KhatSit
လူမျိုးတစ်စု ၊ နိုင်ငံတစ်ခုစီတိုင်းမှာ ကိုယ်ပိုင်ဘာသာ စကား ၊ ရိုးရာအစားအစာ ၊ ရိုးရာအကအလှတွေနဲ့ ရိုးရာယဉ်ကျေးမှု အမွေအနှစ်တွေ ကိုယ်စီရှိကြပါတယ် ။ နိုင်ငံတစ်ခုရဲ့ အလှအပ နဲ့ နိုင်ငံတစ်ခုရဲ့တန်ဖိုးဟာ
သူတို့ပိုင်ဆိုင်တဲ့ ရိုးရာယဉ်ကျေးမှု အမွေအနှစ်တွေနဲ့လည်း များစွာသက်ဆိုင်နေသလို ပိုင်ဆိုင်တဲ့ယဉ်ကျေး မှုတွေကို ထိန်းသိမ်းနိုင်မှုနဲ့ တိုးတက်အောင် လုပ်ဆောင်နိုင်မှုတွေ အပေါ်မှာလည်း မူတည်နေပါတယ် ။
ကျွန်တော်တို့ရဲ့ မြန်မာနိုင်ငံမှာလည်း လူမျိုးစုအသီးသီးရဲ့ ချစ်စရာကောင်းတဲ့ ဘာသာစကားတွေ ၊ ရိုးရာအကအလှတွေ၊ အစားအသောက်တွေနဲ့ ယဉ်ကျေးမှုဓလေ့ထုံးတမ်း အသီးသီးရှိကြပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့တတွေ ချစ်မြတ်နိုးလှတဲ့ မြန်မာနိုင်ငံ လို့ဆိုတာနဲ့ မြန်မာပြည်မှာရှိတဲ့လူတွေသာမက ၊ ကမ္ဘာမှာရှိတဲ့နိုင်ငံတွေကပါ အရင်ဆုံးပြေးမြင်မိတာက ပုဂံ ၊ မန္တလေးနဲ့ သင်္ကြန်ပွဲတော်ပဲဖြစ်ပါတယ် ။ မြန်မာနိုင်ငံသည် စိတ်ဝင်စားစရာကောင်းပြီး အရောင်အသွေးစုံသော ပွဲတော်များနှင့် ပြည့်နှက်နေပါတယ် ။ ထိုပွဲတော်တွေထဲတွင် သင်္ကြန်ပွဲတော်သည် မြန်မာနိုင်ငံတွင် အကြီးကျယ်ဆုံးနှင့် လူသိအများဆုံး ပွဲတော်ဖြစ်ပြီး နိုင်ငံခြားခရီးသွားများကိုလည်း အလွန်ဆွဲဆောင်နိုင်သော ပွဲတော်တစ်ခုပဲဖြစ်ပါတယ် ။ မြန်မာပြည်မှာ သင်္ကြန်ပွဲတော်က အခမ်းအနားဆုံးလို့တောင် တင်စားထိုက်တဲ့ ဒြပ်မဲ့ယဉ်ကျေးမှု အမွေစစ်စစ်ပဲဖြစ်ပါတယ် ။
မြန်မာ့ဆယ့်နှစ်လ ရာသီပွဲတော်များအနက် ပထမဦးဆုံးနှင့် ရက်ကာလ အကြာမြင့်ဆုံး ကျင်းပသည့် ပွဲတော်မှာ သင်္ကြန်ပွဲတော်ပင်ဖြစ်ပါတယ် ။ သင်္ကြန်ဆိုသည်မှာ ကူးပြောင်းခြင်းဟု အဓိပ္ပာယ်ရပြီး နှစ်ဟောင်းမှ နှစ်သစ်သို့ ကူးပြောင်းခြင်းဟုလည်း အဓိပ္ပာယ်ရပါတယ် ။သင်္ကြန်ပွဲတော်သည် မြန်မာ့ရိုးရာ ပွဲတော်များတွင် အစောဆုံးကျင်းပသော ပွဲတော်ဖြစ်သည့် အပြင် ရေပက်ကစားရသော ပွဲတော်တစ်ခုလည်းဖြစ်ပါတယ် ။ မြန်မာဘုရင်များလက်ထက်က နှစ်စဉ်သင်္ကြန် ပွဲတော်ကို နန်းတော်အတွင်း၌ အခမ်းအနားဖြင့် စည်ကား သိုက်မြိုက်စွာ ကျင်းပခဲ့ကြသလို အမိ အဖများကို ရည်မှန်း ကန်တော့ခြင်း၊ ခေါင်းဆေးမင်္ဂလာ ပြုခြင်းနှင့် အတာပွဲတော် တည်ခြင်းများ ပြုလုပ်ကြပါတယ် ။ နှစ်သစ် မင်္ဂလာအခါတွင် မင်္ဂလာရှိသော လုပ်ငန်းများကို အစအဦးပြု၍ လုပ်ဆောင်ရမည်ဟူသော သန္နိဌာန်ဖြင့် မင်္ဂလာအခါနှင့် ကိုက်ညီစေရန် ဆောင်ရွက် ကြခြင်းပင်ဖြစ်ပါတယ် ။
မြန်မာတို့၏ နှစ်သစ်ကူး မဟာသင်္ကြန်ပွဲတော်သည် နှစ်သစ်ကူးအထိမ်းအမှတ်ပွဲတော်သက်သက်ချည်း မဟုတ်ပေ။ စည်းလုံးခြင်း၊ ညီညွှတ်ခြင်း အကုသိုလ်အညစ် အကြေးများကို ဆေးကြောခြင်း၊ ဘုရားများကို အမွှေးနံ့သာများဖြင့် ပူဇော်ခြင်း၊ သက်ကြီးရွယ်အိုများကို ရေချိုးသန့်စင်ပေးခြင်း၊ ခေါင်းဆေးမင်္ဂလာပြုခြင်းနှင့် လက်သည်း ခြေသည်းများ ညှပ်ပေးခြင်း၊ ဥပုသ်သီလ ဆောက်တည်ခြင်း၊ အလှူဒါနပြုခြင်း၊ တိရစ္ဆာန်များကို ဘေးမဲ့ပေးခြင်းစသည့် အဓိပ္ပာယ်ရှိရှိနှင့် သတ်သတ်မှတ်မှတ် ကျင်းပသော ပွဲတော်တစ်ခုလည်းဖြစ်ပါတယ် ။ မဟာသင်္ကြန် ပွဲတော်သည် မြန်မာ့ ယဉ်ကျေးမှုကို မဏ္ဍိုင်ပြု၍ ကျင်းပသောပွဲတော်လည်း ဖြစ်ပါတယ် ။ သင်္ကြန်ကာလ ရေပက်ခြင်း၏ အလေ့အထနှင့် ရည်ရွယ် ချက်သည် နှစ်ဟောင်းမှ အညစ်အကြေးများကို ရေစင်ရေသန့် တို့နှင့် ပက်ဖျန်းခြင်းဖြင့် စိတ်ကို သန့်စင်ကြည်လင်ပြီး အေးမြစေရန်ဖြစ်ကြောင်းကိုလည်း သိစေလိုပါတယ် ။
ကမ္ဘာ့ဒြပ်မဲ့ ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင် မြန်မာ့သင်္ကြန်ပွဲတော်
ခမ်းနားတဲ့သမိုင်းကြောင်းတွေနဲ့အတူ ရာသီတွေအလီလီညောင်းလို့ နှစ်ကာလတွေ အလီလီပြောင်းလည်း ကျွန်တော်တို့ရဲ့ ရိုးရာယဉ်ကျေးမှုအမွေအနှစ်က ယနေ့ထက်တိုင် ကမ္ဘာ့အလယ်မှာ အထင်အရှားရှိနေဆဲပဲဖြစ်ပါတယ် ။ မြန်မာ့ရိုးရာ နှစ်သစ်ကူး အတာသင်္ကြန်ပွဲတော်ကို ယူနက်စကို၏ လူသားမျိုးနွယ်ဆိုင်ရာ ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းတွင် ပါဝင်နိုင်ရေးအတွက် အဆိုပြုစာတွဲကို ယူနက်စကို ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်ကော်မတီထံ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက ၂၀၂၃ ခုနှစ်၊ မတ်လ ၂၄ ရက်တွင် ပေးပို့တင်သွင်းခဲ့ပါတယ်။
၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၅ ရက်တွင် ပါရာဂွေးနိုင်ငံ၊ အာ ဆွန်စီယွန်မြို့၌ ကျင်းပသည့် (၁၉)ကြိမ်မြောက် ဒြပ်မဲ့ ယဉ်ကျေးမှု အမွေအနှစ်ညီလာခံက “မြန်မာ့ရိုးရာ နှစ်သစ်ကူး အတာသင်္ကြန်ပွဲတော်”ကို ကမ္ဘာ့ဒြပ်မဲ့ ယဉ်ကျေးမှုအမွေအနှစ်စာရင်းတွင်ထည့်သွင်းကြောင်းတရားဝင် ဆုံးဖြတ်အတည်ပြုကြေညာခဲ့ပါတယ်။
ကွဲလွဲနေတဲ့ ရာဇဝင်များ
သင်္ကြန်ပွဲတော်နဲ့ ပတ်သတ်ပြီး ပါးစပ်ရာဇဝင်တွေလည်းရှိနေပါတယ် ။ အဲ့အရာကတော့ သိကြားမင်းနဲ့ ဗြဟ္မာမင်းကြီး တို့ အငြင်းပွားပြီး ပြိုင်တဲ့အခါ သိကြားမင်းအနိုင်ရတဲ့အတွက် ဗြဟ္မာမင်းကြီးရဲ့ ဦးခေါင်းကို နိုင်ကြေးအဖြစ်ရရှိခဲ့ပါတယ် ။ ဗြဟ္မာကြီးက တန်ခိုးအလွန်ကြီးတဲ့အတွက် ထိုဦးခေါင်းကို မြေကြီးမှာထားရင် မီးလောင်ပျက်စီးမယ် ၊ လေထဲကို ပစ်ထား လျင်လည်း သတ္တဝါတွေမီးလောင်ပျက်စီးမယ် ၊ ပင်လယ်ထဲပစ်ချရင်လည်း ရေးခန်းတဲ့အတွက် ဘယ်နေရာမှမထားရဘဲ ကိုင်ထားရပါတယ် ။ နောက်ပိုင်းမှာတော့ တန်ခိုးကြီးတဲ့နတ်မင်းကြီးတွေကို တာဝန်လွှဲပြီး တစ်နှစ်မှာ နတ်မင်းတစ်ပါးက အလှည့်ကျ ထိန်းထိမ်းရတယ်လို့ဆိုပါတယ် ။ အဲ့ဒီဦးခေါင်းကြီးကို တစ်ဦးလက်မှ တစ်ဦးလွှဲပြောင်းချိန်ကို ပုဏ္ဏားတို့က အတိအကျတွက်ချက်ဖော်ထုတ်ကြပြီး အဲ့ဒီကူးပြောင်းတဲ့ကာလကို သင်္ကန္တ အခါဟုခေါ်ဆိုပြီး နှစ်တစ်နှစ်ပြည့်သည်ဟုလည်း သတ်မှတ်ကြပါတယ် ။
