မောရိသျှ
စိတ်ပညာရှင် ဒိုင်ရန်း တိုက်စ် (Dianne Tice) နဲ့ ရွိုင်း ဘေရူမိုက်စတာ (Roy Baumeister) တို့ရဲ့ လေ့လာတွေ့ရှိချက်တွေအရ အချိန်ဆွဲတဲ့အကျင့်ရှိလာရခြင်းက ကိုယ့်ကိုယ်ကိုယ် မလေးစားတတ်မှုကြောင့်လို့ ပြောထားတော့၊ ကျွန်တော်တို့အနေနဲ့ နားလည်ထားရမယ့် နောက်တချက်က ကိုယ့်ကိုယ်ကိုယ် တန်ဖိုး မထားတတ်ရင် ရင်ဆိုင်ရမယ့် နောက်ဆက်တွဲ အကျိုးဆက်ပဲ။ အဲတာက ယုံကြည်မှု ပျောက်ဆုံးသွားခြင်းပါ။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုမထားနိုင်တော့ ဘာပဲလုပ်လုပ် လုပ်ဖို့အရေး စိတ်အပြည့်မထည့်ထားနိုင်တော့ဘူး။ စိတ်ခွန်အား ယုတ်လျှော့နေတော့ ဘာပဲလုပ်လုပ် ဖြစ်အောင် လုပ်ဖို့ စိတ်မတင်းနိုင်တော့ဘူး။ အဲဒီမှာတင် စိတ်အားပျက်မှုကြောင့်ပဲ လုပ်ချင်စိတ် ကုန်သွားပြန်ရော။ အဲတာနဲ့တင် ပျင်းတယ်လို့ ဖြစ်သွားတယ်။ အချိန်ဆွဲတာက အကြောင်းပြချက်တစ်ခုလို ဖြစ်သွားတယ်။
ဒါကြောင့် အချိန်ဆွဲတဲ့ အကျင့်ကို ကုစားချင်ရင် အရင်ဆုံး ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားတတ်အောင် ကျင့်ရမယ်ဗျ။ ဒီမှာ မဖြစ်မနေ သိဖို့လိုလာတာတွေက – ကိုယ့်ကိုယ်ကိုယ် လေးစားခြင်းဆိုတာဘာလဲ။ ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားခြင်းဆိုတာ ဘာလဲ။ ကိုယ့်ကိုယ်ကိုယ်လေးစားတတ်ခြင်းရဲ့ ဝိသေသလက္ခဏာတွေက ဘာတွေလဲ။ ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားတတ်သူရဲ့ အကျင့်စရိုက်တွေက ဘာတွေဖြစ်မလဲ။
အဲဒီဝိသေသလက္ခဏာတွေထက် အရေးကြီးတာက ကိုယ့်ကိုယ်ကိုယ် အားပေးတတ်ခြင်းပါ။ အလုပ်လုပ်ချင်စိတ် ပေါက်လာအောင် ဘယ်လို အားပေးကြမလဲ။ မှန်ပါတယ်။ ဒီနေရာမှာ ကိုယ့်ကိုယ်ကိုယ် လေးစားဦးမှလည်း ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားတဲ့အနေနဲ့ ကိုယ့်ကိုယ်ကိုယ် အားပေးမှာပေါ့။ ဟုတ်တယ်မလား။
ဒါဆိုရင် ဘယ်လို အားပေးကြမလဲ။ အကျိုးအမြတ်တခုခုနဲ့ မျှားပြီး လုပ်ချင်စိတ်ပေါက်အောင် လုပ်ရမှာလား။ ဘာလုပ်ရင် ဘာဖြစ်မယ်စသဖြင့်ပေါ့။ မဟုတ်ပါဘူး။ ကိုယ့်အတွက် အကျိုးရှိရိုးမှန်ရင် ဘယ်သူမှ မပျင်းရဲပါဘူး။
