သက်ဝေမှူး
ထိန်းသိမ်းစေချင် မြန်မာ့ရိုးရာသင်္ကြန်ပွဲသဘင်
ဆောင်းနှင်းပွင့်များ လက်ပြနုတ်ဆက်ထွက်ခွာသွားသောနွေရင်ခွင်မှာ တစ်ကိုယ်တည်း အထီးဆန်လွမ်းကျန်ရစ်ခဲ့သည်။ ပင်အိုကိုင်းဖျားပေါ်က အော်မြည်နေသော နွေကြိုရွှေဥသြသံက အလွမ်းတို့ကိုတားဆီးနိုင်စွမ်းမရှိသည့်အပြင် အလွမ်းမိုးတို့ကိုပိုမိုသည်းထန်စေသည်။ နွေဦးပိတောက်တို့သည် လေရူးမွှေနှောက်တိုင်း ပင်ကိုင်းဖျားထက်၌ ဘယ်ညာယိမ်းနွဲ့ရင်း သင်္ကြန်တေးသံနှင့် အတူ ယိမ်းနွဲ့ကခုန်ပျော်ရွှင်နေကြသည်။ ပိတောက်နှင့် သင်္ကြန်ကို ခွဲခြား၍မရနိုင်ပေ။ ဝါရွှေရည်ပိတောက်တို့ ဝေဝေဆာဆာဖူးပွင့်နေတာကိုမြင်တွေ့လိုက်ရုံဖြင့် သင်္ကြန်ရောက်ပြီဟုလူတိုင်းစိတ်၌ သိရှိကြသည်။
လူမျိုးတိုင်းလူမျိုးတိုင်း၌ နှစ်သစ်ကူးပွဲတော်များရှိသကဲ့သို့ မြန်မာလူမျိုးတို့၌လည်း နှစ်သစ်ကူး ရိုးရာသင်္ကြန်ပွဲတော်ရှိသည်။ ရိုးရာသင်္ကြန်ပွဲတော်ကို မြန်မာနိုင်ငံ၌ Water Festival ဟုလည်းကောင်း၊ ထိုင်းနိုင်ငံ၌ Song Kran ဟုလည်းကောင်း၊ အိန္ဒိယနိုင်ငံ၌ Sang Ken ဟုလည်းကောင်း၊ လာအိုနိုင်ငံ၌ Pi Mai ဟုလည်းကောင်း၊ ကမ္ဘောဒီးယားနိုင်ငံ၌ Choul Chnam Thmey ဟုလည်းကောင်း အသီးသီးခေါ်ကြသည်။
မြန်မာလူမျိုးတို့သည် မိန်ရာသီ တပေါင်းလမှ မိဿရာသီ တန်ခူးလသို့ကူးပြောင်းသော အချိန်၌ ရိုးရာသင်္ကြန်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာကျင်းပကြသည်။ ရှေးပညာရှိတို့က တန်ခူးလကို ထန်းသီးဆွတ်ခူးသောလဟုလည်းကောင်း၊ တနင်္ဂနွေ ရဝိဖုဋဂြိုလ်စင်သည် မိဿရာသီသို့ကူးပြောင်းသောကာလဟုလည်းကောင်း ပညတ်ပြုကြသည်။
ဖိုးသူတော် ဦးမင်းက တန်ခူးလ၏အလှသဘာဝကို "ဟောင်းရွက်ညှာ ခါလှစ်လို့၊ တာသစ်ကယ်တဲ့ နံ့ကြိုင်၊ သုတ်ဖြူးလေဆော်က၊ ပန်းကံ့ကော် ဝတ်မှုံကျင်း၊ သင်းပျံလို့လှိုင်၊ ကြယ်နှစ်ပြိုင်၊ စိတြငယ်နှင့်၊ ငွေလသော်တာ တို့၊ ယုဂန်ဒါ တောင်တော်စွန်မှာ၊ ထွန်းထိန်လို့လင်း"ဟု စာချိုး၍ကဗျာတေးဖွဲ့ခဲ့သည်။
