Author's Profile Photo

ဝဠာ

14/04/2025

ပျောက်ကွယ်မသွား အမွေအနှစ်များ

13 mins read
ပျောက်ကွယ်မသွား အမွေအနှစ်များ's photo

လူမျိုးတစ်မျိုးချင်းစီတွင် ပျောက်ကွယ်မသွားအောင် ထိန်းသိမ်းရမည့် အမွေအနှစ်များစွာရှိသည်။ဤဆောင်းပါးတွင် အမွေအနှစ်များဟုဆိုပါက လေးနက်မှုလျော့နည်းမည်ဟု ထင်မိပါသည်။ ယဉ်ကျေးမှုအမွေအနှစ်များဟု သုံးနှုန်းလိုက်မှသာ ပိုမိုထိရောက်ပေလိမ့်မည်။
အမွေအနှစ် နှင့် ယဉ်ကျေးမှု ဆိုသည်မှာ အဘယ်နည်း။သုတေသီများက အောက်ပါအတိုင်း ဖွင့်ဆိုခဲ့ပါသည်။
ယေဘုယျအားဖြင့် အမွေအနှစ်များဆိုသည်မှာ မျိုးဆက်တစ်ခုမှ နောက်မျိုးဆက်တစ်ခုသို့ အမွေဆက်ခံသည့်အရာများဖြစ်သည်။(Ahmad.Y,2006)
ယဉ်ကျေးမှုတွင် လူမျိုးတစ်မျိုးက အသုံးပြုသော ဘာသာစကား၊ ကိုးကွယ်ယုံကြည်မှု၊ တန်ဖိုးထားမှု၊ လူမှုရေးဆိုင်ရာ လက္ခဏာရပ်များ(social identities)အားလုံး ပါဝင်သည်။(Kumar Singh,Abhishek,2022)
ယဉ်ကျေးမှုကို ရုပ်ပိုင်းဆိုင်ရာယဉ်ကျေးမှု(Material Culture) နှင့် စိတ်ပိုင်းဆိုင်ရာယဉ်ကျေးမှု(Non-material Culture)ဟူ၍ အဓိကအပိုင်းကြီး(၂)ပိုင်း ခွဲခြားကြပါသည်။ရုပ်ပိုင်းနှင့် စိတ်ပိုင်းဆိုင်ရာယဉ်ကျေးမှုများတွင် ရွေ့ပြောင်းနိုင်သော ဝတ္ထုပစ္စည်းများ(Movable Properties) နှင့် မရွေ့ပြောင်းနိုင်သော ဝတ္ထုပစ္စည်းများ(Unmovable Properties)ဟူ၍ ပါဝင်ကြသည်။ အဆိုပါ ယဉ်ကျေးမှုအမွေအနှစ်များကို ဒြပ်ရှိယဉ်ကျေးမှုအမွေအနှစ်(Tangible Cultural Heritage)နှင့် ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်(Intangible Cultural Heritage) ဟူ၍ ထပ်မံခွဲခြားထားသည်။

နှစ်စဉ်နှစ်တိုင်း UNESCO က ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်များကို သတ်မှတ်ပေးနေခဲ့သည်။မြန်မာနိုင်ငံတွင်လည်း UNESCOစာရင်းဝင်ထား‌သော ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်များစွာရှိသည့်အနက် ဤဆောင်းပါးတွင် ၂၀၂၄ခုနှစ်၊ ဒီဇင်ဘာလ ၅ရက်တွင် UNESCO ၏ ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်အဖြစ် သတ်မှတ်ခြင်းခံခဲ့ရသော
မြန်မာ့ရိုးရာ အတာသင်္ကြန်ပွဲတော်၏ လူသိနည်းနိုင်သော သမိုင်းနောက်ခံအကြောင်းအရာများ၊ ထင်ရှားသောဝိသေသများ၊အနုပညာလှုပ်ရှားမှုများ၊ ကမ္ဘာ့ဒြပ်မဲ့ယဥ်‌ကျေးမှုအမွေအနှစ် စာရင်းဝင်ဖြစ်လာပုံတို့ကို မြန်မာ့မဟာအတာသင်္ကြန် ယဉ်ကျေးမှုအမွေအနှစ်များအဖြစ် ဖော်ပြလိုပါသည်။


၁။သမိုင်းနောက်ခံအကြောင်းအရာများ
သမိုင်းနောက်ခံအကြောင်းအရာများနှင့်ပတ်သက်၍ အောက်ပါအတိုင်း ခွဲခြားဖော်ပြလိုပါသည်။

