Author's Profile Photo

တင်ညွန့်

18/03/2024

နံရံမဲ့ကျောင်း ---------------

2 mins read
Book Review
Education
Culture
နံရံမဲ့ကျောင်း 
---------------'s photo


Unschooling ဆိုသည်မှာ ပညာရှာလိုသူက ကိုယ်ရှာလိုသည့်ပညာကို ကိုယ်တိုင်ရွေးချယ်သင်ကြားနိုင်သည့် သဘောတရားတစ်ခုဖြစ်သည်။ ယနေ့ခေတ် ကျောင်းတွေက ထိုသဘောတရားမျိုးကို မဖော်ဆောင်ပေးနိုင်သေး ပေ။ သူတို့ပေးသည့် ပညာကို လာသင်မှ ပညာသင်သည်ဟု ယူဆနေကြသည်။

Unschooling သဘောတရားနှင့် ပညာလေ့လာလိုသူများသည် သဘာဝအတွေ့အကြုံကို အလေးထားသည်။ သူတို့က အိမ်တွင်သင်ချင်လည်းသင်မည်၊ ကစားလျက်လည်း သင်ကောင်းသင်မည်၊ သူတို့သင်ချင်သူထံတွင် သွားရောက် သင်ကောင်းလည်းသင်မည်၊ သူတို့သင်ချင်သည့်နေရာတွင် သွားသင်ကောင်း သင်မည်ဖြစ်သည်။ ခရီးသွားရင်း၊ လေ့လာရင်း၊ သူတို့ဖတ်ချင်သည့် စာအုပ်များကိုဖတ်ရင်း၊ လူမှုရေးလုပ်ငန်းများကို လုပ်ရင်း သင်ယူ လေ့လာခြင်းများ ပြုလုပ်ခြင်းအား Unschooling ဟုသတ်မှတ်လာကြသည့် ခေတ်ကိုရောက်လာပြီဖြစ် သည်။

Unschooling သဘောတရားသည် ၁၉၇၀ ပြည့်နှစ်ဝန်းကျင်ကစပြီး အသံထွက်လာသည်။ ပညာရေးသမား တစ်ဦးဖြစ်သူ ဂျွန် ဟို့ (John Holt) ဆိုသူသည် Unschooling ကိုစတင်ဖော်ထုတ်သူတစ်ဦးဟု ဆိုနိုင်သည်။ မိဘတွေက ကျောင်းတွေကို စိတ်ကုန်လာကြသည်။ ကျောင်းတွေကို လွှတ်သာလွှတ်နေရသည် ပညာမတတ်၊ တစ်ခုခု လိုအပ်နေသလို ခံစားနေကြရသည့် မိဘတွေက Unschooling သဘောတရားတွေကို စတင် တောင်းဆိုလာကြသည်။ ပြည်သူတွေက ဆွေးနွေးပွဲတွေလုပ်ပြီး ကျောင်းသွားမှ ပညာရမည်လောဆိုသည့် သဘောတရားများကို စတင်ဆွေးနွေးလာကြသည်။ မီဒီယာတွေက ဝိုင်းရေးလာသည်။ ဒီဘိတ်စကား စစ်ထိုးပွဲတွေ ကျင်းပလာကြသည်။

ကလေးတွေကို ပညာပေးရေးတွင် သူတို့လိုချင်တာပေးမည်လော၊ လိုချင်ချင် မလိုချင်ချင် ပေးမည်လော ဆိုသည့် သဘောတရားတွေကို ဆွေးနွေးကြသည်။ ကိုယ်သင်ချင်သည့်၊ လေ့လာချင်သည့် ပညာကို လေ့လာခွင့် ရှိရေးမှာ လူ့အခွင့်အရေးတစ်ရပ်ဖြစ်ကြောင်း ဝိုင်းအော်လာကြသည်။ Unschooling ဆိုင်ရာ စိတ်ပညာရှင်တွေပေါ်လာသည်။ သင်ယူမှုစတိုင်တွေကို ပြောင်းနိုင်အောင် ပုံစံချကြည့်ကြသည်။ ကလေးတိုင်း သင်ယူလိုစိတ်မတူ၊ သင်ယူနိုင်သည့်အခွင့်အရေးမတူ။ ထို့ကြောင့် တစ်တန်းတည်းထားပြီး သင်ရိုးနှင့် ပိတ်လှောင်ထားခြင်းသည် သဘာဝမကျဟု ရှုမြင်လာကြသည်။

Unschooling သဘောတရားများကို ဖော်ထုတ်နေသည့် ပညာရှင်များက အနာဂတ်တွင် Knowledge ဆိုသည့် သဘောတရားသည် လိုအပ်ချင်မှ လိုအပ်ပေလိမ့်မည်။ ဘာသင်ရမည်ဆိုခြင်းကို ပုံစံချထားခြင်းကမှားနေသည်။ ခေတ်ကပြောင်းနေသည်။ ပြောင်းလဲနေသည့်ခေတ်နှင့်အညီ သင်ယူသူလိုလားသော ပညာကိုပေးနိုင်မှ ပညာရေးဖြစ်မည်ဟု ထောက်ပြကြသည်။

