Author's Profile Photo

Youth’s Book Reflections

2/05/2025

တိမ်နဲ့ချည်တဲ့ကြိုး-ဂျူး🏔️

1 min read
Book Review
General Knowledge
Fiction
တိမ်နဲ့ချည်တဲ့ကြိုး-ဂျူး🏔️'s photo

********************
“God grant me the serenity to
accept the things I cannot change,
Courage to change the things I can,
And wisdom to know the difference.”

စာအုပ်ရီဗျူးအတွက် ဒီစာပိုဒ်လေးနဲ့ စဖွင့်ချင်ပါတယ်။ဒီစာအုပ်ထဲက ဇာတ်ကြောင်းနဲ့လည်းအလွန်လိုက်ဖက်သလို စာဖတ်သူတိုင်းအတွက်လည်းအလွန်အကျိုးရှိတဲ့စာလေးပါ။

ဘဝမှာ ပြန်ပြင်လို့မရနိုင်တော့တဲ့ အခိုက်အတန့်တွေမှာ တည်တည်ငြိမ်ငြိမ်နဲ့လက်ခံတတ်ဖို့၊ တစ်နည်းလက်ခံနိုင်ဖို့ရယ်၊ ကိုယ်တိုင်ပြောင်းလဲနိုင်တဲ့အရာတွေမှာလည်း သတ္တိရှိရှိနဲ့ ရဲရဲရင့်ရင့် ရင်ဆိုင်ဖြေရှင်းနိုင်ဖို့ခွန်အားတွေ…။ဒါတွေက ဘဝမှာ အလိုအပ်ဆုံး အရေးပါဆုံးအရာတွေပါ။ ဒါ့အပြင် နောက်တစ်ဆင့်ထပ်ပြီး ဒီအရာတွေကိုလည်း ခွဲခြားနိုင်တဲ့ဉာဏ်ပညာရှိဖို့ ထပ်ဆုတောင်းလိုက်ပြန်တယ်။

ဒါသည်ပင် လူမျိုးဘာသာမရွေး တောင့်တတဲ့ အလိုဆန္ဒမဟုတ်ပါလားခင်ဗျာ။
ဇာတ်လမ်းအကြောင်းကတော့ ဆရာမဂျူးရေးဟန်ပဲပြောရမလား။ ဇာတ်ကောင်မှာ ဒွိဟစိတ်လွန်ကဲနေပြီး အမြဲရွေးစရာနှစ်ခုကရှိနေတယ်။

တမူထူးတာလေးကတော့ နောက်ခံပဲ။ချင်းတောင်တန်းမှာ ဇာတ်အိမ်တည်ထားတဲ့ဒီဇာတ်လမ်းက ဖတ်ရင်းဖတ်ရင်း တိမ်တွေထဲပဲပြေးဝင်သွားရသလို တောင်ကမ်းပါးစွန်းနားကရပ်ပြီး ရှုခင်းစိမ်းစိမ်းစိုစိုကြည့်နေရသလို ခံစားချက်မျိုး ရတယ်။တောင်ပေါ်ကအစားအသောက်တွေ၊ဓလေ့တွေကို စာဖတ်ရင်းလှစ်ခနဲမြင်လိုက်ရတယ်။ချင်းပြည်နယ်အတွက် အောက်ချင်းငှက်ကအထိမ်းအမှတ်သင်္ကေတတစ်ခုဖြစ်သလို မင်းမှာသစ္စာ လူမှာကတိဆိုပြီးပုံနှိုင်းကြတတ်ပေမယ့် ဒီငှက်လေးတွေရဲ့ လူသားတွေထက်ခမ်းနားလှပတဲ့ မေတ္တာနဲ့သစ္စာတရားကြီးမြတ်မှုကို ဒီစာအုပ်မှာ ခပ်ရေးရေးမြင်ရပါမယ်။

တိုင်းရင်းသားလူငယ်လေးတွေရဲ့ ပညာသင်စွန့်စားရေးခရီးကို ဖတ်ရတဲ့အခါ ခက်ခက်ခဲခဲကြိုးစားရတဲ့ သူတို့ဘဝတွေကိုစာနာတတ်လာပါလိမ့်မယ်။အနီးနားပတ်ဝန်းကျင်မှာရှိခဲ့ရင် ဖေးမကူညီပြီးလူလူချင်းစာနာတတ်တဲ့စိတ်တွေထားကြဖို့ ဒီစာအုပ်ကသင်တယ်။ ရေမြေရပ်ခြား ပညာသွားသင်သူတိုင်းမှာ ထင်းခနဲနေအောင်မြင်သာတာက ပညာကို တန်ဖိုးထားတဲ့စိတ်ဓာတ်ပဲ။ဒါတွေဟာလည်း အတုယူစရာကောင်းတွေပဲမဟုတ်ပါလား။ဒီစာအုပ်ဖတ်ရတော့မှပဲ ဓာတ်ပုံပညာကိုလည်း နည်းနည်းစိတ်ဝင်စားလာတယ်။အထူးသဖြင့် “ကင်မရာသည် အဝေးတစ်နေရာမှ အသံကို ပြည်သူလူထုက ကြား နိုင်အောင် သက်သေဖြင့် တင်ပြနိုင်သည့်အရာ”လည်းဖြစ်နိုင်သလို အသုံးချမှုပေါ်မူတည်ပြီး မကောင်းမှုဒုစရိုက် အားပေးတဲ့အရာ၊လိမ်လည်ရာမှာ မမှန်သက်သေ အဖြစ်လည်းပြောင်းသွားနိုင်တဲ့ စိတ်ဝင်စားစရာ အခန်းကဏ္ဍကိုသွားတွေ့ရတယ်။

အချုပ်ပြောရရင် ဒီစာအုပ်က ဆရာမဂျူးရဲ့masterpiece တွေထဲက တစ်အုပ်ဆိုတာဖြစ်လည်းဖြစ်သင့်ပါရဲ့။ ရသဝတ္ထုအရေးအသားမှာ သုတတပုံတပင်နဲ့ ဖတ်ရတန်တဲ့အပြင်ကို တစ်ခန်းချင်းစီကို ကဗျာတွေနဲ့ နိဒါန်းချီထားတဲ့အတွက် တစ်မျိုးဖတ်လို့ကောင်းပါတယ်။စာအုပ်ကောင်းတစ်အုပ်မလို့ အချိန်ရရင်ဖတ်ကြည့်ကြပါခင်ဗျာ။အဆုံးထိဖတ်ပေးကြတဲ့ တစ်ဦးတစ်ယောက်ချင်းစီကို ကျေးဇူးတင်ပါတယ်။

#bookreview #ဂျူး
#တိမ်နဲ့ချည်တဲ့ကြိုး
#Youths_book_reflections

Keep Reading

ညဖြူဖြူ သူတော်စင်ရူး သူခိုးငရိုးလိုမှသုံးပါမေတ္တာမဏ္ဍိုင်အင်တာနက်နဲ့ လူနေမှုဘဝ စိတ်ညစ်စရာကြားကဆေးတစ်ခွက်ရှောင်တာက ကြောက်ခြင်းမဟုတ်ပေးဆပ်သူရဲ့ နှလုံးသားဝိညာဉ်ဟိုလိုလို ဒီလိုလို ဝေလည်လည်အဖေကို ဘာကြောင့်မုန်းတာလဲတဇောက်ကန်းသမား