summerkay27
သင်္ကြန်ဖြစ်ပေါ်လာပုံကို ပြောပြရမယ်ဆိုရင် ပါးစပ်ရာဇဝင်ကွဲပေါင်းများစွာနဲ့ သပွတ်အူလို ရှုပ်ထွေးလှပါတယ်။
အကျဉ်းချုံးဆိုရမယ်ဆိုရင် သင်္ကြန်ဆိုတာ " ကူးပြောင်းခြင်း" လို့ အဓိပ္ပာယ်ရတဲ့ ပါဠိဘာသာစကား သင်္ကန္တ၊ သက္ကတ္တဘာသာစကား သင်္ကြန္တကနေ ဆင်းသက်လာခြင်းဖြစ်ပါတယ်။
သင်္ကြန်ဖြစ်ပေါ်လာတဲ့ ရာဇဝင်အနေနဲ့ (၂)မျိုးရှိတယ်လို့ ဆိုကြပါတယ်။
ပထမတစ်ခုကတော့ ဟိန္ဒူအယူဝါဒကနေ ဆင်းသက်လာခြင်းဖြစ်ပါတယ်။ သိကြားမင်းနဲ့ ဗြဟ္မာမင်း(အာသီ Arsi)တို့ အငြင်းပွားတဲ့အခါမှာ ဗြဟ္မာမင်းရှုံးတဲ့အတွက် ဗြဟ္မာမင်းရဲ့ ဦးခေါင်းကို သိကြားမင်းက ရခဲ့ပါတယ်။ ဗြဟ္မာမင်းဟာ တန်ခိုးကြီးမားတဲ့အတွက် ရေထဲပဲ ပစ်ချချ၊ မြေကြီးပေါ်ပဲ ပစ်ချချ၊ လေထဲပဲ ပစ်ချချ ပစ်ချတဲ့နေရာမှာ ပျက်စီးခြင်းကိုပဲ ဦးတည်မှာဖြစ်တဲ့အတွက် လက်ထဲမှာသာ ကိုင်ထားဖို့ ဖြစ်လာခဲ့ပါတယ်။ နောက်ပိုင်းမှာ တန်ခိုးကြီးနတ်မင်းကြီးတွေကို တာဝန်လွှဲပြီး တစ်နှစ်ကို နတ်မင်းတစ်ပါးက ဦးခေါင်းကြီးကို ထိန်းသိမ်းထားဖို့ မိန့်ဆိုခဲ့တယ်လို့ ဆိုကြပါတယ်။
ဦးခေါင်းကြီးကို တစ်ဦးလက်က တစ်ဦးလွှဲမယ့် အချိန်အတိအကျကို ပုဏ္ဏားတို့က တွက်ချက်ဖော်ထုတ်ကြပါတယ်။ အဲ့ဒီ့အကူးအပြောင်းကာလကို 'သင်္ကန္တ'အခါဟု ဆိုပြီး နှစ်တစ်နှစ်ပြည့်တယ်လို့လည်း သတ်မှတ်ကြပါတယ်။
ဒီသမိုင်းမှာ ပါဝင်တဲ့ ဗြဟ္မာမင်းဆိုတာကလည်း ဟိန္ဒူဘာသာမှာ ဂနေးရှား( Ganesha) ကို ရည်ညွှန်းတယ်လို့လည်း ဆိုကြပါတယ်။
ဒုတိယတစ်ခုကတော့ နေနှင့် ကမ္ဘာလည်ပတ်ရာကနေ ဆင်းသက်လာတဲ့ ရာဇဝင်လို့ ဆိုကြပါတယ်။ ဗုဒ္ဓဝင်ကျမ်းနှင့် ဗေဒင်နက္ခတ်ပညာရပ်တွေအပေါ် အခြေခံတယ်လို့လည်း သိရပါတယ်။ ကမ္ဘာကြီးက နေကိုလှည့်ပတ်ခြင်းကို ဟိန္ဒူနှင့် မြန်မာဗေဒင်ကျမ်းများအရ ၁၂ရာသီခွင်ထဲမှ မိဿရာသီကနေ စကြည့်ပါမယ်။
မိဿမှစ၍ မိန်ရာသီထိ ၁၂ရာသီပြည့်တဲ့အခါ သူရိယသိဒ္ဓန္တကျမ်းအရ ၃၆၅ ရက်၊ ၆ နာရီ၊ ၁၂ မိနစ်၊ ၃၇ စက္ကန့်ပြည့်ပြီး တနင်္ဂနွေ ရဝိဖုဋဂြိုဟ်စင်မှ မိဿရာသီအစ သုညအင်္သာကို ဝင်တယ်လို့ သတ်မှတ်ပြီး နှစ်ဟောင်းကုန်ဆုံးလို့ နှစ်သစ်ကိုကူးပြောင်းကာ သင်္ကြန်ရောက်ရှိတယ်လို့ သတ်မှတ်ကြပါတယ် ။ ဒီလို နေသွားလမ်းကို ၁၂ ရာသီခွင်နဲ့ ညှိနှိုင်းတွက်ချက်ပြီး လပြက္ခဒိန်သုံးတဲ့ မြန်မာတို့အတွက် တန်ခူးလအတွင်းမှာ သင်္ကြန်ကျရောက်ပါတယ်။