နောက်ထပ် ဗုဒ္ဓကျမ်းဂန်များအရလည်း ထိုကာလတွင် ဘုရားရှင်၏ မယ်တော်ဘက်မှ အမျိုးများရှိသည့် ဒေဝဒဟပြည်မှ မင်းသားမင်းသမီးများ ရေကစားသည့် ကာလဖြစ်သည်ဟုလည်းဆိုပါတယ်။ (ဒေဝမှာ နတ်ဟူသော အဓိပ္ပာယ်သာမက၊ မင်းသားမင်းသမီးဟုလည်း အဓိပ္ပာယ်ရသည်။) ဘုရားရှင်လက်ထက်မတိုင်မီကပင် ထိုပူပြင်းသော မိန်ရာသီမှ မိဿရာသီသို့အပြောင်းတွင် ရေကစားလေ့ရှိသည်ဟုလည်း ဆိုသည်။ ဘုရားပိဋကတ်တော်၌ သင်္ကြန်ကျခြင်း၊ တက်ခြင်း အကြောင်းများမပါချေ။ သီတင်းကျွတ်၊ တန်ဆောင်မုန်းလများ၌ ကျင်းပလေ့ရှိသော နက္ခတ်ပွဲသဘင်များအကြောင်းသာ ဖော်ပြထားပါတယ် ။ ဒီလို ကွဲပြားတဲ့ သမိုင်းတွေနဲ့ မတိကျတဲ့ အကြောင်းအရာတွေက ကျွန်တော်တို့ ရိုးရာယဉ်ကျေးမှုတန်ဖိုးကို ကျဆင်းစေတယ်လို့ပဲထင်မိပါတယ် ။
ကျွန်တော့်ရဲ့ အယူအဆ
ဒီနေရာမှာ ကျွန်တော့်ရဲ့ အမြင် ကျွန်တော့်ရဲ့ အယူအဆကို တင်ပြလိုပါတယ် ။ ကျွန်တော်တို့မြန်မာ ဘုရင်တွေ ခေတ်အဆက်ဆက် နန်းစိုက်ခဲ့ကြတဲ့ နေရာတွေကို ကြည့်ပါက ခြောက်သွေ့ဒေသဖြစ်တဲ့ အညာဒေသတွေပဲဖြစ်တယ်ဆိုတာကို သိနိုင်ပါတယ် ။ အညာဒေသဆိုတာက ဆောင်းမှာဆို ကမ်းကုန်အောင်းချမ်းပြီး နွေမှာဆို အလွန်ပူပြင်းတဲ့ ဒေသတွေပဲဖြစ်ပါတယ် ။ ဒါကြောင့်လည်း အချုပ်တန်းဆရာဖေက ဆောင်းရတုပွဲ ဆိုတဲ့လေးချိုးကို စပ်ဆိုခဲ့ပြီး မန္တလေးဆောင်းရဲ့ အချမ်းကဲပုံကို ဖွဲ့ဆိုခဲ့တာပဲဖြစ်ပါတယ် ။
တိုက်တိုက်ဆိုင်ဆိုင် ကျွန်တော်တို့တွေ သင်္ကြန်ပွဲကျင်းပတာကလည်း နွေရာသီကာလမှာပဲဖြစ်ပါတယ် ။ အညာဒေသတွေဖြစ်တဲ့အတွက် နွေကာလမှာ အပူချိန်က လွန်ကဲနေမယ်ဆိုတာ အသေအချာပဲဖြစ်ပါတယ် ။ ဒါကြောင့် ရှင်ဘုရင်နဲ့ မိဖုရားတွေဟာ အပူဒဏ်ကိုသက်သာစေဖို့အတွက် မြစ်ဆိပ်မှာ ရေကစားခဲ့ကြတယ်ဆိုတာကိုလည်း ပုဂံခေတ်က နရသီဟပတေ့မင်းနှင့် မိဖုရားစောလုံးတို့ရဲ့ ဝမ်းနည်းဖွယ်ကောင်းတဲ့ အဖြစ်အပျက်ကသက်သေတည်လျက်ရှိနေပါတယ် ။ ခေတ်ကာလပြောင်းတဲ့အခါ ပြည်သူပြည်သားတွေအထိပါ ရေကစားတဲ့ဓလေ့က ကူးဆက်သွားပြီး သင်္ကြန်ဆိုတဲ့ ပွဲတော်ကို ပေါ်ပေါက်လာစေလို့တယ်လို့ ထင်မြင်မိပါတယ် ။
သင်္ကြန်ရေကစားကြပုံများ