၁-၁။သင်္ကြန်ဖြစ်ပေါ်လာပုံ ရာဇဝင်နှင့် သင်္ကြန်ဟူသောဝေါဟာရ
ရှေးအခါက "ကဝါလမိုင်းဆရာကြီး" သည် လောကီဗေဒင်အရာ၌ အလွန်တတ်ကျွမ်းသောကြောင့် လူ့ပြည်၊ နတ်ပြည်တို့တွင် ကျော်ကြားလေသည် ။ သိကြားမင်းနှင့် "အာသီ" အမည်ရှိ ဗြဟ္မာမင်းတို့သည် တစ်နှစ်ပတ်လုံး၌ မင်္ဂလာအခါ မပြုကောင်းသောရက်နှင့် ပတ်သက်၍ အငြင်းအခုံ ဖြစ်ကြ၏ ။ ဗြဟ္မာမင်းက သက္ကရာဇ်ကိုတည်၊ သုံးဖြင့်မြှောက်၊တစ်ဆယ့်နှစ်ဖြင့်စား ၊ ကြွင်းသောရက်သည် အခါမပြုကောင်းသောရက် ဖြစ်သည်ဟုဆို၏။သိကြားမင်းက သက္ကရာဇ်ကိုတည်၊ ခုနစ်ဖြင့်စား၊ ကြွင်းသောရက်သည် အခါမပြုကောင်းသောရက် ဖြစ်သည်ဟုဆို၏ ။ သိကြားမင်းနှင့် ဗြဟ္မာမင်းတို့ အငြင်းအခုံဖြစ်ရာ ရှုံးသူက ဦးခေါင်းဖြတ်ခံမည်ဟု ကတိပြုကြပြီး လူ့ပြည်သို့ သက်ဆင်း၍
ကဝါလမိုင်းဆရာကြီးကိုမေးမြန်းကာ ဆုံးဖြတ်စေသည်။ ဆရာကြီးပြောသည့်အတိုင်း သိကြားမင်းနှင့် ဗြဟ္မာမင်းတို့လည်း စကြာဝဠာတံတိုင်းသို့ သွားကြည့်ကြရာ သိကြားမင်း၏ ဆိုစကားသည် အမှန်ဖြစ်၏ ။ထို့ကြောင့် ဗြဟ္မာမင်း၏ ဦးခေါင်းကို သိကြားမင်းက စက်ဖြင့်ဖြတ်ပြီးကြွင်းသော ဗြဟ္မာကိုယ်တွင် "ပိင်္ဂလ"ဆင်၏ ဦးခေါင်းကို ဖြတ်၍တပ်ကာ ရေစင်ဖြန်းသဖြင့် အသက်ဝင်လာရာ မဟာပိန္နဲနတ်ဟူ၍ ဖြစ်လာလေသတည်း။သိကြားမင်းဖြတ်၍ လွင့်စဉ်သွားသော ဦးခေါင်းကို ကောက်ယူကာ တာဝတိံသာနတ်ပြည်သို့ တက်ပြီးလျှင် နတ်သမီး ခုနစ်ဖော်တို့ကို ရွေးချယ်၍ အပ်နှင်းသဖြင့် နတ်သမီးခုနစ်ပါးတို့သည် တလှည့်စီကိုင်ကာ အလှည့်ကျ စောင့်ကြရလေသည် ။ ဗြဟ္မာမင်း၏ ဦးခေါင်းကို အလှည့်စေ့သည့်အတွက် နတ်သမီး တစ်ပါးမှသည် အခြားနတ်သမီးတစ်ပါးသို့ ပြောင်းသည့်အချိန်ကို အစွဲပြု၍ "သင်္ကန္တအခါ"ဟုဆိုကြသည်။
သင်္ကြန်ဟူသည် ထို"သင်္ကန္တ"ဟူသော ဝေါဟာရမှ ဆင်းသက်လာပြီး "ကူးပြောင်းခြင်း" ဟု အဓိပ္ပါယ်ရပါသည်။ ထိုမှ သင်္ကရန္တိ-သင်္ကြန္တ-သင်္ကြန် ဟုရွေ့လျားလာခြင်းဖြစ်သည် ။ ဂြိုဟ်အပေါင်းတို့၏မိခင်ဖြစ်သော တနင်္ဂနွေဂြိုဟ်ကိုအလေးဂရုပြု၍ နှစ် ၊ လ ၊ရက်တို့ကို မှတ်သားကြ သောကြောင့် တနင်္ဂနွေဂြိုဟ် ပြောင်းရွှေ့ကူးပြောင်းခြင်းကိုသာလျှင် "သင်္ကြန်"ဟု လည်းကောင်း ၊ "သင်္ကြန်ကြီး- မဟာသင်္ကြန်" ဟုလည်းကောင်း အလေးအမြတ်ပြုလျက် သင်္ကြန်ပွဲတော် ဆင်နွှဲကျင်းပကြပါသည်။တန်ခူးလသည်ရာသီအားဖြင့် မိန်ရာသီမှမိဿရာသီသို့ ကူးပြောင်းသည့်ကာလဖြစ်သည်။ နှစ်ဟောင်းကုန်၍ နှစ်သစ်ကူးပြောင်းသည့် သင်္ကြန်ပွဲတော်တွင် တစ်ဦးကိုတစ်ဦး ရေပက်ဖျန်းကစားသည့်ဓလေ့မှာ မြန်မာတို့၏ ချစ်စရာရိုးရာ ယဉ်ကျေးမှု အစဉ်အလာလည်းဖြစ်သည်။

၁-၂။မြန်မာနိုင်ငံတွင် သင်္ကြန်စတင်ခဲ့သည့်အချိန်
မြန်မာတို့၏ နှစ်သစ်ကူးသင်္ကြန် ရေပက်ကစားခြင်း အစဉ်အလာသည် သကျသာကီဝင်မင်းတို့ စိုးစံသည့် တကောင်းခေတ်ကပင် ပေါ်ထွန်းခဲ့ခြင်းဖြစ်သည်။ တကောင်းလွန်မြောက်သော် သရေခေတ္တရာနှင့် ပုဂံခေတ်ရောက်သောအခါတွင်လည်း မြန်မာတို့သည် ရိုးရာမပျက် သင်္ကြန်ပွဲတော်ကို ဆင်နွှဲကြသည်။
မြန်မာသက္ကရာဇ် ၆၁၇ ခုနှစ်  နရသီဟပတေ့မင်း လက်ထက်တွင် ရေအိုင်အနီးမြစ်ဆိပ်၌  မင်းတဲလုံခြုံစွာ ဆောက်လုပ်၍ ဘုရင်ကိုယ်တိုင်မိဖုရား၊ မောင်းမမိဿံတို့နှင့်အတူ ရေဖျန်းသဘင်ပွဲ ကျင်းပလေ့ရှိကြောင်း မှန်နန်းရာဇဝင်တွင် စာတင်ထားသည်ကို မှတ်သားရသည်။
ခရစ်နှစ်  ၁၇၆၁  ခုနှစ်  ကုန်းဘောင်ခေတ် ဆင်ဖြူရှင်မင်း လက်ထက်၌ အင်းဝမြို့တွင်ကျင်းပ သော သင်္ကြန်ပွဲတော်သည် ပျော်ရွှင်ကြည်နူးဖွယ် အကောင်းဆုံးပွဲတော်ဖြစ်သည်။ အင်းဝနေပြည်တော်ရှိ သင်္ကြန်ပွဲတော်သို့ ဘုရင်နှင့်မိဖုရားတို့သည် ကရဝိတ်ဖောင်တော်ကြီးဖြင့်ကြွလာပြီး ရေပက်ကစားကြသည်။ ထိုကရဝိတ်ဖောင်တော်ကြီး၏ အမြင့်မှာ ပေ ၃၀ ရှိပြီး   ရွှေပိန်းချထားသည်ဟု သိရသည်။ မင်းညီ၊ မင်းသားများနှင့် နန်းတွင်းသူ၊ နန်းတွင်းသားတို့သည်လည်း ရွှေပိန်းချလှေများဖြင့်ပင် ထိုနေရာသို့ လာကြသည်။ မြစ်ထဲတွင် ဘုရင်၏လှေတော်နှင့်တကွ မှူးမတ်တို့၏လှေများ၊ နန်းတွင်းသူ၊ နန်းတွင်းသားတို့၏ လှေများသည် အိုးစည်ဗုံမောင်းတီး၍ လည်းကောင်း၊ လှေတော်သားများက သံချပ်များထိုး၍ လည်းကောင်း၊ သင်္ကြန်သုံးရက်လုံးလုံး လှေပြိုင်ပွဲကျင်းပကြသည်။ လှေတက်များမှာလည်း    ရွှေပိန်းချထားသဖြင့် တက်ခတ်လိုက်သည့်အခါတိုင်း ရေစက်၊ ရေမြွှာများသည် တဖွားဖွား ဖြာထွက်ကာ နေရောင်နှင့်ပနံရလှသည်။ သုံးရက်မြောက်သောနေ့တွင် ဘုရင်၏လှေတော်မှာ အခြားလှေများခြံရံလျက် ပြိုင်ပွဲဝင်လှေများကြားသို့ ဝင်ရောက်လာသည့်အခါတွင် အမြောက်ပစ်ဖောက်ခြင်းဖြင့်  သင်္ကြန်ပွဲတော် ပြီးစီးခဲ့သည်ကို ဆရာမြသန်းတင့်၏ "သမိုင်းထဲကမန္တလေး"ဘာသာပြန် စာအုပ်တွင် လေ့လာဖတ်ရှုခဲ့ရသည်။ ယင်းစာအုပ်တွင် အင်္ဂလိပ်သံကိုယ်စားလှယ် မိုက်ကယ်ဆိုင်းက "ဝင်လုဆဲနေခြည်သည် ထူပိန်းနေသည့်ရွှေပြားပေါ်တွင် ဖိတ်ဖိတ်လက်နေသည်။မြန်မာတို့၏ လှေသဘင်သည် ကျွန်ုပ်တွေ့ဖူးသမျှတွင် အခမ်းနားဆုံး၊ အကြီးကျယ်ဆုံးဖြစ်ပေ၏" ဟု ရေးသားထားသည်ကို မူရင်းစာရေးဆရာ ဗွီစီစကော့အိုကွန်းနားက မှတ်တမ်းတင်ထားသည်ကို လေ့လာဖတ်ရှုခဲ့ရသည်။
မြန်မာတို့၏ ရိုးရာအတာသင်္ကြန်ရေသဘင်ပွဲတော်သည် တောင်ငူ၊  အင်းဝ၊  ဟံသာဝတီခေတ် အဆက်ဆက်တွင် ပျော်ရွှင်စွာဆင်နွှဲကြသကဲ့သို့ ပဒေသရာဇ်ခေတ်ကုန်ပြီး ကိုလိုနီခေတ်သို့ရောက် သည့်တိုင်အောင် မပျောက်ကွယ်ခဲ့ပေ။ သူ့ခေတ်သူ့အခါလိုက် ရိုးရာသင်္ကြန်ပွဲတော်ကို ပျော်ရွှင် ကြည်နူးဖွယ်ကျင်းပခဲ့ကြသည်။"ကျုံးရေသီတာပက်ကာဝိုင်း၊ တန်ခူးလရောက်လေတိုင်း၊ သင်္ကြန်ကားလေးနဲ့ ရေကစားထွက်လို့လည်၊ ကိုကိုတို့ရေကစားထွက်လို့လည်" ဟုသီချင်းထဲတွင်သီဆိုခဲ့ကြသည့် အတိုင်း မန်းမန္တလာမြေ၏ကျုံးပတ်လည်တွင် ရေကစားခဲ့ကြသည်။ ထို့ပြင် "ကန်တော်ကြီးပါကွယ်၊ ချီကာပက်ကြတယ်၊ တို့များကတော့ မလျှော့ဘူးကွယ်" ဟု ဆရာရွှေတိုင်ညွန့် ရေးဖွဲ့ခဲ့သည်ကိုကြည့်ခြင်းဖြင့် ရန်ကုန်မြို့ကန်တော်ကြီးနှင့် အင်းယားကန်များတွင်လည်း သင်္ကြန်ပွဲတော်ကို ပျော်ရွှင်စွာ နွှဲပျော်ခဲ့ကြသည်ကို သိရပေသည်။

