Youth’s Book Reflections

ဒီစာအုပ်ဖတ်အပြီး ကျွန်တော့်ရင်ထဲမှာ ဂျိုးပီယာဆင်ဟာ မေ့ဖျောက်မရနိုင်လောက်တဲ့ ဇာတ်ကောင်ဖြစ်မှန်းမသိ ဖြစ်သွားရပါတယ်။ သူ့ငယ်ရွယ်ပျိုမျစ်တဲ့အချိန် ၃၂နှစ်လုံးလုံးဒီသုံးတိုက်နယ်ဆေးရုံမှာ ရင်းနှီးမြှုပ်နှံရင်း ရောဂါဗေဒပါရဂူရာထူးနဲ့ ထိုက်တန်ကြောင်း အစွမ်းကုန်သက်သေပြခဲ့တယ်။
ပေပေရေရေ စုတ်စုတ်ပြတ်ပြတ်နေတတ်တဲ့ ရောဂါဗေဒပါရဂူကြီး ဂျိုးပီယာဆင်က အကြောင်းမသိသူအဖို့တော့ လူ့ဂွစာဖြစ်နေပေမယ့် ကောင်းစွာမဖွံ့ဖြိုးသေးတဲ့ဆေးရုံအတွက်တော့ ဂျိုးပီယာဆင်က ထောက်တိုင်တစ်တိုင်ပါပဲ။သူ့တစ်သက်လုံး လုပ်လာခဲ့သမျှ ကြိုးပမ်းခဲ့သမျှဟာ ကလေးတစ်
ယောက်ကြောင့်နဲ့ အကုန်သဲထဲရေသွန်ဖြစ်သွားရတယ်။ အလုပ်ထုတ်ဖို့ ရမယ်ရှာလို့လည်းကောင်းသွားတာပေါ့။ ထိုင်ခုံဖယ်မပေးချင်တဲ့ လူကြီးတစ်ယောက်ရယ်လို့ပါ ခေါင်းစဉ်တပ်ခံလိုက်ရတယ်။
အီလေးဆွဲနေတတ်တဲ့ ရောဂါဗေဒပါရဂူကြီးကို ခပ်မြန်မြန်ထုတ်စေချင်ခဲ့ကြတယ်။
အရှိန်နဲ့တိုးတက်နေတဲ့ ဆေးရုံမှာ သူ့ဌာနကပဲ ပုပ်နေခဲ့တာကိုး။ တကယ်တမ်းမှာတော့ အဘိုးကြီးဟာ ဘယ်အချိန်မှာ အသာနောက်ဆုတ်ပေးရမယ်မှန်းမသိတဲ့ လူရိုးကြီးဖြစ်နေတာပါ။ ထက်မြက်ပြီး ခေတ်နဲ့အညီနားလည်တတ်ကျွမ်းတဲ့ ကိုလီမန် လို လူငယ်တွေရောက်လာတော့ သူ့ရဲ့အဆုံးအသတ်ကမလှပခဲ့လိုက်ဘူး။ ဆုတ်ခွါခြင်းဆိုတာဟာလည်း အနုပညာတစ်ခုပဲလေ။
ဒီဝတ္ထုထဲမှာ အများကောင်းကျိုးအတွက်ကိုယ်ကျိုးစွန့်တဲ့ဇာတ်ကောင်တွေ ရှိတယ်။ ဂျိုးပီယာဆင်လိုမျိုး ကိုယ့်ကိုယ်ကိုထက် ဆေးရုံကိုပိုချစ်တဲ့သူရှိတယ် ဆေးရုံအုပ် အော်ဒင်ဘရောင်း၊သူဌေးသမက်ထက် ဆေးဘက်ဆိုင်ရာ ဘုတ်အဖွဲ့ဥက္ကဋ္ဌ ဂုဏ်ကိုပိုတန်ဖိုးထားတဲ့ခွဲစိတ်ကုဌာနမှူး ကန့်အိုဒေါ်နယ်တို့လိုပေါ့။
ကုန်တိုက်ပိုင်ရှင် ယူစတေ့ဆွိန်းနဲ့ ကန့်အိုဒေါ်
နယ်တို့ရဲ့အငြင်းအခုံကလည်း မှတ်သားစရာပါပဲ။ ကုန်တိုက်ပိုင်ရှင်ကတော့ သူ့ရဲ့စီးပွါးရေးအမြင်တိုင်း မသန်မစွမ်းဂေဟာတွေရဲ့ အကျိုးမရှိပုံကိုစျေးတွက်တွက်တယ်။ ဒီလိုအဘိုးကြီးကို ကန့်အိုဒေါ်နယ်ရဲ့ချွတ်ခန်းကလည်း တကယ့်ကို ထိထိမိမိပါပဲ။
ယူစတေ့ဆွိန်းက ပိုလိီယိုရောဂါတိုက်ဖျက်ရေးက တကယ်လိုအပ်တယ်လို့ မထင်ဘူးဆိုပြီး စကားဝိုင်းကိုစလိုက်တယ်။ သူ့အပြောအရ လူတွေဟာ evolution theoryအရnature selectionအတိုင်းပဲ အားနည်းသူတွေ ပျောက်ကွယ်သွားပြီး သန်မာသူတွေသာ ကျန်ရစ်ခဲ့လိမ့်မယ်။ဒီတော့ မသန်စွမ်းသူတွေဟာ လူ့အဖွဲ့အစည်းအတွက် ဝန်ထုပ်ဝန်ပိုးတွေ၊ ဘာမှမထုတ်လုပ်နိုင်တဲ့လူတွေဖြစ်ပြီး ဆေးပညာဟာ ဒီဂီလာနတွေကိုစုဆောင်းနေသလိုဖြစ်နေတယ်ပြောလာတယ်။ အဲ့ဒီအခါမှာ အိုဒေါ်နယ်က ဆေးပညာဆိုတာဟာလည်း evolutionထဲက တစ်စိတ်တစ်ပိုင်းသာဖြစ်ကြောင်းနဲ့ -
