Author's Profile Photo

သစ်တိုင်းမွှေး

3/04/2025

နှစ်ဦးတန်ခူးသင်္ကြန်အခါဝယ် ပိတောက်စာလေး ပါးလိုက်တယ်

10 mins read
ပျောက်ကွယ်မသွား အမွေအနှစ်များ
သင်္ကြန်
နှစ်ဦးတန်ခူးသင်္ကြန်အခါဝယ် ပိတောက်စာလေး ပါးလိုက်တယ်'s photo


ဧပြီလထဲ ချင်းနင်းဝင်ရောက်လာနဲ့အမျှ နွေပူပူ၊လေပူပူက တို့ကနန်းဆိတ်ကနန်း လာရောက် ကျီစယ်တယ်။နွေဦး လေရူးဆိုတာနဲ့အညီ စိတ်မထင်ရင် မထင်သလို နေချစ်ချစ်တောက်ပူ၊မိုးတစ်ပြတ် လေတစ်ပြတ်က လာသေးတယ်။တော်သေးတာပေါ့၊ကျွန်တော်တို့မှာ မေတ္တာအအေးဓာတ်ကလေးရှိပေလို့ပဲ၊အဲ့မေတ္တာအအေးဓာတ်ကလေး ​ဝေငှတဲ့ ရက်ကို ကျွန်တော်တို့က သင်္ကြန်လို့ခေါ်ပါတယ်။မြန်မာနှစ်သစ်ကူး၊ရေသဘင်ပွဲတော် ပေါ့။

ဒီရေသဘင်ပွဲတော်ကို မြန်မာဆယ်နှစ်လရာသီမှာ အဦးဆုံးလဖြစ်တဲ့ တန်ခူးလမှာကျင်းပပါတယ်။ရာသီစက်ဝန်းတို့ တစ်ပတ်ပြန်လည်တဲ့အချိန်တွင် ဦးဆုံးတစ်ကျော့ ပြန်လာတဲ့ လဖြစ်ပြီး နှစ်ဟောင်းကနေ နှစ်သစ်ကို ကူးပြောင်းတဲ့လပါပဲ။

လူမျိုးအသီးသီးတို့က သူတို့ရဲ့နှစ်သစ်ကူးကို ခမ်းနားစွာပြင်ဆင်ကာ ပျော်ရွင်စွာဆင်နွဲကြပါတယ်။တရုတ်လူမျိုးတို့မှာလဲ နှစ်သစ်ကူးပွဲတော်ကိုဖေဖော်ဝါရီလအတွင်း မြိုင်မြိုင်ဆိုင်ဆိုင် ကျင်းပကြသလို ဟိန္ဒူ-မွတ်ဆလင် လူမျိုးတို့မှာလဲ မတ်လအတွင်း မိတ်​ဆွေအချင်းချင်း ဆေးနီရေများဖြင့် ပတ်ဖြန်းကာ နှစ်ဟောင်းကိုစွန့်၍ နှစ်သစ်ကိုကြိုကြပါတယ်။မြန်မာနိုင်ငံမှာ နှစ်သစ်ကို ကြိုပုံကြိုနည်းက ထူးတော့ထူးသား။တစ်ဦးနှင့်တစ်ဦး ရေလောင်းပတ်ဖြန်းကာ နွေအပူကို အံတုရင်းကြိုဆိုကြပါတယ်။

နွေဟာ ပူပါတယ်။အချို့အချိန်တွေဆို မခံမရပ်နိုင်လောက်တဲ့အထိပါပဲ။ အဲ့အပူတွေကို မေတ္တာရေစင်အေးတွေ ပတ်ဖြန်းပေးလိုက်တဲ့အခါ စိတ်နှလုံးတွေ ငြိမ်အေးသွားတာပေါ့။နွေအပူကို အံတုတဲ့ ရေစင် ပတ်ဖျန်းကြတဲ့ အစဉ်အလာဟာ ကျွန်တော်တို့ ကိုယ်၊စိတ်ထဲ နက်နက်နဲနဲကို ဝင်ရောက်နေရာယူနေတာ ဘယ်ကတည်းကပါလိမ့်။ကျွန်တော်တို့ မွေးတုန်းကလဲ သင်္ကြန်ရှိသလို အရွယ်ရောက်လာတော့လဲ သင်္ကြန်ရှိပါရဲ့။ဒီတော့ သင်္ကြန်ဆိုတာ ကျွန်တော်တို့အတွက်တော့ သွေးနဲ့ရောနေသကဲ့သို့ ဖြစ်တည်မှုမျိုး။

ဒီဖြစ်တည်မှုမျိုးက ဘယ်လိုများဖြစ်တည်လာသလဲလို့မေးကြ၊မြန်းကြလျှင် တိတိကျကျပြောပြနိုင်တဲ့ ဖြစ်တည်မှုမျိုးက ရှားပါတယ်။တကယ်ကို ရှားပါတယ်။ရှေးကျလွန်းတဲ့ အမွေအနှစ်ဖြစ်သည်က တစ်ကြောင်း ၊ တိတိကျကျ မှတ်တမ်းမှတ်ရာ မပြုလုပ်ထားသည်က တစ်ကြောင်း အကြောင်းအရာတိုက်ဆိုင်လို့ ပျောက်ပျက်ကုန်ကြတာ ကျွန်တော်တို့ ခေတ်လူငယ်တွေဆီရောက်လာတော့ ဟိုဟာလိုလို ဒီဟာလိုလိုယောင်ယောင်ဝါးဝါး။

သင်္ကြန်နဲ့ပတ်သပ်ပြီးပြောရမယ်ဆို ပြောမဆုံးတဲ့ ပါးစပ်ရာဇာဝင်တွေရော၊ပုံပြင်တွေရော အများကြီးနဲ့မှရှိပါတယ်။တစ်ပုဒ်နဲ့တစ်ပုဒ်ကတော့ မတူဘူးပေါ့လေ။