၂။ထင်ရှားသော ဝိသေသများ
ဤအပိုင်းတွင် သင်္ကြန်စာနှင့် နှစ်သစ်ကူးအထိမ်းအမှတ် မြန်မာ့တော်ဝင်ပန်းရွှေဝါပိတောက်တို့အကြောင်းကို အကျဉ်းချုပ်ဖော်ပြလိုပါသည်။

၂-၁။သင်္ကြန်စာ
သင်္ကြန်စာသည် တစ်နှစ်တွင် တစ်ခါသာ ထွက်ပေါ်သော ဟောစာတမ်းဖြစ်သည်။မြန်မာ့ရိုးရာ အတာသင်္ကြန်နှင့် ခွဲမရသောရှေ့ဖြစ်ဟော ပညာရပ်ယဉ်ကျေးမှု တစ်ခုဖြစ်ပါသည်။သင်္ကြန်စာတွင်သင်္ကြန်ကာလအတွင်းတွင် သိကြားမင်း (တနင်္ဂနွေဂြိုဟ်မင်း)က လူ့ပြည်သို့ မည်သည့်ပုံစံဖြင့်ဆင်းလာမည်၊ လာမည့်နှစ်တွင် ဖြစ်လာနိုင်
သည့် စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ နိုင်ငံအရေး၊ မိုးလေဝသ၊ ကုန်ဈေးနှုန်း၊ စိုက်ပျိုးရေး စ‌သည်တို့ပါဝင်သည်။တောင်သူလယ်သမား ဦးကြီးများအတွက် စိုက်ချိန်ပျိုးချိန်၊ စိုက်ရက်ပျိုးရက်၊သီးနှံအထွက် ကောင်းမကောင်း၊ အောင်မအောင် စသည်တို့ကို သင်္ကြန်စာတွင် ထည့်သွင်းဟောကြား ဖော်ပြလေ့ရှိသည်။တစ်နှစ်လုံးအတွက် ဟောစာတမ်းလည်း ဖြစ်သကဲ့သို့ "မြန်မာတောင်သူလယ်သမားဦးကြီးများအတွက် စိတ်ဓာတ်မြှင့်တင်ရေး လက်နက်လည်း ဖြစ်တယ်"ဟုဆိုကြပါသည်။လူတစ်ဦးချင်း၏ မွေးဖွားနေ့နံအလိုက် နှစ်သစ်မှာ ဖြစ်လာနိုင်ခြေရှိသည့် ဟောကိန်းများ၊အတာစားခြင်း၊ ဦးခေါင်းဆေး မင်္ဂလာပြုခြင်းတို့ကိုထည့်သွင်းဟောကြားထားပါသည်။
သင်္ကြန်စာကို ကုန်းဘောင်ခေတ် မင်းတုန်းမင်း လက်ထက် ပုံနှိပ်စက်များ ရောက်ရှိပြီးသည့်အချိန်ကစ၍ ပုံနှိပ်ထုတ်ဝေခဲ့ကြောင်း သိရပါသည်။ သင်္ကြန်စာများသည် မန္တလေးရတနာပုံခေတ်၏ ကြွင်းကျန်သော မြန်မာ့ရိုးရာတစ်ခုလည်းဖြစ်သည်။သင်္ကြန်စာသည် မြန်မာ့လူ့အဖွဲ့အစည်းအတွက် အရေးပါသည့် အခန်းကဏ္ဍတစ်ခုဖြစ်သည်။