“ဆေးပညာ မှာတကယ့်ပြဿနာ တခုရှိတယ်။ အဲဒီပြဿနာဟာ လူသားတဦး ချင်းရဲ့ရပ်တည်မှု တည်တန့်မှု ပြဿနာပဲ။ အခုလဲ ဒီ ပြဿနာ နောင်လဲ ဒီပြဿနာဘဲ ရှိရမယ်။ ရပ်တည်မှု၊ ကြံ့ကြံ့ခံနိုင်မှုဟာဘဲ သဘာဝတရားရဲ့ အရင်းခံအကျဆုံး နိယာမဘဲ။
အဲ့ဒါကြောင့် ကျနော်တို့ ပိုလီယို (အကြောသေရောဂါ) ကို တိုက်တာဘဲ။ ပလိပ်ရောဂါတို၊ ကျောက်ကပ် ရောဂါတို့၊ ကလသားရောဂါတို့ကို တိုက်တာဘဲ၊ ကင်ဆာတို့ တီဘီတို့ကိုတိုက်နေတာဘဲ၊ ဒါကြောင့်ဘဲ ကျုပ်တို့ဟာ ခင်ဗျားပြောတဲ့ ဂီလာနစခန်းတို့ မစွမ်းမသန်ဆေးရုံတို့ဆိုတာတွေ တည်ဆောက် နေရတာဘဲ။ ဘယ်လူသားကိုမဆို အသက်ရှည် တည်တန့်အောင် လုပ်နိုင်သလောက် ကျနော်တို့လုပ်နေမှာဘဲ၊ အင်အားနည်းတာ အင်အားကြီးတာ ခွဲခြားနေဘို့မရှိဘူး၊ တခုတည်းသော ဦးတည် ချက်ဟာ ရပ်တည်နိုင်ရေး အဓွန့်ရှည်ရေးဘဲ။ ဒီ ဦးတည်ချက် အောင်မြင်အောင် ဆေးပညာရဲ့ လက်ရှိ အဆင့်အတန်း အလျောက် ဒီကနေ့ တတ်စွမ်းနိုင်သလောက် လုပ်ဘို့ဘဲရှိတယ်။”
~Pg.120,ဆေးရုံ၊ဖေမြင့်
ဒီစာအုပ်ထဲမှာ လူတန်းစားပေါင်းစုံကိုတွေ့နိုင်တယ်။ ကိုယ်ကျရာတာဝန်ကို ပေါ့လျော့တတ်တဲ့ ငါးခုံးမလိုလူတွေကြောင့် တလှေလုံးပုပ်ခဲ့ရတာတွေ့နိုင်တယ်။ ကိုယ့်အလုပ်ကိုစိတ်ဝင်စားပြီး ချစ်တတ်တဲ့သူတွေကြောင့်လည်း နှီးနွယ်ဆက်စပ်မှုတွေ အဆင်ပြေစေနိုင်တယ်။ ‘မိုက်’ဆီကနေ ပုံပြင်တွေထဲကလို လှပတဲ့ အဆုံးသတ်ကိုမျှော်လင့်ခဲ့မိပေမယ့် သူကတော့ သူ့ဝသီအတိုင်း သူမှန်မယ်ထင်ရာကို ရွေးချယ်သွားတယ်။ဒါကိုပဲလူသားဆန်တယ်လို့ဆိုရမလား။
Arthur Hailey ရဲ့ဇာတ်ကောင်တွေမှာ အမှားလည်းလုပ်တတ်ကြ၊ ကိုယ်ကျိုးလည်းကြည့်တတ်ကြခြင်းဖြင့် လူသားဆန်မှုကို ပြတယ်။စာအုပ်ကို မူရင်းအရသာအတိုင်းမပျက်စေဘဲ ချန်သင့်တာချန်ပြီး ထိထိမိမိနဲ့ ဆရာဖေမြင့်က ဘာသာပြန်ထားတာကို ယှဉ်ဖတ်လိုက်ရပါတယ်။ ဆေးပညာအသိုင်းအဝိုင်းတင်မက လူ့အဖွဲ့အစည်းထဲက လူတိုင်းဖတ်သင့်တဲ့စာအုပ်ပါ။ အလုပ်နဲ့ကင်းကွာလို့မရတဲ့ လူသားတွေဖြစ်တဲ့အတွက် ဒီဝတ္ထုကို ကောင်းကောင်းအရသာခံမိကြမှာပါ။ အခုချိန်မှာဒီဘာသာပြန်စာအုပ်က ရှားပါးသွားပြီဖြစ်ပေမယ့် ပြန်ထွက်လာရင်တော့ ဖတ်ကိုဖတ်ကြည့်သင့်တဲ့ စာအုပ်လေးပါ။
.
.
.
.
.
အကယ်၍ ဒီreviewကိုနှစ်သက်သဘောကျမိတယ်ဆို နောက်ထပ်များစွာသော စာအုပ်အညွှန်းတွေကို pageမှာ ဝင်ဖတ်ကြည့်လှည့်ပါခင်ဗျာ🙏🏻
👉https://www.facebook.com/share/19RsfM7KZx/?mibextid=wwXIfr
#Youths_book_reflections #ဖေမြင့်
#ဆေးရုံ #ArthurHailey #FinalDiagnosis
#bookreview
Keep Reading