Nan Ko Ko Oo
အချိန်ခရီးသွားစက်သာ ရှိလာခဲ့ရင် ဘယ်ခုနှစ်ကို ပြန်သွားချင်ကြလဲ။ လူတိုင်းမှာ အပျော်ရွှင်ရဆုံး နေ့ရက်တွေရှိခဲ့ကြမှာပဲ။ မေ့ဖျောက်လို့မရနိုင်တဲ့ အတိတ်ကအမှတ်တရတွေ။ ပြန်တွေးတိုင်း ကြည်နူးရတဲ့အခိုက်အတန့်တွေ။ ကျွန်တော့်အတွက် တစ်သက်လုံးစွဲလမ်းနှစ်ခြိုက်ခဲ့ရတဲ့ ခုနှစ်ကတော့ ၂၀၁၀ ခုနှစ်ပါ။ ကျွန်တော့်အတွက် နေချင်စရာအကောင်းဆုံးခုနှစ်ဖြစ်ခဲ့ပါတယ်။ ဘာလို့လဲ ဘာကြောင့်လဲဆိုတာတော့.....။
၂၀၁၀ ခုနှစ်
ထိုနှစ်တွင် ၂၀၁၀ ကမ္ဘာ့ဖလား ကျင်းပသည်။ ဗိုလ်လုပွဲက ညဉ့်နက်ပွဲကြီး ဖြစ်သည်။ ဖေဖေသည် ကျွန်တော်ဘော်လုံးဝါသနာပါမှန်းသိသည်။ သို့သော် ကျွန်တော် ညနက်သန်းခေါင် ဗွီဒီယိုရုံတွင် ဘော်လုံးပွဲသွားကြည့်တာကို ဖေဖေ မကြိုက်ပေ။ သို့ရာတွင် သူ့သား ကျွန်တော့်ကိုလည်း ကမ္ဘာ့ဖလားဗိုလ်လုပွဲပေးကြည့်စေချင်သည်။ ထို့ကြောင့် ဖေဖေသည် မီးစက်ကို ကိုယ်တိုင်နှိုး၍ အိမ်တွင် ကျွန်တော့်အား ကြည့်စေသည်။ ဗိုလ်လုပွဲကား စပိန်အသင်းနဲ့ နယ်သာလန်အသင်းတို့ ကန်ကြသည်။ မိနစ်ကိုးဆယ်ပြည့်သည်အထိ သရေကျနေသည်။ အချိန်ပိုတွင် စပိန်အသင်းက နိုင်သွားပါသည်။ ကျွန်တော်နဲ့အတူတူ ဘော်လုံးပွဲကြည့်နေကျဖြစ်သည့် ကျွန်တော့်သူငယ်ချင်း ရီးချိန်က ဦးကံလှ၏ဗွီဒီယိုရုံတွင်သွားကြည့်ရသည်။ ကျွန်တော်ကတော့ ကိုယ့်အိမ်မှာကိုယ် အေးအေးဆေးဆေးကြည့်ခဲ့ရသည်။ ဖေဖေသည် ကျွန်တော်လိုချင်တာမှန်သမျှကို တတ်နိုင်သမျှ အလိုလိုက်ပါသည်။ တခြားကလေးတွေ မုန့်ဖိုး တစ်ရာ၊ နှစ်ရာမျှသာရချိန်တွင် ဖေဖေသည် ကျွန်တော်တို့ညီအစ်ကိုနှစ်ယောက်ကို တစ်ယောက်တစ်ထောင်စီ ပေးတတ်ပါသည်။ ဖေဖေပေးသောမုန့်ဖိုးများကို ကျွန်တော်တို့က ဦးကံလှ၏ ဂိမ်းဆိုင်တွင် ဂိမ်းသွားနှိပ်ပစ်လိုက်ပါသည်။ ဘာမုန့်မှမဝယ်စား။ ဖေဖေရောမေမေပါ ကျွန်တော်တို့ကို သူဌေးသားသမီးတွေလိုထားသည်။ ကျွန်တော်သည် ငယ်ငယ်က အရမ်းအဆော့သန်ပါသည်။ မနက်မိုးလင်းလို့ မျက်စိနှစ်လုံးပွင့်တာနဲ့ ဘာကစားရင်ကောင်းမလဲလို့ စတွေးတဲ့သူဖြစ်ပါသည်။ မေမေသည် ကျွန်တော့်ကြောင့် ပစ္စည်းတွေကျကွဲတာတို့ ပျောက်တာတို့ ဖြစ်လျှင် ဘယ်သောအခါမျှ မရိုက်တတ်ပေ။" လူသာဘာမှမဖြစ်ရင်ရပြီ၊ ပစ္စည်းက ပြန်ရှာလို့ရတယ် " ဆိုပြီး အမြဲပြောသည်။ ထို့ကြောင့် ကျွန်တော်သည် ပန်းကန်တွေခဏခဏကျကွဲလည်း မဖြုံပေ။
