ကျော်ဇောအောင်
ကမ္ဘာ့ပြက္ခဒိန်အရ တစ်နှစ်လျှင် အင်္ဂလိပ်လ (၁၂)လ ရှိသလို မြန်မာလလည်း ထို့အတူပင်။
မြန်မာလ(၁၂)လတွင် ရာသီလ(၁၂)လ ရှိသလို ရာသီပန်းလည်း (၁၂)မျိုး ရှိပေသည်။
ယင်းပန်း(၁၂)မျိုး အကြောင်း (ကုန်းဘောင်ခေတ်နှောင်း)ပိုင်း၌ ကင်းဝန်မင်းကြီး ရေးဖွဲ့ခဲ့သည့် လေးဆစ်အလင်္ကာထဲတွင် ဤသို့ ဖော်ပြထားပေ၏။
ထိုအလင်္ကာသည်ကား ...
" ပန်းကံ့ကော်၊ ရွှေစံကား၊
ငွေသားနု၊ စံပယ်မှန်။
မြတ်လေး၊ ခတ္တာနှင့်၊
ရွှေယင်းမာ၊ ကြာ၊ ခဝဲ၊
ဖွဲစ နှင်းလျှံ။
သဇင်ကျန်၊
စွာတန်၊ ပေါက်လဲ၊
ပန်းဝတ်မှုန်၊ ရွှေဖီမင်း၊
သင်းထုံနံ့ကဲ။ " ဟူ၍ ဖြစ်ပါပေသည်။
ယနေ့ ဤလေးဆစ် အလင်္ကာ အထဲတွင် ပါရှိသော ကံ့ကော်ပန်းပွင့်သည့် တန်ခူးလ၏ အကြောင်းနှင့် ဆိုင်ရာ ပွဲတော်၏ အကြောင်းကို အလေးထား မျှဝေပေးပါမည်။
တန်ခူးလဟူသည်ကား နှစ်တစ်နှစ်တွင် မြန်မာတို့၏ ပထမဆုံးလဖြစ်၍ အင်္ဂလိပ်လဖြင့် ယှဉ်လျှင် ဧပြီလနှင့် တိုက်ဆိုင်ပြီး ၎င်းလ၌ နှစ်စဉ် မြန်မာ့ရိုးရာပွဲတော်တစ်ခု ဖြစ်သော(အတာသင်္ကြန်)ပွဲတော်ကို ကျင်းပကြလေသည်။
တန်ခူးလ၏ အကြောင်း စုံလင်စွာ ဖော်ပြပေးရလျှင် တန်ခူးလသည် ရာသီအားဖြင့် (မိဿရာသီ)ဖြစ်ပြီး နက္ခတ်ကား (စိတြနက္ခတ်)ဖြစ်၍ ရာသီရုပ်မှာ (ဆိတ်ထီးရုပ်)ဖြစ်ကာ (ကံ့ကော်ပန်း)သည် ရာသီပန်းဖြစ်၏။ (ဤနေရာတွင် အငြင်းပွားဖွယ်ရာ တစ်ခု ရှိနေသည်။)
ယင်းမှာ ထိုလ၌ ပိတောက်ပန်းများလည်း ပွင့်သောကြောင့်ပင်။
သို့သော် ရှေးစာဆိုများ၏ ရေးသားချက်များ၌ တန်ခူးလ၏ ရာသီပန်းကို ကံ့ကော်ပန်းသာ ဖွင့်ဆိုကြ၏။ (ထို့ကြောင့် ကံ့ကော်ပန်းဟူ၍သာ မှတ်ယူဖွယ် ရှိပေသည်။)
ဒါ့အပြင် ဤတန်ခူးလတွင် ပိတောက်ပန်း၊ ငုဝါပန်း၊ ရင်ခတ်ပန်းနှင့် ပျဉ်းမပန်းတို့သည်လည်း အပြိုင် ဖူးပွင့်ကြပြီး နှစ်သစ်ကို မြိုင်မြိုင်ဆိုင်ဆိုင် အလှဆင်ကြ၏။
ထိုလ၌ (သင်္ကြန်ပွဲတော်)ကျင်းပလာခဲ့သည်မှာလည်း ဟိုရှေး(ပုဂံခေတ်)ကတည်းကပင် ဖြစ်ခဲ့ဟန်တူသည်။
