တင်ညွန့်
သန့်ရှင်းရေးအလုပ်ကို အလွန်ပျင်းစရာကောင်းသည့်အလုပ်ဟု ထင်ကြသည်။ မိခင်များကလည်း အခန်းထဲ သန့်ရှင်းရေးလုပ်ပြီးမှ ကစားခွင့်ပေးမည်ဆိုပြီး အမိန့်ထုတ်တတ်သောကြောင့် သန့်ရှင်းရေးဆိုလျှင် မုန်းကြ သည်ကများသည်။ ဂျပန်နိုင်ငံတွင် ကိုယ့်စာသင်ခန်းကိုယ်သန့်ရှင်း၊ ကိုယ့်ကျောင်းကိုယ်သန့်ရှင်းဆိုသည်မှာ သူတို့ပညာရေးစနစ်၏ အစိတ်အပိုင်းတစ်ခုလိုဖြစ်နေသောကြောင့် ပျင်းရိစရာ၊ ငြီးငွေ့စရာ ကိစ္စတစ်ခုအနေဖြင့် မသတ်မှတ်ကြပေ။
ကျောင်းများတွင် ပထမတန်းအဆင့်လောက်ကတည်း ကိုယ့်စာသင်ခန်းကို ကိုယ်သန့်ရှင်းကြရသည်။ ကိုယ် စားမည့် နေ့လယ်စာ ကိုယ်တိုင်ပြင်ဆင်ခြင်းနှင့် ကိုယ့်အိမ်သာ ကိုယ်ဆေးခြင်းလုပ်ငန်းများကို မဖြစ်မနေ လုပ်ကြရသဖြင့် အထူးအဆန်းမဟုတ်တော့ပေ။
ဂျပန်ကျောင်းများတွင် ကျောင်းသားများကိုယ်တိုင် သန့်ရှင်းရေးလုပ်ရခြင်းမှာ အစိုးရအမိန့်ကြောင့်မဟုတ်ပါ။ ထိုစနစ်ကို ကျောင်းတိုင်းက အစဉ်အလာ ဓလေ့ထုံးတမ်းတစ်ခုအနေဖြင့် လိုက်နာဆောင်ရွက်ခဲ့ကြခြင်းဖြစ် သည်။ ထိုစနစ်ကို သဘောကျသဖြင့် နိုင်ငံတကာကပင် လာရောက်လေ့လာပြီး ဂျပန်နည်းဆိုကာ လက်ခံကျင့်သုံး ဆောင်ရွက်နေမှုများကို တွေ့ရသည်။
ဂျပန်နိုင်ငံ ကိုယ်ထူကိုယ်ထ သန့်ရှင်းရေးစနစ်သည် ကျောင်းတွင်း အနိုင်ကျင့်ဗိုလ်ကျမှုများကို ပပျောက် စေသည်ဆိုကာ အနောက်နိုင်ငံတွေက လေ့လာနေကြသည်။ အရှေ့တိုင်းယဉ်ကျေးမှုသည် နိုင်ငံသားကောင်း တစ်ယောက်ဖြစ်လာစေရေးအတွက် ပြုစုပျိုးထောင်ပေးရာတွင် ပိုပြီး ထိရောက်စေသည်ဟု သူတို့က ယူဆနေ ကြသည်။ ဂျပန်ကလေးများသည် ကိုယ့်ကျောင်း၊ ကိုယ့်အိမ်သာ၊ ကိုယ့်စာသင်ခန်း သန့်ရှင်းရခြင်းကို မနှစ်မြို့စရာ ကိစ္စတစ်ရပ်အနေဖြင့် ငယ်စဉ်ကတည်းက မသတ်မှတ်ကြသူများဖြစ်သည်။ ကျောင်းခုံများကို ဖျက်ဆီးခြင်း၊ ဓားများဖြင့် ခြစ်ခြင်းစသည့် ကိစ္စများ ဂျပန်နိုင်ငံတွင်မရှိပေ။ အဘယ် ကြောင့်ဆိုသော် ကျောင်းပိုင်ပစ္စည်းအားလုံးကို တန်ဖိုးထားတတ်စေရန် ကိုယ်တိုင်သန့်ရှင်းခြင်းဖြင့် လုပ်ဆောင် နေကြရသောကြောင့်ဖြစ်သည်။ ထို့ပြင် ပူးပေါင်းလုပ်ဆောင်နေရခြင်းကလည်း အဖွဲ့အစည်းစိတ်ဓာတ်ကို အလိုလို လေ့ကျင့်ပျိုးထောင်ပြီးသားဖြစ်နေသည်။
