တင်ညွန့်
မိဘတိုင်းကို မေးကြည့်ချင်ပါသည်။
ကိုယ်မွေးထားသည့်ကလေး ကိုယ့်ကလေးလား။
“ငါမွေးထားတာ ငါ့ကလေးမဟုတ်လို့ ဘယ်သူ့ကလေးလဲ” ဟု ရန်တွေ့စရာ အကြောင်းရှိပါသည်။
ကိုယ်မွေးထားတိုင်း ကိုယ့်ကလေးမဟုတ်ပါ။
ထပ်မေးပါဦးမည်
“ကိုယ့်ကလေးဆိုလျှင် ကိုယ်ပိုင်သလား”
စဉ်းစားပြီး ဖြေစေလိုပါသည်။
ကိုယ့်ကမွေးတိုင်း ကိုယ်ပိုင်သည် မထင်စေလိုပါ။
သားသမီးဆိုသည်မှာ မောင်ဘယ်သူ ... မဘယ်သူတို့ နှစ်ဦးသား စုံဖက် မေတ္တာမျှ၊ ပေါင်းသင်းဆက်ဆံကြရာမှ မွေးဖွားလာကြသူများဖြစ်သော်လည်း တကယ်တန်းတွေးကြည့်လိုက်လျှင် ကိုယ်တွေက မွေးသာ မွေးလိုက်သည် မပိုင်ပါ။
သူတို့သည် ဘဝ၏ သားသမီးတွေသာဖြစ်သည်။ ဘဝဆိုသည့်မိခင်ကြီးက သူထင်သလို ဖန်တီးချယ်လှယ်နိုင် စေရန် ကိုယ်က သူတို့ကို မွေးပေးလိုက်ခြင်းသာဖြစ်သော်လည်း ကိုယ်မပိုင်ပါ။ ငါသားလေးပဲ၊ ငါ့သမီးလေးပဲဆိုကာ မေတ္တာတွေပေးနိုင်ပါသည်။ အချစ်တွေ ပေးနိုင်ပါသည်။ သို့သော် သင့်အတွေးတွေကို သူတို့အား မပေးနိုင်ပါ။ သင့်ခံယူချက်၊ သင့်ယုံကြည်ချက်တွေကို မပေးနိုင်ပါ။
ကိုယ်က ဘာမှသာ မဟုတ်လျှင်နေမည်။ ကိုယ့်သားသမီးလေးတွေကို ကြီးကျယ် မြင့်မြတ် အောင်မြင် ထူးချွန် ထက်မြက်ကာ လူတော်လူကောင်းလေးတွေ ဖြစ်စေချင်ကြသည်မှာ မိဘတွေ၏ သဘာဝသာဖြစ်သည်။ ထို့ကြောင့် ပညာတွေသင်ပေးသည်၊ ကိုယ့်အတွေးတွေပေးသည်၊ သူများအတွေးတွေနှင့် သူတို့ဘဝတစ်ခုကို တည်ဆောက်ခိုင်းသည်။ သို့သော် ကိုယ်ဖြစ်စေချင်သလို သူတို့က ဖြစ်လာသလား။ ဖြစ်မလာကြသည်ကများ သည်။
အဘယ်ကြောင့်နည်း
သူတို့မှာ သူတို့ကိုယ်ပိုင်အတွေးတွေ ရှိနေသောကြောင့်ဖြစ်သည်။
သူတို့သည်သူတို့ခြေနှစ်ချောင်းအပေါ် မားမားမတ်မတ်ရပ်နိုင်သည်နှင့် လွတ်လမ်းကို ရှာချင်ကြသည်။ မိဘလောင်းရိပ်က ရုန်းထွက်လိုကြသည်။ ယင်းသည် သဘာဝဖြစ်သည်၊ လူဖြစ်သောကြောင့်သာ အရိပ် တကြည့်ကြည့်နှင့် အရွယ်လွန်သည့်တိုင် ပြုစုစောင့်ရှောက်ကြပေလိမ့်မည်။ အရိုင်းတိရစ္ဆာန်တွေကတော့ အချိန်တန်လျှင် လွှတ်ပေးလိုက်သည်သာဖြစ်သည်။ ကိုယ့်ဘဝကိုယ်ရှာ၊ ကိုယ့်အစာကိုယ်ရှာ၊ ကိုယ့်လွတ်လမ်း ကိုယ်ရွေးကြရသည်သာ။