ရှေးယခင်ခေတ်ကမြန်မာတို့ ရေကစားခဲ့ကြရာတွင် သက်ကြီးရွယ်အိုများကို သနပ်ခါးနံ့သာများဖြင့် ပက်ဖျန်းခြင်း၊ ခေါင်းလျှော်ရေချိုးပေးခြင်း စသော ချစ်စရာဓလေ့များ ပါဝင်ခဲ့ပါတယ်။ မုန့်လုံးရေပေါ် ၊ ရွှေရင်အေး ၊ သာကူ စတဲ့ မြန်မာ့ရိုးရာမုန့်များကိုလည်း စတုဒီသာကျွေးတဲ့ ဓလေ့ကလည်း ချစ်စရာကောင်းလှပါတယ် ။
သင်္ကြန်မဏ္ဍပ်များမှာ ပျော်ပျော်ပါးပါး ဝိုင်းဝန်းပြုလုပ်ကြရင်း ငရုတ်သီးများမုန့်လုံးရေပေါ်ထဲခိုးထည့်ပြီး စနောက်တဲ့အကျင့်ကြောင့် စားမိသူက ငိုရခက် ရယ်ရခက်ဖြစ်လည်း စိတ်ဆိုးခြင်းမရှိဘဲ ဝေပြီးစားသုံးခြင်း ၊ တစ်ဦးနှင့်တစ်ဦး ရန်ဖြစ်ခြင်းမရှိဘဲ ရေကစားကြခြင်းဖြင့် စည်းလုံးညီညွှတ်မှုကို ပြသခဲ့ကြပါတယ် ။
ပိတောက်ပန်းတွေဝေဝေဆာဆာပန်ထားပြီး တူညီဝတ်စုံများ ဝတ်ဆင်ထားတဲ့ မြန်မာ့ပျိုဖြူ မိန်းကလေးများကလည်း တင့်တယ်စွာလှပနေကြပါတယ် ။ မိန်းကလေးများအား ရေးလောင်းမည်ဆိုပါက ရေလောင်းခွင့်တောင်းကာ ရေလောင်း၊ ရေပက်သည့် မြန်မာ့ဟန်ကလည်း ချစ်စရာကောင်းလှပါတယ် ။ မောင်ရင်းနှမ ၊ ညီကိုရင်းချာ စိတ်ထားဖြင့် နွေးထွေပျူငှာစွာဖြင့် ရေကစားခဲ့ကြပါတယ် ။
အကြို ၊ အကျ ၊ အကြတ် ၊ အတက် လေးရက်စလုံးကို ကုသိုလ်များပြုလုပ်လေ့လည်းရှိကြပါတယ် ။ သင်္ကြန် ကာလတွင်း ဥပုသ်သီလဆောက်တည်ကာ တရားဘာဝနာပွားများ သူများရှိသကဲ့သို့ ရေကစားသူများကလည်း ရေကစားသူများအလျောက် ရေပက်ခံသူ၊ ရေလောင်းရေပက်သူများနှင့် စည်ကားလှသည်။ ကိုယ်လေးလက်ဝန်နှင့် မပေါ့မပါးအမျိုးသမီးများ၊ တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများနှင့် ဘာသာရေးပုဂ္ဂိုလ်များ(ဘုန်းကြီး၊ ရဟန်း၊ သီလရှင်၊ ဥပုသ်သည်)ကို ရေပက်ခြင်းမှ ရှောင်ကြဉ်ကြသည်မှာ ချစ်စရာကောင်းတဲ့ ဓလေ့စရိုက်ပဲဖြစ်ပါတယ် ။
တူးပို့သံမြူးလို့ညံပြီး ပျော်ရွှင်စရာကောင်းတဲ့ ဓလေ့ ၊ နွေးထွေးတဲ့ စရိုက်လက္ခဏာတွေနဲ့ ကျွန်တော်တို့တွေရဲ့ ဖိုးဖိုးဖွားဖွား ဖေဖေမေမေတို့ဟာ ကျွန်တော်တို့နိုင်ငံရဲ့ ရိုးရာအမွေအနှစ်ကို ကျွန်တော်တို့လို လူငယ်တွေရဲ့ လက်ထဲကို ဂုဏ်ကျက်သရေတင့်တယ်စွာနဲ့ လွှဲပြောင်းပေးခဲ့ပါတယ် ။