ဂျပန်နိုင်ငံကျောင်းတိုင်းတွင် ကလေးများလိုက်နာကျင့်သုံးနေကြရသည့် ဆောင်ပုဒ်မှာ ရိုးရိုးလေးဖြစ်ပါသည်။ ကိုယ့်နေရာသည် ကိုယ့်တာဝန်ဖြစ်သည်။ ထို့ကြောင့် ကိုယ့်နေရာကစပြီး သန့်ရှင်းနေစေရမည်။ တစ်ထိုင်စာ မှသည် တစ်ခန်း၊ တစ်ခန်းမှ တစ်ကျောင်း၊ တစ်ကျောင်းမှ တစ်မြို့၊ တစ်မြို့မှ တစ်နိုင်ငံ သန့်ရှင်းစေရန် တာဝန်ခံ စေမှုကို သူတို့ ငယ်စဉ်ကတည်းက လေ့ကျင့်ပေးခဲ့ကြသည်။
ဂျပန်တွင် ကျောင်းသန့်ရှင်းရေးကို ဂတ်ကို ဆိုဂျီ (Gakko Soji) ဟုခေါ်သည်။ ထိုဓလေ့သည် ဗုဒ္ဓဘာသာအလေ့ အထများလည်းဖြစ်သည်။ ဗုဒ္ဓဘာသာတွင်လည်း ပတ်ဝန်းကျင်နှင့် ကိုယ်ခန္ဓာကို သန့်ရှင်းအောင် ထားရမည် ဆိုသည့် သဘောတရားများကိုတွေ့ရသည်။ သူတို့လူ့ဘောင်က ပတ်ဝန်းကျင် မသန့်ရှင်းလျှင်၊ ရှုပ်ပွနေလျှင် စိတ်လည်းမသန့်၊ စိတ်လည်းမရှင်း၊ စိတ်လည်းမတည်ငြိမ်နိုင်ဟု ယူဆကြသည်။
တစ်ကိုယ်ရည်သန့်ရှင်းခြင်းသည် အကောင်းမြင်စိတ်ကိုလည်း ဖြစ်ပေါ်စေသည်။ မိမိဝန်းကျင်တွင် ရှုပ်ပွနေပါက ပညာသင်ကြားရေးကိုပါ အနှောင့်အယှက်ဖြစ်စေနိုင်သည်။ ထိုအလေ့အထကို ကျောင်းတွေက သင်ထားသော ကြောင့် ဂျပန်တို့သည် ကလေးဘဝကတည်းက သန့်ရှင်းစွာ နေထိုင်ရေးကို စိတ်ထက်သန်ကြသည်။
ကျောင်းများတွင် ကလေးများသည် ကိုယ်တိုင်တံမြက်စည်းလှည်းကြသည်။ မှန်တွေကိုသုတ်၊ ခန်းမ၊ လှေကား၊ စင်္ကြံ၊ ပြတင်းပေါက်၊ တံခါးမ၊ အိမ်သာအားလုံးကို ပြောင်လက်ပြီး သန့်ရှင်းအောင် အချိန်ပေးကာ လုပ်ဆောင်ကြ သည်။ မူလတန်းနှင့် အလယ်တန်းအချို့တွင် ကလေးများကို အိမ်သာသန့်ရှင်း မလုပ်ခိုင်းပေ။ အထက်တန်း ကျောင်းများတွင် ကျောင်းသားကြီးများကသာ အိမ်သာသန့်ရှင်းကို လုပ်ကြသည်ကများသည်။
ထို့ပြင် ဂျပန်ကျောင်းများတွင် နေ့လယ်စာကိုလည်း ကိုယ်ထူကိုယ်ထပြင်ဆင် စားသောက်ကြရသည်။ ကျောင်းရှိ ချက်ပြုတ်ရေးဌာနက ချက်ပြုတ်ထားသည့် အစားအသောက်များကို ကိုယ့်အတန်းလိုက် တာဝန်ခံကာ ကျောင်းသားမျာကိုယ်တိုင်ထုတ်ခြင်း၊ အခန်းတွင်း သယ်ဆောင်ခြင်း၊ စာသင်ခုံများကို ထမင်း စားခန်းအသွင်ပြောင်းခြင်း၊ ထမင်းဟင်းများကိုဝေခြင်း၊ စားသောက်ခြင်းတို့ကို ဆရာများနှင့်အတူ နေ့စဉ် တာဝန်တစ်ခုအနေဖြင့် အဖွဲ့လိုက် လုပ်ဆောင်ကြရသည်။
