စမ်းစမ်းနွဲ့ (သာယာဝတီ)

“ဒါ ထန်းသုံးပင်ရွာ ဟုတ်ပါတယ်နော်“
“မြို့လို့ မသတ်မှတ်မှတော့ ရွာပေါ့
စက်စက်ဝင်းရဲ့ လမ်းဘေး ဝဲယာကို ကြည့်ရင်း ကားဘီးလှိမ့်ရုံမျှ မောင်းလာသော တပည့်မလေး၏ စိတ်လှုပ်ရှားမှုကိုဒေါ်ခင်အေးမှန် ကောင်းစွာ နားလည်နေသည်။
“ဒီနေရာမှာ ဒီလောက် ခမ်းနားကြီးကျယ် နေလိမ့်မယ်လို့ မထင်မိပါဘူး အန်တီရယ်လား*
“မင်း အမှုသည်တွေက ဒီနားမှာပဲ မဟုတ်
“ဟုတ်၊ ဒါပေမဲ့ ကျွန်မတို့ ဖြတ်လာတဲ့ နတ်စင်နဲ့ ညောင်ပင်ကြီးဘေးက မြေလမ်းကလေးလေ၊ အဲဒီက တမိုင်လောက် သွားရသေးတယ်၊ အိမ်ခြေ လေးငါးဆယ်လောက် ရှိတဲ့ ရွာအုပ်စုကလေးပေါ့"
စက်စက်ဝင်းက မြွေဖမ်းချင်သူပဲ။ သည်အမှုကို လက်ခံပြီး အချက်အလက်များ စုဆောင်းနေကတည်းက ဒေါ်ခင်အေးမှန် သတိတော့ ပေးဖြစ်သည်။
စိုက်ပျိုးမြေ ပြန်လည် ရယူလိုသည့် ကိစ္စများမှာ ခေတ်ပေါ် ရေပန်းစားနေပြီး မှန်းချက်နှင့် နှမ်းထွက် မကိုက်လှ။ သူ့အမှုသည်များမှာလည်း မြေငှားစာချုပ်သာ ရှိသည်။ မြေငှားစာချုပ် သက်တမ်းမကုန်မီ မြေသိမ်းခံရခြင်း ထောက်ကွက်တခုတည်းဖြင့် မလုံလောက်နိုင်ပါ။
ရန်ကုန် ဆင်ခြေဖုံးရပ်ကွက် အသီးသီးမှ ရွှေ့ပြောင်းလာကြသည်မှာ ဆယ်စုနှစ်နီးပါး ရှိပြီမို့ ရွာဦးကျောင်းနှင့်၊ ဘုန်းတော်ကြီးသင် ပညာဒါနကျောင်းနှင့် အသားကျစပြုချိန်မှာစိုက်ပျိုးမြေတွေ အသိမ်းခံရတော့ လူမှုဘဝတွေ ဖရိုဖရဖြစ်ကုန်သည်။
ပစ္စည်းလေးပါး ပြည့်စုံရုံမက တီဗွီနှင့်၊ စလောင်းနှင့်၊ ရေသန့်စက်နှင့် ပန်ကာတဝီဝီနှင့် သီတင်းသုံးနိုင်သောကျောင်းတော်ဝိဟာရတို့ကို စွန့်လွှတ်ကာ လျှပ်စစ်မီးမရှိသောရွာငယ်ဇနပုဒ်မှာ ကျောင်းနေရွယ်များ၏ ပညာရေး၊ ယဉ်ကျေးလိမ္မာ ကိစ္စအဖြာဖြာတို့ကိုသာသနာ့ဝန်နှင့်အတူ ပူးတွဲ ဖြည့်စွက် ထမ်းရွက်တော်မူကြသည့် ရဟန်းတော် သုံးပါးမှလည်းစိတ်မသက်မသာ ဖြစ်ရပြီ။ ရွာအမှု ဘုန်းကြီးမပတ်ဘဲ နေနိုင်ပါမတဲ့လား။
စက်စက်ဝင်းလို ထက်သန်တက်ကြွသောရှေ့နေပျိူကလေးအဖို့ သူ့စားပွဲရှေ့ရောက်လာသောသည်အမှုကိုလက်ခံခေါင်းညိတ်လွယ်သည်မှာမဆန်းပါ။ ပိုက်ဆံမရဖို့ ကလည်းသေချာ၊ လွှဲချော်သွားရင် ရှေ့နေပါ ထောင်လုံးလုံးကျနိူင်သည့် ကိစ္စ။
