မောရိသျှ
အတိတ်တိုင်း မကောင်းတာတွေကြီးပဲ ရှိနေတာတော့မဖြစ်နိုင်ပါဘူး။ ကောင်းတဲ့အတိတ်တွေ ရှိကိုရှိပါလိမ့်မယ်။ အတိတ်က အောင်မြင်မှုတွေ မှတ်ကျောက်တိုင်လေးတွေကို ပြန်အောက်မေ့တတ်ခြင်းကလည်း စိတ်ခွန်အားဖြစ်စေနိုင်ပါတယ်။ အမှတ်တရကောင်းတွေရဲ့ တွန်းအားလောက် အားကြီးတဲ့ စိတ်စွမ်းအား မရှိပါဘူးနော်။ ဒီအချက်ကို လုံးဝ မမေ့ပါနဲ့။ အဓိပ္ပါယ်ရှိတဲ့ အတိတ်ဟောင်းရဲ့ ချက်ကောင်းတွေနဲ့ ပစ္စုပ္ပန်မှာ စိတ်ခွန်အားတည်ဆောက်ပြီး အာရုံစူးစိုက်မှုအပြည့်စိတ်မွေးရင်း ဘဝတိုးတက်ရာ တိုးတက်ကြောင်း ကြိုးစားလို့ရနိုင်ပါတယ်။
အရေးပါခဲ့တာတွေကို ပြန်တွေးပြီး အရေးပါတဲ့အရာတွေကို လုပ်ချင်စိတ်ပေါက်လာအောင် စိတ်မွေးပါ။ အောင်မြင်မှုတွေကို ပြန်အောက်မေ့ပြီး နဂိုထက် ပိုအောင်မြင်လိုစိတ် ပေါက်လာအောင် စိတ်မွေးပါ။ ထူးခြားစွာ စွမ်းဆောင်နိုင်ခဲ့မှုတွေကို ပြန်တွေးပြီး ပြောင်မြောက်တဲ့ ရလဒ်တွေ ထွက်အောင် လုပ်နိုင်ဖို့ စိတ်အားတင်းပါ။
အမှားတွေကို မတွေးပါနဲ့။ အတိတ်ဆိုးကို သတိမရအောင်နေပါ။ စိတ်အနှောက်အယှက်ဖြစ်သွားနိုင်တဲ့ အိပ်မက်ဆိုးတွေကို အတတ်နိုင်ဆုံး မေ့ထားလိုက်ပါ။ စိတ်ထဲဖြစ်လာတိုင်း လိုက်လုပ်ရမယ်လို့ မဆိုလိုပါဘူး။ ပါးစပ်က အာသီသရှိတိုင်း ဗိုက်ဆာတာ မဟုတ်ပါဘူး။ ပါးစပ်ချဉ်တိုင်း စားသောက်နေရင် စားပိုးနင့်ပြီး သေသွားနိုင်ပါတယ်။ ဒါကြောင့် အရေးမပါတာတွေကို အရေးမစိုက်ဘဲ အရေးပါတာတွေကိုသာ အာရုံစိုက် အလေးထားပါ။
• ၂ မိနစ်တခါ ဖုန်းကြည့်နေစရာ မလိုပါဘူး။
• အချိန်ပြည့် သူများအကြောင်း အတင်းပြောနေစရာ မလိုပါဘူး။
• အားအားရှိ ပျင်းနေတာက လွဲနေတာပါပဲ။
ကိုယ့်စိတ်ကိုမှ မနိုင်ရင် ကိုယ့်ဘဝကိုလည်း စိတ်တိုင်းကျ ဖန်တီးနိုင်မှာ မဟုတ်တာကို လုံးဝ (လုံးဝ) မမေ့ပါနဲ့။ ဘာကြောင့်နဲ့မှ စိတ်အာရုံထွေပြားခွင့် မပေးပါနဲ့။ ဘာကြောင့်နဲ့မှ စိတ်အကြည်ဓာတ် မပျောက်ဆုံးပါစေနဲ့။ ဘာကြောင့်နဲ့မှ စိတ်တည်ကြည်မှု မပျက်ယွင်းပါစေနဲ့။
#မောရိသျှ
Keep Reading