၂-၂။နှစ်သစ်ကူးအထိမ်းအမှတ် မြန်မာ့တော်ဝင်ပန်းရွှေဝါပိတောက်
တန်ခူးလသင်္ကြန်ပွဲတော်အခါသမယတွင် ပိတောက်ပန်းနှင့်အတူ ကံ့ကော်ပန်း၊ ရင်ခတ်ပန်း၊ စွယ်တော်ပန်း၊ ငုဝါပန်းတို့ အလှချင်းဆိုင်လျက်အပြိုင်ပွင့်ကြသည်။ ရှေးပညာရှိအကျော်အမော်တို့က မြန်မာတို့၏ ဆယ့်နှစ်လရာသီပန်းများတွင် ကံ့ကော်ပန်းကို တန်ခူးလရာသီပန်းအဖြစ် သတ်မှတ်ထားသည်ဆိုသော်လည်း သင်္ကြန်နှင့်ပိတောက်၊  ပိတောက်နှင့်သင်္ကြန်တို့က ခွဲ၍မရပေ။
သင်္ကြန်မိုးပြေးရွာသည်နှင့် ပိတောက်ပန်းများ ပင်လုံးကျွတ်ဖူးပွင့်လာကြသည်။ တစ်နှစ်တွင် တစ်လ၊ ယင်းတစ်လတွင်လည်း မိုးစက်မိုးပြောက်ကျသည့် အချိန်မှသာ ပန်းပိတောက်များ ဝေဝေဆာဆာပွင့်သည့်အတွက် မိုးကိုမျှော်သည်၊ ပိတောက်ကိုမျှော်သည်၊  ထို့အတူ သင်္ကြန်ကိုမျှော်ကြရသည်။
ပိတောက်ပင်ကို အရှေ့တောင်အာရှနိုင်ငံများ ဖြစ်ကြသည့် မြန်မာ၊ လာအို၊ ထိုင်းနှင့် ဗီယက်နမ် တို့အပြင် အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း တို့၌လည်း တွေ့ရသည်။ဆယ့်နှစ်လရာသီ၌ တန်ခူးလဟူသော မြန်မာနှစ်သစ်ကူးလတွင် ပန်းပိတောက်တို့ ဖူးပွင့်ကြသည်။နှစ်စဉ်ဧပြီလ သို့မဟုတ် မဟာသင်္ကြန်ကာလတွင် ဖူးပွင့်ကြသည့်အတွက် ပိတောက်သည် မြန်မာလူမျိုးတို့၏    နှစ်သစ်ကူးအထိမ်းအမှတ်ဖြစ်သည်။ 
မြန်မာလူမျိုးတို့သည် ပိတောက်ပန်းကို ဗုဒ္ဓဘုရားရှင်အား ကပ်လှူခြင်း၊ အလှပန်းအိုးထိုးခြင်း၊ မြတ်မြတ်နိုးနိုးပန်ဆင်ခြင်းတို့ ပြုလုပ်ကြသည်။ ခေတ်အဆက်ဆက် ပိတောက်ပန်းနှင့်ပတ်သက်သော ပန်းချီ၊ ကဗျာ၊ သီချင်း၊ ဆောင်းပါး၊ ဝတ္ထုဇာတ်လမ်း၊ ရုပ်ရှင် စသည်ဖြင့် အများအပြားရှိသည်။
အိမ်နီးချင်းထိုင်းနိုင်ငံ၌လည်း ဧပြီလတွင် Songkran  သင်္ကြန်ရေကစားကြသကဲ့သို့  ပိတောက်ပန်းများဖြင့် အလှဆင်ကြသည်။ ဗီယက်နမ်နိုင်ငံသားများကလည်း ပိတောက်ပန်းကို အထူးနှစ်သက်ကြပြီး ၎င်းတို့ဘာသာစကားအရ dánghương ဟုခေါ်ကြသည်။မည်သို့ပင်ဆိုစေကာမူ ပိတောက်ပွင့်သော အရှေ့တောင်အာရှနိုင်ငံများအနက် ပိတောက်ပန်းသည်  မြန်မာတို့အတွက် National Flower ဟု တစ်ကမ္ဘာလုံးက အသိအမှတ်ပြုခေါ်ဆိုကြခြင်းမှာ စိုးစဉ်းမျှယုံမှား သံသယဖြစ်ဖွယ်မရှိပေ။
ပိတောက်ပန်းဟု မြင်လိုက်ရသည်နှင့် သိင်္ဂါရရသကို ခံစားရသည့်အတွက် တဒင်္ဂအတွင်းမှာပင် စိတ်ကြည်လင်မှုကို ဖြစ်ပေါ်စေပါသည်။ပိတောက်ပန်းသည် နှစ်သစ်၏ဂုဏ်ကို  ဆောင်သည်။မြန်မာနိုင်ငံ၏ ကျက်သရေကိုဆောင်သည့် ပြယုဂ်တစ်ခုဖြစ်သည်။သို့သော် ယခုအခါ မြို့နယ်အများစုတွင် ပိတောက်ပင်နည်းပါးလာသည့်အတွက် လက်တစ်ကမ်းတွင် မရနိုင်၊ မမြင်နိုင်ဖြစ်ရသည်။ဘိုးဘွားတို့ လက်ထက်က အိမ်ရှေ့ သို့မဟုတ် အိမ်ပတ်လည်တွင် ပိတောက်ပင်စိုက်ပျိုးထားကြသော်လည်း ခေတ်ကာလရွေ့လျားလာသည့်အလျောက် လျှပ်စစ်ဓာတ်တိုင် မီးကြိုးများမလွတ်ခြင်း၊ လမ်းချဲ့ခြင်း  စသည်တို့ကြောင့်လည်းကောင်း၊  တခြားအကြောင်း အမျိုးမျိုးတို့ ကြောင့်လည်းကောင်း ပိတောက်ပင်များရှားပါးနေပြီဖြစ်သည်။နောင်လာမည့်မျိုးဆက်သစ်လူငယ်များအား မြန်မာ့တော်ဝင်ပန်းရွှေဝါပိတောက်တို့ကို လက်ညှိုးထိုးမလွဲ မြင်စေချင်စမ်းလှပါသည်။
အချုပ်အားဖြင့်ဆိုရသော် ပိတောက်ပင်မျိုးမသုဉ်းစေရေးအတွက် ရေရှည်တည်တံ့နိုင်စေရန်အလို့ငှာ ကျယ်ဝန်းသောပန်းခြံ၊ မြို့ရွာလမ်းဘေးတစ်လျှောက်၊ ဘုန်းကြီးကျောင်း၊ ဘုရားစေတီတစ်ဝိုက်၊ စာသင်ကျောင်း စသည့်နေရာများ၌ အရိပ်ရ ပိတောက်ပင်များကို ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးကြစေလိုကြောင်း အကြံပြုရေးသားလိုက်ရပါသည်။