ဗုဒ္ဓကျမ်းဂန်တွေမှာဆိုရင်လည်း ဘုရားရှင်ရဲ့ မယ်တော်ဘက်က အမျိုးတွေရှိတဲ့ ဒေဝဒဟပြည်မှာ ရေကစားတဲ့ကာလလို့ ဆိုထားပါတယ်။
အထက်မှာ ဖော်ပြခဲ့တာတွေကတော့ သင်္ကြန်ဖြစ်ပေါ်လာပုံနဲ့ ပတ်သက်ပြီး ဝိခီပီးဒီးယားမှာ ဖတ်ဖူးတဲ့ အကြောင်းအရာတချို့ဖြစ်ပါတယ်။
ဘယ်လိုပဲဆိုဆို ယခုခေတ် ကျွန်တော်တို့ မြန်မာတွေ ယူဆကြတာကတော့ နှစ်တစ်နှစ်ကုန်လို့ နှစ်သစ်ကူးတဲ့အခါ နှစ်ဟောင်းက အညစ်အကြေးတွေကို ရေနဲ့ ဆေးကြောပြီး နှစ်သစ်မှာ စိတ်သစ်လူသစ်နဲ့ ကျော်ဖြတ်နိုင်အောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဆော့ကစားကြတယ်လို့ သတ်မှတ်ထားကြခြင်းဖြစ်ပါတယ်။
မြန်မာပြက္ခဒိန်ကို ၁၉ရာစုအထိ တရားဝင်သုံးစွဲခဲ့ကြတဲ့ ကမ္ဘောဒီးယား၊ လာအိုနဲ့ ထိုင်းတို့မှာလည်း သင်္ကြန်အလားတူ ရေကစားပွဲတော်တွေ ကျင်းပကြပါတယ်။
ကမ္ဘောဒီးယားမှာဆို ချော့စုန်ကပ်ထမေ( chaul chnam thmey)၊ ထိုင်းမှာဆို ဆုန်ခရန်(Songkran)နဲ့ လာအိုမှာဆို ပီမိုင်(Pimai) ဆိုပြီး ကျင်းပကြပါတယ်။ တရုတ်နိုင်ငံရဲ့ ယွီနန်ဒေသတချို့မှာဆိုလည်း ရေကစားပွဲတော်တွေ ကျင်းပကြပါသေးတယ်။
ထိုအထဲမှာတော့ ထိုင်းနိုင်ငံရဲ့ ဆုန်ခရန်နဲ့ မြန်မာနိုင်ငံရဲ့ သင်္ကြန်တို့ဟာဆိုရင် ကမ္ဘာ့အမွေအနှစ်စာရင်းမှာ ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှု အဖြစ် စာရင်းဝင်သွားကြပါပြီ။ ထိုင်းဆုန်ခရန်ဟာ ၂၀၂၃မှာ စာရင်းဝင်ခဲ့ပြီး မြန်မာသင်္ကြန်ကတော့ ၂၀၂၄မှာ စာရင်းဝင်နိုင်ခဲ့ပါတယ်။ ထိုင်းဆုန်ခရန်နဲ့ မြန်မာသင်္ကြန်မှာ ဘယ်သူက အရင်စ ကျင်းပခဲ့ကြသလဲဆိုပြီး အငြင်းအခုံကိစ္စတွေပဲ ဆိုရှယ်မီဒီယာတစ်ခွင်မှာ ပြင်းပြင်းထန်ထန် ငြင်းခုံးနေကြဆဲ ဖြစ်ပါတယ်။ နိုင်ငံရဲ့ စီးပွားရေး၊ နိုင်ငံရေးအခြေအနေအရပ်ရပ်ကြောင့် ထိုင်းဆုန်ခရန်ဟာ မြန်မာသင်္ကြန်ကို ကျော်ပြီး ကမ္ဘာမှာ နာမည်ကြီးနေပေမယ့် မြန်မာလူမျိုးကျွန်တော့်အတွက်တော့ ထိုင်းဆုန်ခရန်ဆိုတာ ကျွန်တော်တို့ရပ်ကွက်တွင်းမှာ ကျင်းပတဲ့ သင်္ကြန်လောက်တောင် အားရဖွယ်မရှိပါဘူး။
