Lunar
ကျွန်မတို့ကမ္ဘာကြီးရှိ နိုင်ငံအသီးသီး ဒေသအသီးသီးတွင် မတူကွဲပြားခြားနားသည့်လူမျိုးစုပေါင်းစုံ နေထိုင်လျက်ရှိကြသကဲ့သို့ ထိုမတူကွဲပြားသည့် လူမျိုးတိုင်းတွင် မတူညီသည့် ကိုယ်ပိုင်ယဉ်ကျေးမှု၊ ရိုးရာဓလေ့၊အမှတ်အသား စရိုက်လက္ခဏာများရှိပါသည်။ ထိုသို့သောမတူညီကွဲပြားသည့် ယဉ်ကျေးမှုစရိုက်လက္ခဏာများက ထိုလူမျိုးထိုနိုင်ငံ၏ ယဉ်ကျေးမှု အစဉ်အလာခိုင်မာနေကြောင်းကိုပြသနေသည်။ ထိုဓလေ့ရိုးရာစရိုက်လက္ခဏာ များအရ လူမျိုးတစ်မျိုး၊ နိုင်ငံတစ်နိုင်ငံ၏ ယဉ်ကျေးမှုအဆင့်အတန်းကိုလည်း ဖော်ညွှန်းနေသည် ။
သင်္ကြန်ပွဲတော်ကို ပုဂံခေတ်မတိုင်မီကတည်းက ကျင်းပခဲ့ကြသည်ဟုသိရသည်။ ပုဂံခေတ်ဂူ၊ ကျောင်း၊ ဗိမာန်တို့၏ နံရံဆေးရေပန်းချီတို့၌ သင်္ကြန်ပွဲကျင်းပနေသည့်ပုံများကို သက်သေ သာဓကအဖြစ်ယနေ့ထိတိုင် တွေ့မြင်နိုင်သည်။ကျွန်မတို့နိုင်ငံတွင် သင်္ကြန်ပွဲတော်ကျင်းပခဲ့သည့် အစောဆုံး ကျောက်စာ အထောက်အထားကို ပုဂံခေတ် စောလှဝန်းဘုရားကျောက်စာတွင် တွေ့ရှိရပါသည် ။ ပုဂံခေတ်မတိုင်မီက အိန္ဒိယမှ သာကီဝင်မင်းမျိုးတို့သည် ရေဖျန်းသဘင်ဆင်ယင်ခဲ့ကြသည်ဟုလည်းဆိုသည် ။ အချို့ကလည်း သိကြားမင်းနှင့် ဗြဟ္မာမင်း အချင်းများသည့်အခါ ကဝါလမိုင်းဆရာက အဆုံးအဖြတ်ပေးရာတွင် ဗြဟ္မာမင်းရှုံးသဖြင့် သိကြားမင်းက ဗြဟ္မာမင်းဦးခေါင်းကိုဖြတ်ပြီး နတ်သမီးခုနှစ်ဖော်ကို အလှည့်ကျကိုင်စေခဲ့သည်။ဗြဟမ္မာမင်း၏ဦးခေါင်းကို တစ်နှစ်လျှင်တစ်ဦးကျစီ သယ်ဆောင်ထားရသော နတ်သမီးက တစ်နှစ်ပြည့်မြောက်ပြီးဖြစ်၍ အခြားတစ်ဦးထံသို့ လွှဲပြောင်းပေးအပ်ချိန်တွင် ဗြမ္မဏအယူဝါဒအရ ရေပက်ဖျန်းသည့် အလေ့အထ ပေါ်ပေါက်လာသည်ဟုလည်းဆိုကြသည်။
ပုဂံနရသီဟပတေ့မင်းလက်ထက် မိဖုရားစောလုံ၏အမျက်ဒေါသကို ကျွန်မတို့ယခုတိုင်ပြောလို့မဆုံးနိုင်၊ သင်္ကြန်တော်ကျီစယ်ရာက မင်းဧကရာဇ်ကို သေကြောင်းကြံ၊ နောက်ဆုံးတော့ စောလုံကသာ အကွပ်မျက်ခံခဲ့ရသည်။ကြေကွဲစရာကောင်းသည့် သင်္ကြန်ဖြစ်ရပ်မှန်ဇာတ်လမ်းတစ်ပုဒ်ပင်။ ကျွန်မတို့၏ ဒေသတွင် သင်္ကြန်ကာလသို့ရောက်သည့်အခါ သိကြားမင်း လူ့ပြည်သို့ဆင်းသက်လာသောကြောင့် သင်္ကြန်အတက်နေ့မှာတော့ သိကြားမင်းက နတ်ပြည်သို့ပြန်တက်သွားသည် မှတ်ယူကြသည့် အယူအဆသည် ယခုထိတိုင်ရှိသည်။
