Author's Profile Photo

Rose(Mal Nu)

3/04/2025

ဓလေ့ရိုးရာ မမေ့သာ

2 mins read
ပျောက်ကွယ်မသွား အမွေအနှစ်များ
သင်္ကြန်
ဓလေ့ရိုးရာ မမေ့သာ's photo


မြန်မာနိုင်ငံမှာ တန်ခူး ကဆုန် နယုန် ဝါဆို ဝါခေါင် တော်သလင်း သီတင်းကျွတ် တန်ဆောင်မုန်း နတ်တော် ပြာသို တပို့တွဲ တပေါင်းဆိုတဲ့ ၁၂လရာသီရှိတဲ့အနက် ထိုလတွေမှာလည်း လအလိုက်ပွဲတော်တစ်မျိုးစီ ရှိနေပါတယ်။အခုကတော့ SarPhat ရဲ့ Campaign မှာ ပြုလုပ်နေတဲ့"ပျောက်ကွယ်မသွား အမွေအနှစ်များ"ဆိုတဲ့ Category အတိုင်း မြန်မာပြက္ခဒိန်ရဲ့ လ အစလည်းဖြစ်တဲ့ တန်ခူးလသင်္ကြန်ပွဲတော်အကြောင်းကို တင်ပြပေးမှာဖြစ်ပါတယ်။

သင်္ကြန်ပွဲတော်ဆိုတာ နှစ်စဉ် ဧပြီလမှာကျင်းပလေ့ရှိပြီး လူတိုင်းသိတဲ့အတိုင်း တစ်နှစ်မှာ ရုံးပိတ်ရက်အရှည်ဆုံး ပိတ်တဲ့ ပွဲတော်လလည်းဖြစ်ပါတယ်။ သင်္ကြန်ရုံးပိတ်ရက်ဆိုရင် အနယ်နယ်အရပ်ရပ်ကို ပြန်ပြီး သင်္ကြန်ပွဲကို ဆင်နွှဲလေ့ရှိကြပါသေးတယ်။သင်္ကြန်ပွဲတော်က သူ့ဒေသ သူ့အရပ်အလိုက် အလွန်ကိုပျော်စရာကောင်းတယ်လို့လည်း သိရပါတယ်ရှင်။ကျွန်မကတော့ ရန်ကုန်သူဖြစ်တဲ့အတွက် ရန်ကုန်သင်္ကြန်ကိုပဲ အလည်အပတ်လုပ်ဖူးတာပေါ့ရှင်။

သင်္ကြန်ရောက်ခါနီး တစ်ရက် နှစ်ရက်အလိုဆိုရင် သင်္ကြန်မိုးလေးကလည်းရွာတတ်သေးတယ်။သင်္ကြန်မိုးရွာပြီး နောက်နေ့ဆိုရင် ပိတောက်ပန်းပွင့်ပြီဆိုတာ လူတိုင်းသိကြတယ်။အဲ့အခါ အစောကြီးထပြီး ထခူးကြ ရောင်းတဲ့သူက ရောင်း တောင်းတဲ့ သူကတောင်းပေါ့။တချို့အဒေါ်ကြီးတွေဆို တစ်ခေါင်းလုံးမှာ ပိတောက်ပန်းပဲတွေ့ရတော့တယ်။တချို့ဈေးသည်တွေဆိုလည်း မျက်နှာမှာ သနပ်ခါးပါးကွက်ကြားအပြည့်နဲ့ ပိတောက်ပန်းတွေတစ်ပင်လုံး ပန်ထားလားမှတ်ရတယ် အလွန်ကိုမှ ချစ်စရာကောင်းနေတာပေါ့ရှင်။ပိတောက်ပန်းအနံ့ဆိုလည်း ဈေးကြီးတစ်ခုလုံးကို မွှေးကြိုင်လန်းဆန်းပြီး အီစိမ့်နေတာပေါ့ရှင်။

ကျွန်မ ကလေးဘဝတုန်းကဆိုရင် အိမ်ကဦးလေးက ရပ်ကွက်လေးထဲမှာပဲ ကိုယ်တိုင် ပန်းချီဆွဲ မဏ္ဍပ်တွေဆောက်ပေး ညဘက်ရောက်ရင် မိန်းကလေး ယောကျာ်းလေးမကျန် တစ်ယောက်တစ်လှည့် ကပြဖျော်ဖြေပေးခဲ့ရဖူးတယ်။အကတော့မတိုက်ထားပေမယ့် ကိုယ်အဆင်ပြေသလို တစ်ယောက်တည်းရော အဖွဲ့လိုက်ရော အဆင်ပြေသလို ကပြခဲ့ကြတာပေါ့။ ထိုင်ကြည့်နေတဲ့ လူကြီးတွေက မုန့်ဖိုးတွေပေး ဆုချကြတယ်။

