလည်း သင်္ကြန်မှာဆိုရင် စိတ်လွတ်ကိုယ်လွတ်ကဲတာပဲ။ကချင်သလိုတွေက၊မျောက်ကဖြစ်နေပါစေ ဘေးကလူတွေက ဝိုင်းအားပေးနေတာပဲ။ခင်မင်ရင်းနှီးမှုအပြည့်နဲ့ပေါ့။အဲ့အချိန်မှာ မုန့်လုံးရေပေါ်စားကြလို့ ငရုတ်သီးမိရင် အရယ်ရဆုံးပဲ။ဘယ်သူမှ အဲ့တာအတွက်စိတ်မဆိုးကြပါဘူးရှင်။တချို့ကတော့ ဒီလိုမျိုးအချိန်မှာ အခွင့်ကောင်းယူပြီး သရုပ်ပျက်အပြုအမူ၊ဝတ်စားဆင်ယင်မှုတွေ လုပ်လာကြတယ်။စုန်းပြူးဆိုတာလိုမျိုးပဲ ကောင်းမွန်မှုတွေကြားမှာ အဖျက်တွေရှိနေမှာကို နားလည်ပေမယ့် သင်္ကြန်လို အခါကြီးရက်ကြီးမှာ အတတ်နိုင်ဆုံး အခွင့်ကောင်းမယူဖို့၊ကျွန်တို့ရဲ့ရိုးရာယဉ်ကျေးမှုကိုထိန်းသိမ်းဖို့ ခွင့်ပန်ချင်ပါတယ်ရှင်။
ပိတောက်ဆိုတာ သင်္ကြန်မှာ ပွင့်တဲ့ ရာသီပန်းလေးပေါ့။"တစ်ယောက်ဆိုတစ်ယောက်၊ပိတောက်ဆိုပိတောက်၊ပိတောက်ခြောက်ရင်နောက်တစ်ယောက်"ဆိုတဲ့ စကားလေးတွေရှိတာကို သိကြလိမ့်မယ်ထင်ပါတယ်။ပိတောက်ဟာ သိပ်ကဗျာဆန်တာ။သစ္စာရှိတာကို ဖော်ညွှန်းတဲ့ပန်းလေးပေါ့။ပိတောက်ရွှေဝါ ကဗျာမှာဆိုရင်



လို့ရေးဖွဲ့ထားတယ်။ရှေးအခါက ပစ္စေကဗုဒ္ဓါ အမောဖြေချွေးတော်သိပ်ရတဲ့ ဂန္ဓဝင်သစ်ပင်ကြီးပေါ့။အခုချိန်မှာတော့ ပိတောက်တွေဟာ ရာသီဥတုတွေဖောက်ပြန်ပြောင်းလဲလာတာကြောင့် ပွင့်ချိန်မမှန်တော့ဘူးလေ။အချို့သော ပိတောက်တွေကတော့ပုံမှန်ပါပဲ။



ဆိုတဲ့ စာသားလေးလိုပဲ သင်္ကြန်မိုးဖွဲလေးတွေကြောင့် ပိတောက်ပန်းခူးတဲ့အခါ ရေစက်ရေပေါက်လေးတွေကျပြီး ရေစိုစိုပိတောက်ပန်းအေးအေးလေးကို ပန်ဆင်ရတာ နှစ်သက်စရာပါ။ပိတောက်ဟာ ဘယ်လောက်ထိ သင်္ကြန်ကိုအမှတ်ရစေနိုင်လဲဆိုတော့ အချိန်အခါမဟုတ်ပွင့်နေရင်တောင်