မေမေသည် ကျောင်းဝင်းထဲတွင် ဈေးရောင်းပါသည်။ မနက်အစောကြီး မေမေသည် အစိမ်းသုပ်(မုန့်လက်သုပ်)ဟင်းရည်ကို ထချက်ပါသည်။ မနက်၆နာရီကျော်တာနဲ့ မေမေသည် ကျွန်တော့်ကို အိပ်ရာနှိုးသည်။ ကျွန်တော်လည်း အိပ်ရာမှထကာ ဈေးခြင်းဆွဲ၍ ဈေးသွားဝယ်ပါသည်။ မနက်ဈေးဝယ်သည့်တာဝန်ကို ကျောင်းဖွင့်ရက်များတွင် ကျွန်တော်ကထမ်းဆောင်ရပါသည်။ မေမေက ကျောင်းသားများကို ဈေးရောင်းရန် ဆိုင်သွားချသည်။ ကျွန်တော်သည် ဈေးသွားရင်းဖြင့် ဈေးနားမှ ဦးအောင်နိုင် လက်ဖက်ရည်ဆိုင်၏ သင်ပုန်းတွင်ရေးထားသော မနေ့ညက ဘော်လုံးပွဲရလဒ်များကို လှမ်းကြည့်လေ့ရှိပါသည်။ (ယနေ့ခေတ်လိုမျိုး အင်တာနက်တွေ၊ မိုဘိုင်းဖုန်းတွေမရှိသောကြောင့် ထိုသင်ပုန်းကိုပဲ အားကိုးခဲ့ရပါသည်။)
ဈေးမှ ပြန်လာသောအခါ ကျွန်တော်သည် မေမေ၏ ဈေးဆိုင်တွင် အစိမ်းသုပ်အနည်းဆုံးနှစ်ပွဲစားလေ့ရှိပါသည်။ (ဒါတောင် ကျွန်တော်မဝ။ မနက် ဆယ်နာရီခွဲ ကျောင်းအားလပ်ချိန်တွင် နောက်ထပ်နှစ်ပွဲထပ်စားပါသည်။)
ခုနှစ်တန်းနှစ်တွင် ကျွန်တော်သည် ဆရာဦးအောင်ခွင်း၏ကျူရှင်တွင် တက်ပါသည်။ ဆရာဦးအောင်ခွင်းသည် ခုနှစ်တန်းနဲ့ ရှစ်တန်း သာသင်ပါသည်။ ကျွန်တော်တို့ခုနှစ်တန်းကို ညနေပိုင်းတွင်သင်ပြီး ရှစ်တန်းကိုတော့ မနက်ပိုင်းတွင် သင်ပါသည်။ ဆရာသည် အင်္ဂလိပ်စာနဲ့ သင်္ချာကိုသာ ကျူရှင်၌သင်ပါသည်။ ဆရာသည် စာအသင်အပြအလွန်ကောင်းပါသည်။ ဆရာလောက်စာရှင်းပြတာတော်တဲ့သူ ကျွန်တော် တစ်ခါမျှ မတွေ့ဖူးပေ။ ကျွန်တော်သည် ခြောက်တန်းနှစ်အထိ အင်္ဂလိပ်စာတွင် verb form နဲ့ word form ဖြေနည်းများကို နားမလည်ခဲ့ပေ။ ကျွန်တော်တို့သည် an, an, the နောက်မှာ noun ထည့်ရမယ်ဆိုတာ an, an, the နဲ့ noun ရဲ့ကြားမှာ adjective ကိုထည့်ရမယ်ဆိုတာတွေကို ကဗျာကလေးတွေနဲ့ ကျက်ရသည်။ ကျွန်တော်သည် ဆရာ့၏သင်ပြမှုများကြောင့် အခန်းထဲတွင် အဆင့်၁ကို စိန်ခေါ်နိုင်သော ကျောင်းသားတစ်ယောက်ဖြစ်လာခဲ့ပါသည်။ ကျွန်တော်သည် ဆရာ့ကို ဆရာလိုမမြင်တော့ပေ။ မှောင်မိုက်နေသောကျွန်တော့်ဘဝကို လင်းလက်တောက်ပအောင် ကူညီလမ်းပြပေးသည့် ဘုရားကဲ့သို့ကိုးကွယ်အားထားခဲ့ပါသည်။ ကျွန်တော်အရမ်းကြောက်ခဲ့သည့် အင်္ဂလိပ်နဲ့ သင်္ချာသည် ကျွန်တော့်အတွက် ကစားစရာများဖြစ်လာခဲ့သည်။