၃။အနုပညာလှုပ်ရှားမှုများ
အနုပညာလှုပ်ရှားမှုများကဏ္ဍတွင် သင်္ကြန်ယိမ်းအက၊ သင်္ကြန်ကဗျာများ၊ သင်္ကြန်ရုပ်ရှင်နှင့် မြို့မအပျော်တမ်းတူရိယာအဖွဲ့ စသောခေါင်းစဉ်ခွဲလေးများကို ထည့်သွင်းလိုပါသည်။

၃-၁။သင်္ကြန်ယိမ်းအက
သင်္ကြန်ယိမ်းအက ဆိုသည်မှာ မြန်မာ့ရိုးရာသင်္ကြန်ပွဲတော်၏ အဓိကအင်္ဂါရပ်တစ်ခုဖြစ်ပြီး ပျော်ရွှင်မှု၊ စည်းလုံးညီညွတ်မှုနှင့် နှစ်သစ်ကိုကြိုဆိုခြင်းတို့ကို ဖော်ညွှန်းသော အကတစ်မျိုးဖြစ်သည်။
သင်္ကြန်ယိမ်းအကကို များသောအားဖြင့် အဖွဲ့လိုက်ကကြသည်။အမျိုးသား၊ အမျိုးသမီး မရွေး ပါဝင်ဆင်နွှဲကြပြီး ရပ်ကွက်များ၊ မြို့နယ်များအလိုက် အဖွဲ့များဖွဲ့ကာ ယိမ်းအကများကို တင်ဆက်ကြသည်။ယိမ်းအကပြိုင်ပွဲများကို ကျင်းပကြသည်။
သင်္ကြန်ယိမ်းအက၏ လှုပ်ရှားမှုများသည် သီချင်း၏ စည်းချက်နှင့်အညီ ညင်သာစွာ လှုပ်ရှားကြသည်။ လက်ကို ဝှေ့ယမ်းခြင်း၊ ခါးကို အနည်းငယ် လှုပ်ခြင်း၊ ခြေလှမ်းများကို ညင်သာစွာ ရွှေ့ခြင်းတို့သည် အဓိကကျသော လှုပ်ရှားမှုများဖြစ်သည်။
ယိမ်းအဖွဲ့များသည် မြန်မာ့ရိုးရာဝတ်စုံများကို ဝတ်ဆင်လေ့ရှိသည်။ အမျိုးသမီးများအတွက် ရောင်စုံရင်ဖုံးအင်္ကျီနှင့် ထဘီများ၊ အမျိုးသားများအတွက် တိုက်ပုံအင်္ကျီနှင့် ပုဆိုးများကို ဝတ်ဆင်ကြသည်။ ပိတောက်ပန်းများကို ခေါင်းတွင်ပန်ဆင်၍ကခြင်းသည် မဟာအတာသင်္ကြန်ယိမ်းအက၏ အဓိကပြယုဂ်ဖြစ်သည်။
သင်္ကြန်ယိမ်းအကသည် မြန်မာ့ရိုးရာအကများတွင် ရှေးအကျဆုံးအကတစ်မျိုးမဟုတ်သော်လည်း သင်္ကြန်ပွဲတော်နှင့်အတူ ရောယှက်ကာ ပေါ်ပေါက်လာခဲ့သည်ဟု ယူဆရသည်။ အချိန်ကြာလာသည်နှင့်အမျှ ယိမ်းအကသည် ပိုမို၍လူကြိုက်များလာပြီး သင်္ကြန်ပွဲတော်၏ မပါမဖြစ်သောအစိတ်အပိုင်းတစ်ခုဖြစ်လာခဲ့သည်။
ယနေ့ခေတ်တွင် သင်္ကြန်ယိမ်းအကသည် မြန်မာနိုင်ငံအနှံ့အပြား၌ ကျင်းပလျက်ရှိသော သင်္ကြန်ပွဲတော်များတွင် အဓိကနေရာတစ်ခုကို ရယူထားဆဲဖြစ်သည်။ ရိုးရာပုံစံမပျက် ထိန်းသိမ်းထားသော ယိမ်းအဖွဲ့များရှိသကဲ့သို့ ခေတ်နှင့်အညီ ပိုမိုဆန်းသစ်သော အကပုံစံများနှင့် တေးဂီတများကို ပေါင်းစပ်တင်ဆက်သော အဖွဲ့များလည်း ရှိလာသည်။သင်္ကြန်ယိမ်းအကသည် ရိုးရာဓလေ့ထုံးစံများကို ထိန်းသိမ်းမြှင့်တင်ရုံသာမက လူငယ်များအကြား စည်းလုံးညီညွတ်မှုကို တိုးမြှင့်ပေးပြီး ပျော်ရွှင်ဖွယ် နှစ်သစ်ကို ကြိုဆိုရန် အရေးပါသော အခန်းကဏ္ဍတွင် ပါဝင်လျက်ရှိသည်။