သင်္ကြန်ဆိုသည့် စကားသည် ပါဠိမှ ဆင်းသက်လာပြီး အဓိပ္ပါယ်ကား ကူးပြောင်းခြင်းဟု အဓိပ္ပါယ်ရပါသည်။ (နှစ်ဟောင်းကနေ နှစ်သစ်ဆီ ကူးပြောင်းသော အထိမ်းအမှတ်အဖြစ် ကျင်းပသည့် ပွဲတော်ဟူ၍လည်း ဆိုလိုပေ၏။)
အများအားဖြင့် မြန်မာမှန်လျှင် သင်္ကြန်ကို ချစ်ကြသည်။ (သင်္ကြန်ရောက်လျှင် ရေပက်ရသည်မှာ ပျော်စရာဖြစ်ပြီး ရေပက်ခံကားကလေးဖြင့် သူငယ်ချင်းများ စုဝေးပြီး လျှောက်လည်ရသည်မှာလည်း စိတ်ကြည်နူးစရာ ကောင်းလှ၏။)
သင်္ကြန်ပွဲ ကျင်းပသည့် ကာလသည် အပူရှိန်ပြင်းသော နွေရာသီဖြစ်သည့်အတွက် အပူဒဏ်သက်သာစေရန် မေတ္တာဓာတ်ကို ကိုယ်စားပြုလျှက် ရေအေးအေးလေးများဖြင့် ဖျန်းပက်ကာ ထိုကာလကို ကုန်လွန်ကြစေခြင်း ဖြစ်သည်။ (နှစ်ဟောင်းမှ စိတ်အညစ်အကြေးများ၊ အကုသိုလ်များကို အတာရေဖြင့် ဆေးသည့် သဘောဟူ၍ မှတ်ယူနိုင်၏။)
ထို့ကြောင့် ရေပက်ခံသူအပေါင်း ရေလို အေးကာ ပန်းလို လန်းပါစေဟူသော စေတနာမျိုးဖြင့် ပက်ဖျန်းကြလျှင် ရေပက်သူမှာ ကုသိုလ်ပင် ဧကန်အမှန် ရနိုင်သည်။ (ရှေးခေတ်များတွင် ရေဖလားထဲ၌ နံ့သာရေထည့်ပြီး သပြေခက်ဖြင့် ပက်ကြ၏။)
ယခုခေတ် ကာလတွင်တော့ ရေပြွတ်ဖြင့် ပက်ကာ မဏ္ဍပ်၌ ရေပိုက်ဖြင့် ပက်ကြသည်။ [သို့သော် သင်္ကြန်ရေပက်ရာတွင် သိမ်မွေ့သည့် မြန်မာမှု မြန်မာ့ဟန်များ ကွယ်ပျောက်ပြီး တစ်ပါးသူ အနာတရ ဖြစ်စေသော ရေခဲထုပ်၊ ရေပူဖောင်းများဖြင့် ပစ်ပေါက်ခြင်း၊ အင်အားပျင်းလှသည့် (ကွန်ပရက်ဆာ)ရေပိုက်ကြီးများဖြင့် ရေပက်ခြင်းတို့အား မပြုလုပ်ဘဲ ရှောင်ရှားသင့်ပေသည်။]
သင်္ကြန်ပွဲတော်၌ ကြမ်းတမ်းစွာ ရေပက် ကစားခြင်းသည် အကျီစားသန်သည့် သဘောဟူ၍ပင် မှတ်ယူနိုင်၏။ (ရှေးက အကျီစားသန်၍ ရန်များခဲ့ရသော တကယ့် အဖြစ်အပျက် ရှိဖူးသည်။)
ထိုစဥ်က ပုဂံခေတ်တွင််ဖြစ်ပြီး ပုဂံဘုရင် နရသီဟပတေ့မင်းသည် သူ သိပ်ချစ်ခင်မြတ်နိုးလှသော မိဖုရားစောလုံကို ကျီစားလိုသည့်အတွက် သူ၏ မောင်းမ မိဿံများကို စောလုံအား ရေမွမ်းအောင် လောင်းကြရန် တိတ်တိတ်စေခိုင်းခဲ့၏။ မောင်းမ မိဿံ အပေါင်းတို့သည်လည်း မိဖုရားစောလုံ ကြွလာသည့်အခါ ရေမွမ်းအောင် ဝိုင်း၍ လောင်းကြလေရာ လူအများရှေ့တွင် ဣနြေပျက်လောက်အောင် ရေအလောင်းခံလိုက်ရသော မိဖုရားစောလုံမှာ ရှက်ကလည်း ရှက် ဒေါသလည်း ထွက်ပြီး ဤသို့ ပြုခြင်းသည် ရှင်ဘုရင်၏ လက်ချက်မှန်း သိသွားသည့်အခါ ရန်ငြိုးထားလေတော့၏။ ထို့နောက် စောလုံသည် သူ၏ (ခင်ပွန်း)ရှင်ဘုရင်စားမည့် ပွဲတော်အုပ်ထဲ၌ သူကိုယ်တိုင် အဆိပ်ခတ်လေတော့သည်။ ဘုရင်က ပွဲတော်တည်ဖို့ ထိုင်တော်မူသောအခါတွင် နန်းတော်၏ အောက်ထပ်မှ ခွေးခြေဆတ်သံကို ကြားရ၍ အတိတ်နိမိတ် မကောင်းဟု ယူဆကာ ပွဲတော်အုပ်အား ထိုခွေးအား ကျွေးခိုင်းသည့်အခါ ခွေးမှာ စားပြီးသည်နှင့် တပြိုင်နက် ထိုနေရာ၌ တုံးခနဲ လဲ၍ သေ၏။ ယင်း အဖြစ်အပျက်ကြောင့် ဘုရင်က အဆိပ်ခတ်သူအား စုံစမ်းစေရာ စောလုံဖြစ်ကြောင်း သိတော်မူသောအခါ ထိုနေရာ၌ပင် အချစ်ကြီးသလောက် အမျက်ကြီးသည့် နရသီဟပတေ့ မင်းဟာ သူ သိပ်ချစ်မြတ်နိုးသော မိဖုရားကို သေဒဏ်ပေးပြီး မီးရှို့ကွပ်မျက်စေသည်။ ဤသို့ လူ့အသက် ဆုံးရှုံးသည်အထိ ဖြစ်ရခြင်းမှာ ကျီစားသန်၍ ရန်များရခြင်း အကျိုးကြောင့် ဖြစ်၏။
ထို့ကြောင့် သင်္ကြန်ပွဲတော်ကြီးတွင် ပျော်လည်းပျော် ရန်လည်းမများစေဖို့ အင်မတန်မှ အရေးကြီးလှပေပါသည်။ (စင်စစ်တွင် မြန်မာလူမျိုးတို့၏ သင်္ကြန်ပွဲတော်သည် အလွန် ချစ်စရာကောင်း၏။)
နှစ်သစ်ကူးကာလ၌ မေတ္တာရေစင်များ ပက်ဖျန်းပြီး ကိုယ်နှုတ်နှလုံး သုံးပါးစလုံး စင်ကြယ်ပါစေဆိုသော ဆန္ဒဖြင့် ရှေးမြန်မာ ဘုရင်များ လက်ထက်ကတည်းက ခေါင်းဆေးမင်္ဂလာပြုခြင်းကို ကျင်းပကြလေသည်။
ထိုအစဥ်အလာကို ယူပြီး လူငယ်များက လူကြီးသူမတို့အား သင်္ကြန်ကာလတွင် ဦးခေါင်းကို တရော်ကင်ပွန်းများဖြင့် ဆေးလျှော်ပေးကြကာ လက်သည်း ခြေသည်း လှီးဖြတ်ပေးကြပြီး အမွှေးနံ့သာများ လိမ်းကျံပေးကြ၏။ (ယင်းနောက် ဂါရဝနိဝါတ တရားကို ရည်မှန်းပြီး သက်ကြီး ပူဇော်ကန်တော့ပွဲများလည်း ကျင်းပခဲ့ကြသည်။)
သင်္ကြန်ဟူသည်မှာ နှစ်ဟောင်းမှသည် နှစ်သစ်ဆီ ရွေ့လျား ကူးပြောင်းခြင်းဖြစ်သောကြောင့် ထိုသို့ မတည်မငြိမ် ရွေ့လျားသည်ဆိုသည့် သင်္ခါရဓမ္မကို ဆင်ခြင်ပြီး လူကြီးများမှာ ဥပုသ်သီတင်း ဆောက်တည်ကျင့်သုံး ဖြစ်ကြလေ၏။ (လူငယ်တို့အားလည်း ပဉ္ဇင်းခံ ရှင်ပြုပေးကာ အလှူအတန်း ကုသိုလ်ဒါန ပြုလုပ်လေ့ ရှိကြပါသေးသည်။)