သင်္ကြန်ဟူသော ဝေါဟာရကို ကူးပြောင်းခြင်းဟု အဓိပ္ပါယ်ဖွင့်ဆိုခဲ့ကြသည် ။ သင်္ကြန်ဟူသောစကားလုံးမှာ 'သင်္ကြာန္တိ' ဟူသော သက္ကတဘာသာမှ ဆင်းသက်လာသည်။သင်္ကြန်သည်မြန်မာတို့၏လူနေမှုဘဝနှင့် ယဉ်ကျေးမှုနယ်ပယ်တွင် နှစ်ဟောင်းကုန်ဆုံး၍နှစ်သစ်တို့ ရောက်သောကာလဖြစ်ပြီး မြန်မာတို့၏ယုံကြည်မှုအစဉ်အလာအရ နှစ်ဟောင်းမှအညစ်အကြေးများကို သင်္ကြန်ရေဖြင့်ဆေးကြောသန့်စင်သော အချိန်ကာလပင်ဖြစ်သည်။
ကျွန်မတို့ရွာတွင် သင်္ကြန်နီးဆိုရင် ရွာလယ်ကဇရပ်မှာ သံဃာတော်များက ပဌာန်းရွတ်ဖတ်ပူဇော်ပေးကြပြီး သင်္ကြန်အကြိုနေ့ရောက်ရင် ရေစက်ချသည်။ ရေစက်ချသည့်နေ့တွင် သက်ကြီးရွယ်အိုးများကိုပါ တစ်ခါတည်းပူဇော်ကန်တော့ကြသည်။ ထိုနေ့၌ ဇရပ်တွင် သင်္ကြန်ထမင်းစတုဒိသာကျွေးသည်။သင်္ကြန်ထမင်းဆိုသည်မှာ သရက်သီးစိမ်းကို ကြက်သွန်၊ ပုစွန်ခြောက် သို့မဟုတ် ငါးခြောက် ဟင်းခတ်မှုန့်၊ ဆီတို့နှင့်ကြော်ပြီး သူနှင့်အတူ ငရုတ်သီးေခြာက်ေကြာ်၊ထမင်း(ထမင်းထဲတွင်ရေထည့်ပြီး)နဲ့တွဲစားရသည်။ ထို့ပြင် ကျွန်မတို့ဒေသတွင် သင်္ကြန်ကာလတွင် လူကြီးများက ကမ္မဌာန်းတရားစခန်းများဝင်ကြသည်။ သင်္ကြန်အကြိုနေ့ညေနပိုင်းဆိုရင် ဖျာ၊ခေါင်းအုံး၊စသည့်တို့ဖြင့် ဘိုးဘွားများကတရားကျင့်ရန် ဘုန်းကြီးကျောင်းသို့ သွားကြသည်။
ဒါကြောင့် သင်္ကြန်အကြိုနေ့မရောက်မီ၊ သင်္ကြန်အကြိုနေ့မနက်ပိုင်းများတွင် မိဘဆွေမျိုးဘိုးဘွားများကို ဂါရဝပြုကြရလေသည်။
ပန်းများဟာလည်း သင်္ကြန်ကိုအသက်ဝင်အောင် သူတို့၏အလှများဖြင့် ပါဝင်အားဖြည့်နေကြသည်။ ရဲရဲနီသော ပတ္တမြားပွင့်များဆင်ထားသည့် စိန်ပန်းပင်၊ ဝါဝါေရွှရွှေပိတောက်၊ ဖြူဖြူဖွေးဖွေး စံပယ်၊ ယဉ်ယဉ်လေးနှင့်မွှေးသည့် ကံ့ကော်၊ အဝါရောင်ဆောင်သည့် စံကားဝါ၊ငုဝါ စသည့် အပြစ်ကင်းစင်သည့် ပန်းသိင်္ဂီများဟာလည်း သင်္ကြန်မိုးပြေး၏တာဝန်မပျက် ပက်ဖျန်းမှုကြောင့် ပွင့်လန်းလာကြသည်။