အင်တာနက်စာမျက်နှာအချို့မှာတော့ သင်္ကြန်ဟာ ဟိန္ဒူဘာသာကနေ ဆင်းသက်လာပါတယ်တဲ့။ရှာဖွေတီးခေါက်မိသလောက်ပြောရမယ်ဆို နတ်သိကြားမင်းနဲ့ ဗြဟ္မာမင်းတို့ ရန်မီးပွားကြရာ ရှုံးတဲ့လူ ဦးခေါင်းပေးရတယ်တဲ့။ဒီအခါ နတ်သိကြားမင်း အနိုင်ရသွားတဲ့အခါ  ဗြဟ္မာမင်းကြီးရဲ့  ဦးခေါင်းကို ပေးခဲ့ရပါတယ်။

ဗြဟ္မာမင်းဦးခေါင်းဆိုတော့ သိပ်ကိုတန်ခိုးအာဏာထွားတဲ့အပြင် ပင်လယ်ထဲပစ်ချရင် ရေခန်း၊ မြေကြီးထဲထားရင် မီးလောင်၊ လေထဲရောက်သွားရင်လဲ သတ္တဝါအားလုံး သေကျေကြမဲ့အရေးဖြစ်လာပါတော့တယ်။ဒီတော့ သိကြားမင်းက လက်ပေါ်မှာပဲ ကိုင်ထားခဲ့ပါတယ်။

စကားမစပ် ''လူပြည်မှာ တစ်နှစ် နတ်ပြည်မှာ တစ်ရက်''ဆိုတာကြားဖူးကြရဲ့လားဗျ။ပြောရမယ်ဆို သိကြားမင်းဟာ တစ်ရက်လုံး  ဗြဟ္မာမင်းဦးခေါင်းကြီးကို ကိုင်ထားရတဲ့အတွက် အလုပ်ကိစ္စတွေ မပြီးမြောက်နိုင် ဖြစ်လာပါတော့တယ်။အဲ့အခါကျ ဘုန်းတန်ခိုးကြီးမားတဲ့ အခြားသော နတ်မင်းတွေကလဲ တစ်ရက်၊တစ်ပါး အလှည့်ကျ ဦးခေါင်းကို ထိန်းသိမ်းဖို့ တာဝန်ယူပေးပါတော့တယ်။ဗြဟ္မာမင်းဦးခေါင်းကို နတ်မင်းကြီးတစ်ပါးလက်မှ အခြားနတ်မင်းကြီးတစ်ပါးလက်ထဲသို့ ကူးပြောင်းချိန်ကို ပုဏ္ဏားတို့က တွက်ချက်ပြီး ထိုအကူးအပြောင်းကာလကို 'သင်္ကန္တ' လို့ ခေါ်ဆိုသတ်မှတ်ထားပါသတဲ့။'သင်္ကန္တ'ကနေ 'သင်္ကြန်'ရယ်လို့ ဖြစ်လာကြသည်တဲ့လေ။

ကျွန်တော်တို့ ငယ်တုန်းကများဆို သင်္ကြန်ဟာ သိပ်စည်ကားခဲ့တာ၊သင်္ကြန်ရောက်တိုင်း သိကြားမင်း လာမှာကိုလဲ မျှော်ရသေးတယ်။လူကြီးသူမတွေက သင်္ကြန်ရောက်ရင် သိကြားမင်းက ကောင်းမှုထွန်းကားဖို့နဲ့ ဗုဒ္ဓသာသနာပြန့်ပွားဖို့ အတွက် လူ့ပြည်ဆင်းလေ့ရှိတယ်လို့ပြောပြထားတာကို၊ကောင်းတဲ့သူကို ရွှေပေလွှာတွင်ရေးမှတ်ပြီး မကောင်းတဲ့သူကို ခွေးသားရေပုရပိုက်မှာ ရေးပြီးမှတ်ထားတယ်လို့လဲ ပြောပြထားတာကို။

သိကြားမင်းလာမှာမို့ ထင်ရဲ့။ကျွန်တော်ကြီးပြင်းခဲ့တဲ့ မြစ်ကမ်းမြို့လေးမှာ သင်္ကြန်ရက်ဆို မြို့လုံးကျွတ် စတုဒီတာကျွေးတာဗျို့။ကျွန်တော်တို့ ကလေးတွေအဖို့ မနက်ဆို ရေကစားလိုက်၊နေ့လယ်ဆို မုန့်လုပ်စားလိုက်၊ညဆို စတုဒီတာစားလိုက်နဲ့ သိပ်ဟန်တာပဲ။

အခုများ ကြီးလာတော့ သင်္ကြန်စတုဒီတာမဏ္ဍပ်ကြီးကို လွမ်းလိုက်တာ လွန်ရော။ဒီဘက်၊ဒီအရပ်မှာတော့ ဒီလိုမျိုးတွေမရှိဘူးကို။လွမ်းလွမ်းနဲ့ သင်္ကြန်အကြောင်းစုံစမ်းတော့ နောက်ထပ်သင်္ကြန်ဖြစ်ပေါ်တဲ့ မူကွဲတွေရှိကြောင်းသိရတယ်။

