ညဉ့်ယံထက်[ Nyint Yan Htet ]
"ခုရက်ပိုင်း လမ်းတွေက ကျပ်နေတယ် မဒမ်ရဲ့...ကလေးတွေကလည်း တဖြည်းဖြည်းလူရည်လည်လာကြပြီ။ အရင်လို လွယ်လွယ်လိမ်မရတော့ဘူး..."
"ဒါဆို လူမရလာဘူးပေါ့..."
"နောက် လလောက်ဆိုရင်တော့ လူရအောင်ရှာလိုက်ပါ့မယ်...မဒမ်ရယ်..."
မဒမ်ဆိုသူ မိန်းမကြီးမှာ အရှေ့ကသူ့ဆီလူခေါ်လာနေကြ အမျိုးသမီးကြီးကို မျက်စောင်းထိုးကာကြည့်လိုက်တယ်။ လူတကယ်မရတာလား။ ဒါမှမဟုတ် သူ့လိုလူရင်းဆီမပို့ဘဲ အခြားငွေပိုပေးတဲ့နေရာကိုပို့နေတာလားဆိုတာ ကာယကံရှင်ပဲ သိမှာပေါ့...
"အရင်မိန်းကလေးတွေရော အဆင်ပြေလား။ ဟိုတစ်ယောက် နာမည်ကြီးနေတယ်ဆို..."
"ဘယ်တစ်ယောက်လည်း..."
"အော်...ကျွန်မ လမ်းကနေခေါ်လာတဲ့ တစ်ယောက်လေ။ သူ့ကိုတွေ့ကတည်းက အရိုင်းပန်းလေးဖြစ်လာမယ်လို့ ထင်သားပဲ..."
"အော်...သူလား...ဒီလောကမှာ နာမည်ကတော့ကြီးလာပါတယ်။ ဒါပေမယ့် သူရှာတဲ့ပြဿနာတွေနဲ့ သူ့ဆေးကုစရိတ်ကလည်းကြီးတယ်လေ..."
"ဆေးကုစရိတ်...မဒမ် ဘာကိုပြောချင်တာလဲ..."
"ရှင်မသိသေးဘူးလား။ သူ့စိတ်က...."
ဒုန်း!!!
"မဒမ်!!! ပြဿနာဖြစ်ပြန်ပြီ..."
မဒမ်ဆိုသူ မိန်းမကြီးရဲ့စကားမဆုံးခင်မှာဘဲ စိုးရိမ်တကြီးတံခါးတွန်းဖွင့်ကာ ဝင်လာတဲ့မိန်းကလေးတစ်ယောက်။
ထိုမိန်းကလေးရဲ့စကားအရ ဘယ်သူဘာဖြစ်တယ်ဆိုတာကို မဒမ်ရိပ်မိလိုက်ပါပြီ။ ဟိုကောင်တွေနဲ့တင် မပြီးလို့ သူဆီရောက်လာတာဆိုရင်တော့....
__________
ဖြောင်း!!!
"အား!! ငါ့ဆံပင်ကို လွှတ်!"
ဖြောင်း!!!
"မင်းတို့လူခွဲကြတော့!!!"
"အေးလေဟယ် တော်ကြပါတော့..."
"မတော်ခိုင်းစမ်းပါနဲ့ ဆက်ဖြစ် ဆက်ဖြစ်။ ဘယ်သူနိုင်လဲ သိရတာပေါ့..."
တစ်ယောက်တစ်ပေါက်ပြောကာ ဝိုင်းအုံနေတဲ့ လူအုပ်ကြီးနဲ့ ထိုလူအုပ်ကြီးအလယ်က လုံးထွေးသတ်ပုတ်နေတဲ့ မိန်းမငယ်လေးနှစ်ဦး...
တစ်ဦးကဆံပင်ဆွဲခံထားရပြီး နောက်တစ်ဦးကတော့ တစ်ဖက်လူကို ဆံပင်အုံလိုက်ကျွတ်ထွက်မတက်ဆွဲထားနိုင်တာကိုတောင် အားရပုံမပေါ်ဘဲ အခွင့်အရေးရရင်ရသလို ဆံပင်ဆွဲခံထားရတဲ့ မိန်းကလေးရဲ့ပါးအား ဖြောင်းကနဲမြည်အောင် အကြိမ်ကြိမ်ရိုက်နှက်နေပြန်တယ်...
ဒုန်း!!!
"ဟဲ့!"
"ရိုက်! ရိုက်!"