ကျောင်းတက်ရတာ ကျွန်တော်ပျော်သည်။ သူငယ်ချင်းတွေကို ချစ်သည်။ သူတို့နဲ့အတူ သေအတူရှင်မကွာ တစ်ဘဝလုံးမခွဲမခွာဘဲ အသက်ထက်ဆုံး အတူတူနေသွားချင်သည်။ အိမ်မှာနေရတာထက် သူငယ်ချင်းတွေနဲ့အတူတူ လျှောက်သွားနေရတာက ပို၍ပျော်စရာကောင်းသည်။ ကျွန်တော်တို့တွင် အားလပ်ချိန်ဟူ၍ သိပ်ပြီးတော့ရှိလှသည်တော့မဟုတ်။ ညနေကျောင်းလွှတ်တာနဲ့ ကျူရှင်ကိုတန်းသွားရသည်။ ဆရာဦးအောင်ခွင်း ကျောင်းကနေအိမ်ကို ပြန်မရောက်ခင်စပ်ကြားလေးမှာ ကစားရသည်။ ဆရာကလည်း အလုပ်ကိုလေးစားသူဖြစ်သောကြောင့် ကျွန်တော်တို့အတွက် အချိန်သိပ်မရပေ။ အဝေးကနေ ဆရာ့ဆိုင်ကယ်ကို လှမ်းမြင်ရတာနဲ့ ကျွန်တော်တို့သည် ကစားနေတာတွေကို လက်စသတ်ပြီး ချွေးသံရွှဲရွှဲဖြင့် ကျူရှင်ထဲသို့ဝင်ပြေးရတော့သည်။ ဆရာသည် စာသင်နေချိန်တွင် စကားများတာကိုမကြိုက်ပေ။ (ဒါကတော့ ဆရာတိုင်းပါပဲလေ။)
တစ်ခါတော့ ကျွန်တော်သည် သင်္ချာတွက်ရင်း ကျွန်တော့်သူငယ်ချင်း ရီးချိန် နဲ့ စကားများနေမိလေသည်။ ဆရာသည် ကျွန်တော့်ကို " မောင်ဦး၊ ဘာလို့စကားများနေတာလဲ " ဟု လှမ်းပြောသည်။
ကျွန်တော်လည်း " စကားများနေတာ မဟုတ်ပါဘူး။ ဆရာရဲ့။ ကျွန်တော်အရင်တုန်းကအကြောင်းပြန်ပြီး စားမြုံ့ပြန်နေတာပါ" ဟု ဆရာ့ကို ပြန်ခံပြောလိုက်ပါသည်။ ဆရာက " ဘာအကြောင်းတွေပြောနေတာလဲ၊ ငါ့ကိုလဲပြောပြစမ်းပါဦး " ဟု ကျွန်တော့်ကိုမေးပါသည်။ ကျွန်တော်လည်း " ဒီလိုပါ၊ဆရာ။ ရီးချိန်ကလေ အရင်တုန်းက ကျူရှင်မတက်ဘူး၊ ဆရာရဲ့။ ကျွန်တော်တို့ကျူရှင်တက်တဲ့အချိန် သူက ဂိမ်းဆိုင်မှာ သူများဂိမ်းနှိပ်တာထိုင်ကြည့်နေတာ။ ဒါကို ကျွန်တော်ကမြင်တော့ မနေနိုင်တာနဲ့ ဆရာ့ကျူရှင်မှာလာတက်ဖို့၊ ဆရာကစာသင်တာ အရမ်းတော်တဲ့အကြောင်းပြောပြီး ကျူရှင်ကိုအတင်းဆွဲခေါ်လာရတာ။ အဲဒီအကြောင်းလေးသတိရတာနဲ့ ပြန်ပြီး စားမြုံ့ပြန်နေတာ၊ ဆရာ့ရဲ့ " ဟု ကျွန်တော်ပြောပြလိုက်တော့ ဆရာကပီတိတွေဝေဖြာသွားပုံရသည်။
ဆရာလည်း " အေးအေး၊ မောင်ဦးက သူငယ်ချင်းကောင်းပဲ။ ဒါပေမဲ့ သင်္ချာကို စကားများပြီး မတွက်နဲ့လေ။ သေချာအာရုံစိုက်ပြီးတွက်ပါ "ဟု ကျွန်တော့်ကိုပြောပါသည်။ ဆရာသည် အင်မတန်စိတ်ရှည်သဘောကောင်းပါသည်။ ကျွန်တော်တို့သည် ဆရာရိုက်တာကို တစ်ခါမှမခံရဖူးပေ။
(ဆက်ရေးပါဦးမည်)
Keep Reading