  • ဗေဒင်ကျမ်းဂန်ပညာပေါ့။ဗေဒင်ပညာရပ်များအရ ပြောရမယ်ဆို ကမ္ဘာကြီးက နေကိုလှည့်ပတ်တာက မိသာရာသီကနေ စကြည့်ရင် မေထုန်… မိန်ရာသီကို ရောက်တဲ့အခါ သူရိယသိဒ္ဓန္တကျမ်းအရ ၃၆၅ ရက် ၆ နာရီ ၁၂ မိနစ် ၃၇ စက္ကန့်ပြည့်ပါသတဲ့။တနင်္ဂနွေ ရဝိဖုဋဂြိုလ်စင်မှ မိဿရာသီအစ သုညအင်္ဿကို ဝင်တယ်လို့ သတ်မှတ်ကာ နှစ်ဟောင်းကနေ နှစ်သစ်ကိုကူးပြောင်းတယ်လို့ မှတ်သားခဲ့ကြပါတယ်။ဒါပေမဲ့ ကျွန်တော်တို့  နှစ်သစ်ကို အမှန်တကယ်ကူးပြောင်းတဲ့အချိန်က နောက်ထပ် ၂ ရက် ၄ နာရီ ၄ မိနစ်နှင့် ၄၀ စက္ကန့်ကြာမှပဲ ဖြစ်ပါတယ်။ ဒီနေသွားရာလမ်းကို ၁၂ ရာသီခွင်နှင့် ညှိုနှိုင်းတွက်ချက်ကာ လပြက္ခဒိန်သုံး မြန်မာတို့အတွက် တန်ခူးလတွင် သင်္ကြန်ဟာ ဖြစ်တည်လာပါ သတဲ့။


  • ဗုဒ္ဓဝင် ကျမ်းဂန်များအရ အချို့တွေ ပြောကြပါတယ်။ဒီကာလဟာ ဘုရားရှင်ရဲ့ မယ်တော်ဘက်က အမျိုးများရှိတဲ့ ဒေဝဒဟပြည်နေ မင်းသား မင်းသမီးများ ရေကစားကြတဲ့ ကာလဖြစ်တယ် လို့ တစ်မျိုးတစ်ဖုံပြောကြပြန်ပါရော။


  • အချို့သော လူကြီးသူမတွေက ပြောပါသေးတယ်။သင်္ကြန်အတာရေ ပက်ဖြန်းခြင်းကို ဥပေါသထမင်းကြီးရဲ့ ခေါင်းဆေးမင်္ဂလာပြုခြင်းက စတယ်လို့ ပြောကြလေ့ရှိကာ ထိုခေတ်က ဘုရင်တွေဟာ တစ်နှစ်တစ်ခါ ခေါင်းဆေးမင်္ဂလာကို ကျင်းပပြုလုပ်လေ့ရှိကြပါတယ်။အဲ့ကနေ သင်္ကြန်စတာပါတဲ့။


ပြီးတော့ ရေပတ်ကစားတဲ့ အလေ့အထကို မြန်မာယဉ်ကျေးမှုနှင့် အခြေခံအရတူညီသော နိုင်ငံအချို့မှာ ကျင်းပကြသေးတယ်တဲ့။ ထိုင်းတွင် ဆောင်ခရန် (Songkran )၊ လာအိုတွင် ပီမိုင်( Pimai )၊ ကမ္ဘောဒီးယားတွင် (Chaul Chnam Thmey ) နာမည်အမျိုးမျိုး ခေါ်ဆိုပြီးကျင်းပကြတာပါပဲ။ဘယ်လိုအစဉ်အလာရှိသည်လို့တော့ တိတိကျကျမသိရပါဘူးတဲ့ဗျာ။

ကဲ သင်္ကြန်အကြောင်းကတော့ အမျိုးမျိုးအထွေထွေပါပဲ။ဒါပေမဲ့ အခုချိန် ကျွန်တော်တို့ လက်ခံထားတဲ့ သင်္ကြန်ဆိုတာ နှစ်သစ်အခါသမယကို ကူးပြောင်းတဲ့အခါ အမင်္ဂလာကိစ္စတွေကို ရေသန့်သန့်နဲ့ ဆေးချလိုက်တာပါပဲ။

အစပ်ဆက်မရှိပေမဲ့ အသွေးထဲအသားက သင်္ကြန်အကြောင့်မို့ ပြောရအုံးမယ်။ပန်းလှလှလေးတစ်ပွင့်မှာ ပိုးကိုက်နေတာ မြင်ဖူးကြမယ်ထင်ရဲ့။သင်္ကြန်မှာ ပျော်လို့ရပေမဲ့ အပျော်လွန်သွားရင် အပျက်ဖြစ်သွားနိုင်တယ်။ပြောမယ်ဆို ချစ်လျက်နဲ့ ဝေးခဲ့ကြတဲ့ နရသီဟပတေ့မင်းတို့မောင်နှံကို မမေ့မလျော့ထည့်ပြောရမှာပါပဲ။

အကျီစားသန်လှတဲ့ နရသီဟပတေ့မင်းရယ် မာနကြီးလှတဲ့ မိဖုရားစောလုံရယ်။
ဇာတ်လမ်းလေးက ဒီလိုစပါသတဲ့။

နှစ်တိုင်း ပုဂံမှာ နွေရာသီရောက်တိုင်း ရေဖျန်းကစားတဲ့ ရေသဘင်ပွဲတော် ပြုလုပ်လေ့ရှိကြတယ်။ဒီနှစ်လဲ အရင်နှစ်များနည်းတူ  နန်းတော်ကနေ မြစ်ဆိပ်အထိ အခြွေအရံတို့ ဝန်းရံပြီး မြစ်ဆိပ်မှာ တဲထိုးကာ ရေကစားလေရှိသတဲ့။အရှင်မင်းကြီးနရသီဟ မှာ မိဖုရားတွေသာမက မောင်းမများပါမကျန်ရေသဘင်ပွဲတော်ကို ဆင်နွဲဖို့ ခေါ်ဆောင်သွားပါတယ်။

ကျီစားသန်တဲ့ နရသီဟပတေ့မင်းဟာ မိဖုရားစောလုံကိုပါ ချစ်မြတ်နိုးစွာ ကျီစယ်လိုက်သတဲ့။ ကျီစယ်ပုံက မောင်းမတစ်ယောက်ကို မိဖုရားစောလုံရဲ့ ခေါင်းက ဆံစပါမကျန် ရွဲစိုအောင်လောင်းရန် တိတ်တဆိတ်အမိန့်ပေးစေခိုင်းလိုက်တာပါ။