ယခုခေတ်တွင်မူ ခေတ်ကာလအလျောက် မဏ္ဍပ်များဆောက်ကာ သင်္ကြန်ပွဲတော်ကို ကြီးကျယ်စွာ ကျင်းပ လာကြသည်။ အချို့ မြို့များတွင်မူ အိုးမည်းသုတ်ခြင်းကလည်း ချစ်စရာကောင်းသော အလေ့အထတခုပဲဖြစ်ပါတယ် ။ ဒါပေမဲ့ ကူးပြောင်းလာတဲ့ နှစ်ကာလတွေကြားမှာ ကျွန်တော်တို့ရဲ့ ရိုးရာအမွေနှစ်က လူငယ်တွေရဲ့လက်ထဲမှာ တဖြည်းဖြည်း ယိုယွင်းပျက်စီးလာပါတယ် ။
ချစ်စဖွယ်ကောင်းတဲ့ ရိုးရာဓလေ့နေရာမှာ အနောက်တိုင်း ယဉ်ကျေးမှုတွေရဲ့ ဝါးမျိုခြင်းကို ခံနေရပါတယ် ။ ရေပတ်ခံထွက်တဲ့ မိန်းမပျိုများကို မတော်တ ရော်ပြု၍ အသားယူခြင်း ၊ ခွက်စောင်းခုတ်ခြင်း ၊ မူးယစ်ရမ်းကားခြင်း ၊ အတိုအပြတ် တွေဝတ်ဆင်မှုများ တိုးပွားလာခြင်းတွေက တစ်နှစ်ထက် တစ်နှစ်ပို၍များပြားလာပါတယ် ။ တစ်ချို့နှစ်တွေ သင်္ကြန်ကာလမှာ သေဆုံး တဲ့ ဦးရေဟာ အလွန်များပြားတာကိုလည်းတွေ့နေရပါတယ် ။
ဒါကြောင့် ပျော်လွန်ရင်ပျက်တတ်တယ် ဆိုတာကို သတိရစေ ချင်ပါတယ် ။ ယနေ့ခေတ်မှာတော့ သပြေခက်နှင့် ရေပက်သည့် ဓလေ့က မရှိတော့သလောက်ရှားနေပြီပဲဖြစ်ပါတယ် ။ စည်းကမ်းမရှိတဲ့ ရိုးရာဟာ အထီးကျန်ဆန်လှပါတယ် ။ အချို့သော မြို့ကြီးများ၌ မဏ္ဍပ်များတည်ဆောက်၍ ရေကစားကြရာတွင် ယခင်က သင်္ကြန်ယိမ်းအက အလှများအစား ခေတ်ပေါ်တေးဂီတများဖြင့် မလုံမခြုံအဝတ်အစားများဝတ်ဆင်ကာ ဖော်ချွတ်ကပြဖျော်ဖြေသည်တို့ကိုလည်း တွင်တွင်ကျယ်ကျယ် တွေ့မြင်လာရပါတယ် ။
ခေတ်ဟောင်းငွေဖလားနှင့် သပြေခက်ယဉ်ကျေးမှုများ၊ ခေတ်သစ် ဂီတအကအလှ ယဉ်ကျေးမှုများဖြင့် ရောထွေး လျက်ရှိသော်လည်း သင်္ကြန်သည် မြန်မာပြည်သူ
ပြည်သားတိုင်း ပျော်ရွှင်ရသည့် အကြီးကျယ်အခမ်းနားဆုံး မြန်မာ့နှစ်သစ်ကူးပွဲတော်တစ်ခုအဖြစ်တည်ရှိနေဆဲပဲဖြစ်ပါတယ် ။ အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံမှာ သင်္ကြန်ပွဲတော်ကို ဆုန်ခရမ်ပွဲတော်အမည်ဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပနေပါတယ် ။ တစ်နှစ်ထက်တစ်နှစ်တိုးတက်လာသလို မြန်မာ့ရိုးရာ ပုံစံကို တုပပြီး သူတို့ရဲ့ ကိုယ်ပိုင်ယဉ်ကျေးမှုကဲ့သို့ ကျင်းပလာကြောင်းကို ဝမ်းနည်းဖွယ်တွေ့လာရပါတယ် ။