ထို့ပြင် စာဆိုရှင် ဦးမောင်ကလေးကလည်း တန်ခူးလ၏အလှပသာဒကို "မြဝန်းရစ်ခွေ၊ မြူခြေခြံ့သည်၊ ဆူကြွေတမန့် တာအကြို၊ မမှုံ့တမှုံ့ မှုံ့တမှုံ့ငယ်၊ မအုံတအုံ အုံပြန်ရင်း။ ရွာဟန်ပြုနှင့်၊ ခုသားထင်အောင်၊ မုသားပြင်ပြင်၊ သီကျူးညံရက်လင်း။ ယုဂန်နန်းမြင့် လမ်းထိပ်သာမူ၊ စန်းစိတြာ ဆံကျင်မင်း။ နန်းမိတ်သဟာ သဘင်ကျင်းလို့၊ ယှဥ်ပြိုင်မယွင်း ထွန်းလျှံထိန်။ ရင်ခတ်လှော်ရွှေ ဂေါ်ငွေဝတ်ကိုလ၊ ဆေးလေခူးဆွတ် ညွတ်တဲ့သည်အချိန်။ သောင်းဓိပတိ မြတ်နရိန်လျှင်၊ နတ်သင်္ကြန်အိမ် စံပမ္ပါယ်မြန်းလို့၊ ရေဖျန်း ဇေယျတုအောင်မင်္ငလာ၊ ကြည်နူးစေဘွဲ့ခါ။ ထုံရညိသန့်နှင့် မှုံနံ့ဖြာအောင်၊ ဘုံမန့်ကညာ ပျော်မြူးထွေလှလေး" ဟုကဗျာတေးဖွဲ့၍ရေးခဲ့သည်။
စာဆိုရှင် နတ်မောက်ဦးကြော့က မြန်မားရိုးရာ နှစ်သစ်ကူးသင်္ကြန်ပွဲတော်ကို "ပုရစ်တံ မြရည်သွေးငယ်နှင့်၊ နှစ်သင်္ကြန် လမည်ပေးမယ်လို့၊ လှကြည်ဆေးငယိက တင်လိုက်တာ။ အသွင်မြတ်ပါဘိ၊ ရင်ခတ်ကယ် ရွှေမာလာတို့၊ ဗွေချာမှာ ရနံ့သင်းလို့ရယ်၊ ဟေမဝါ စုံမြိုင်တွင်းမှာ၊ ဆင်းဖန့်ဖန့်ဝါ။ နွေဂိမာန် မိဿစန်းဟာမို့၊ ဝေထိန်လျှံ စိတြဆန်းပြန်တော့၊ နန်းမေရု ဗွေအာကာ၊ တာရာက ရောင်စုံမြူး။ နှစ်သင်္ကြန်၊ ကူးခတ်ဆောိ စီမံသဖြင့်၊ လှူဒါနံ ညောင်ရေပန်းတွေနှင့်၊ ရေဖျန်းကိုယ်စီမံကြ၊ စဲမညံ ပွဲတော်တွင်းပေမို့၊ လဲ့လဲ့ဝင်း မေကညာဖြူတို့နှင့်၊ မဏ္ဍာတူ အချစ်စမ်းချိန်မို့၊ ငွေသင်္ဂါ ရဝေနန်းဆီသို့၊ လွမ်းစိတ်နဲ့ရူး"ဟု တင်စာရေးဖွဲ့ခဲ့သည်။
သင်္ကြန်ဟူသောဝေါဟာရသည် သင်္ကန္တ (ပါဠိလာသာ)နှင့် သင်္ကြန္တ(သင်္ကတဘာသာ)တို့မှဆင်းသက်လာပြီး ကူးပြောင်းခြင်း၊ ရွေ့လျောခြင်း ဟုအဓိပ္ပါယ်ရသည်။ မြန်မာလူမျိုးတို့သည် သင်္ကြန်ပွဲတော်ကို မိန်ရာသီ တပေါင်းလမှ မိဿရာသီ တန်ခူးလသို့ ကူးပြောင်းချိန်တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပကြသည်။ ရှေးပညာရှိတို့က တန်ခူးလကို ထန်းသီးဆွတ်ခူးသောလ ဟုလည်းကောငိး၊ တနင်္ဂနွေဂြိုလ် မိဿရာသီသို့ ကူးပြောင်းသောကာလဟုလည်းကောင်း ပညတ်ပြုကြသည်။
သင်္ကြန်ချိန်ခါတွင် ကံ့ကော်ပန်း၊ ပိတောက်ပန်း၊ ငုဝါပန်းနှင့် ရင်ခတ်ပန်းတို့ သူနိုင်ကိုယ်နိုင် အပြိုင်ဖူးပွင့်ကြပြီး ကမ္ဘာမြေကိုအလှဆင်ကြသည်။ ၅.၁၂.၂၀၂၅ ရက်နေ့တွင်ယူနက်စကိုအဖွဲ့ကြီးသည် မြန်မာ့ရိုးရာနှစ်ကူးသင်္ကြန်ပွဲတော်ကို ဒြပ်မဲ့ယဥ်ကျေးမှုအမွေအနှစ်အဖြစ် စာရင်းသွင်းခဲ့သည်။