အကြို၊ အကျ၊ အကြတ်၊ အတက် လေးရက်လုံးကို နေ့မနား ညမအားကို စတုဒိသာ လှည့်ပတ်စားလိုက် ကပြလိုက်ကြနဲ့ မမောမပန်းနဲ့ကို ပျော်စရာအလွန်ကောင်းခဲ့တဲ့ ကလေးဘဝလေးပေါ့ရှင်။စတုဒိသာထဲမှာဆိုရင် အခုချိန်ထိ မစားဖူးသေးတာ သင်္ကြန်ထမင်း။ အလွန်ကိုစားချင်ခဲ့ဖူးတဲ့ သင်္ကြန်ထမင်းက ကျွေးမွေးတဲ့သူ ရှားသလောက်ပါပဲရှင်။ မုန့်လုံးရေပေါ်၊ မုန့်လက်ဆောင်း၊ ရွှေရင်အေး၊ ဘဲဥသီးစုံ ပဲကုလားဟင်း ငံပြာရည်ကြော်နဲ့ ထမင်း အယ့်လောက်ပဲ စားခဲ့ဖူးတာပေါ့။

နှစ်ဆန်းတစ်ရက်နေ့ဆိုလည်း ရပ်ကွက်ထဲက ဘိုးဘွား မိဘ သက်ကြီးဝါကြီးတွေကို ခြေသည်း လက်သည်းညှပ်၊ စတိ ခေါင်းလျှော်ပေးရတာမျိုးတွေလည်း ရက်ကွက်ထဲက လူငယ်လေးတွေက စည်းစည်းလုံးလုံးနဲ့ ကုသိုလ်လုပ်ပေးခဲ့ကြဖူးတယ်။ ညနေပိုင်းရောက်တော့ ရပ်ကွက်တွေရဲ့ လမ်းဆုံလမ်းခွတွေမှာဆိုရင် သံဃာတော်တွေကို ပင့်ဖိတ်ကာ တစ်နှစ်တာ အန္တရာယ်ကင်းစေဖို့ ပရိတ်တရားတော်များ၊ ကမ္မဝါစာများ ရွတ်ဖတ်သရဇ္စျာယ်တော်မူကြပါသေးတယ်။ကုသိုလ်ယူပြီး ညနေပိုင်းမှာဆို ဘုရားသွားကြ ဘုရားမှာ ငှက်တွေ ငါးတွေကိုလည်း ဘေးမဲ့ လွှတ်ပေးကြတာမျိုးတွေလည်း ရှိကြပါတယ်။

နောက်ပိုင်း ဦလေးကလည်း အိမ်ထောင်ကျသွားတော့ ရပ်ကွက်ထဲမှာ အရင်လို ဘာမှ မလုပ်ပေးဖြစ်တော့ဘူးလေ။ ကျွန်မတို့ကလည်း ရပ်ကွက်ထဲမဆော့တော့ဘဲ အဖေ အမေ မောင်နှမတွေနဲ့ပဲ သင်္ကြန်ကားနဲ့ရေပက်ခံထွက်တာမျိုးတွေ လမ်းလျှောက်သင်္ကြန် လျှောက်လည်တာမျိုးတွေပဲ သွားဖြစ်ခဲ့တယ်။

နေဘယ်လောက်ပူပူ သင်္ကြန်ရေစိုတာက ဖျားနာမှုလုံးဝမရှိဘူးလို့ လူကြီးသူမတွေက ပြောတာလည်းကြားဖူးပါသေးတယ်။ပူအိုက်တဲ့ဒဏ်ကိုခံစားနေရာမှ သင်္ကြန်ရေလောင်းလိုက်တာနဲ့ အေးချမ်းမှုကို ရရှိစေတာ အမှန်ပါပဲရှင်။

