ဆောင်း၀င်းလတ်
(၁၉၅၉)ခုနှစ်၊ ရန်ကုန်မြို့၊ ဆူးလေဘုရားလမ်းမကြီး၏ ဆောင်းဦး ညနေရှုခင်းတစ်ခုမှာ ထူးဆန်းခဲ့သည်။
မြင်းစီးပုလိပ် (ယခုကာလဝေါဟာရမှာ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်)များကို တွေ့မြင်ရသည်။ မြင်းစီးပုလိပ်ကြီးများမှာ ခန့်ညားလှသည်။ ခွာသံ တစ်ဒေါက်ဒေါက်ပေးကာ ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေသော မြင်းကြီးများမှာလည်း လည်ဆံမွှေးတဖားဖား၊ ကိုယ်လုံးကိုယ်ဟန်ပြည့်ပြည့်ထွားထွားနှင့် အလွန်ပင် ကြည့်၍ ကောင်းလှသည်။ ဆူးလေဘုရားလမ်းမကြီးပေါ်တွင် “ကြည့်ချင်ပွဲ” တစ်ခုရှိနေ၍ လူအုပ်က စည်ကားနေသည်။ မြင်းစီး ပုလိပ်ကြီးများက လူအုပ်ကို ဖရိုဖရဲမဖြစ်ရန် ထိန်းသိမ်းစောင့်ရှောက်ပေးနေသည်။
ကျွန်တော်တို့ မိသားစုက ကောင်းကင်ပေါ်မှ သည်းထိတ်ရင်ဖိုရှုခင်းကို မော့ကြည့်နေမိသည်။ဗဟိုမီးသတ်ကြီး(ယခုမီးသတ်ဦးစီးဌာန)မျှော်စင် ထိပ်ဖျားနှင့် ရန်ကုန်မြူနီစပါယ်ရုံးကြီး (ယခု ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ) ခေါင်မိုးတစ်နေရာတို့ကို ကြိုးတစ်ချောင်းက သွယ်တန်းထားသည်။
နိုင်ငံခြား ဆက်ကပ်အဖွဲ့ တစ်ဖွဲ့က ထိုကြိုးတန်းပေါ်တွင် သက်စွန့်ဆံဖျား စက်ဘီးစီးပြသည်။ လှပသော မိန်းကလေးတစ်ဦးက လက်တွင်တုတ်ရှည်တစ်ချောင်းကို ကိုင်ကာ ကြိုးတန်းပေါ် တွင် လမ်းလျှောက်ပြနေသည်။ ထိုမိန်းကလေးကို လူအုပ်ကြီးက ရင်တမမဖြင့် တိတ်ဆိတ်စွာမော့ကြည့်နေကြသည်။ မိန်းကလေးက တည်ငြိမ်အေးဆေးစွာပင်အန္တရာယ်ကင်းစွာဖြင့် ကြိုးတန်း၏ အစမှ ဟိုဘက်ရည်မှန်းချက်ပန်းတိုင်အဆုံးအထိ အောင်မြင်စွာ ဖြတ်သန်းလမ်းလျှောက်သွားနိုင်ခဲ့သည်။
လူအုပ်ကြီး၏ ကောင်းချီဩဘာ လက်ခုပ်သံများက ကျွန်တော်တို့ ပတ်ဝန်းကျင်တွင် မြည်ဟိန်းသွားသည်။ နိုင်ငံခြားဆပ်ကပ်အဖွဲ့ကြီးမှ ဆက်လက်၍ ထိုကြိုးတန်းကြီးပေါ်မှာပင် စိတ်ဝင်စားဖွယ်ရာ ပြကွက်ဆန်းများကို ဆက်လက် ပြသသွားသည်။ ထိုစဉ်က ကျွန်တော်တို့မိသားစုသည် အလုံရပ်ကွက် ၊စူပါပင်လမ် း (ယခု ငုဝါလမ်း) နေအိမ်တွင် နေထိုင်ကြသည်။ ကျွန်တော်တို့အိမ်၏ မျက်စောင်းထိုး တူရိယာပစ္စည်းအရောင်းဆိုင်ကလေး၏ နံဘေးတွင် ရုပ်ရှင်လူကြမ်းကျော်ဇောကြီးအိမ်ရှိသည်။ ဦးကျော်ဇောကြီးက လမ်းထဲမှ ကလေးများကို ချစ်တတ်သည်။