ပိတောက်ပန်းကတော့ အမျိုးသားပန်း၊ရိုးရာသေင်္ကတပန်းအဖြစ်ထင်ရှားသည်။မြတစ်ရုံလုံးတွင် ရွှေေပြာက်တွေ မှုန်းထားသကဲ့သို့ ပင်လုံးကျွတ်ဝေအောင် ပိတောက်တို့ပွင့်နေပြီးဆိုရင် ရွာကကာလသားများက အပျိုလေးတွေကိုအကိုင်းချိုင်ချပြီး ဝေဿန္တရာလုပ်ကြတော့တာပါပဲ။ တစ်ချို့တွေကလည်း ချစ်သူကိုရည်စူးလို့ သူများထက်အလျင် ပိတောက်ကိုခူးခြွေကြပြီး ပိတောက်ဦးအဖြစ် ချစ်သူကေသာထက်ပန်ဆင်ပေးကြတာပေါ့။ ပိတောက်ပင်နားကဖြတ်သွားမယ်ဆိုရင်တော့ နွေလယ်မှာ ပိတောက်ရနံ့သင်းပျံ့ကြိုင်လှိုင်နေပုံက လွမ်းစရာပင်။ ပိတောက်ကိုမြင်တိုင်း ဦးကြော့ရဲ့ 'ပိတောက်ရွှေဝါ' ကဗျာကို ပြန်လည်အမှတ်ရမိတယ်။ 'လတန်ခူးပေမို့ ၊ အလှထူးပါဘိ၊ မြမြဖူးရယ်တဲ့ခိုင်ရွှေဝါ' က အစပြုတဲ့ ဦးကြော့ရဲ့ကဗျာလေးဟာ ဖတ်ခဲ့ဖူးသည်မျှစ၍ ယခုထိမမေ့နိုင်၊ သင်္ကြန်ကာလ ပိတောက်ဖူး ၊ ပိတောက်ပွင့်တွေကိုမြင်ရင် ပြန်လည်အမှတ်ရမိတယ်။ 'တစ်နှစ်တွင် သည်တစ်လပေပ၊ တစ်လတွင်တစ်ရက်ထဲ ၊ ခက်ခဲတဲ့ရက်ဗုဒ္ဓါ' ထိုစာပိုဒ်ကို ဖတ်မိတိုင်းစဉ်းစားမိတယ်။ တစ်နှစ်တွင်မှ ထိုလ ၊ ဒါကတော့ဟုတ်ပါပြီး၊ တစ်လတွင်တစ်ရက်ထဲ ကတော့ စဉ်းစားစရာဖြစ်နေသည်။ ထို့နောက်စာအုပ်ေတွဖတ်ပြီးအဖြေရလာတာကတော့ တစ်ပင်အတွက် ဒါမှမဟုတ် မြေတူရေတူ ပထဝီအခြေအနေတူမှာ ပေါက်တဲ့အပင်တစ်စုအတွက် တစ်နှစ်မှာတစ်လ၊တစ်လမှာ တစ်ရက်ပဲပွင့်ကြတယ်။ တစ်ပင်လုံးက အဖူးတွေမှာ တစ်ရက်ထဲမှာအကုန်လုံးပွင့်လိုက်ကြပြီး တစ်နှစ်စာအတွက်တစ်ခါပင်ပွင့်ခြင်းကို ဦးကြော့ကဆိုလိုထားသည်။ ထိုအပွင့်များကတော့ မခူးရင် တစ်ရက်မက ခံတယ်ေပါ့။
ကျွန်မတို့မှာဆိုရင် သင်္ကြန်အကျနေ့ဆိုလျှင် သိကြားမင်းဆင်းလာတယ်ဟူသော အယူအဆနှင့် အုန်းညွှန့်၊ကံ့ကော်ညွှန့်၊ဇီးညွှန့်၊တမာရွက်၊ေမြစာပန်း၊အောင်သပြေ၊ ပိတောက်ခတ်စသည့်တို့နှင့် အတာအိုးများပြုလုပ်ပြီး သိကြားမင်းကိုကြိုဆိုကြသည်။ အိမ်ရှေ့မှာအတာအိုးများပြုလုပ်၍ ညနေ နေဝင်လို့မှောင်ရီပျိုးချိန်ဆို အတာအိုးဘေးမှာ ဖယောင်းတိုင်မီးထွန်းကြတာပေါ့။ ရွာက အိမ်တိုင်းအိမ်တိုင်းရဲ့အိမ်ေရှ့မှာ ဖယောင်းတိုင်မီးများဝါထိန်နေပုံက ရင်သပ်ရှုမောဖွယ်ပါ။ သင်္ကြန်အတတ်နေ့တွင် သိကြားမင်းပြန်သွားပြီးဟူသော အယူအဆဖြင့် အိုးလေးကိုသေချာဆေးကြော သိမ်းဆည်းထားလိုက်ပြီး နောက်တစ်နှစ်သင်္ကြန်အကြိုနေ့ကျမှ ပြန်ထုတ် သုံးလေ့ရှိတယ်။