ထိုင်းဆုန်ခရန်ဟာ ရေဆော့ဖို့ သတ်မှတ်ထားတဲ့နေရာကို တကူးတကသွားရတယ်၊ ရေဆော့ဖို့ ရေဝယ်ရတယ်၊ ရေပတ်ရင်လည်း လူရွေးပြီး မဆွတ်မပို့လောက်ပတ်တယ်။
ဟော...ကျွန်တော်တို့ မြန်မာသင်္ကြန်ကတော့ ကွဲပြားပါတယ်။ ရေကစားရုံသီးသန့်မဟုတ်ဘဲ ယဉ်ကျေးမှု၊ ယုံကြည်မှုနဲ့ ရိုးရာအစဉ်အလာတွေ အများကြီးပါဝင်ပါတယ်။
မြန်မာသင်္ကြန်မှာ ပိတောက်ပန်းလို့ခေါ်တဲ့သင်္ကြန်ပန်းရှိတယ်၊ မုန့်လုံးရေပေါ်၊ သာကူ၊ သင်္ကြန်ထမင်းစတဲ့ သင်္ကြန်အစားအစာရှိတယ်၊ သင်္ကြန်မှာလုပ်လေ့လုပ်ထရှိတဲ့ အစဉ်အလာတွေရှိတယ်။
ကျွန်တော်တို့ ငယ်စဉ်ကျောင်းသားဘဝမှာဆိုရင် ဖိုင်နယ်စာမေးပွဲကြီး ပြီးပြီဆိုကတည်းက သင်္ကြန်အတွက် ကြိုရင်ခုန်နေကြရပါပြီ။ စာမေးပွဲနောက်ဆုံးရက်ဆိုရင်လည်း စာဖြေပြီးတာနဲ့ သင်္ကြန်အတွက်ဆိုပြီး ရေပက်နှုတ်ဆက်ကြပါတယ်။ ထိုအချိန်မှစ၍ သင်္ကြန်ရောက်ရင် ဘာဝတ်မယ်၊ဘယ်လိုဆော့မယ်ဆိုပြီး ကြိုတင်အစီအစဉ်ချနေပါပြီ။ မုန့်ဖိုးလေးတွေကို ရေပြွတ်ဝယ်ဖို့စုထားနေကြပါပြီ။ ဒီလိုနဲ့ သင်္ကြန်အကြိုနေ့ကို ရောက်ပြီဆိုတာနဲ့ ကလေးပီပီဟန်ချီချီ စောစောထပြီး ရပ်ကွက်မဏ္ဍပ်ကို သူ့အရင်ငါဦးအောင် နေရာယူပြီး ရေဆော့ကြပါပြီ။ ရေကုန်မှာလည်း မပူရသလို ဗိုက်ဆာမှာလည်း ပူစရာမလိုပါ။ လူကြီးတွေဆိုရင်လည်း သင်္ကြန်ကြိုရန် အတာအိုးများကို အိမ်အရှေ့တွင် အိမ်တိုင်းထားကြပါတယ်။ဥပုသ်စောင့်သူက စောင့်၊ လူကြီးမိဘတွေကို ရေကန်တော့သူက ကန်တော့၊ သက်ကြီးရွယ်အိုများကို ခြေသည်းလက်သည်းလှီးဖြတ်ပေးသူကပေးနဲ့ အသက်ဝင်နေပါပြီ။ ဘယ်နေရာသွားသွား ဘယ်လမ်းကြားသွားသွား သီချင်းသံမြူးမြူးနဲ့ ရေပက်မယ့် ကလေးများကာအသင့်၊ ဘယ်လမ်းသွားသွား အဆာပြေစားမလား၊ ဗိုက်ပြည့်အောင်စားမလား ဝင်စားလို့ရတဲ့ စတုဒီသာတွေနဲ့ မြန်မာ့ဆာကူရာလို့ တင်စားကြတဲ့ ပိတောက်ရွှေဝါတွေက မျက်စိကျိန်းလောက်အောင် ပွင့်နေပါပြီ။ ပျိုပျို အိုအို အမျိုးသမီးတိုင်းရဲ့ ခေါင်းမှာလည်း ပိတောက်ပန်း တစ်နည်းအားဖြင့် သင်္ကြန်ပန်းတို့က နေရာယူနေပါပြီ။ နေထွက်ကနေ နေဝင်တဲ့အထိ ရေစိုရွှဲနေလည်း မဖျားကြတာဟာ သင်္ကြန်ရေရဲ့ အာနိသင်တွေထဲက တစ်ခုလို့ ဆိုရမလိုပါပဲ။