သင်္ကြန်ပွဲတော်ဖြစ်ပေါ်လာရခြင်းကို ဟိန္ဒူအယူဝါဒမှဆင်းသက်လာသောရာဇဝင်အရ သိကြားမင်းနှင့် ဗြဟ္မာမင်းကြီးတို့ အငြင်းပွားရာမှ ဗြဟ္မာမင်းကြီးအနိုင်ရရှိခဲ့ပြီး ဗြဟ္မာဦးခေါင်းကိုဖြတ်ယူရရှိခဲ့သည်။ တန်ခိုးကြီးသော ဗြဟ္မာမင်းကြီးဦးခေါင်းကို ပင်လယ်ထဲပစ်ချလျှင် ရေခမ်းမည်၊ မြေကြီးပေါ်ထားလျှင် မီးလောင်ပျက်စီးမည်၊ လေထဲပစ်လျှင် သတ္တဝါများ သေကျေပျက်စီးမည်ကို သိရှိသဖြင့် သိကြားမင်းလက်ထဲ၌ကိုင်ထားရသည်။ သိကြားမင်း တစ်ပါးလက်ထဲမှ တစ်ပါးလက်ထဲသို့ လွှဲပြောင်းကိုင်ရချိန်ကို ပုရောဟိတ်ပုဏ္ဏားတို့က တွက်ချက်ပြီး၊ အကူးအပြောင်းကာလ ( သင်္ကန္တ)ဟုသတ်မှတ်ခဲ့ရာမှ စတင်သည်ဟုဆိုကြသည်။
နေနှင့်ကမ္ဘာလည်ပတ်ရာမှ ဆင်းသက်လာသောရာဇဝင်အရ နေသည် ကမ္ဘာကြီးကို မိန်ရာသီမှစတင်လှည့်ပတ်ပြီး မိဿရာသီသို့ ရောက်ရှိသောအချိန်အား နှစ်ဟောင်းကုန်၍ နှစ်သစ်ကူးသော သင်္ကန္တ သတ်မှတ်ခဲ့သည်ဟုဆိုကြသည်။ ဗုဒ္ဓကျမ်းဂန်များအရ ပူပြင်းခြောက်သွေ့သော မိန်ရာသီမှ မိဿရာသီသို့ကူးပြောင်းချိန်တွင် မင်းမိဖုရား မောင်းမမိဿံတို့ ရေကစားလေ့ရှိသောကာလကို သင်္ကန္တဟု ဆိုကြသည်။
မြန်မာ့ရိုးရာ နှစ်ကူးသင်္ကြန်ပွဲတော်ကို မြန်မာတစ်နိုင်ငံလုံးစည်ကားသိုက်မြိုက်စွာကျင်းပသကဲ့သို့ ထိုင်းနိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ လာအိုနိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံ၊ မလေးရှားနိုင်ငံ၊ တရုပ်နိုင်ငံ၊ စင်ကာပူနိုင်ငံ တို့တွင်လည်း ပျော်ရွှင်စွာဆင်နွဲခဲ့ကြသည်။ တကောင်းခေတိ သကျသာကီဝင်မင်းများလက်ထက်က စတင်ခဲ့သော မြန်မာ့ရိုးရာနှစ်ကူးသင်္ကြန် ပွဲတော်ကို ယနေ့ထက်တိုင် အစဥ်အလာမပျက် ဆက်လက်ကျင်းပလျက်ရှိသည်။
မှန်နန်းရာဇဝင်အရ မြန်မာသက္ကရာဇ် ၆၁၇ ခုနှစ်၊ နရပတေ့မင်းလက်ထက်၌ မင်းမိဖုရား မောင်းမမိဿံများ မြစ်ဆိပ်အနီးရေဖျန်းသဘင် ကျင်းပခဲ့ကြောင်း၊ ဆရာမြသန်းစံရေးသားသော သမိုင်းထဲကမန္တလေးဘာသာပြန်စာအုပ်အရ ၁၇၆၁ ခုနှစ်၊ ကုန်းဘောင်ခေတ် ဆင်ဖြူရှင်မင်းလက်ထက်၌ အင်းဝမြို့တွင် သင်္ကြနိပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပခဲ့ကြောင်း၊ အင်္ဂလိပ်သံကိုယ်စားလှယ် မိုက်ကယ်ဆိုင်းက သင်္ကြန်ပွဲ၌ပါဝင်သော လှေသဘင်ပွဲနှင့်ပတ် သက်၍ "ဝင်လုဆဲဆဲနေခြည်သည် ထူပိန်းနေသည့် ရွှေပြားပေါ်တွင် ဖိတ်ဖိတ်လက်နေသည်၊ မြန်မာတို့၏လှေသဘင်ပွဲသည်လကျွန်ုပ်တွေ့ဖူးသမျှတွင် အခမ်းနားဆုံးဖြစ်ပေသည်"ဟု ကောက်ချက်ချခဲ့ကြောင်း ဖတ်ရှုသိရှိရသည်။