လို့ တမ်းတမိတဲ့အထိပါပဲရှင်။အဲ့တာလေးကတော့ တစ်ခါက ကျွန်မ ဆရာရွတ်ပြဖူးတာလေးပေါ့။
ထိုင်းဟာ မြန်မာကို ကော်ပီယူတယ်၊မြန်မာသင်္ကြန်ကို သူတို့သင်္ကြန်လုပ်တယ်လို့ အငြင်းပွားကြတာလေးတွေရှိတယ်။အမှန်တကယ်ကျတော့ ကျွန်မတို့မြန်မာနိုင်ငံက ဘုရင့်နောင်လက်ထက်မှာ ထိုင်းနိုင်ငံ၊အယုဒ္ဓယမြို့ထိ ဩဇာအာဏာလွှမ်းမိုးခဲ့တယ်။ဒီတော့ အနည်းနဲ့အများ ယဉ်ကျေးမှုက ပျံနှံ့ရောယှက်ခဲ့ပါတယ်။သူတို့ရဲ့ သင်္ကြန်မဟုတ်ပါဘူး။မူရင်းကကျွန်မတို့ပါဆိုတာ သိအောင်ဖော်ထုတ်ရမယ်။သင်္ကြန်ရဲ့ အနံ့အသက်၊အနှစ်သာရအစစ်အမှန်ကိုပြရမယ်။သင်္ကြန်ရဲ့ မူလအစကနဦးမပျောက်ပျက်သွားအောင် ကျွန်မတို့က တန်ဖိုးထားထိန်းသိမ်းပေးရမယ်။ထိုင်းမှာဆိုရင် ဆွန်ခရန်လို့ခေါ်တဲ့ ကျွန်မတို့သင်္ကြန်နဲ့ ဆင်တူပွဲရှိတယ်။ဒါက ယဉ်ကျေးမှုပျံ့နှံ့ခဲ့လို့ပါ။အသေအချာကြည့်ရင် ဝတ်စားဆင်ယင်မှုအချို့လည်း ကျန်ရစ်တာကို တွေ့နိုင်ပါတယ်။ထိုနည်းကဲ့သို့ပင် လာအိုမှာ ပီမိုင်နဲ့ကမ္ဘောဒီးယားတို့မှာလည်း သင်္ကြန်နဲ့ဆင်တူ ပွဲတော်တွေရှိကြပါတယ်။ကမ္ဘောဒီးယား၊ထိုင်း၊လာအိုတို့က နယ်နိမိတ်အရဖြစ်မလား မသေချာပေမယ့် ဝတ်စားဆင်ယင်မှု၊အက၊အနုပညာတို့လည်း ဆင်တူနေတာကို တွေ့ရပါတယ်။
မြန်မာ့ရိုးရာနှစ်သစ်ကူး အတာသင်္ကြန်ပွဲတော်ကို ယူနက်စကိုက ၂၀၂၄ခုနစ်၊ဒီဇင်ဘာလ၊၅ရက်နေ့မှာ ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်အဖြစ် အတည်ပြုခဲ့ပါတယ်။ကျွန်မ ဖတ်ဖူးတဲ့ ဝတ္ထုစာအုပ်တစ်အုပ်ရဲ့ နာမည်က "ပိတောက်နီမှ မုန်းမယ်ဆို"တဲ့။အဲ့နာမည်လေးကို အရမ်းသဘောကျတာ။ပိတောက်ဟာ သဘာဝအတိုင်းကိုက အဝါရောင်လေ။နီမှမုန်းမယ်ဆိုတော့ မနီနိုင်တာမို့ ဘယ်တော့မှမမုန်းဘူးပေါ့။သူ့စာအုပ်ကတော့ ဇာတ်သိမ်းမကောင်းပေမယ့်လို့ ကျွန်မကလည်း "အို...သင်္ကြန် ဘယ်ခါမုန်းလို့ ဆုံးစေတော့" လို့ပဲ ခေါင်းစဉ်တပ်ပါရစေ။

Keep Reading

အနုပညာ ဟန် တစ်ခု ခိုင်ခိုင်မာမာနောက်လိုက်လျှောက်သူ ရှိမြဲ။ ( Trends အကြောင်း )ကျောင်းစာကြည့်တိုက် ပညာရေး -----------------------------တန်ဖိုးနားလည်တတ်ပြီလားထပ်ကာထပ်ကာလေ့ကျင့်ခြင်းက ကျွမ်းကျင်စေတယ် ◾နွေရာသီသို့ရောက်လျှင် မိုးရာသီနှင့် ဝေးတော့မည် မဟုတ်နတ်နက္ခတ်၊ လူနက္ခတ်၊ ဘီလူးနက္ခတ်တို့အကြောင်းအို...သင်္ကြန် ဘယ်ခါမုန်းလို့ ဆုံးစေတော့ပိုက်ဆံမစုပါနဲ့ ပိုက်ဆံကို ခိုင်းပါ ◾နံရံမဲ့ကျောင်း ---------------ကြည့်ချင်ပွဲ