အကြို၊အကျ၊အကျတ်၊အတက် လေးရက်ကျင်းပပြီး နောက်ရက်နှစ်ဆန်းတစ်ရက်ရောက်လာတဲ့အခါမှာလည်း ရပ်ကွက်တိုင်းတွင် ပရိတ်တရားများနာကြားကြပြီး တောထုတ်တဲ့အနေနဲ့ သံပုံး၊သံခွက်များတီးကြပါတယ်။
ဒီအချက်တွေကို ကြည့်ခြင်းအားဖြင့် မြန်မာသင်္ကြန်ဟာ။ ရေကစားရုံသက်သက်မဟုတ်ဘဲ ယဉ်ကျေးမှုမည်မျှ ကြွယ်ဝကြောင်းကို တွေ့နိုင်ပါတယ်။
သင်္ကြန်ဖြစ်ပေါ်လာပုံနဲ့ အလေ့အထတွေကို ပြောပြီးတဲ့နောက် အဓိကခေါင်းစဉ်ဖြစ်တဲ့ "မှေးမှိန်လာသော ရိုးရာသင်္ကြန်"ဆိုတဲ့ အကြောင်းအရာလေးကို စတင် ဆွေးနွေးပါတော့မယ်။ ၉ရာစုလောက်ကတည်းက မြန်မာမှာ ကျင်းပခဲ့တယ့် သင်္ကြန်ဟာ ယခုအချိန်ထိလည်း ဘယ်လိုအခက်အခဲရှိရှိ ကြီးကြီးကျယ်ကျယ် ကျင်းပနေဆဲပါပဲ။ ဒါပေမယ့် ထိန်းသိမ်းသင့်တာတွေ မထိန်းသိမ်းဘဲ ရိုးရာသင်္ကြန်ယဉ်ကျေးမှုကတဖြည်းဖြည်းယိုယွင်းပြီး မှေးမှိန်လာပါပြီ။ ရိုးရာသင်္ကြန်မှာ " ပိတောက်တစ်ခတ်၊ ငွေဖလားတစ်ဖက်" နဲ့ အင်မတန် သိမ်မွေ့နူးညံ့စွာ ဆင်နွှဲခဲ့ကြပါတယ်။
ယခုများမှာတော့ သိမ်မွေ့နူးညံ့မှုမရှိ ခွက်စောင်းဘယ်လိုခုတ်ရမယ်၊ မီးသတ်ပိုင်နဲ့ အသားဘယ်လိုနာအောင် ပက်ရမယ်ဆိုတာက အဓိကလိုဖြစ်နေပါပြီ။
ယခင်သင်္ကြန်အချိန်အခါများမှာဆို သင်္ကြန်တွင်းမို့ ကောင်းမှုကုသိုလ်လုပ်ကြပါတယ်။ ငါးလွှတ်ကုသိုလ်ယူတယ်၊ သက်ကြီးမိဘများကို ခြေသည်းလက်သည်းလှီးဖြတ်ပေးတယ်၊ ဥပုသ်စောင့်ကြတယ်၊ လူကြီးမိဘများကို ရေကန်တော့ကြတယ်။
ယခုခေတ်မှာတော့ ကုသိုလ်ယူတယ်ဆိုတာ အသက်ငါးဆယ်ခြောက်ဆယ်အရွယ်တွေလောက်ပဲ လုပ်တာများပါတော့တယ်။ လူငယ်တွေသာမက အသက်လေးဆယ်ကျော်လူကြီးများကပါ သင်္ကြန်ဆို ကဲတယ်၊ ရဟန်းသံဃာနဲ့ ဥပုသ်သည်ပါမကျန် ရေလောင်းကြတယ်၊ သင်္ကြန်တွင်းမို့ပါဆိုပြီး အရက်သေစာသောက်စားကြတယ်၊ နားမခံသာအောင် ဒုန်းဒုန်းဒိုင်းဒိုင်းသီချင်းတွေ ဖွင့်ပြီးကကြတယ်။