Unschooling ၏ ဆရာကြီးဖြစ်သူ ဂျွန်ဟော့ ကိုယ်တိုင်က ကလေးများကို ကိုယ်ပေးနိုင်သည်ထက် ပိုမြင်အောင် လုပ်ပေးစေချင်သည်။ ကလေးတွေက ပညာရှာရာ၌ အရေးအကြီးဆုံးသော သူများအဖြစ် မြင်စေ့ချင်သည်။ သူတို့သည် အားလုံးထက်အရေးကြီးကြောင်း မြင်မှလေ့လာမှုပိုပြီး အောင်မြင်နိုင်သည်ဟုဆိုသည်။

ကျောင်းဆိုသည့် ဖိစီးမှုမရှိတော့လျှင် ဘာဖြစ်သွားနိုင်သနည်း။ သူတို့ စာမေးပွဲကျမှာ ပူစရာမလို၊ အပြစ်ပေးမှာ လည်း မကြောက်ရ၊ စိတ်ပျက်စရာလည်းမရှိ၊ အနိုင်ကျင့်ဗိုလ်ကျသည်လည်းမခံရ။ ကျောင်းဆိုသည့် သောကမဲ့ခြင်းက ကလေး၏ လေ့လာလိုစိတ်ကို ပိုပြီးတိုးမြှင့်စေသည်ဟုလည်း ဂျွန်ဟော့ကပြောသည်။

Unschooling ဆိုသည့် သဘောတရားကို အိုင်ဗင် အီလီယစ်ဆိုသူက “Deschooling” ဟုသုံးသည်။ ပညာရှင် တွေအားလုံးက ကျောင်းမဲ့ဖြစ်ထွန်းခြင်း (Growing Without Schooling) ဟုဆိုကြသည်။ Unschooling ဆိုသည်မှာ ကလေးတွေကို ကျောင်းပြင်ခေါ်ထုတ် ပညာပေးခြင်းဖြစ်ပြီး၊ Deschooling ဆိုသည်မှာ အစဉ် အလာများ၊ ဘောင်များ၊ သတ်မှတ်ချက်များကို ရိုက်ချိုးပြီး သင်ရိုးဖြင့် နှောင်ကြိုးတုတ်ထားခြင်းက ကင်းလွတ် သောပညာရေးဟု သတ်မှတ်လာကြသည်။

ယခုအခါ Homeschooling ဆိုသည့် သဘောတရားများကိုလည်း မိဘများကိုယ်တိုင်ဖော်ဆောင်နေကြသည်။ မိဘများက မိမိတို့ကလေးများကို ကျောင်းမလွှတ်တော့ဘဲ အိမ်တွင် ကျောင်းကပေးသည့် ပညာရပ်များကို အချိန်ဇယားမရှိ သင်ချင်သလိုသင်ပေးသည့် ပညာရေးဖြင့် စတင်စမ်းသပ်ခဲ့သည်မှာ ၁၉၆၀ ပြည့်နှစ်လောက် ကတည်းကဖြစ်သည်။

Unschooling, Deschooling, Homeschooling ဆိုသည့်သဘောတရားများသည် အစဉ်အလာပညာရေးကို စိန်ခေါ်နေသည့် သဘောတရားများဖြစ်သည်။ ကျောင်းသင်ပညာရေးကို အထင်သေးသည့် သဘောတရားများ သည် နံရံလေးဘက်ကြားကကျောင်းတွေကို စိန်ခေါ်နေပြီဖြစ်သည်။

(Ref: What is Unschooling? TNC Project)

(Photo Credit: Miacamedy)

တင်ညွန့်

၂၈.၁၂.၂၀၂၃

Keep Reading

AVA (Season 1 & 2) Beyond AVA The Fall of Hantharwaddyမေတ္တာမဏ္ဍိုင်သည်းခြေကြိုက် စာအုပ် ၆ အုပ်"စာအရေးအသား ကောင်းစေရန်" – အပိုင်း ၄: စာရေးသူတွေရဲ့ စိတ်နေသဘောထားတွေအကြောင်း  The Gentleman in the Parlour"စာအရေးအသား ကောင်းစေရန်" – အပိုင်း ၃: ဘယ်လို အမျိုးအစားတွေကို ရေးမလဲ   ရပ်တန့်ရမယ့်အချိန်ဧကရာဇ်မင်း၏ အတွေးမှတ်စု စာစောင်ငါး (၉-၁၄) အနုပညာနည်းလမ်းနှစ်သွယ်ဆေးရုံ-ဖေမြင့် Final diagnosis-Arthur Hailey