အချိန်ဆွဲခြင်းဖြစ်လာရတာက ပျင်းလို့ထက် လုပ်ချင်စိတ်မပြင်းပျလို့ပါ။ လုပ်ချင်စိတ် ဖြစ်လာဖို့ စိတ်အားတက်ကြွနေဖို့ လိုပါတယ်။ အချိန်ဆွဲတာက လုပ်ရမယ့် အလုပ် သေးတာ ကြီးတာနဲ့ မဆိုင်ပါဘူး။ လုပ်စရာတွေ များလာရင်တော့ သေးသေးကြီးကြီး ဘယ်သူမဆို အချိန်ဆွဲလို့ရရင် ဆွဲမှာပါ။ လုပ်ဖို့ လိုနေရင်တောင် မသိချင်ယောင်ဆောင်ပြီး တမင်မလုပ်ဘဲ နေရင် နေဦးမှာပါ။
ဒါကြောင့် နည်းစနစ်တကျ ကိုယ့်ကိုယ်ကိုယ် အားပေးတတ်ဖို့ အရင်ဆုံး လုပ်ရမယ့်အလုပ်တွေကို စနစ်တကျ ဖြစ်သွားအောင် စီမံခန့်ခွဲပြီး နေရာတကျဖြစ်အောင် အရင်စီစဉ်ပါ။ အလုပ်ကိစ္စတွေရဲ့ အဓိက ပဓာန ဦးစားပေး ခွဲပါ။ သေးသေးလေးက စပါ။ အလုပ်ကြီးတွေကို ဦးစားပေး နေရာထားပြီး လုပ်သင့်တာ မှန်ပေမဲ့ ကိုယ်က အချိန်ဆွဲတဲ့ အကျင့်ဆိုးနဲ့ အချိန်ယူတတ်ရင်၊ အလုပ်သေးသေးလေးတွေနဲ့ လုပ်ဖြစ်အောင် လုပ်ပြီး လုပ်ချင်စိတ်မွေးပါ။ လုပ်ပြီးတိုင်း ကိုယ့်ကိုယ်ကိုယ် ဆုချတဲ့အနေနဲ့ အစားထိုး တစ်ခုခု လုပ်ပါ။ ခနတဖြုတ်နားတာမျိုး။ အစားအသောက်တစ်ခုခုနဲ့ ဆုချတာမျိုးပေါ့။
အဲဒီလိုမျိုး လုပ်ချင်စိတ်ပေါက်လာအောင် အလုပ်တာဝန်သေးသေးလေးတွေနဲ့ ကိုယ့်ကိုယ်ကိုယ် ဆွယ်ခြင်းက ကိုယ့်ကိုယ်ကိုယ် အားပေးခြင်းပါပဲ။ လုပ်ချင်စိတ် ပေါက်လာဖို့အရေး မိုတီဘိတ်စကားတွေနဲ့ ကိုယ့်ကိုယ်ကိုယ် အယုံသွင်းနေစရာမလိုပါဘူး။ လူတိုင်းလူတိုင်း သူတို့ရဲ့ ကိုယ်စွမ်းကိုယ်စကို သိပြီးသားပါ။ သူများပြောမှ မှတ်မိရမယ့် အသိမျိုးမဟုတ်ပါဘူး။ ဒါကြောင့် ပျင်းစိတ်ကြီးလာရင် အလုပ်သေးသေးလေးတွေကို တစတစ လုပ်ပြီး လုပ်ချင်စိတ်သာ မွေးပါ။ အချိန်တန် လုပ်ဖြစ်သွားရင်ပဲ ကိုယ့်ကိုယ်ကိုယ် အားပေးတတ်သွားပါလိမ့်မယ်။ အဲဒီအခါ ကိုယ့်ရဲ့ လုပ်ရည်ကိုင်ရည်အပေါ် ဂုဏ်ယူတတ်လာပြီး ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားတတ်ပါလိမ့်မယ်။ အဲဒီအခါ ကိုယ့်ရဲ့ အရည်အချင်းအပေါ် ယုံကြည်မှုတိုးတက်လာပြီး လုပ်ချင်စိတ် ကိုင်ချင်စိတ် တိုးတက်လာမှာပါ။
#မောရိသျှ
Keep Reading