Yu Yu Maw
မြန်မာနိုင်ငံသည်ရှေးပဝေသဏီကတည်းကပင် ၊ ကိုယ့်ထီးကိုယ်နန်း ကိုယ့် ကြငှန်း၊ကိုယ့်အမျိုးကိုယ့်ဘာသာ ၊ ကိုယ့်ယဉ်ကျေးမှုတို့ဖြင့် ဝင့်ဝင့် ကြွား ကြွား ထည်ထည်ဝါဝါနေထိုင်လာခဲ့ကြသည်။ထို့ကြောင့်ပင်ဘိုးဘွားအမွေအနှစ်များပေါကြွယ်ဝသည့်နိုင်ငံဖြစ်သည်။
မြန်မာ့သင်္ကြန်သည်မြန်မာတို့၏ကိုယ်ပိုင်ယဉ်ကျေးမှု အမွေအနှစ်စင်စစ်ဖြစ် သည်။သင်္ကြန်ရေ ကစားခြင်းဓလေ့သည် ပုဂံခေတ်ကပင်စတင်ခဲ့သည့်အထောက် အထားများတွေ့ရသည်။နရသီဟပတေ့မင်းလက်ထက်တွင်သင်္ကြန်တော်ခေါ်ကာ ရေကစားသည့် မှတ်တမ်းရှိသည်။ နရသီဟပတေ့မင်း သည် မောင်းမမိဿံများ နှင့်တပျော်တပါးရေကစားရာတွင်စောလုံဟူသောမိဖုရားကိုရေနှင့်ပက်ရန်စေခိုင်းသည်။အိန္ဒြေကြီးသော မိဖုရားစောလုံသည် လူပုံအလယ်တွင် အရှက်ရသည်ဟု ခံစားမိကာ၊ ကျီစားသန်သောရှင်ဘုရင်ကို စားတော်ပွဲတွင် အဆိပ်ခပ်သတ်ရန် ကြံစည်သည်။ဘုရင်သိရှိသွားသည့်အခါမိဖုရားစောလုံကိုသေဒဏ်စီရင်သည်။ဘုရင်သည်မိဖုရားစောလုံကိုအမြတ်နိုးဆုံးဖြစ်ရာ၊ စောလုံသေဆုံးပြီး နောက် နောင်တ တရားဖြင့် ပူဆွေး နေခဲ့သည်။ ”စောလုံ စောင့်လှည့်ပါခလှည့် ” ဟု မြည်တမ်း ငိုကြွေးနေလေ့ရှိ သည်။ ဤ ရာဇဝင်ဇာတ်ကြောင်း အရ မြန်မာ့သင်္ကြန်သည် ပုဂံခေတ်က စတင်ခဲ့ သည် ဟုဆိုရ ပေမည်။
သင်္ကြန်ဆိုသည်မှာ ပါဠိဘာသာစကားအရ သင်္ကန္တ ၊သက္ကတ ဘာသာစကား အရ သင်္ကြန္တ မှ ဆင်းသက်လာခြင်းဖြစ်သည်။ ကူးပြောင်းခြင်း ဟု အဓိပ္ပာယ် ရသည်။မြန်မာအဘိဓာန်ကျမ်းတွင်သင်္ကြန်ဆိုသည်မှာနှစ်ဟောင်းမှနှစ်သစ်သို့ကူးပြောင်းသည့်ကာလ၊ရေပက်ဖြန်းသည့်နှစ်သစ်ကူးပွဲတော်ဟု ဖွင့်ဆိုထားသည်။
တန်ခူးဟူသည့်ဝေါဟာရတွင်”တန်”သည် “ထန်း”ဟုအဓိပ္ပာယ်ရပြီး၊ ”ခူး”သည် “ခူး ဆွတ်ခြင်း”ဟု အဓိပ္ပာယ်ရသည်။ တန်ခူးလ= ထန်းသီးခူးသော လဟူ၍ လည်း အဓိပ္ပာယ်ဖွင့်ဆိုကြသည်။
တချို့ က လည်း သိကြားမင်း နှင့် ဗြဟ္မာမင်း တို့ စစ်ပွဲတွင် အနိုင်ရ သည့် သိကြားမင်းကဗြဟ္မာမင်း၏ဉီးခေါင်းကိုဖြတ်ခွင့်ရသည်။ ဗြဟ္မာမင်း မှာ တန်ခိုး ကြီးလွန်းသ ဖြင့်၎င်း၏ ဉီးခေါင်းကိုပင်လယ်ထဲပစ်ချလျှင်ပင်လယ်ရေခမ်းမည်။ လေထဲထား လျှင် မီး လောင်မည်။ မြေပေါ်ထားလျှင်သတ္တဝါများမီးလောင်မည်။ ထို့ကြောင့်နတ်မင်းတစ်ပါးစီ(အချို့ကလည်း နတ်သမီးတစ်ပါးစီ)အလှည့်ကျ ကိုင် ဆောင်ထားရသည်။ ဗြဟ္မာမင်း ၏ ဉီးခေါင်းကိုတစ်လှည့် ပြောင်းသည့် အကူး အပြောင်း ကို နှစ်သစ် ကူးသည် ၊နှစ်သစ်မင်္ဂလာပြုသည် ဟုခေါ်ဆိုကြသည် ။ဤ အယူအဆသည် ဟိန္ဒူဘာသာဝင် တို့၏အယူအဆဖြစ်သည်။ ဗုဒ္ဓ၏ အယူအဆ မဟုတ်ပေ။
မြတ်စွာဘုရားဟောကြားတော်မူခဲ့သည့်နိပါတ်၊ပိဋကတ်များတွင်သင်္ကြန်အကြောင်းမပါဝင်။သီတင်းကျွတ်နှင့်တန်ဆောင်တိုင်လများတွင်ကျင်းပလေ့ရှိကြသည့်နက္ခတ်ပွဲလမ်းသဘင်များအကြောင်းသာပါဝင်သည်။ဘုရားရှင်၏မယ်တော်ဘက်မှအမျိုးများရေကစားသည့်လဟူ၍သာခေါ်ဆိုခဲ့ကြကြောင်းမှတ်သားရသည်။
သိပ္ပံပညာရှင်တို့၏အယူအဆအရ၊ကမ္ဘာကနေကို အမှတ်အသားတစ်ခု မှ စတင်လှည့်ပတ်ရာ ၃၆၀ ဒီဂရီပြည့် သည့် အခိုက်အတန့်ကို သင်္ကြန်ကျသည့်နေ့ အဖြစ်မှတ်ယူကြသည်။ထိုအချိန်ကာလသည်မိန်ရာသီမှမိဿရာသီသို့ကူးပြောင်းသည့်အချိန်ကာလဖြစ်သည်။မြန်မာနိုင်ငံတွင်နှစ်ဟောင်းမှနှစ်သစ်သို့ကူးပြောင်းသည့်အခါနှစ်ဟောင်းမှအညစ်အကြေးများသန့်စင်ဆေးကြောသည့်အနေဖြင့်၊တစ်ဉီးနှင့်တစ်ဉီးအတာရေပက်ဖြန်းသည့် ပွဲတော်ကျင်းပကြသည်။မြန်မာ့ ဆယ့်နှစ်လ ရာသီပွဲတော်များတွင်တန်ခူးလ=သင်္ကြန်ပွဲဟုအထင်အရှားရှိသည်။ ရှေးခေတ် မှသည်ယနေ့တိုင်အထိရိုးရာပွဲတော်တစ်ခုအဖြစ်ကျင်းပကြသည်။မြန်မာတို့ကသင်္ကြန်၊ထိုင်း က Songkran ၊ကမ္ဘောဒီးယား က Chaul Chnam ၊လာအို က Pi Mai Lao ဟူ၍သုံးစွဲခေါ်ဝေါ်ကာ အရှေ့တောင် အာရှနိုင်ငံများတွင် နှစ်သစ် သင်္ကြန် ကိုကျင်းပကြသည်။