စတုဒိသာမဏ္ဍပ်တွေမှာ သင်္ကြန်ရိုးရာမုန့်များဖြစ်သော သင်္ကြန်ထမင်း၊ ဒေသအခေါ် မုန့်လက်ဆောင်း၊ရွှေရင်အေး၊မုန့်လုံးရေေပါ်များအပြင် အခြားမြန်မာ့ရိုးရာမုန့်များကိုလည်းကျွေးမွေးလေ့ရှိတယ်။ သင်္ကြန်ကာလတွင် ကျွန်မတို့ေဒသကအိမ်အသီးသီးတွင် မုန့်များပြုလုပ်လေ့ရှိကြပြီး ဘုန်းကြီးကျောင်းဆွမ်းချိုင့်ပို့၊ အိမ်နားနီးပါးတွေကို လိုက်ဝေခြင်းများပြုလုပ်ကြတာေပါ့။ နိုင်ငံရပ်ခြားရောက်နေကြသောမိသားစုဝသ်များအားလုံး ခေတ္တခဏပြန်လာကြသည့်အခါသမည ဖြစ်သည့်အတွက် မိသားစုဝင်စုံလင်စွာ အလှူအတန်းများပြုလုပ်ကြတယ်။ ရပ်ကွက်တိုင်းရှိ ဇရပ်တိုင်း၌လည်း တရားနာဆွမ်းကပ် ပွဲကို နှစ်စဉ်မပျက်။ ရပ်ကွက်တစ်ရပ်ကွက်လျှင် တစ်ရက်စီပြုလုပ်ကြသည်။ သင်္ကြန်အတတ်နေ့တွင် ဘုရားဆင်းတုဆတာ်များကို တစ်နှစ်လျှင်တစ်ခါ နှစ်စဉ်နှစ်တိုင်းပြုလုက်လေ့ရှိသည့် နံ့သာရေ၊ သီတာရေတို့ဖြင့်ရေသပ္ပာယ်ခြင်းကိုပြုလုပ်ကြသည်။ဇီဝိတဒါန အဖြစ် နွားများ၊ငါးများ၊ငှက်များကိုဘေးမဲ့လွှတ်ကြသည်။ သက်ကြီးရွယ်အိုများကို ခေါင်းလျှော်၊ လက်သည်းညှပ်ပးခြင်းတို့ကို အစဉ်အလာမပျက် ပြုလုပ်ကြသည်။ အချို့က သင်္ကြန်ကာလတွင် သာ့သနာဘောင်ထဲဝင်၍ သာ့သနာအမွေခံ ရဟန်းခံကြသည်။
သင်္ကြန်ဆိုသည်မှာ ကျွန်မတို့ဘိုးဘွားစဉ်ဆက် ပုဂံခေတ်မတိုင်မီကတည်းကကျင်းပခဲ့ကြသည်ဖြစ်၍ နှစ်ပေါင်းများစွာသက်တမ်းရှိနေပါပြီး။ အစဥ်အလာရိုးရာသင်္ကြန်ပံုရိပ်ကိုတန်ဖိုးထားလျက် ကျွန်မတို့သည် ယဉ်ကျေးသောဓလေ့၊ သိမ်မွှေ့သောထုံးတမ်း၊ အစဉ်အဆက်ထိန်းသိမ်းလာသော ယဉ်ကျေးမှု၊ လက်ဆင့်ကမ်းလာခဲ့ကြသော အမွေအနှစ်များကို နောင်မျိုးဆက်တိုင်အောင် ဆက်လင်ထိန်းသိမ်းသွားကြတာပေါ့။
Lunar (မယ်လဝန်း)
ကိုးကား-အမေ့ရှေးစကား၊ ပိတောက်ပွင့်ဆဲ လသာဆဲဝယ်၊ကိုယ်တွေ့အတွေ့အကြုံ
Keep Reading