“စက်စက်ဝင်းရေ... မြွေဖမ်းမယ်ဆိုရင် အမြီးဖျားတို့၊ ခါးလယ်တို့ကတော့ မကိုင်မိစေနဲ့နော်၊ လည်မျိုကို မိမိရရ ဆုပ်၊ ဒါပဲ ပြောလိုက်ပါပေရဲ့" ဒေါ်ခင်အေးမှန်ကတော့ ဒါ့ထက်ပိုပြီး အကူအညီ မပေးနိုင်ပါ။ သူ့ ရှေ့နေသက်တမ်းမှာနိုတြီမှတ်ပုံတင်အလုပ်က အဓိကဖြစ်ပြီး တရားမမှုလောက်သာ လက်ခံလေ့ ရှိခဲ့သည်။ တပည့် လက်ထောကရှေ့နေ လေးငါးယောက်နှင့် ဘားလမ်းမှာ ရုံးခန်းဖွင့်ပြီး လာသမျှ အမှုသည်တို့၏ စကားကို စိတ်ဝင်တစားနားထောင်ရင်း အသက်ရှည် ကျန်းမာကာ ခုလို ခုနစ်ဆယ့်ငါးနှစ်အရွယ်တိုင် ရုံးမှန်မှန် တက်ဆဲ။ အသက်ခြောက်ဆယ် ပြည့်ပြီးစကတည်းက ကားကို ကိုယ်တိုင်မမောင်းတော့ဘဲဒရိုင်ဘာ ခေါ်လိုက်သည်။ တနင်္ဂနွေလို ပိတ်ရကမျိုးမှာတော့ ဒရိုင်ဘာလည်း နားရက် ဖြစ်လေရာ သွားစရာရှိလျှင် တပည့်တွေကို တလှည့်စီ အကူအညီတောင်းရသည်။ ခုတော့ စက်စက်ဝင်းက စိတ်ပါလက်ပါ မောင်းပို့ပေးရှာသည်။
"ကျွန်မ အမှုသည်တွေကလည်း ထန်းသုံးပင်ကပဲ အန်တီ၊ အဲဒီဘက်ကို ကျွန်မ သိတယ်"သို့သော် သူ သွားနေကျ လမ်းခွဲကို လွန်အောင် မောင်းရတော့ အနည်းငယ်စမ်းတဝါးဝါး။ ကတ္တရာလမ်း တဖက်တချက်က ကုက္ကိုပင်နှင့် ပိတောက်ပင်တွေ ပို၍ စိပ်လာသည်ကို သတိထားမိသည်။ လာမိတော့ ဗြုန်းခနဲ မြင်လိုက်ရသည့် မြင်ကွင်းကို
ဒေါ်ခင်အေးမှန် ကိုယ်တိုင် အနည်းငယ် အံ့အားသင့်သွားရ၏။
အုတ်တံတိုင်းမြင့်မြင့်ပေါ်မှာ သံဆူးကြိုးတွေ ရစ်ခွေထားသော ခြံဝင်းကျယ်ကြီးများ။ တခြံနှင့်တခြံ ပျပျသာ မြင်နိုင်သော ထိုအရပ်ကို ရွာဟု ခေါ်လေသည်။
“ခြံနံပါတ် ဘယ်လောက်လဲ အန်တီ“
“နံပါတ် မကြည့်နဲ့၊ ကြယ်ပွင့်ပြထားသတဲ့၊ ကြယ်ပွင့်ကို ရှာ “ကြယ်ပွင့်တဲ့လား၊ဟော ဟိုမှာ တွေ့ပြီ အန်တီ၊ အဖြူရောင်... အဲ.. ငွေရောင်ကြယ်ပွင့်... ဟုတ်တယ်နော်“
တတောင့်ထွာခန့် မြင့်သော၊ ကွန်ကရစ်တိုင်ထိပ်မှာ ငွေမင်သုတ်ထားဟန်တူသောကြယ်ပွင့်ကြီးက ထင်သာမြင်သာ။ ကြယ်၏ ရောင်ခြည်လက်တခုက မြားဦးချွန်လို လမ်းညွန်ပြနေသည်။ ကွန်ကရစ်လမ်းသွယ်ကလေးသို့ ချိုးဝင်ခဲ့ဖို့ပါပဲ။
“သူ့ခြံကြီးက အတော့်ကို ကျယ်တာပဲ အန်တီ၊ ဂိတ်တံခါးက ဟိုမှာ... “ဒေါ်ခင်အေးမှန်က လက်ကိုင်ဖုန်းကို နှိပ်စပြုသည်။ “လှိုင်လား၊ တို့ ရောက်နေပြီ”
အပိုင်း(၂)-ဆက်ရန်
#စမ်းစမ်းနွှဲ့ (သာယာဝတီ)
#စံအိမ်တော်မှအပြန်
Keep Reading