လူများအလည် ခေါင်းကဆံစတွေပါ ရွဲရွဲစိုတဲ့အထိ၊လူပုံလည်မှာ ရေမွန်းတဲ့အထိ၊ရေစို၍ ချပ်ရပ်သွားသော အင်္ကျီများကြောင့်မိဖုရားတစ်ပါးရဲ့ဘုန်းကျက်သရေပျက်ရတဲ့အထိ၊ကိုယ့်ထက်ဝါငယ်တဲ့ မောင်းမတစ်ယောက်ကများ သူကိုလောင်းရဲတယ်ဆိုတဲ့မာန။

ဝိုင်းဝန်းကျီစားပက်လိုက်တဲ့ ရေဒဏ်ကို ခံလိုက်ရသူ မိဖုရားစောလုံဟာ အားကိုးရာ မင်းကြီးကို ရှာပေမဲ့ အရှင်နရသီဟပတေ့မင်းကိုယ်တော်တိုင်က မောင်းမများရှေ့မှာ ရယ်မောနေပါရောလား။စောလုံကို ပြတ်ရယ်ပြုနေပါရောလား။

နောက်မှသိလိုက်ရတာက နရသီဟပတေ့မင်းကိုယ်တော်တိုင်က သူကို ရေရွဲရွဲစိုအောင် လောင်းခိုင်းတာပါပဲ။စောလုံအနေနဲ့ မိမိကို လူပုံအလည်ပြတ်ရယ်ပြုခဲ့သူ၊ချစ်ရသူကြီးအား ဘယ်ပုံနည်းဖြင့် ခွင့်မလွှတ်နိုင်ပါ။ဒါကြောင့် ဘုရင် ပွဲတော်တည်မယ့် ပွဲတော်စာမှာ အဆိပ်ခတ်သတဲ့လေ။ဒါပေမဲ့ နရသီဟပတေ့မင်းဟာ လုပ်ကြံကြောင်းသိခဲ့ပြီး မိဖုရားစောလုံကို ရင်နာနာနဲ့  ကွပ်မျက်ပစ်ခဲ့ပါတယ်။

ဘဝတစ်ပါးကူးပြောင်းသွားတဲ့ မိဖုရားစောလုံကတော့ သံသရာမှာအေးချမ်းနေပြီလားမသိပေမဲ့ နရသီဟပတေ့မင်းကတော့ တစ်ချို့ညများဆို စောလုံရေ၊စောလုံလို့ တကြော်ကြော်ခေါ်နေတတ်ပါတယ်။

ချစ်ခဲ့ရှာတာကို၊သူတို့နှစ်ဦးခင်ဗျာလဲ ချစ်ခဲ့ကြတာပေကို။သို့သော်လဲ"ကျီစားသန်က ရန်များ၏''ဆိုသလိုပါပဲ။အပျော်လွန်တာကနေ ဒီလိုအပြက်အပြက်နဲ့ နှခေါင်းသွေးထွက်ကြတာပေါ့။ဒီလို ပန်းပိုးကိုက်တဲ့ သင်္ကြန်က မြန်မာရာဇဝင်ထဲမှာမဟုတ်ဘူး။မြန်မာခေတ်သစ်မှာလဲရှိတယ်။

သင်္ကြန်ရောက်ပြီဆို ဘယ်အိမ်ကသား မူးလို့ ၊ဘယ်သူနဲ့ဘယ်သူရန်ဖြစ်လို့ ၊ဘယ်သူခေါင်းပေါက်တာ ဒါတွေဟာလဲ ပိုးကိုက်သင်္ကြန်ပါပဲ။သင်္ကြန်ဟာ နှစ်ဟောင်းက နှစ်သစ်ကို ကူးပြောင်းလို့ မင်္ဂလာယူတဲ့ ကာလဖြစ်ပြီး လူငယ်တွေအရက်စမ်းသောက်တဲ့ကာလမဟုတ်ပါဘူး။သင်္ကြန်ဟာ လူကြီးသူမ ဥပုသ်သီလယူတဲ့ကာလဖြစ်ပြီး ရန်ဖြစ်ဖို့ ပါမစ်ပေးထားတဲ့ ကာလမဟုတ်ပါဘူး။

အခုသင်္ကြန်မှာ ပျော်ချင်စိတ်တစ်ခုထဲကိုသာ နရသီဟပတေ့မင်းလိုရှေ့တန်းတင်သူတွေများသား။ရေပက်တဲ့သူကသယ ပက်နေသာ၊ပက်ခံနေတဲ့သူက ရေကြောက်တတ်လားမသိ၊ကိုယ်လေးလက်ဝန်ရှိနေလားမသိ၊ဥပုသ်သီလယူခဲ့သလားမသိ ရမ်းသန်းပက်နေကြတော့တာပဲ။တစ်ဖက်လူကို ငဲ့ညာရမယ်၊ကိုယ်ချင်းစာရမယ်ဆိုတဲ့ အသိ၊သတိကို သင်္ကြန်အပျော်တွေကြား ရအောင် ကပ်ထားသင့်ပါတယ်။

အချို့ကတော့ ရေပက်ကစားတာတောင် အသိကိုသတိနဲ့ကပ်ပြီး ကိုယ်​​လေးလက်​ဝန်​နှင့် မ​ပေါ့မပါးအမျိုးသမီးများ၊ တာဝန်ထမ်းဆောင်နေတဲ့ ဝန်ထမ်းတွေနဲ့ ဘုန်းကြီး၊ ရဟန်း၊ သီလရှင်၊ ဥပုသ်​သည်​ ကို ရေပက်စနောက်ခြင်းကနေ ရှောင်ကျဉ်ပေးပါတယ်။ဒါမှ ချစ်စရာ မြန်မာ့ဓလေ့မဟုတ်လားခင်ဗျာ။