မြန်မာနိုင်ငံသည် သူ့ကျွန်သားပေါက် ကိုလိုနီလက်အောက်သို့ကျရောက်ခဲ့သော်လည်း မြန်မာ့ရိုးရာသင်္ကြန်ပွဲတော်သည် ပျောက်ကွယ်သွားခြင်းမရှိ။ မြန်မာ့ယဥ်ကျေးမှုတစ်ခုအဖြစ် ယနေ့ထက်တိုင် လက်ဆင့်ကမ်းရှင်သန်ခဲ့သည်။ ရခိုင်တိုင်းရင်းသားတို့သည် ကြီးမားသောလောင်းလှေအတွင်းသို့ ရေထည့်ပြီး၊ ကာလသားလူပျိုအပျိုများမျက်နှာချင်းဆိုင် ရေပက်ကစား၍ သင်္ကြန်ပွဲတော်ဆင်နွဲကြသည်။ မွန်တိုင်းရင်းသားတို့သည် သင်္ကြန်းပွဲတော်ကာလအတွင်း နူးညံ့ပျော့ပြောင်းစွာချက်ထားသောထမင်းကို ရေဆမ်း၍ သင်္ကြန်ထမင်းကျွေးမွေးကြသည်။
မြန်မာတို့၏သင်္ကြန်ပွဲတော်သည် ပျော်ရွှင်ရုံသက်သက်ကျင်းပသောပွဲတော်တစ်ခုမဟုတ်ပေ။ ပျော်ပွဲရွှင်ပွဲများနှင့်အတူ ရှင်ပြုရဟန်းခံခြင်း၊ စတုဒိသာကျွေးမွေးခြင်း၊ အသံမစဲ မဟာပဌာန်းပွဲကျင်းပခြင်း၊ တိရိစ္ဆာန်များဘေးမဲ့လွှတ်ခြင်း ဥပုသ်သီလဆောက်တည်ခြင်း၊ တရားဘာဝနာပွားများခြင်း၊ သက်ကြီးဘိုးဘွားများအား ခေါင်းလျှော်ရေချိုးပေးခြင်း၊ ခြေသည်းလက်သည်းညှပ်ပေးခြင်း၊ သက်ကြီးပူဇော်ပွဲကျင်းပခြင်း စသည့်ကောင်းမှုကုသိုလ်များပြုလုပ်ကြသည်။
မြန်မာ့ရိုးရာသင်္ကြန်ပွဲတော်ကျင်းပခြင်းသည် နွေ၏အပူရှိန်ကိုလျော့ပါးသက်သာစေခြင်း၊ နှစ်ဟောသ်းမှအညစ်အကြေးများ ကင်းစင်စေခြင်း၊ ဘေးဥပါဒ်အန္တရာယ်ကင်းခြင်း၊ တစ်ဦးနှင့်တစ်ဦး မေတ္တာကူးလူးစေခြင်း၊ တိုင်းရင်းသားအချင်းချင်း စည်းလုံးညီညွတ်စေခြင်း၊ ကိုယ်စိတ်နှစ်ပါး လန်းဆန်းကြည်လင်စေခြင်း၊ ဂါရဝတရား မလျော့ပါးစေခြင်း၊ သဒ္ဓါတရားထက်သန်စေခြင်း၊ ကိုယ်ကျင့်သီလ ကောင်းမွန်စေခြင်း၊ မေတ္တာတရား တိုးပွားစေခြင်း၊ ချစ်ကြည်ရင်းနှီးမှုတိုးပွားစေခြင်း၊ ကုသိုလ်ဒါနများ တိုးပွားစေခြင်းနှင့် ရိုးရာဓလေ့များ မပျောက်ပျက်အောင် ထိန်းသိမ်းနိုင်ခြင်း စသည့်အကျိုးကျေးဇူးများရရှိစေသဖြင့် မြန်မာ့ရိုးရာသင်္ကြန်ပွဲတော်ကို အရုပ်ဆိုအကျည်းတန်အောင်မဖျက်ဆီးဘဲ၊ အစဥ်အလာကောင်းများဖြင့် ဆက်လက်ထိန်းသိမ်းသွားကြပါစို့ဟု တိုက်တွန်းရေးသားအပ်ပေသည်။
ကိုးကား
မြန်မာ့စွယ်စုံကျမ်း အတွဲ ၁၃
အောင်မြင်မှုအပေါင်း သရဖူဆောင်းနိုင်ကြပါစေ...
သက်ဝေမှူး
Keep Reading