၃-၂။သင်္ကြန်ကဗျာများ
သင်္ကြန်ယဥ်‌ကျေးမှုအမွေအနှစ်များ သို့တည်းမဟုတ် သင်္ကြန်နှင့်ပတ်သက်သော အနုပညာလှုပ်ရှားမှုများတွင် သင်္ကြန်ကဗျာများလည်း ပါဝင်ပေလိမ့်မည်။သင်္ကြန်ကဗျာများကို ရှေးယခင်ကတည်းက သီးကုံးစပ်ဆိုခဲ့ကြသည်မှာ ယနေ့အထိဖြစ်သည်။ဤဆောင်းပါးတွင် ဆရာဇော်ဂျီရေးစပ်သီကုံးခဲ့သော "ပိတောက်ပန်း" ကဗျာကို သင်္ကြန်ကဗျာများကိုယ်စား ဥပမာတစ်ပုဒ်အနေဖြင့် ဖော်ပြလိုပါသည်။
" ပိတောက်ပန်း"ကဗျာကိုအမျိုးသားစာဆို ဆရာဇော်ဂျီကရေးဖွဲ့ခဲ့ပြီး ၁၉၂၈ ခုနှစ် တက္ကသိုလ် နှစ်လည်မဂ္ဂဇင်းတွင် ပထမဆုံး ပုံနှိပ်ဖော်ပြခံခဲ့ရသည်။ "ကျောင်းချစ်"ဟူသော ကလောင်ဖြင့် ရေးသားခဲ့သည်။ အရေးအဖွဲ့ ၊ စိတ်ကူးစိတ်သန်း ဆန်းသစ်မှုကြောင့် လူအများ၏ စိတ်ဝင်စားခြင်းကို ခံရသည်။ ခေတ်ဆန်းမြန်မာစာသည်
"ပိတောက်ပန်း"မှ ဆင်းသက်သည်ဟုပင် သတ်မှတ်ခြင်း ခံခဲ့ရသည်။ကဗျာစာသားမှာ အောက်ပါအတိုင်းဖြစ်သည်။
"ပိတောက်ပန်း"
မခူးချင်စမ်းပါနဲ့
နှစ်ဆန်းခါတော်မီမို့
ဇမ္ဗော်ရည် ပြေပြေလိမ်းကာပါ့
ခပ်သိမ်းနယ်စုံစုံသို့
ပွင့်ငုံကို လင့်ကုန်ကြတော့လို့
ခေါင်းကြွကာ ဆာဝေဝေနဲ့
သူလည်းလေ လောကီသားလိုပါ့
ကြွားချင်လှပေလိမ့်မယ်။
တသိန်တင့်ပါဘိ
တိမ်မြင့်ရီပြာပြာက
ကြည်သာသာ ပွင့်လေအဖြူးတွင်ဖြင့်
တီတာတာ ပွင့်ရွှေဖူးငယ်တို့
လည်ယှက်ကာ ဘယ်ညာလူးလေတော့
သူတို့လို ဘယ်သူမြူးနိုင်ပါ့
ထူးပါဘိတယ်။
တဝါဝါ ဆင်သင်္ကန်းရယ်က
ကမ္ဘာမှာ ဘဝင်ချမ်းစေတဲ့
သာသနာ ရွှင်ရွှင်လန်းအောင်လို့
တမင်မှန်းကာပါ့ သတိဆွယ်
ရည်ရွယ်တော့သလား။
ခူးပါနဲ့ကွယ်
ပွင့်ဖူးမှာ အဝါခြယ်၍
မာလာအလယ်မှာ နွှဲချင်တဲ့ နှလုံးရယ်ကြောင့်
နှစ်ဆုံးကုန် အတာဝင်သို့
မာန်အင်ကို ဉာဏ်ဆင်မွေးကာပါ့
အရေးအခါသာမှ
ခမျာမှာ တဂုဏ်ဆန်းရတယ်
ပန်းပိတောက်များ။

၃-၃။သင်္ကြန်ရုပ်ရှင်
အနုပညာရှင်များသည် သင်္ကြန်အကြောင်းရုပ်ရှင်များ၊ တေးဂီတသီချင်း များ များစွာကိုဖန်တီးနေခဲ့ကြသည်။၎င်းတို့အထဲတွင် "သင်္ကြန်မိုး"ရုပ်ရှင်သည် သင်္ကြန်နှင့်ပတ်သက်သော ဂန္တဝင်ရုပ်ရှင်ဇာတ်ကားတစ်ကားဖြစ်သည်။
"သင်္ကြန်မိုး"သည် ၁၉၈၄ ခုနှစ်က ရိုက်ကူးခဲ့သော မြန်မာရုပ်ရှင်ဇာတ်ကားတစ်ကားဖြစ်ပြီး ၁၉၈၅ ခုနှစ် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲတွင် ဇာတ်ကားဆု၊ ဒါရိုက်တာဆု နှင့် ဓာတ်ပုံဆု အကယ်ဒမီ ဆု ၃ ခု ရရှိခဲ့သော ဇာတ်ကားတစ်ကား ဖြစ်သည်။ မန္တလေးသင်္ကြန်ကို နောက်ခံထား၍ ရိုက်ကူးထားပြီး "သင်္ကြန်မိုး" ဇာတ်ကားမှ ရုပ်ရှင်ဇာတ်ဝင်တေးသီချင်းများမှာ နှစ် ၂၀ ကျော် ကြာသည့်တိုင်အောင် သင်္ကြန်သီချင်းများ အဖြစ် ပရိသတ်များ အကြားတွင် ရေပန်းစားလျက် ရှိသည်။ ဇာတ်လမ်းအမည်ဖြစ်သော "သင်္ကြန်မိုး" တေးသီချင်းကို တေးရေးဆရာ အဉ္စလီမောင်မောင်က ရေးဖွဲ့ပေးခဲ့သည်။မြို့မတေးဂီတနှင့် ငွေငန်းဖြူကြီးမှာလည်း "သင်္ကြန်မိုး"ရုပ်ရှင်ကားကြီးတွင် ပါဝင်ခဲ့ကာ ရုပ်ရှင်ကားကြီး၏ ထူးခြားချက်တစ်ခုမှာ သီချင်း(၁၈)ပုဒ် ပါဝင်ရိုက်ကူးခဲ့ခြင်းဖြစ်သည်။သရုပ်ဆောင်များအနေဖြင့် အကယ်ဒမီ နေအောင်၊ အကယ်ဒမီ ဇင်ဝိုင်း၊ အကယ်ဒမီ ဇော်ဝမ်း၊ အကယ်ဒမီ ခင်သန်းနု၊ အကယ်ဒမီ မေသန်းနု၊ သီတာသိမ့်၊ မေရွက်ဝါတို့ ပါဝင်သရုပ်ဆောင်ထားပြီး ဒါရိုက်တာမောင်တင်ဦး(ပါပါကြီး)မှ ရိုက်ကူးထားခြင်းဖြစ်သည်။သင်္ကြန်ကာလရောက်ရှိလာသည်နှင့်အမျှ ပရိသတ်များအနေဖြင့် "သင်္ကြန်မိုး" ရုပ်ရှင်ဇာတ်ကားကြီးကို အမှတ်တရရှိနေကြသည်။

၃-၄။မြို့မအပျော်တမ်းတူရိယာအဖွဲ့
ပျောက်ကွယ်မသွားသင့်သော သင်္ကြန်အမွေအနှစ်များကို ပြောပြပါဆိုလျှင်
"သင်္ကြန်မိုး"ရုပ်ရှင်ကားကြီးတွင်ပါဝင်ခဲ့သော ငွေငန်းဖြူနှင့် မြို့မအလှပြယာဉ်ကို ဖန်တီးခဲ့သည့် မြို့မအပျော်တမ်းတူရိယာအဖွဲ့ အကြောင်းကိုလည်း ထည့်သွင်းပြောပြသင့်ပါသည်။
မြို့မအပျော်တမ်းတူရိယာ အသင်းကို ၁၉၂၅
ခုနှစ်တွင် ဆရာအလင်္ကာကျော်စွာမြို့မငြိမ်းမှ ဦးဆောင်၍ တည်ထောင်ခဲ့သည်။ ၁၉၂၈ ခုနှစ်တွင် မန္တလေးမြို့ ဆိုင်းတန်းရပ်မှ ဦးတော်လုံအား အမှူးပြု၍ ဦးကျော်ငြိမ်း(မြို့မငြိမ်း)၊ ဦးကြီးငွေ၊ ဦးသန့်ဇင်၊ ဦးရင်ကလေးတို့က ဒါးတန်း ဦးသန့်
နေထိုင်သော ဒါးတန်းဝင်းအတွင်း၌ ဖွဲ့စည်းခဲ့သည်။ ပထမဆုံး အဆိုတော်မှာ ဦးညီနှင့် ဦးဖူးအံ့တို့ ဖြစ်သည်။ ယခင်က ဒါးတန်းဝင်း၌ အသင်းတည်ရှိခဲ့ပြီး ယခုအခါ ၈၆-လမ်းနှင့် ၂၁-လမ်းထောင့်တွင် တည်ရှိသည်။ မြို့မအပျော်တမ်းတူရိယာအဖွဲ့သည်မြန်မာနိုင်ငံ၏ သက်တမ်း အရှည်ကြာဆုံး တူရိယာ အသင်း တစ်ခုဖြစ်သည်။