မြန်မာ့ရိုးရာနှစ်သစ်ကူးသင်္ကြန်ပွဲတော်သည် ပျော်ပွဲရွှင်ပွဲသက်သက်မဟုတ်ပါ ထိန်းသိမ်းစောင့်ရှောက်သင့်တဲ့ အမွေအနှစ် တစ်ခုလည်းဖြစ်တယ်ဆိုတာကို လူငယ်များကို သတိရစေချင်ပါတယ် ။ ခေတ်နဲ့အညီပျော်တာမျိုးက အကြောင်းမရှိပေမဲ့ ခေတ်ဆိုတဲ့ စကားလုံးအောက်မှာ ကိုယ့်နိုင်ငံရဲ့ယဉ်ကျေးမှုကို ဖျက်စီးနေမိပြီလားဆိုတာကို ဆန်းစစ်စေချင်ပါတယ် ။
သင်္ကြန်ပြီးဆုံးသည့် နောက်နေ့ နှစ်သစ်၏ အဦးဆုံးနေ့ဖြစ်သည့် နှစ်ဆန်း ၁ ရက်နေ့တွင် ငှက်များ၊ ငါးများကို ဘေးမဲ့လွှတ်ကြ၍ ဇိဝိတအလှူဒါနအလှူများ ပြုကြပါတယ် ။ ညနေချမ်းအချိန်တွင် ကျေးရွာ၊ ရပ်ကွက်များ၏ လမ်းဆုံ လမ်းခွ၌ သံဃာတော်များ ပင့်ဖိတ်ကာ တစ်နှစ်တာ အန္တရာယ်ကင်းစေရန် ပရိတ်တရားတော်များ၊ ကမ္မဝါစာများ ရွတ်ဖတ်သရဇ္စျာယ်တော်ကြသည်မှာ မြန်မာတို့၏ ယဉ်ကျေးမှု အစဉ်အလာကောင်းများလည်း ဖြစ်ပါတယ်။
သင်္ကြန်ကာလအတွင်း မုန့်လုံးရေပေါ်၊ မုန့်လက်ဆောင်း၊ ရွှေရင်အေး၊ သင်္ကြန်ထမင်း၊ မုန့်ဟင်းခါးစသည့် မြန်မာ့ရိုးရာအစားအစာများဖြင့် ကျွေးမွေးဧည့်ခံသော စတုဒီသာ မဏ္ဍပ် များသည်လည်း နေ့စဉ်ရက်ဆက် လာသမျှလူတိုင်းကို စေတနာသဒ္ဒါတရား ထက်သန်စွာ ဖြင့် ဧည့်ခံကျွေး မွေးကြသည်။ ထို့ကြောင့် မြန်မာ့ရိုးရာသင်္ကြန်ပွဲတော်သည် ရေလောင်းရုံသာမဟုတ်ဘဲ စည်းလုံးခြင်း၊ ညီညွှတ်ခြင်း၊ ဧည့်ဝတ်ကျေပွန်ခြင်း၊ အလှူဒါနပြခြင်း၊ ပူဇော်ထိုက်သူများကို ပူဇော်ခြင်းစသော မင်္ဂလာ တရားတော် များနှင့်အညီ ကုသိုလ်ကောင်းမှုများဖြင့် ခြုံလွှမ်းနေသော၊ အနှစ်သာရပြည့်ဝသော မြန်မာ့ရိုးရာ ပွဲတော်မြတ် ပွဲတော်ထူးပင် ဖြစ်ပါကြောင်း စုဆောင်းရေးသား တင်ပြရင်း မြန်မာတို့ရဲ့ ယဉ်ကျေးမှုအမွေအနှစ်ကို ကမ္ဘာအလယ်မှာ တန်ဖိုးရှိအောင် ထိန်းသိမ်းနိုင်ပါစေကြောင်း တိုက်တွန်းနှိုးဆော်အပ်ပါသည် ။
#khatsit
Keep Reading