Nan Ko Ko Oo
သင်တန်းနောက်ဆုံးရက်လဲ ဖြစ်နေပြီဆိုတော့ ကျွန်တော့်စိတ်တွေ ရွှင်လန်းစွာဖြင့် ကျောင်းသို့လာခဲ့သည်။
ဆိုင်ကယ်ကို မြို့ထဲသွားသည့်လမ်းက မမောင်းဘဲ လေယာဥ်ပျံကွင်းလမ်းဖက်မှ လှည့်၍ မောင်းလာခဲ့သည်။
လေဆိပ်အဝင်ဝတွင် ကားများဆိုင်ကယ်များဖြင့် ရှုပ်ယှက်ခတ်နေပါသည်။
ကျွန်တော်သည် လမ်းမကြီးကို ငေးကြည့်ရင်း ဆရာမင်းလူ၏ အိမ်သာတစ်လုံးအလိုရှိသည် အက်ဆေးကို ဖြတ်ခနဲ သတိရမိသည်။
ကျွန်တော်က အဲလိုပဲ။ ဆိုင်ကယ်မောင်းရင်း ပျင်းလာရင် လျှောက်တွေးနေတတ်သည်။
ဆရာက အိမ်သာဆိုတာ ဘယ်သူ့ကို မှ ခွဲခြားဆက်ဆံခြင်းမရှိ။ တန်းတူညီမျှဆက်ဆံသည်။ သူကတော့ လှလို့ သူ့ဟာကို ဒီမှာထားမယ်။ သူကတော့ ချမ်းသာလို့ ဒီမှာထားမယ် ဆိုတာမျိုးမရှိ။ အားလုံးကို တစ်ပြေးတည်းသာ ဆက်ဆံသည်။
ကျွန်တော်လည်း လမ်းမကြီးကို ကြည့်၍ ဆရာ့လို အတွေးမျိုးဝင်လာသည်။
ဒီလမ်းမကြီးကလည်း လူတန်းစားခွဲခြားတာမျိုးမရှိပေ။ ကားအကောင်းစားကြီးလဲ ဒီလမ်းပေါ်မှာသွားသည်။ စုတ်ပြတ်ဟောင်းနွမ်းနေသည့် ဆိုင်ကယ် ဘေးတွဲကြီးကိုလဲ ဒီလမ်းကမောင်းမထုတ်။
"ချမ်းသာတဲ့သူပဲ ငါ့အပေါ်ဖြတ်သန်းခွင့်ရှိတယ်၊ ဆင်းရဲတဲ့သူတွေ ခြေချခွင့်မပေးဘူး"လို့ မတားမြစ်ထားပေ။
သူသည် အားလုံးကို တန်းတူညီမျှဆက်ဆံပါသည်။
နေ့လယ်ကျတော့ အလွန် ပြင်းထန်သော ငလျင်ကြီး လှုပ်၏။
အစကတော့ ကိုယ့်မြို့တစ်ခုပဲ ဖြစ်သွားတာဟု ထင်နေသည်။ လိုင်းဖွင့်ပြီး သတင်းတွေတက်လာတော့မှ အရမ်းဆိုးရွားလှပါလား ဆိုတာ သိလိုက်ရလေသည်။
ငလျင်ကလည်း ချမ်းသာတဲ့သူ၊ ဆင်းရဲတဲ့သူ၊ လူကြီး၊ ကလေး၊ သံဃာ၊ အစ္စလာမ် ဟူ၍ ဘာမျှမခွဲခြား။
အားလုံးကို ဝါးမျိုသွားသည်။
တက်လာတဲ့သတင်းတွေကို ကြည့်ရင်း အသက်ဆုံးရှုံးသွားတဲ့သူတွေအတွက် ဝမ်းနည်းကြေကွဲရသည်။
ကျွန်တော်ကတော့ ဆုံးရှုံးသွားတဲ့ ယဥ်ကျေးမှုအဆောက်အအုံတွေကို ဒီလောက်ဂရုမထား။ ဒီလောက်မနှမြော။
သက်ရှိလူသားတွေရဲ့အသက်ကိုပဲ တန်ဖိုးထားစေချင်သည်။ ပိုပြီး အာရုံစိုက်စေချင်သည်။
ပိတ်မိနေတဲ့သူတွေကိုလည်း တတ်နိုင်သမျှ ကြိုးစား၍ ကယ်ထုတ်နိုင်ကြပါစေလို့ မျှော်လင့်ပါသည်။
Keep Reading