၄။ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် စာရင်းဝင်ဖြစ်လာပုံ
မြန်မာ့ရိုးရာ နှစ်သစ်ကူး အတာသင်္ကြန်ပွဲတော်ကို UNESCO၏ လူသားမျိုးနွယ်ဆိုင်ရာ ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းတွင် ပါဝင်နိုင်ရေးအတွက် အဆိုပြုစာတွဲကို ယူနက်စကို ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်ကော်မတီထံ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက ၂၀၂၃ ခုနှစ်၊ မတ်လ ၂၄ ရက်တွင် ပေးပို့တင်သွင်းခဲ့သည်။၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၅ ရက်တွင် ပါရာဂွေးနိုင်ငံ၊
အာဆွန်စီယွန်မြို့၌ ကျင်းပသည့် (၁၉)ကြိမ်မြောက် ဒြပ်မဲ့ ယဉ်ကျေးမှု အမွေအနှစ်ညီလာခံက “မြန်မာ့ရိုးရာ နှစ်သစ်ကူး အတာသင်္ကြန်ပွဲတော်”ကို ကမ္ဘာ့ဒြပ်မဲ့ ယဉ်ကျေးမှုအမွေအနှစ်စာရင်းတွင်ထည့်သွင်းကြောင်းတရားဝင် ဆုံးဖြတ်အတည်ပြုကြေညာခဲ့သည်။

လက်ရှိကာလ သင်္ကြန်ပွဲဆင်နွှဲကြပုံ
မြန်မာနိုင်ငံတွင် သင်္ကြန်ပွဲတော်ကို အစည်ကားဆုံး၊ အကြီးကျယ်ဆုံးနှင့် အခမ်းနားဆုံး မြန်မာနှစ်သစ်ကူးပွဲတော်တစ်ခုအဖြစ် ကျင်းပလျက်ရှိသည်။မဏ္ဍပ်များတွင် လှပျိုဖြူများသည် သင်္ကြန်ယိမ်းများဖြင့် စည်ဝါးညီစွာ ကပြေဖျော်ဖြေကြသည်။စတုဒီသာကျွေးခြင်း အလေ့အထမှာ ချစ်စရာကောင်းလှသည်။ရှေးယခင်ကာလများတွင် သပြေခက်နှင့် ငွေဖလားကို အသုံးပြုကာ ရေကစားကြသည်ဟု အဆိုရှိခဲ့သော်လည်း ယနေ့အခါတွင်မူ ရေသေနတ်များနှင့် ရေပိုက်များကို အသုံးပြုကာ အတာရေသဘင်ပွဲတော်ကို ဆင်နွှဲလျက်ရှိကြသည်။သင်္ကြန်ကာလအတွင်း ဥပုသ်သီလဆောက်တည်ကာ တရားဘာဝနာပွားများသူများ ရှိသကဲ့သို့ ရေကစားသူများနှင့်လည်း စည်ကားလျက်ရှိသည်။
ခေတ်ဟောင်းငွေဖလားနှင့် သပြေခက်ယဉ်ကျေးမှုများ၊ ခေတ်သစ်ဂီတအကအလှ ယဉ်ကျေးမှုများဖြင့်ရောထွေးလျက်ရှိသော်လည်း သင်္ကြန်သည် မြန်မာပြည်သူပြည်သားတိုင်း ပျော်ရွှင်ရသည့် နှစ်သစ်ကူး ပွဲတော်တစ်ခုဖြစ်သည်။ထို့ကြောင့် လက်ရှိသင်္ကြန်ပွဲတော်ကျင်းပပုံအချို့သည် ခေတ်ဟောင်း
ယဥ်‌ကျေးမှု အမွေအနှစ်‌များနှင့် မတူတော့ဘဲပြောင်းလဲလာကြသည်။