တစ်ရက်တွင် ကျွန်တော်တို့ကလေးတစ်စုကို ကန်တော်ကြီးစောင်းသို့ ခေါ်သွားသည်။ ကန်တော်ကြီးစောင်းတွင် လူအုပ်ကြီးက စည်ကားနေသည်။ ရုပ်ရှင်လူကြမ်း ဦးကျော်ဇောကြီးက ကျွန်တော်တို့ကို ဆိတ်သားကင်များ ဝယ်ကြွေးသည်။ ရေဆာပြေစေရန် ရှာလပတ်ရည် ဝယ်တိုက်သည်။ ဆိတ်သားကင်တစ်ခုကို အကြွေဆယ်ပြားသာ ပေးရပြီး ရှာလပတ်ရည် အအေးတစ်ခွက်မှာ ငါးပြားသာပေးရသည်။ နှင်းရည်နံ့လေးသင်းနေသော အချိုရည်ဖြစ်သည်။ ပွဲလမ်းသဘင်များတွင် ဆိတ်သားကင်ရမယ်၊ စမူဆာသုပ်ရမယ်၊ ရှာလပတ်ရည်. . . ရှာလပတ်ရည် စသည့် လမ်းဘေးဈေးသည်တို့၏ အသံများမှာ ယခုအခါ လွမ်းစရာ တစ်မျိုးပင်။
ရှာလပတ်ရည်မှာ တောင်းတစ်တောင်းတွင် အဝတ်ပတ်၍ ပြောင်လက်သော ဒန်အိုးလုံးလုံးကြီးများကို အဖုံးဖုံး၍ ထည့်ပတ်ထားပြီး အိုးထဲတွင် အချိုရည်နှင့် ရေခဲတုံးစိမ်ထားသည်။အိုးဖုံးကို ဒန်ခွက်နှင့် စည်းချက်ညီညီ ခေါက်နေသံမှာ အိန္ဒိယတေးသွားများပင် ဖြစ်သည်။ ကန်တော်ကြီးစောင်းတွင် ကမ္ဘာလှည့်ခရီးသွား အိန္ဒိယအမျိုးသားလူငယ်တစ်ဦးက စက်ဘီးကျွမ်းကျင်မှုကို ကြည့်ချင်ပွဲအဖြစ် ပြသည်။ စက်ဘီးပေါ်တွင် တစ်နေကုန် အစားအစာ စားပြသည်။ အိပ်ပြသည်။ စာဖတ်သည့်အခါ ဖတ်နေသည်။ စက်ဘီးပေါ်တွင် မတ်တပ်ရပ်သည့်အခါ ရပ်နေသည်။
ရုပ်ရှင်လူကြမ်း ဒါရိုက်တာဦးကျော်ဇောကြီးက ကျွန်တော်တို့ကလေးတစ်စုကို နောက်တစ်ကြိမ် ကန်တော်ကြီးစောင်းသို့ ခေါ်သွားပြန်သည်။ ကန်တော်ကြီးရေပြင်တွင် နာမည်ကျော်ဇာတ်သဘင် ကက်နက်စိန်တို့အဖွဲ့မှ ဂျွန်ဆင်ခေါ် စပိဘုတ်လှေကို အမြန်နှုန်းဖြင့် မောင်းနှင်စေပြီး သူတို့က လှေနောက်မှလှပစွာ ရေလွှာလျှောစီးပြသသည့် ကြည့်ချင်ပွဲဖြစ်သည်။
သူတို့မှာ နိုင်ငံတကာစာပေနှင့် ကျွမ်းဝင်သော ပညာတတ်ဇာတ်မင်းသားများ ဖြစ်ကြသည်။ နိုင်ငံတကာ အက,အလှသဘောကိုနားလည်ခံစား ပြသတတ်သော အနုပညာရှင်များ ဖြစ်ကြသည်။ ရေလွှာလျှောစီးပြသသည်ကို မြန်မာနိုင်ငံတွင် ထိုစဉ်က မျက်ဝါးထင်ထင်မြင်ရကာ ကျွန်တော်တို့ ပျော်ရွှင်ကြည်နူး ဗဟုသုတရခဲ့ကြသည်။
အသက်အရွယ် အတန်အသင့်ရလာသောအခါ ငယ်ရွယ်စဉ်ကလေးဘဝက ကြည့်ချင်ပွဲတချို့ စိတ်အာရုံရိပ်တွင် တစ်ခါတစ်ရံ လွမ်းဆွတ်ဖွယ် ထင်ဟပ်လာတတ်ပြန်ပေသည်။
#ဆောင်းဝင်းလတ်
Keep Reading