အခုသင်္ကြန်တွေမှာ မြန်မာ့အနှစ်သာရဟာ တစစလျော့နည်းလာပါပြီ။ဒါတွေကို ဂရုတစ်စိုက် ထိန်းသိမ်းဖို့ရာ ကျွန်တော်တို့မှာ တာဝန်ရှိနေတာပဲ မဟုတ်ဘူးလား။တစ်ယောက်ထဲ ထိန်းသိမ်းရင် ဘာမှအရာမထင်ပေမဲ့ အာလုံးသာ ပါဝင်မှာဆို နှောင်းကလေးတွေဆီ အနှစ်သာရရှိရှိမဟာသင်္ကြန်ကို လက်ဆင့်ကမ်းနိုင်ပါလိမ့်မယ်။

သင်္ကြန်မိုးအကြောင်းလဲ သိသလောက်ပြောပြချင်တယ်။'တန်ခူးမည်မှတ် ဖတ်ဆွတ်ရေတိုး သင်္ကြန်မိုး'တဲ့။သင်္ကြန်မိုးဆိုတာ ပိတောက်တွေပွင့်ဖို့အားဖြည့်တဲ့အနေနဲ့ရွာတဲ့မိုးပါ။ပိတောက်ခိုင်မှာ အဖူးတွေချည်းပြည့်နေပါစေဦး။သင်္ကြန်မိုးမစွေလို့ကတော့ ပန်းပိတောက် မပန်ရတဲ့ကိန်းပါပဲ။

ပိတောက်ပန်းက တန်ခူးလ၊ သင်္ကြန်မိုးစွေမှပဲပွင့်တာကြောင့် သစ္စာကြီးတဲ့ ပန်းလို့တင်စားခဲ့ကြပါသေးတယ်။ဒါကြောင့်လဲ “တစ်ယောက်ဆိုတစ်ယောက် ပိတောက်ဆိုပိတောက်” ဆိုပြီး ရှေးစကားပုံလည်းရှိတယ်မလား။အခုများတော့ ပိတောက်လိုလူက ရှားရှာပါပြီ။

အရင်တုန်းကများဆို အမျိုးသားများက ချစ်မြတ်နိုးသူကိုပေးဖို့ သင်္ကြန်မိုးစွေထားတဲ့ ပင်စည်ချောချောကို ကုပ်တက်ပြီး ခဲရာခဲဆစ်ခူးပေးရှာပါတယ်။အမျိုးသမီးတို့အဖို့ ဆိုတာလဲ ပထမဆုံးသင်္ကြန်ရေကို မည်သူလာလောင်းမလဲ ရင်ခုန်ရသလို၊ပိတောက်ဦးကို မည်သူပန်ပေးမလဲ စိတ်လှုပ်ရှားရပါသေးတယ်။ခုထက်တိုင် သင်္ကြန်မှာ အချို့သောအမျိုးသမီးငယ်လေးတို့က ပိတောက်ဦးကို ဘယ်သူလာပေးမလဲ မျှော်တတ်ပါသေးတယ်။

ပိတောက်၊ရွှေအိုရောင်၊နွေရာသီ ပြီးတော့ သင်္ကြန် ခွဲမရတဲ့ အတွဲတွေပါပဲ။ပိတောက်ပွင့်မှ သင်္ကြန်ပီသသလို၊သင်္ကြန်ဟာလဲ ပိတောက်ရှိမှပြည့်စုံပါတယ်။

သင်္ကြန်ဆို မပါမဖြစ်က ရေကစားတဲ့မဏ္ဍပ်ရယ်ပါ။အုန်းလတ်တွေနဲ့ မဏ္ဍပ်ဆောက် ရေစည်ပိုင်းကြီးတွေ၊အင်တုံတွေချ ရေအပြည့်ဖြည့်၊ကလေးတွေဆို ရေပြွတ်နဲ့ လူပျိုတွေဆို ရေပုံးနဲ့ရေဖလားနဲ့။ဇကောကြီးမှာလဲ သင်္ကြန်နဲ့လိုက်ဖက်တဲ့ နာမည်လေးတွေရေးကာ ရေပက်ကစားကြပါတယ်။

အချို့မဏ္ဍပ်တွေက များသောအားဖြင့် မုန့်ကျွေးကြလေ့ရှိပါတယ်။ကျွေးတတ်ဆုံးက မုန့်လုံးရေပေါ်ပေါ့။ထန်းညက်ကလေး ထည့်လိုက်၊ငရုတ်သီးလေးထည့်လိုက်နဲ့ ကံကောင်းတဲ့သူကတော့ ငရုတ်သီးမဲပေါက်ပါလိမ့်မယ်။ငရုတ်သီးမဲပေါက်ရတဲ့အထဲ အိုးမဲပါ သုတ်ခံလိုက်ရလို့ကတော့ ငိုအားထက် ရယ်အားသန်နေတော့မှာအမှန်ပဲ။

သင်္ကြန်မဏ္ဍပ်မှာ မရှိမဖြစ်အင်္ဂါရပ်ကလဲ သင်္ကြန်သီချင်းပါ။အခု ဧပြီလရောက်စကတည်းကကို သင်္ကြန်သီချင်းက ဟိုနားကလို၊ဒီနားကလိုကြားနေရတယ်။မြူးကြွကြွသံစဉ်တွေရော ၊ရင်အေးစေတဲ့ သံစဉ်တွေရော စုံလို့။သင်္ကြန်ဆိုရင် ယိမ်းရယ်၊သံစဉ်အေးအေးလေးရယ်၊အတာရေအိုး ပြီးတော့ ရေလောင်းကာပျော်ပွဲဝင်နေကြတဲ့ မြန်မာလူမျိုးတို့ရယ်။