မြန်မာတို့၏သင်္ကြန်သည် မြန်မာတစ်မျိုးသားလုံးနှင့်သက်ဆိုင်သော ပွဲ တော် ဖြစ်သည်။ အယုတ်အလတ်အမြတ်မရွေး၊ လူတန်းစားမရွေး ၊ ပျော် ပျော် ပါးပါး ဆင်နွှဲသောပွဲတော်ဖြစ် သည်။ ရှေးရိုးစဉ်လာ နွှဲပျော်လာခဲ့ ကြသော ပွဲတော်ဖြစ်သည့်အတွက် (၂၀၂၄) ခုနှစ်ဒီဇင်ဘာ (၂ )ရက်နေ့မှ (၇ )ရက်နေ့အထိ ပါရာဂွေး သမ္မတ နိုင်ငံ ၊အာဆွန်စီယွန် မြို့တွင်ကျင်းပပြုလုပ်သည့် (၁၉) ကြိမ် မြောက်- UNESCO Intergovernmental Committee for the Safeguarding of the Intangible Cultural Heritage အစည်းအဝေးတွင် မြန်မာ့ရိုးရာနှစ်သစ်ကူး သင်္ကြန် ပွဲတော်ကို UNESCO ၏ကမ္ဘာ့ဒြပ်မဲ့ ယဉ်ကျေးမှု အမွေအနှစ် စာရင်းဝင် အဖြစ် ဆုံးဖြတ် ခဲ့ပြီး ဖြစ်သည်။
သင်္ကြန်ဟု ဆိုလိုက်သည် နှင့် တူးပို့တူးပို့ဒိုးသံ ၊ငွေငန်းမြို့မအလှပြယာဉ်၊ ပိတောက်ပန်း၊ငုပန်းနှင့်မုန့်လုံးရေပေါ်တို့ကိုတွဲဖက်မြင်မိကြပြီးဖြစ်သည်။မန္တလေးမြို့တော်၏ သင်္ကြန်ပွဲတော်သည် ကမ္ဘာတွင်နာမည်ကျော်ကြားသည့် ပွဲတော် ဖြစ်သည်။သင်္ကြန်ဒိုးသံတူးပို့တူးပို့သည်လူတိုင်း၏စိတ်ကိုကြည်နူးပျော်ရွှင်စေသည့် အသံ ဖြစ်သည်။ သင်္ကြန်၏အထိမ်းအမှတ် အလှပြဖျော်ဖြေရေးယာဉ်တို့ က လည်းအပြိုင်အဆိုင်၊ပျိုမေတို့ကလည်းအကပိုင်ပိုင်၊သင်္ကြန်မဏ္ဍပ်အသီးသီးတို့ကလည်းတေးသံမြိုင်မြိုင်နှင့်သင်္ကြန်ပွဲတော်ကိုပျော်ရွှင်စွာဆင်နွှဲကြသည့်ဓလေ့ရှိသည်။ (၂၀၂၅) ခုနှစ်သင်္ကြန်သည်မတ်လ၂၈ရက်နေ့ကလှုပ်ခတ်ခဲ့သောစစ်ကိုင်း ပြတ် ရွေ့ ငလျင် ကြောင့် ယခုစာရေးသားချိန်အထိ ရဟန်းရှင်လူ (၃၇၂၅)ဉီး သေဆုံး၊ (၄၈၁၇)ဉီး ဒဏ်ရာရ ၊(၁၃၄)ဉီး ပျောက်ဆုံး ရှိပြီး အသက်အိုးအိမ် စည်းစိမ် များပြိုကျပျက်စီး ဆုံးရှုံးခဲ့ ရ သောကြောင့်ဖြစ်သည်။ ပြည်သူပြည်သား များအားလုံး တစ်သားတည်း သောစိတ်ဝမ်းဖြင့် ပူဆွေးသောကရောက်ခဲ့ကြသည်။ သင်္ကြန်ပွဲတော်ကိုကြီးမားခမ်းနားစွာကျင်းပပြုလုပ်ခဲ့ကြခြင်းမရှိခဲ့ကြ။
သို့သော်လည်းသင်္ကြန်၏ရိုးရာဓလေ့အရစတုဒီသာကျွေးမွေးခြင်း၊မုန့်လုံးရေပေါ်၊ရွှေရင်အေး ၊သာကူ၊မုန့်လက်ဆောင်းစသောမြန်မာ့အစားအစာများဝေငှသည့်