သူတို့ကျောင်းများတွင် ကျောင်းသို့လာသည့် ဖိနပ်များကို စာသင်ခန်း ဗီရိုများထဲတွင် ထားခဲ့စေပြီး စာသင်ခန်းထဲစီးသည့် ဖိနပ်က သီးသန့်ဖြစ်သည်။ ထို့ကြောင့် စာသင်ခန်းများအတွင်း သန့်ရှင်းနေမည်ဖြစ်သည်။ အပြင်ကဖုန်အတွင်းမယူဆိုသည် မူကို လေ့ကျင့်ပေးထားသည်။
ကလေးများကို ပတ်ဝန်းကျင်ပြဿနာသည် လူတစ်ဦးချင်းနှင့်လည်းဆိုင်ကြောင်းကို သူတို့လေ့ကျင့် သင်ကြား ပေးသည်။ ကိုယ်က စည်းမဲ့ကမ်းမဲ့ အမှိုက်ပစ်လိုက်ခြင်းသည် ပတ်ဝန်းကျင်ကို စော်ကားလိုက်သလိုဖြစ် စေသည်ဆိုသော အသိများကို သူတို့ ငယ်စဉ်ကတည်းက လေ့ကျင့်သင်ကြားပေးကြသည်။
ယနေ့ခေတ်ပညာရေးတွင် Teamwork ဆိုသည့် သဘောတရားများကို သင်ကြားရန် စီစဉ်နေကြသည်။ ဂျပန် နိုင်ငံ ကလေးများအတွက် Teamwork ဆိုသည့်အဖွဲ့လိုက် ပူးပေါင်းဆောင်ရွက်တတ်သော အလေ့အထမှာ ငယ်စဉ်ကတည်းက လေ့ကျင့်သင်ကြားပေးပြီးသားဖြစ်သည်။ ပျော်ရွှင်စွာဖြင့် ဘဝတစ်ခုကို စုပေါင်းတည် ဆောက်နိုင်ရေးဆိုသည်မှာ သူတို့အတွက် မထူးဆန်းသလိုဖြစ်စေရန် သန့်ရှင်းရေးစနစ်ကို အခြေခံထားသည်။
ဂျပန်နိုင်ငံကျောင်းများတွင် စီးလာသည့် စက်ဘီးများကို သော့မခတ်ဘဲ လမ်းဘေးတွင် တန်းစီကာ ထားခဲ့ကြ သည်ကို သွားရောက်လေ့လာကြသူများ အံ့အားသင့်ကြသည်။ စက်ဘီးဆိုသည်မှာသော့ခတ်ထားရသည်ဆို သည့် အလေ့အထ ဂျပန်တွင်မရှိ။ သူတို့နိုင်ငံတွင် စက်ဘီးလည်းမခိုး၊ ကိုယ့်ပစ္စည်းကိုသာ ကိုယ်တန်ဖိုးထား တတ်ကြသည့် အလေ့အထတွေကိုလည်း ငယ်စဉ်ကတည်းကလေ့ကျင့်ပေးထားသည်။ အရာရာတွင် အသေးအဖွဲကအစ အလေးထားပြီး ငယ်စဉ်ကတည်းက လေ့ကျင့်ပေးထားခြင်းမှာ ဂျပန်တို့၏ အလေ့အထကောင်းများဖြစ်သည်။ သူတို့က အမျိုးသားစည်းကမ်းအစ စာသင်ကျောင်းကဆိုသည့် သဘော တရားကို အပြောမဟုတ်၊ အလုပ်ဖြင့် လက်တွေ့ပြသနိုင်သူများဖြစ်သည်။
(Ref: Japan Today)
(Photo Credit: Grace education Khambhalia - WordPress.com)
တင်ညွန့်
၇.၃.၂၀၂၄
Keep Reading