ကျေးလက်မှာနေတုန်းကြုံတဲ့ သင်္ကြန်အကြိုနဲ့သင်္ကြန်အပိတ်နှစ်ဆန်းတစ်ရက် နေ့အကြောင်းပြောချင်သေးတယ်။အကြိုနေ့ ဘုရားရေသပ္ပါယ်သွားတဲ့အကြောင်းကစရမှာပေါ့။အဲ့တာက  ဘုရားဆင်းတုတော်ကို ရေသပ္ပါယ်ပြီး ကျလာတဲ့ရေကိုခံ သောက်တဲ့ရေ၊ပရိတ်ရေအဖြစ်ထားကြတာပါပဲ။တစ်နှစ်လုံးမှာ နေမကောင်းတဲ့အချိန်ကျ ဘုရားဆေး၊တရားဆေး၊သံဃာဆေး ပျောက်ပါစေလို့ ရွက်ပြီး ပရိတ်ရေတိုက်လေ့ရှိတယ်။

နှစ်ဆန်းတစ်ရက်နေ့ကြ ပရိတ်ရွက်ပွဲတွေလုပ်တဲ့အခါ သဲတစ်ပုံး၊ရေတစ်ပုံး၊အပ်ချည်တစ်လုံးကို ကပ်လှူလေ့ရှိပြီး ပြန့်စွန့်တဲ့အခါ ကိုယ့်ပုံးသူ့ပုံးလာယူလေ့ရှိတယ်။ညနေလေးနာရီလောက်ဆို ဘုန်းကြီးကျောင်းက သံချောင်းခေါက်တာနဲ့ အိမ်အနှံ့ပရိတ်သဲ ​ပက်ဖြန်းလို့ သရဲမောင်းကြသေးတာ။အဓိကတော့ မကောင်းတဲ့ ဘေးအန္တရာယ်တွေ နှစ်သစ်မှာမရှိစေဖို့ပါပဲ။

ကျွန်တော်က အခုသင်္ကြန်အကြောင်းပြောဖြစ်တဲ့အခါ မန္တလေးသင်္ကြန်နဲ့ စစ်ကိုင်းကသင်္ကြန်ကိုလဲ မချန်မရစ်ချင်ပါဘူး။ပြောရမယ်ဆို ကျွန်တော်က မန္တလေးသူပေမဲ့ မန္တလေးသင်္ကြန်ကို တစ်ခေါက်တလေလောက်ပဲ ဆင်နွဲဖူးပါတယ်။ဒါကလဲ ငယ်စဉ်တောင်ကျေးလောက်ကပေါ့။ဒါကြောင့် မန္တလေးသင်္ကြန်​ကြောင်း မကြုံဖူးပေမဲ့ ပြောချင်လိုက်တာလွန်ရော။

မန္တလေးသူ ဘွားဘွားဒေါ်အမာကတော့ အမေ့ရှေးစကားမှာ ပြောထားပါရဲ့။သင်္ကြန်ဆို အဘွားတို့ ငယ်ငယ်တုန်းက လူကြီးဥပုသ်စောင့်ကြ၊ရေသပ္ပါယ်ကြတဲ့ကာလတဲ့။ဒီက သင်္ကြန်ဆိုတာလေ ၁၀၊၁၁၊၁၂ တွေရဲ့ပွဲသပ်သပ်ပါတဲ့။အဲ့တာကြောင့် ဘုရားသွားကျောင်းတက်ပြန်ခဲ့သူ၊သီလယူခဲ့သူတွေဆို နားလည်မှုနဲ့ ရေသိပ်မပက်ကြပါဘူး။အခုများတော့ လူကြီး ဥပုသ်ယူမှန်းမသိ၊သီလယူမှန်းမသိပဲ ရမ်းပက်နေတာများ ပျော်တာကနေ ပျက်တော့မယ်။

ဒါတွေထားပါ၊ဒါထက် မန္တလေးသင်္ကြန်ဆိုတာ ငွေငန်းဖြူပါမှ၊ယိမ်းပါမှ ပြည့်စုံတာမလား။တကယ်တော့ ငွေငန်းဖြူတို့ယိမ်းတို့ဆိုတာ တစ်ထီးတစ်နန်းစံမြန်းချိန်ကတည်းက ရှိနေခဲ့တာမဟုတ်ဘဲ။ ဒုတိယကမ္ဘာစစ်မ​ဖြစ်ခင်လောက် ၁၉၂၈လောက်မှ ရှိလာခဲ့တာ။ မြို့မအပျော်တန်းတူရိယာအဖွဲဆိုပြီး တူရိယာအဖွဲ့ပေါ်လာလေရဲ့။မာဃဆိုတဲ့ တူရိယာအဖွဲ့လဲ မတိမ်းမယိမ်းပေါ်လာပြီး ပြိုင်ကြဆိုင်ကြတယ်ပေါ့ဗျာ။

အပြိုင်အဆိုင်လေးက ရှိနေတော့ မြို့မအဖွဲ့က ဘုရားရေသပ္ပါယ်မှာဆိုတဲ့ အစီအစဉ်နဲ့ ငွေငန်းဖြူရုပ်ကြီးကိုလှလှပပချိုး ပန်း​နဲ့အလှတွေဆင် ပုဆိုးဆင်တူဝတ်၊ထိုင်ခုံနဲ့ ကျကျနန တီးမှုတ်ကာ မဟာမြတ်မုနိဘုရားကြီးကို ရေသပ္ပါယ်ဖို့ ထွက်သတဲ့။ရေသပ္ပါယ်ပြီးတဲ့အပြန်မှာ မြို့ကို ပတ်ကာ တီးမှုတ်ဖျော်ဖြေပါတယ်။စစချင်းတစ်နှစ်တော့ ရေပတ်မခံခဲ့ရပေမဲ့ နောက်နှစ်မှာတော့ ငွေငန်းဖြူရော မြို့မအဖွဲ့ပါ ရေပက်ခံရခြင်းမှ မလွတ်ပါ။