မိဘတို့သည် သူတို့ ခန္ဓာအိမ်ကို တည်ဆောက်ပေးနိုင်ပါလိမ့်မည်။ သို့သော် သူတို့၏ စိတ်ဝိညာဉ်ကို ကိုယ်လိုသလို တည်ဆောက်ပုံဖော်ပေးနိုင်မည် မဟုတ်ပါ။
ကလေးတွေက သူတို့အနာဂတ်အတွက် သူတို့ နေထိုင်ရန် စိတ်ကူးပုံဖော်ထားကြပြီးသားဖြစ်သည်။ သူတို့တည်ဆောက်ထားသည့်အိမ်ကို သင်တို့အလည် သွားနိုင်မည် မဟုတ်ပါ။ သင်တို့ စိတ်ကူးထဲမှာပင် ထိုအိမ်မျိုးရှိနိုင်မည် မဟုတ်ပါ။
သူတို့မှာ အနာဂတ်ရှိသည်။ သူတို့သည် မိဘရင်ခွင်ထဲက နို့သက်ခံစို့နေကြသည့် အရွယ်တွေ မဟုတ်တော့။ ထို့ကြောင့် သူတို့အနာဂတ်ကို သူတို့သည် တဲဆောက်ချင် ဆောက်မည်၊ တိုက်ဆောက်ချင်ဆောက်မည်၊ လေထဲတွင် တိုက်ဆောက်ချင်လည်း ဆောက်မည်။
မိဘတိုင်းကို ပြောလိုသည်မှာ
ကိုယ့်အကြိုက်အတိုင်း သူတို့ကို လိုက်လုပ်ရန် မကြိုးစားပါနှင့်၊ သူတို့အကြိုက်အတိုင်း လိုက်လုပ်ပေးနိုင်ရန် ကြိုးစားပါ။ ဘဝဆိုသည်မှာ နောက်ပြန်ဆုတ်သွားရန် မဟုတ်ပါ။ မနေ့က ပြီးခဲ့ပြီ။ ပြန်ရနိုင်တော့မည် မဟုတ်ပြီ။ သူတို့ဖြစ်ချင်ရာကို ကူညီပေးလိုက်ပါ။ သူတို့လုပ်ချင်ရာကို ခွင့်ပြုလိုက်ပါ။ တစ်ခုပဲ သတိပေးလိုက်ပါ
“မင်းရွေးချယ်တာ မင်းဘဝပဲ”
မိဘဆိုသည်မှာ လေးဖြစ်ပြီး ကလေးတွေသည် ပစ်လွှတ်ရန်အတွက် ရှင်သန်နေသော မြားတွေဖြစ်သည်။
လေးပစ်မည့်သူသည် အဝေးကပစ်မှတ်ကို မြင်ထားရမည်။
သင်က လေးကို ကွေးနိုင်သလောက်သာ သင့်မြားတွေက ပြေးနိုင်ပါလိမ့်မည်။
လေးသမား၏လက်က ကွေးနိုင်သလောက်ကွေးမှ မြားကလည်း ပြေးနိုင်မည်ဖြစ်ရာ၊ မြားကိုလည်း တည်ငြိမ် အေးဆေးစွာ ပစ်နိုင်ရန်လိုသည်။
ဖြောင့်ဖြောင့်ပစ်ပေးနိုင်သော မိဘတွေကို သူတို့သားသမီးတွေက ချစ်ကြသည်။
(Ref: On Parenting, Kahlil Gibran)
(Photo Credit: Thrive Global)
တင်ညွန့်
၉.၅.၂၀၂၄
Keep Reading