ကျော်ဇောအောင်
စာဖတ်သူတို့ရေ ... တော်သလင်းလဟာ နှစ်တစ်နှစ်ရဲ့ မြန်မာလတွေ အထဲက ဆဋ္ဌမမြောက်လ ဖြစ်ပြီး အင်္ဂလိပ်လ စက်တင်ဘာလနဲ့ တိုက်ဆိုင်နေပါတယ်။
တော်သလင်းလဟာ ရာသီအားဖြင့် (ကန်ရာသီ)ဖြစ်ပြီး နက္ခတ်မှာတော့ (ဗြုဗ္ဗာဘဒြပိုဒ်)နက္ခတ်ဖြစ်ကာ ရာသီရုပ်ပုံကတော့ (ကညာအပျိုစင်)ဖြစ်ပါတယ်။
ဒါ့အပြင် ရာသီပန်းက (ရင်းမာ)ဖြစ်ပြီး ပွဲတော်က (လှေပြိုင်ပွဲ)ပဲ ဖြစ်ပါတယ်။ တော်သလင်းလမှာ လှိုင်းလေ အထိုက်အလျောက် ကင်းတာကြောင့် "တော်သလင်း မြစ်တွင်း၊ သင်ဖြူးခင်။" ဆိုတဲ့ စကားအတိုင်း ရှေးမြန်မာဘုရင်တွေ လက်ထက်ကပင် အစပြုကာ လှေပြိုင်ပွဲတွေ ပြုလုပ် ကျင်းပလာခဲ့တာ ဖြစ်ပါတယ်။
ဒီလှေသဘင်ပွဲကို ရှင်ဘုရင်နဲ့ မိဖုရားတို့ ကိုယ်တော်တိုင် ရှုစားအားပေးတော်မူခဲ့ကြတာ ဖြစ်ပြီး ထိုခေတ်က လှေသဘင်ပွဲအပြင် သစ်ဆင်းပွဲကိုလည်း ကျင်းပလေ့ ရှိကြပါတယ်။
အကြောင်းက ဧရာဝတီမြစ်ရေဟာ တော်သလင်းလမှာ ရေစီးဆင်းမှု အရှိန်/ဟုန် ပြင်းထန်ခြင်းမရှိဘဲ ညင်ညင်သာသာ စီးဆင်းနေတဲ့ အချိန် ဖြစ်တဲ့ အတွက် သစ်ဖောင်၊ ဝါးဖောင်တွေကို လှလှပပ ညီညီညာညာ စီးဆင်းစေတာကိုပဲ သစ်ဆင်းပွဲတော် ဆင်နွှဲတယ်လို့ ခေါ်ဆိုခဲ့ကြတာပဲ ဖြစ်ပါတယ်။
Thanks for your reading.
ကိုးကား - မြန်မာ့ရိုးရာ (၁၂)လ ရာသီ ပွဲတော်များ။
Photo credit - chatgpt application.
Keep Reading