ပျော်ချင်တဲ့ လူတွေဆိုတော့ ပက်ပါ။လောင်းပါ၊လက်ခံလျက်ပါပေါ့ဗျာ။တစ်ခုတော့ ရှိတာပေါ့ ၊မြို့မအဖွဲ့က ရေပက်ခံထွက်ပြီး မဏ္ဍပ်တစ်ခုရောက်လို့ တီးကြမှုတ်ကြတဲ့အခါ မဏ္ဍပ်ထဲက လှပျိုဖြူတွေထဲက ကတတ်တဲ့သူများရှိ ကပေးပါလို့ မေတ္တာရပ်ခံတယ်။လှပျိုဖြူလေးတစ်ယောက်က သတ္တိမွေးကာ ရှေ့ထွက်,က,တော့ တစ်ယောက်ထဲဆိုကြည့်ရခတ်တာမို့ နှစ်ယောက်သုံးယောက်လောက် ရှေ့ထွက်ကာ အတူကပေးကြပါသတဲ့။အဲ့ကနေမှ ယိမ်းအဖြစ်ရောက်လာတာပါတဲ့ဗျာ။

မြန်မာရုပ်ရှင်တစ်ခုဖြစ်တဲ့ သင်္ကြန်မိုးကိုကြည့်ပြီးရင်လေ ကျွန်တော်ဖြင့် မန္တလေးသင်္ကြန်ကို သွားရောက်ဆင်နွဲချင်တော့တာပဲ။

မန္တလေးအ​ကြောင်း​ပြောပါများတော့ စစ်ကိုင်းအကြောင်းလဲ ရင်ဖွင့်ချင်သေးရဲ့။စစ်ကိုင်းတိုင်းရဲ့ မြစ်ကမ်းမြို့လေးတစ်မြို့မှာ ကြီးပြင်းလာတဲ့ ကျွန်တော့်က မြစ်ကမ်းဘေးက မြို့လေးမှာ သင်္ကြန်ကို ဆင်နွဲခဲ့ပုံတွေပြောပြပါအုံးမယ်။

သင်္ကြန်မှာ အကြို၊အကျ၊အကြတ်၊အတက်ဆိုပြီး ၄ရက်လောက်ရေကစားလို့ရတယ်ထား ၄ရက်စလုံးကို အလှူရှင်တွေစုပြီး မြို့လယ်မှာ စတုဒီတာကျွေးကြပါတယ်။မြစ်ဘေးက မြို့ဖြစ်သာမို့ ဆန်စပါးက ပေါ၊ငါးလေးချဉ်၊ငါးကြီးချဥ်သုပ်၊ငါးခြောက်ကလေး ဗလာချောင်ကြော်၊ပဲဟင်းပြစ်ပြစ်နဲ့ စားလို့ကောင်းလိုက်ခြင်း။ဒါပြီးရင်လဲ မုန့်လုံးရေပေါ်၊မုန့်လက်ဆောင်း၊သီစုံဖျော်ရည်၊အအေး...အို...စုံလို့။ဒါပေမဲ့ ထမင်းစတုဒီတာကို ညနေဘက်မှကျွေးပြီး နေခင်းဘက်ဆို မုန့်လုံးရေပေါ်တို့ မုန့်လက်ဆောင်းတို့ များများကျွေးလေ့ရှိပါတယ်။

မြို့ထဲမှာတော့ ရေပက်ခံထွက်တာမျိုးရယ်လို့ တစ်သီးတသန့်မသတ်မှတ်ပဲနဲ့ ကိုယ်လမ်းသူလမ်းစုပြီး မဏ္ဍပ်လေးဆောက်ကာ လာသူမှန်းသမျှကို ရေပက်ကြပါတယ်။ကျွန်တော်တို့လို့ မဏ္ဍပ်မသွားရဆိုတဲ့ မေမေတစ်ချက်လွှတ်အမိန့်ကြောင့် ငြိမ်နေသူတွေကလဲ အိမ်ရှေ့မှာ မရရတဲ့နည်းနဲ့ ရေပုံအကြီးချ၊ရေအပြည့်ဖြည့် လမ်းသွားလမ်းလာတွေကို ပက်သာပဲ။

မဏ္ဍပ်ကလေးတွေက ဘယ်အချိန် လူသံတိတ်သွားလဲဆို နေခင်းလောက်ဆို လူသံတိတ်သွားပါပြီ။ရေမိုးချိုးအင်္ကျီလဲကာ သင်္ကြန်စာတွေလုပ်ကျွေးဖို့ အ​မေကို ပူဆာရတာပေါ့။သင်္ကြန်မုန့်တွေဖြစ်တဲ့ မုန့်လက်ကောက်ကြော်တို့ ရွှေရင်အေးတို့ ဘယ်သူအိမ်ပို့ပေးစမ်းပါအုံးဆို ပို့ပေးလိုက်နဲ့ တစ်အိမ်ပြီးတစ်အိမ် ခြေလိမ်အောင်လျှောက်သွားကာ အချိန်တွေကုန်စေပါတယ်။

ညနေဘက်တော့ စတုဒီတာစားချိန်ပါ။အခြားအရာတွေမှာသာ နောက်ကျချင်နောက်ကျနိုင်ပေမဲ့ စတုဒီတာအလှူသွားတဲ့နေရာမှတော့ လုံးဝပါပဲ။ရှိခဲ့ဖူးပါတယ်။စတုဒီယာ ထမင်းကုန်သွားလို့ ဆိပ်ကမ်းဘေးက မဏ္ဍပ်မှာ မုန့်ဟင်းခါးသောက်လိုက်ရတာပေါ့။တကယ်လို့များ သူငယ်ချင်းတို့သာ စတုဒီတာစားချင်ရင် နောက်မကျအောင် ကြိုးစားပါ။စတုဒီတာကို မြို့လယ်မှာကျွေးတာများပေမဲ့ ဘုန်းကြီးကျောင်း၊ဘုရားစေတီတွေမှာလဲကျွေးလေ့ရှိပါတယ်။