ဒီလိုမူးရစ်ခြင်းရဲ့ အကျိုးဆက်အနေနဲ့ ခိုက်ရန်ဖြစ်ပွားကြတယ်။ ယခုခေတ် သင်္ကြန်မှာ ရေကစားတဲ့ အရာတစ်ခုကလွဲရင် သင်္ကြန်ရဲ့ အနှစ်သာရတွေ ပျောက်ဆုံးလို့နေပါပြီ။ အဆိုးဆုံးကတော့ ရေကန်တော့တဲ့ ယဉ်းကျေးမှုလို့ပဲ ဆိုရမလားပါပဲ။ အထက်အညာဒေသမှာတော့ ဒီဓလေ့လေးတွေက ရှိနေသေးေပမယ့် အောက်ပြည်အောက်ရွာက ကျွန်တော်တို့အဖို့ မမြင်ဖူးသလောက်ကို ဖြစ်နေပါပြီ။ မှတ်မှတ်ရရဆိုရမယ်ဆိုရင် ကျွန်တော်ကိုယ်တိုင်တောင် သင်္ကြန်မှာ ရေကန်တော့တဲ့ ဓလေ့ရှိမှန်း အလယ်တန်းအရွယ်မှာ စာစီစာကုံးရေးဖို့ စာအုပ်လိုက်ဖတ်ရင်း သိခဲ့ရခြင်းဖြစ်ပါတယ်။
သင်္ကြန်မှာ ရေကန်တော့ခြင်းက သီတင်းကျွတ်မှာ ကန်တော့ကြတာနဲ့ ပုံစံခြင်း ဆင်ပေမယ့် ကွဲပြားတဲ့အချက်တွေရှိပါတယ်။ သင်္ကြန်မှာ ရေကန်တော့မယ်ဆိုရင် ယခင်က ရေအိုးဖြစ်စေ၊ ဖလားဖြစ်စေ မိမိအဆင်ပြေတဲ့ဟာနဲ့ ရေကိုအပြည့်ထည့်ပြီး အပေါ်ကနေ လင်ပန်းတစ်ချက်အုပ်ပြီး အဲ့ဒီ့လင်ပန်းပေါ်မှာ မုန့်ဖြူ၊မုန့်နီစသဖြင့် အဆင်ပြေရာထည့်ပြီး ကန်တော့လေ့ရှိကြပါတယ်။ ခေတ်ကာလရွေ့လာတဲ့အခါ ရေးအိုးတို့ ငွေဖလားတို့အစား သောက်ရေဘူး၊ ရေထည့်ထားတဲ့သောက်ရေခွက်တို့နဲ့အတူ မိမိကန်တော့ချင်တဲ့ မုန့် ဒါမှမဟုတ် ပစ္စည်းတို့နဲ့ ကန်တော့ကြပါတယ်။
မြန်မာတို့ရဲ့ သင်္ကြန်ဆိုတာ အင်မတန် နူးညံ့ပါတယ်၊ သိမ်မွေ့ပါတယ်၊ တန်ဖိုးထားစရာ ယဉ်ကျေးမှုတွေ ရိုးရာတွေပေါကြွယ်ဝပါတယ်။ အချိန်တွေ ရွေ့လာတာနဲ့အမျှ ပြောင်းလဲလာတဲ့ သင်္ကြန်ထက် လူလာရင် အလုအယက်နဲ့ ရေလောင်းကြတဲ့ အလေ့အကျင့်လေးတွေ၊ မုန့်လုံးရေပေါ်ထဲ ငရုတ်သီးထည့်လုံးပြီး ကျီစယ်တတ်တဲ့ အလေ့အကျင့်လေးတွေ၊ ရေစိုမှာကြောက်လို့ အိမ်တွင်းပုန်းနေတဲ့ ပျိုမဒီတွေကို ရေလောင်းချင်တဲ့ လူပျိုတွေက မိဘတွေကို ခွင့်တောင်းပြီး အိမ်ပြင်ထုတ်ခိုင်းရတဲ့ အလေ့အကျင့်လေးတွေ၊ ဘယ်နေရာမှာ စတုဒီသာရှိတယ်ဟေ့လို့ ဆိုလိုက်ရင် အပြေးသွားစားကြတဲ့ အလေ့အကျင့်လေးတွေရှိတဲ့ ရိုးရာအငွေ့အသက်တွေ ထုံလွှမ်းနေတဲ့ ရိုးရာသင်္ကြန်ကိုပဲ ပိုမြတ်နိုးမိသလို မပျောက်မပျက်ဘဲ ပြန်ကျင်းပစေချင်မိပါတယ်။
ကိုးကား
Keep Reading