ရိုးရာဓလေ့ကိုပြုလုပ်ခဲ့ကြသည်။သင်္ကြန်မဏ္ဍပ်များ၊စတုဒီသာမဏ္ဍပ်များ၌မုန့်လုံးရေပေါ်ကိုပျော်ပျော်ပါးပါးဝိုင်းဝန်းပြုလုပ်ကြသည်။မုန့်လုံးရေပေါ်အတွင်းငရုတ်သီးများတိတ်တခိုးထည့်ကာပြုလုပ်ထားသည့်အတွက်စားမိသည့်သူမှာ ငရုတ် သီး စပ်သည့်အခါပျော်ရွှင်စွာရယ်မောကြသည်။စိတ်ဆိုးခြင်းအလျှင်းမရှိကြ၊စတုဒီသာမုန့်များကိုအတူတကွဝေငှစားသုံးခြင်း၊တစ်ဉီးနှင့်တစ်ဉီး ရေပက် ကစား ခြင်းဖြင့် စည်းလုံးညီညွတ်မှုကိုပြသသည့်သင်္ကြန်ပွဲတော်ဖြစ်သည်။ပိတောက်ပန်းတို့ဝေဝေဆာဆာပန်ဆင်ထားကြသောလှပျိုဖြူများ၊တူညီဝတ်စုံများနှင့်လှပနေသောပျိုမေများကိုလည်းတွေ့ရမည်။သပြေခက်နှင့်ရေပက်သည့်ဓလေ့သည်ယခုအခါနည်းပါးသွားပြီဖြစ်သော်လည်းကျေးလက်ဒေသများတွင်မူထိုဓလေ့စရိုက်ကိုထိန်းသိမ်းထားမြဲဖြစ်သည်။မိမိနှစ်သက်သည့်ပျိုမေကိုရေလောင်းခွင့်တောင်းကာရေပက်ရသည့် ချစ်စရာဓလေ့စရိုက်သင်္ကြန်သည် မြန်မာ့ရိုးရာသင်္ကြန်၏ အနှစ်သာရဖြစ် သည်။
မြန်မာ့သင်္ကြန်ပွဲတော်သည်အကြို၊အကျ၊အကြတ်၊အတက်ဟူ၍ကျင်းပကြသည်။အကြိုသပ္ပါယ်၊ကျဝယ်ဆွမ်းကပ်၊အကြတ်ခေါင်းလျှော်၊တက်သော်ကျွေးဖြစ်၊နှစ်ဆန်းတစ် နှစ်သစ်ပရိတ်နာဟူသည့်ဆိုရိုးရှိသည်။ သင်္ကြန်တွင်းအခါကာလ ဝယ် ဘုရားရေ သပ္ပါယ်ခြင်း၊စုပေါင်းရဟန်းခံခြင်း ၊ စုပေါင်း ဆွမ်းကပ်ခြင်း၊ သက် ကြီးရွယ်အိုများ ကို ခေါင်းလျှော်ပေးခြင်း၊ ရေချိုးပေးခြင်း၊ လက်သည်းညှပ် ပေး ခြင်း၊မိမိကိုယ်တိုင်လည်းခေါင်းလျှော်သန့်ရှင်းခြင်း များပြုလုပ်လေ့ရှိကြ သည်။ နှစ်ဆန်းတစ်ရက်နေ့တွင်မူ အိမ်များ၊ လမ်းများ၊ရပ်ကွက်များအတွင်း စုပေါင်း ပရိတ်နာ ပွဲများကျင်းပ ကြသည်။ သံဃာများကို ပင့်ဖိတ်၍ အန္တရာယ်ကင်း ပရိတ် နာကြသည်။သံဃာတော်များမှပရိတ်တော်များရွတ်ဖတ်ခြင်း၊ကမ္မဝါဖတ်ခြင်းဖြင့်မကောင်းသော ဘေးရန် အန္တရာယ်များကင်းပစေရန်ရွတ်ဆိုပေးကြသည်။
ထို့ပြင် မိဘ၊ဆရာသမား၊ဘိုးဘွားများကို ရေကန်တော့သည့်အစဉ်အလာ