ညဘက်ကျ လူကြီးသူမများထံ လိုက်လံကန်တော့ကြပါတယ်။ကလေးတို့အဖို့ လက်ဖျားငွေသီးသော ကာလကိုပြောပါ ဆိုရင် ဒီကာလကိုပြောရမှာမလွဲ။ညလမ်းမီးရောင်အောက်မှာ ဘိုးဘွားဆွေမျိုးတို့အိမ် စကားပြောရင်း သွားကြတာလဲပျော်စရာ၊ဘိုးဘွားအိမ်ကအပြန် မုန့်ဖိုးတွေ ရေတွက်ပြီးအိမ်ပြန်ရတာလဲ ဂုဏ်ယူချင်စရာ၊မိုးလင်းရင် ဘာဝယ်မယ်ဆိုပြီးတွေးရတာလဲ ကြည်နူးစရာ၊အဲ..အမေက ပိုက်ဆံပေး၊သိမ်းထားပေးမယ်ဆိုလို့ ပေးလိုက်ရတာကတော့ ဝမ်းနည်းစရာပေါ့။

သင်္ကြန်ရက်ကြီးကို ပျော်ရွှင်စွာဖြတ်သန်းပြီးလို့ နှစ်ဆန်းတစ်ရက်နေ့ရောက်ပြီဆိုရင် မြစ်ကမ်းဘေးက မြို့ကလေးမှာ တိရိစ္ဆာန်လေးတွေကို ဘေးမဲ့လွှတ်ပေးလေ့ရှိပါတယ်။ဘူတာဈေးနား သွားမယ်ဆို ဘေးမဲ့လွှတ်ထားတဲ့ နွားတွေကို တွေ့ရမှာပါ။ငါးတွေကိုလဲ မြစ်ဆိပ်ကမ်းမှာ ဘေးမဲ့လွှတ်ခြင်းဖြင့် မြစ်ကမ်းဘေးကမြို့ကလေးရဲ့သင်္ကြန်ရက်တွေကို နိဂုံးချုပ်စေပါတယ်။မြစ်ကမ်းဘေးက မြို့လေးရဲ့ သင်္ကြန်က မန္တလေးသင်္ကြန်၊ရန်ကုန်သင်္ကြန်လောက်တော့ မစည်ကားပေမဲ့ သူနည်းသူဟန်နဲ့တော့ အလှဂုဏ်ဆောင်နေပါတယ်။

အခုချိန်မှာ မန္တလေးရော၊စစ်ကိုင်းရော တအားနဲ့ကိုမှ ဖျားနာနေတယ်လို့ သိရပါတယ်။အမြန်ကို နေကောင်းစေချင်လှပါပြီ။သင်္ကြန်အခါသမယမှာ ဖျားနာခြင်းတွေကင်းဝေအောင် ရေကြည်အေးနဲ့လောင်းလိုက်ပါရစေ။သင်္ကြန်ဆိုတာ နှစ်ဟောင်းကုန်ပြီး နှစ်သစ်ကူးပြောင်းချိန်မှာ မကောင်းတဲ့ အညစ်အကြေးတွေကို ဆေးကြောကြတယ် မဟုတ်လား။မကောင်းတဲ့ဖျားနာခြင်းတွေကို ဆေးကြောပေးပါရစေ။ဆရာလူခါးရဲ့ ကဗျာထဲကလို ကျွန်တော်တို့တွေ ပိတောက်ကြည့်ရပါအုံးမယ်။

ထလာခဲ့ပါ ချစ်သောမန္တလေး၊ချစ်သော စစ်ကိုင်းနဲ့ ချစ်သော မြန်မာပြည်။အရာအားလုံးဆုံးရှုံးတယ်ဆိုတာ အကောင်းတွေ ထပ်၍ထပ်၍ ဖြစ်လာဖို့ပါပဲ။မုန်တိုင်းပြီးရင် လေပြေလာစမြဲပါ။နှစ်သစ်မှ ခြေလှမ်းသစ်နဲ့ အတူရုန်းလိုက်ကြရအောင်၊သင်္ကြန်ရေထဲ အပူတွေပါသွားပါစေ၊ပိတောက်ကဲ့သို့ ရွှေရောင်အဆင်းနဲ့ နှစ်သစ်ကို အတာရေနဲ့ကြိုလိုက်ကြပါမယ်။

သင်္ကြန်ရေလောင်းခြင်းရဲ့ အဓိပ္ပါယ်က အေးမြခြင်း၊ရွှင်လန်းစေခြင်း၊အားတက်စေခြင်း၊ပျော်ရွှင်စေခြင်းအပြင် အသစ်တဖန်စတင်ခြင်းပါ ပါဝင်ပါတယ်။


ကျန်းမာရွှင်လန်းကြပါစေ
ချစ်တဲ့
သစ်တိုင်းမွှေး

ကိုးကား
အမေရှေးစကာ၊လူထုဒေါ်အမာ
သင်္ကြန်၊အင်တာနက်

Keep Reading

တန်ဖိုးထားလို့ တင့်တယ်စေ မြန်မာတို့ရဲ့ယဥ်ကျေးမှုအမွေမြန်မာ့အမွေအနှစ် "အမှတ်တရများနှင့် သင်္ကြန်" အကြောင်း စာရေးပြိုင်ပွဲကြီးမြန်မာရိုးရာသင်္ကြန်နှင့်ကျားဆုပန်ပွဲ __________________"အရိုးကို အရွက်မဖုံးနဲ့" --------------------နှစ်သစ်ကူး(တန်ခူးလ)၏ အကြောင်း သိမှတ်ဖွယ်ရာများ။မြန်မာနှင့်သင်္ကြန်၊ သင်္ကြန်နှင့် ပိ​တောက်"ပျောက်ကွယ်မသွားအမွေနှစ်များ....အို...သင်္ကြန် ဘယ်ခါမုန်းလို့ ဆုံးစေတော့ပျောက်ကွယ်မသွား အမွေအနှစ်များရင်ထဲကသင်္ကြန်