တချို့များတွင် အလှူကြီး မပေးဖြစ်သည့်တိုင် သင်္ကြန် ပွဲတော်ကာလ၌ မုန့်လုံးရေပေါ်များ၊ ပေါင်မုန့်အုန်းနို့ဆမ်းများ၊ သင်္ကြန်ထမင်းများ ကျွေး၍ စတုဒီသာ အလှူလည်း ပြုလုပ်ကြလေ၏။
လူငယ်များမှာ သင်္ကြန်ပွဲတော်ကာလ၌ ရေပက်ခံကားဖြင့် ရေပက်ခံထွက်ကြသလို အလှပြကားများဖြင့် လှည့်လည်ကပြဖျော်ဖြေသော သူများလည်း ရှိပြီး သံချပ်ကားများဖြင့် လှည့်လည်ပြိုင်ပွဲဝင်ကာ သံချပ်ထိုးခြင်းများလည်း ရှိကြပါ၏။
ဤသို့ ပျော်စရာ အင်မတန်စုံလှသော မဟာသင်္ကြန်ပွဲတော်ကြီး၏ ကျက်သရေကို ယုတ်လျော့စေသည်က ချမ်းသည်၊ အေးသည်၊ ပျော်သည်ဆိုသည်ကို အကြောင်းပြလျှက် အရက်သေစာ သောက်စား ရမ်းကားလာကြခြင်းပင် ဖြစ်လေသည်။ (မိန်းကလေးများတွင်လည်း သရုပ်ပျက် အဝတ်အစား မပေါ်တပေါ်များ ဝတ်ပြီး ပျော်ကြ ကကြ လာခြင်းမှာလည်း ရိုးရာယဥ်ကျေးမှု ဖျက်ဆီးရာ ရောက်သည်ဟု ဆိုရမည်။)
မြန်မာနိုင်ငံ၌ ရောက်ရှိနေသော နိုင်ငံခြားသားများပင် မြန်မာသင်္ကြန်ပွဲတော်တွင် ဝင်ရောက်နွှဲပျော်နေကြချိန်ဝယ် ကျွန်ုပ်တို့ လူမျိုးများက သင်္ကြန်အလှကို မပျက်စေဘဲ ရိုးရာယဉ်ကျေးမှုအား ထိန်းသိမ်းသင့်၏။
သင်္ကြန်ပွဲတော်ကြီးပြီး၍ နှစ်ဆန်းတစ်ရက်နေ့ ရောက်သောအခါ၌လည်း သတ္တဝါအများကို ဘေးမဲ့လွှတ်ကာ ကုသိုလ်ယူကြသည့်အပြင် ရဟန်းသံဃာတော်များအား ပင့်ဖိတ်ပြီး ရပ်ရွာထဲတွင် အန္တရာယ်ကင်း ပရိတ်ရွတ်ဖတ်ကြခြင်းသည် ကျွန်ုပ်တို့ မြန်မာဓလေ့တစ်ခုပင် ဖြစ်သည်။
ယင်းသို့ ထူးခြားလှသည့် သင်္ကြန်ပွဲတော်ကြီးနှင့် အတူ ကံ့ကော်ပန်းနှင့် ပိတောက်ပန်းရနံ့များ သင်းပျံ့နေသော နှစ်ဦးတန်ခူးလသည် ပျော်စရာကောင်းလှသည့် လတစ်လပင် ဖြစ်ပါလေသတည်း။
ဖတ်ရှုပေးသူများအား အထူး ကျေးဇူးတင်လျှက်။
#ကျော်ဇောအောင်။
2025/05/03, စနေ။
Photo edit - Go Art.
ကိုးကား - မြန်မာ့ရိုးရာ (၁၂)လရာသီ ပွဲတော်များ။
Keep Reading