ယဉ်ကျေးမှုဓလေ့ရှိသည်။မြို့ကြီးများတွင်ပျောက်ကွယ်လုဖြစ်နေသော်လည်းကျေး
လက်ဒေသများတွင်ယနေ့တိုင်ကျင့်သုံးနေကြဆဲဖြစ်သည်။ရေကန်တော့သည်ဆိုသည်မှာသောက်ရေအိုးအသစ်တစ်လုံးအတွင်းသောက်ရေသန့်သန့်ထည့်ကာကန်တော့မည့်ပစ္စည်းများနှင့်အတူကန်တော့ခံမည့်ပုဂ္ဂိုလ်အိမ်သို့သွားရောက်ကြသည်။ကာယကံ၊ဝစီကံ၊မနောကံတို့ဖြင့်ပြစ်မှားမိသည်ရှိသော်ခွင့်လွှတ်ပါရန်တောင်းပန်ကန်တော့ကြသည်။ကန်တော့ပြီးနောက်သောက်ရေအိုးထဲမှရေကိုကန်တော့ခံသည့်ပုဂ္ဂိုလ်၏ရေအိုးအတွင်းဖြည့်ထားခဲ့ကြသည်။ရှေးအခါကမူတစ်အိမ်ကန်တော့လျှင် ရေအိုးတစ်လုံးသုံးကြသော်လည်းရှားပါးလာသည့်ခေတ်အခြေအနေအရ ရေအိုးတစ်လုံးတည်းဖြင့်သာလှည့်ပတ်ကန်တော့ကြသည်။ကန်တော့ခံပုဂ္ဂိုလ်ကဆုပေးပြီးနောက်မုန့်ဖိုးများပြန်လည်ဝေငှသည်။ကန်တော့ခံသည့်ပုဂ္ဂိုလ်က ပီတိဖြစ်ရသည်။ မုန့်ဖိုးရသည့်လူငယ်များက ပျော်ရွှင်ကြသည်။
သင်္ကြန်ကာလအတွင်း ချစ်စရာကောင်းသော နောက်ဓလေ့တစ်ခုမှာ အိုး မဲ သုတ်ခြင်းဖြစ်သည်။ကာလသားလူပျိုများကိုအသက်ကြီးသည့်အပျိုကြီးများ၊အိမ်ထောင်သည်များ ကဝိုင်းဝန်းဖမ်းချုပ်ကြပြီးအိုးမဲသုတ်ကြခြင်းဖြစ်သည်။ ကံမ ကောင်းသည့်လူပျိုကာလသားများမှာတစ်မျက်နှာလုံးအိုးမဲသုတ်ခံရသည့်အပြင်အပျိုခေါင်းတို့ခိုင်းစေသမျှ ကပြအသုံးတော်ခံရသေးသည်။ စိတ်ဆိုးခြင်းမရှိကြဘဲ ပျော်ပျော်ပါးပါးဆော့ကစားကြသည့်ဓလေ့တစ်ခုဖြစ်သည်။
“သင်္ကြန်စာ”ဆိုသည်မှာလည်းတောင်သူလယ်သမားများယုံကြည်အားထားကြသည့်မြန်မာ့ဓလေ့ရိုးရာဟောစာတမ်းတစ်ခုဖြစ်သည်။တောင်သူလယ်သမားများသည်ရှေးယခင်မှယနေ့အထိသင်္ကြန်စာတွင်ဟောကြားသည့်မိုးလေဝသအခြေအနေ၊သီးနှံဈေးကွက်အခြေအနေ၊စီးပွားရေးအခြေအနေများကိုအားကိုးအားထားပြုကာလုပ်ငန်းလုပ်ကိုင်ကြသည့်ဓလေ့ရှိသည်။