နိဂုံး
မြန်မာလ (၁၂)လရှိသည်။တစ်လချင်းစီတွင် ရိုးရာပွဲတော် တစ်ခုစီကျင်းပကြသည်။၎င်းတို့အနက် ပထမဆုံးလဖြစ်သည့် တန်ခူးလတွင် ကျင်းပသော မဟာအတာသင်္ကြန်ပွဲတော်သည် အရှည်ကြာဆုံး၊ မြန်မာလူမျိုးတို့ အပျော်ဆုံး ပွဲတော်တစ်ခု ဖြစ်သည်။ထို့‌ကြောင့် သင်္ကြန်ပွဲတော်ရက်ကို မျှော်လင့်ကြသည်။ သို့သော် သင်္ကြန်၏အနှစ်သာရကို သိသူ၊ သင်္ကြန်၏သမိုင်းကို စိတ်ဝင်စားသူမှာ အလွန်နည်းလာသည်။ထို့ကြောင့် သင်္ကြန်၏ ယဉ်ကျေးမှုအမွေအနှစ်များကို ထိန်းသိမ်းရမည်ဟူသော အသိတရားနည်းပါးလာသည်။အကျိုးဆက်အားဖြင့် ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်တစ်ခုအဖြစ် ပူပူနွေးနွေးစာရင်းဝင်ထားသော မြန်မာ့အတာသင်္ကြန်၏ ထိန်းသိမ်းအပ်သော ယဉ်ကျေးမှုအမွေအနှစ်အချို့သည် "ပြောင်းလဲခြင်းသည် မပြောင်းလဲသော တရားဖြစ်သည်" ဟူသော Universal Truth အတိုင်း ပြောင်းလဲမှန်းမသိ ပြောင်းလဲလာကြသည်။အရေးကြီးဆုံးသောအချက်မှာ အသစ်တွေမည်မျှပြောင်းပြောင်း အဟောင်း(ယဉ်ကျေးမှုအမွေအနှစ်)များကို မမေ့သင့်ပါ။မဟာသင်္ကြန်ယဥ်ကျေးမှု အမွေအနှစ်‌များကို ပျောက်ကွယ်မသွားအောင် ထိန်းသိမ်းရမည်မှာ မြန်မာလူမျိုးများ၏ တာဝန်ဖြစ်ပေသည်။
ကိုးကားစာရင်း
၁။https://www.facebook.com/105916958488954/posts/114689207611729/?app=fbl
၂။https://www.redalyc.org/journal/7038/703874214016/703874214016.pdf
၃။https://www.facebook.com/100079854463144/posts/618387990833011/?app=fbl
၄။https://myawady.net.mm/node/39295
၅။ttps://www.facebook.com/100064679950245/posts/824809019685089/?app=fbl
၆။ttps://burma.irrawaddy.com/article/2025/04/13/399871.html
၇။ttps://www.myawady.net.mm/node/38933
၈။https://my.m.wikipedia.org/wiki/%E1%80%95%E1%80%AD%E1%80%90%E1%80%B1%E1%80%AC%E1%80%80%E1%80%BA%E1%80%95%E1%80%94%E1%80%BA%E1%80%B8_(%E1%80%80%E1%80%97%E1%80%BB%E1%80%AC)
၉။https://my.m.wikipedia.org/wiki/%E1%80%9E%E1%80%84%E1%80%BA%E1%80%B9%E1%80%80%E1%80%BC%E1%80%94%E1%80%BA%E1%80%99%E1%80%AD%E1%80%AF%E1%80%B8
၁၀။ttps://www.thirdpersonnews.com/post/Interviews/%E1%80%9E%E1%80%84%E1%80%BA%E1%80%B9%E1%80%80%E1%80%BC%E1%80%94%E1%80%BA%E1%80%99%E1%80%AD%E1%80%AF%E1%80%B8%E1%80%9C%E1%80%AD%E1%80%AF%20%E1%80%9B%E1%80%AF%E1%80%95%E1%80%BA%E1%80%9B%E1%80%BE%E1%80%84%E1%80%BA%E1%80%80%E1%80%AC%E1%80%B8%E1%80%80%E1%80%BC%E1%80%AE%E1%80%B8%20%E1%80%90%E1%80%B0%E1%80%A1%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%9B%E1%80%AD%E1%80%AF%E1%80%80%E1%80%BA%E1%80%9C%E1%80%AD%E1%80%AF%E1%80%B7%20%E1%80%99%E1%80%9B%E1%80%98%E1%80%B0%E1%80%B8%20-%20%E1%80%A1%E1%80%80%E1%80%9A%E1%80%BA%E1%80%92%E1%80%99%E1%80%AE%20%E1%80%94%E1%80%B1%E1%80%A1%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%A1%E1%80%AC%E1%80%B8%20%E1%80%9E%E1%80%84%E1%80%BA%E1%80%B9%E1%80%80%E1%80%BC%E1%80%94%E1%80%BA%E1%80%99%E1%80%AD%E1%80%AF%E1%80%B8%E1%80%94%E1%80%BE%E1%80%84%E1%80%B7%E1%80%BA%E1%80%95%E1%80%90%E1%80%BA%E1%80%9E%E1%80%80%E1%80%BA%E1%81%8D%20%E1%80%A1%E1%80%99%E1%80%BE%E1%80%90%E1%80%BA%E1%80%90%E1%80%9B%E1%80%A1%E1%80%81%E1%80%BB%E1%80%AD%E1%80%AF%E1%80%B7%20%E1%80%99%E1%80%B1%E1%80%B8%E1%80%99%E1%80%BC%E1%80%94%E1%80%BA%E1%80%99%E1%80%BE%E1%80%AF/pwdBKNpPgQ
၁၁။https://my.m.wikipedia.org/wiki/%E1%80%99%E1%80%BC%E1%80%AD%E1%80%AF%E1%80%B7%E1%80%99_%E1%80%A1%E1%80%95%E1%80%BB%E1%80%B1%E1%80%AC%E1%80%BA%E1%80%90%E1%80%99%E1%80%BA%E1%80%B8_%E1%80%90%E1%80%B0%E1%80%9B%E1%80%AD%E1%80%9A%E1%80%AC%E1%80%A1%E1%80%96%E1%80%BD%E1%80%B2%E1%80%B7
၁၂။https://my.m.wikipedia.org/wiki/%E1%80%9E%E1%80%84%E1%80%BA%E1%80%B9%E1%80%80%E1%80%BC%E1%80%94%E1%80%BA

စာကြွင်း-မူရင်း Article များနှင့် ပုံဖန်တီးသူများကို ရိုသေလေးစားစွာ Credit ပေးပါသည်။မြန်မာပြည်သူ ပြည်သားအားလုံး ကပ်ကြီး(၃)ပါးကို အောင်မြင်စွာကျော်လွှားနိုင်ပြီး နေ့ရက်တိုင်းမှာ စိတ်ချမ်းသာ ကိုယ်ကျန်းမာကြပါ‌စေ။ ။

ဝဠာ

ပုံ(၁)-အလှည့်စေ့ချိန်တွင် ဗြဟ္မာမင်း၏ဦးခေါင်းကို နတ်သမီးတစ်ပါးမှ နောက်တစ်ပါးသို့ လွှဲပြောင်းခြင်း
ပုံ(၂)-ပုဂံ‌ခေတ် သင်္ကြန်ပွဲတော်ပုံ(၃)-မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ်(၂၀၂၅ခုနှစ်) သင်္ကြန်စာပုံ(၄)-နှစ်သစ်ကူးအထိမ်းအမှတ် မြန်မာ့တော်ဝင်ပန်းရွှေဝါပိတောက်ပုံ(၅)-သင်္ကြန်ယိမ်းအကပုံ(၆)-အမျိုးသားစာဆို ဆရာဇော်ဂျီ၏ "ပိတောက်ပန်း"ကဗျာပုံ(၇)-ဂန္တဝင်သင်္ကြန်ရုပ်ရှင်တစ်ပုဒ်ဖြစ်သည့် "သင်္ကြန်မိုး"ရုပ်ရှင် ပိုစတာနှင့် ရုပ်ရှင်အကြောင်းအကျဉ်းချုပ်ပုံ(၈)-မြို့မအပျော်တမ်းတူရိယာအဖွဲ့၏ သင်္ကြန်အလှပြယာဥ်ပုံ(၉)-မြို့မ အသင်းတံဆိပ်
ပုံ(၁၀)-မြန်မာနှစ်သစ်ကူးအတာသင်္ကြန်၏ ကမ္ဘာ့ဒြပ်မဲ့ယဥ်‌ကျေးမှုအမွေအနှစ်စာရင်းဝင်ခဲ့သော တရားဝင်စာရင်း

Keep Reading