သင်္ကြန်ပွဲတော်ဟာ မြန်မာပြည်သူပြည်သား အားလုံးရဲ့ ဘဝင်နှလုံးကို ရွှင်ပြုံးစေတာအမှန်ပါ။ ပုဂံခေတ်မှ ယနေ့ခေတ်ထိ နှစ်စဉ်နှစ်တိုင်း စည်ကားသိုက်မြိုက်စွာဖြင့် ကျင်းပလာမြဲဖြစ်ပါတယ်။ရှေးမြန်မာတွေဟာဆိုရင် ရေသဘင်ပွဲတော်ဓလေ့ကို သိမ်မွေ့ယဉ်ကျေးစွာ ပြုမူခဲ့ကြတာဖြစ်ပြီး သင်္ကြန်ရေလောင်းပက် ကြရာမှာလည်း အေးမြမြနံ့သာရည်ကို ငွေဖလားအတွင်းမှာ ထည့်ကာ သပြေခက်တွေနဲ့ ပက်ဖျန်းကြလေ့ရှိပါတယ်။ နှစ်ဟောင်းမှာ ကိန်းအောင်းနေတဲ့ ဘေးဥပဒ်အန္တရာယ်တွေ၊ စိတ်ဆိုးစရာ စိတ်ညစ်စရာတွေကို ပပျောက်ကင်းစင်ကာ သန့်ရှင်းခြင်းသို့ ရောက်ရှိစေရန်ရည်ရွယ်ပြီးတော့လည်း လုပ်ဆောင်ခဲ့တာလို့သိရပါသေးတယ်ရှင်။

ကိုဗစ်တွေဖြစ်ပြီး ကျွန်မ အိမ်ထောင်ကျပြီးနောက်ပိုင်းမှာ သင်္ကြန်ဆိုတာဟာ ကျွန်မတို့ ငယ်ငယ်တုန်းကလို ဘာမှန်းကိုမသိလောက်တော့အောင် ပျော်စရာမကောင်းတော့တာ အမှန်ပါပဲရှင်။ပိတောက်ပန်းတွေဟာလည်း အချိန်အခါမဟုတ် ပွင့်ချင့်တဲ့အချိန်တွေ ပွင့်။မှတ်မှတ်ရရ တစ်ခုကတော့ ခုလာမယ့် ဧပြီလ ၈ရက်နေ့ဆို ကျွန်မအဖေဆုံးတာ ၂နှစ်ပြည့်ပြီဖြစ်ပါတယ်။ အခု နောက်ပိုင်းမှာလည်း သင်္ကြန်ကိုကျွန်မတို့ရဲ့ အိမ်ရှေ့လေးမှာပဲ ကျွန်မရဲ့ တစ်ဦးတည်းသော သားလေးနဲ့ မပျော် ပျော်အောင်ဖန်တီးရင်း ကုန်ဆုံးသွားခဲ့ရတာ လေးနှစ်တာရှိခဲ့ပြီပေါ့ရှင်။

မြန်မာနိုင်ငံမှာကျရောက်နေတဲ့ ကပ်ဆိုး ဘေးအန္တရာယ်ဆိုးတွေကနေ အမြန်ဆုံးကျွတ်လွတ်ပြီး သင်္ကြန်ပွဲတော် အရင်လို ငယ်ငယ်တုန်းကလို ပျော်ပျော်ရွှင်ရွှင်ဆော့ကစားချင်တဲ့စိတ်ကတော့ ခုထိရှိနေဆဲပါပဲရှင်။

မြန်မာပြည်သူ ပြည်သားများလည်း ကပ်ဆိုး ဘေးအန္တရာယ်ဆိုးတွေမှ အမြန်ဆုံးကျွတ်လွတ်ပြီး သင်္ကြန်ပွဲတော်ကြီးကို အစဉ်အလာမပျက် ပျော်ပျော်ရွှင်ရွှင်နဲ့ ဆက်လက်ဆင်နွှဲနိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်ပေးလိုက်ရပါတယ်ရှင်။

Rose(Mal Nu)
3.4.2025

Keep Reading

တန်ဖိုးထားလို့ တင့်တယ်စေ မြန်မာတို့ရဲ့ယဥ်ကျေးမှုအမွေမြန်မာ့အမွေအနှစ် "အမှတ်တရများနှင့် သင်္ကြန်" အကြောင်း စာရေးပြိုင်ပွဲကြီးမြန်မာရိုးရာသင်္ကြန်နှင့်ကျားဆုပန်ပွဲ __________________"အရိုးကို အရွက်မဖုံးနဲ့" --------------------နှစ်သစ်ကူး(တန်ခူးလ)၏ အကြောင်း သိမှတ်ဖွယ်ရာများ။မြန်မာနှင့်သင်္ကြန်၊ သင်္ကြန်နှင့် ပိ​တောက်"ပျောက်ကွယ်မသွားအမွေနှစ်များ....အို...သင်္ကြန် ဘယ်ခါမုန်းလို့ ဆုံးစေတော့ပျောက်ကွယ်မသွား အမွေအနှစ်များရင်ထဲကသင်္ကြန်