SarPhat Author

ဒီစာကိုဖတ်နေတဲ့ သင်က နေထိုင်မှုပုံစံသစ်နဲ့ အောင်မြင်မှုတွေကို တစ်ပွေ့တစ်ပိုက် သိမ်းပိုက်ဖို့ အဆင်သင့်ဖြစ်နေပြီဆိုတဲ့ လူငယ်တစ်ယောက်လား❓
ဒါဆိုရင်တော့ ဟန်နာက သင့်ဘဝကြီးကို တစ်ဆင့်မြှင့်တင်ပြောင်းလဲနိုင်စွမ်းရှိတဲ့ 4G အကြောင်းကို အားလုံးအတွက် မျှဝေပေးဖို့ အသင့်ပါပဲ။✨
4G ဆိုလို့ ဖုန်းအင်တာနက် 4G လို့မထင်လိုက်ပါနဲ့။ God, Goal, Growing, Glowing ဆိုတဲ့ အချက်လေးချက်ကို ဆိုလိုချင်တာဖြစ်ပါတယ်။
(၁) God - ဘုရားသခင်/ ဗုဒ္ဓမြတ်စွာဘုရား
အရင်ဆုံး လူကြီးတွေဆုံးမလေ့ရှိတဲ့ ဘုရားရှိခိုးရမယ်ဆိုတာ။
ရိုးရိုးရှင်းရှင်း တရားထိုင်တဲ့ အလေ့အကျင့်ကစပြီး မွေးမြူပါ။ အပြင်မထွက်ခင်နဲ့ အိပ်ခါနီး ဘုရားရှိခိုးတာ၊ ဝတ်ပြုတာတွေကိုလည်း လုပ်ပါ။
ဒီလို သေးငယ်တဲ့ အကျင့်တွေက စိတ်ကို ကြည်လင်အေးချမ်းစေတယ်။ စိတ်ဖိစီးမှုတွေကို လျော့ချပေးနိုင်တယ်။ အရာရာကို ရှင်းရှင်းလင်းလင်း ဆုံးဖြတ်နိုင်စွမ်းလည်း မြင့်မားလာပါလိမ့်မယ်။
(၂) Goals - ရည်မှန်းချက် ပန်းတိုင်
ဘဝရဲ့ ပန်းတိုင်တွေအကြောင်းပြောပါမယ်။
စာမေးပွဲ အောင်မြင်ဖို့ပဲဖြစ်စေ၊ ကိုယ်လိုချင်နေတဲ့ အလုပ်ရဖို့ပဲဖြစ်စေ ပန်းတိုင်အကြီးကြီးတွေရဲ့အောက်မှာ တိကျသေချာတဲ့ ရည်မှန်းချက်အသေးတွေကို အသေးစိတ် တစ်ဆင့်ပြီးတစ်ဆင့်ချမှတ်ပါ။
ဒီလို ချမှတ်ခြင်းက ကိုယ့်ရဲ့ နေ့စဥ်ဘဝနဲ့ ရှင်သန်နေရတဲ့ အကြောင်းအရင်းကို ဦးတည်ချက်ပျောက်မသွားအောင်လုပ်ပေးပြီး စိတ်အားထက်သန်အောင်လည်း လှုံ့ဆော်ပေးပါလိမ့်မယ်။
(၃) Growing - ရင့်ကျက်မှု
အခက်အခဲမကြုံရတဲ့ လူဆိုတာ ကမ္ဘာမှာမရှိပါဘူး။
ဘယ်လိုခက်ခဲမှုပဲဖြစ်ဖြစ် ရင်ဆိုင်လိုက်ပါ။ အမှားတွေဆီကနေ သင်ခန်းစာယူ၊ ပြုပြင်ပြောင်းလဲပြီး ကြီးကြီးမားမားကြီးတွေးမနေတော့ဘဲ ရှေ့ဆက်လိုက်ပါ။
ဒီလိုမျိုး အကောင်းဆုံးနေထိုင်မယ်ဆို စိတ်ဓာတ်တွေ ပိုကြံ့ခိုင်လာလိမ့်မယ်။ ရင့်ကျက်သန်မာလာလိမ့်မယ်။ ပြဿနာ ဖြေရှင်းနိုင်စွမ်းတွေ တိုးတက်လာမယ်။ ကိုယ့်ကိုယ်ကိုယ် ဘယ်လိုလူစားမျိုးလဲဆိုတာလည်း ပုံဖော်လာနိုင်လိမ့်မယ်။
(၄) Glowing - အရောင်အဝါတောက်ပခြင်း
ကိုယ့်ရဲ့နှလုံးသားထဲမှာရှိတဲ့ ယုံကြည်ချက် အပြည့်ရှိမှု၊ အကောင်းမြင်စိတ်ထားရှိမှု၊ နွေးထွေးကြင်နာမှု။
အားမာန်အပြည့်နဲ့ ကိုယ် စိတ်အားထက်သန်ရာနောက်လိုက်ပါ။ ကိုယ် ယုံကြည်တဲ့အရာအတွက် ရပ်တည်ပါ။ ဘယ်သွားသွား ဘာလုပ်လုပ် ချစ်ခင်ကြင်နာမှုတွေကိုမျှဝေပေးပါ။ လူတိုင်းကို အကောင်းမွန်ဆုံးဆက်ဆံပါ။
အဲ့ဒီအခါ ကိုယ်က အခြားသူတွေရဲ့ အမြင်မှာ ထင်ပေါ်ပြီး ယုံကြည်အားထားစရာကောင်းလာမယ်။ အကျိုးရှိတဲ့ ဆက်ဆံရေးတွေ တည်ဆောက်လာနိုင်မယ်ပေါ့နော်။
ဟန်နာအခုပြောခဲ့တဲ့ G လေးလုံးက ကိုယ်တိုင်လျှောက်လှမ်းရမယ့် ခရီးရှည်တစ်ခုဖြစ်ပါတယ်။ ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် နေ့တိုင်းဆန်းစစ်ပါ။
ဒီအချက်တွေက ဘဝကြီးမှာလိုကိုလိုအပ်တဲ့ နိယာမတွေလို့ပြောနိုင်တာဖြစ်လို့ လိုက်နာပြီး ဖြတ်သန်းမယ်ဆိုရင် ဘဝကြီးမှာ အံ့သြစရာ အဖြစ်အပျက်တွေဖြစ်ပေါ်လာမှာ အသေအချာပါပဲ။
လူငယ်တွေအားလုံးရဲ့ အောင်မြင်မှုခရီးလမ်းတစ်လျှောက် ဒီစာလေးက အထောက်အကူပေးဖို့ မျှော်လင့်ရင်း အေးချမ်းတောက်ပတဲ့ နေ့ရက်များစွာ ပိုင်ဆိုင်ကြပါစေလို့ ဟန်နာကနေပြီး အားပေးလိုက်ပါတယ်နော်။
Keep Reading