သင်္ကြန်နှင့်သံချပ်သည်လည်းခွဲခြားမရသည့်မြန်မာ့ဓလေ့တစ်ခုဖြစ်သည်။သံချပ်သမားများသည်ခေတ်တစ်ခေတ်၏အခြေအနေများကိုမီးမောင်းထိုးပြပြီးသရော်ကြသည်။သံချပ်သမားတို့၏ကျေးဇူးကြောင့်တိမ်းစောင်းနေသည်များတည့်မတ်သွားသည်များရှိသလို၊တည့်မတ်ရန်ညွှန်ပြသည့်သံချပ်သမားများလည်းတိမ်းစောင်းသွားသည်များရှိခဲ့ပါသည်။သင်္ကြန်ပွဲတော်ဆိုသည်နှင့်သံချပ်သံများနားဆင်လိုကြသည့်ပရိသတ်များစွာရှိသည်။(၂၀၂၅) ခုနှစ်သင်္ကြန်သည် သံချပ်သံ နား ဆင်ခွင့်မရသည့်သင်္ကြန်ဖြစ်ခဲ့သည်။
သင်္ကြန်နှင့်အတာအိုးသည် လည်းအတူယှဉ်တွဲမြင်တွေ့ရသည့်ဓလေ့ ဖြစ် သည်။နေ့အလိုက်နံသင့်ပန်းများ ထိုးစိုက်၍ နှစ်သစ်ကိုကြိုသော အိုးဖြစ်သည်။ သင်္ကြန်အကြိုနေ့ မှသည်အတက်နေ့ အထိ လူ့ပြည်သို့ကြွလာသည့် သိကြားမင်း ကြီးကို ကြိုဆိုသည့်ပန်းအိုးအဖြစ် အသုံးပြုကြသည်။ ဘိုးဘွားစဉ်ဆက် စိုက်လိုက် မတ်တတ်ကျင့်သုံးလာခဲ့သည့်ဓလေ့ဖြစ်သည်။
မြန့်မာ့ရိုးရာနှစ်သစ်ကူးသင်္ကြန်သည်ပျော်ပွဲရွှင်ပွဲသက်သက်မဟုတ်၊ကောင်းမှုကုသိုလ်အများအပြားမွမ်းထုံလျက်အနှစ်သာရရှိရှိကျင်းပသောပွဲတော်ဖြစ်သည်။ မြန်မာ့တို့ရဲ့ ချစ်မြတ်နိုးစရာ အမွေအနှစ်တစ်ခုဖြစ်သော သင်္ကြန်ပွဲတော်တွင် ပျော်လည်းပျော် ၊ရိုးရာဓလေ့ကိုလည်း မပျောက်ပျက်အောင် စောင့်ထိန်းကြရ -ပေမည်။
(၂၀၂၅) ခုနှစ် စစ်ကိုင်းပြတ်ရွေ့ ငလျင်ကြောင့်မြန်မာ့ သင်္ကြန်ပုံရိပ် မှေးမှိန် ခဲ့ရသည်။ထိုင်းနိုင်ငံတွင်မူ ဆုန်ခရမ် ရေကစားပွဲတော်ကို ကြီးကြီးမားမား၊ ခမ်း ခမ်းနားနား ကျင်းပ ပြုလုပ်ခြင်းဖြင့် နိုင်ငံခြားဝင်ငွေအမြောက်အများ ရှာဖွေ နိုင်ခဲ့သည်။မြန်မာတို့သည်လည်း (၂၀၂၆) ခုနှစ် မြန်မာ့သင်္ကြန်ပွဲတော် ကြီး ကျယ် အောင်မြင် ခမ်းနားစွာကျင်းပနိုင်ရန် ကြိုးပမ်းကြရပေမည်။ နိုင်ငံကြီးသား ပီသ သော အကျင့် စရိုက်များဖြင့် ပျော်စရာကောင်းသော သင်္ကြန်၊ ချစ်စရာကောင်း သောသင်္ကြန် ၊ ယဉ်ကျေးသိမ်မွေ့သော သင်္ကြန်အဖြစ် မြန်မာ့ဂုဏ်ရောင် မြှင့်တင် နိုင်ကြပါစေ။ မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်များ ပျောက်ကွယ်မသွားအောင် ဆက်လက် ထိန်းသိမ်းနိုင်ကြပါစေ။
ယုယုမော်(စစ်ကိုင်း)
Keep Reading