လူအုပ်ကြီးရဲ့အားပေးသံနဲ့အတူ ရုတ်တရက်ဆိုသလိုဆံပင်ကဆွဲလှဲခံလိုက်ရတဲ့ မိန်းကလေးနဲ့ ထိုမိန်းကလေးအပေါ်က တက်ခွကာ အောက်ကမိန်းကလေးရဲ့ဆံပင်တွေကို ဆွဲထားဆဲဖြစ်တဲ့ မိန်းကလေး...
"ဒီနေ့ နင်ငါနဲ့နောက်တစ်ခါ လာမရှုပ်ရဲအောင် ဆုံးမပေးမယ်..."
နှုတ်ခမ်းသားနီနီကထွက်လာသော ဒေါသအပြည့်ပါနေတဲ့ခပ်ကြိတ်ကြိတ် စကားသံ...
ဖြောင်း! ဖြောင်း!
ဆက်တိုက်ဆို အောက်ကမိန်းကလေးရဲ့ ဆံပင်တို့ကိုဆွဲကာ အညှာအတာမဲ့စွာရိုက်နှက်နေပြန်တဲ့ မိန်းကလေး...
"ရိုက်! ရိုက်! ရိုက်! ရိုက်!"
"မဒမ်လာပြီ!!!"
အပြေးလာနေတဲ့ မိန်းကလေးရဲ့စကားအဆုံး ချက်ချင်းဆိုသလို အပ်ကျသံတောင်မကြားရလောက်အောင် တိတ်ဆိတ်သွားတဲ့ လူအုပ်ကြီး...
"ဖယ်စမ်း!!!"
မဒမ်ဆိုသောမိန်းမကြီးမှာ မိန်းကလေးအုပ်ကြားထဲ တိုးဝှေ့ကာ လူအုပ်ရဲ့အလယ်ကို ရောက်အောင်သွားလိုက်တယ်။ လူအုပ်အလယ်ကို ရောက်ရောက်ချင်းမှာပဲ မြင်လိုက်ရတဲ့ မြင်ကွင်းကမရှုမလှ...
"မဒမ်! ကယ်ပါဦး!!!"
"နင်က အားကိုးရှာပြန်ပြီပေါ့..."
ယောင်ကိုင်းနေတဲ့မျက်နှာနဲ့အတူအောက်မှာရောက်နေတဲ့မိန်းကလေးက မဒမ်ဆိုပြီးအကူအညီတောင်းနေသလို ထိုမိန်းကလေးကိုတက်ခွထားတဲ့မိန်းကလေးကလည်း အကူရှာရမလားဆိုပြီး ဒေါသတကြီးထပ်ပြီးရိုက်ဖို့ပြင်လိုက်တာကြောင့် မဒမ်ဆိုသူမိန်းမကြီးမှာ ချက်ချင်းပဲ အပေါ်ကမိန်းကလေးကို ဆွဲဖယ်ပြီး...
ဖြောင်း!
ထိုမိန်းကလေးရဲ့ပါးကို ရိုက်ရင်းတွန်းထုတ်လိုက်ပြီးတာနဲ့ လဲကျနေတဲ့ မိန်းကလေးကို ဆွဲထူလိုက်အနောက်မှာပို့ထားလိုက်တယ်...
ဆွဲဖယ်ခံလိုက်ရတဲ့အပြင် အရိုက်ခံလိုက်ရလို့ပူထူသွားတဲ့ပါးတစ်ဖက်နဲ့အတူ ခါးထိရှိတဲ့ခပ်ထူထူအနီရောင်ဆံပင်တို့ဟာလည်း ထိုမိန်းကလေးရဲ့ ခန္ဓာကိုယ်တစ်ခုလုံးကိုဖုံးလွှမ်းသွားကာ နောက်သို့ယိုင်သွားတော့တယ်...
"ဟက်! ဟား...ဟား...ဟား...ဟား..."
ထိုမိန်းကလေးအရိုက်ခံလိုက်ရတာကြောင့် အကုန်လုံးလန့်သွားပေမယ့် ရုတ်တရက်ဆိုသလို ကြားလာရတဲ့ ခပ်ရွဲ့ရွဲ့ရီသံ...
"နင်ငါ့ကို လှောင်နေတာလား မာယာ!!!"
မဒမ်ဆိုတဲ့အမျိုးသမီးကြီးရဲ့စကားအဆုံး ဖရိုဖရဲဖြစ်နေတဲ့ ဆံပင်အနီရောင်ကိုလက်တစ်ဖက်နဲ့ အနောက်သိုလှန်တင်လိုက်တဲ့မိန်းကလေး...
ဆံပင်တွေအနောက်သို့လှန်တင်လိုက်ချိန်မှာပဲ မြင်လိုက်ရတဲ့ထိုမိန်းကလေးရဲ့မျက်နှာ၊ အနီရောင်ကာလာအချို့က မျက်လုံးတစ်ဝိုက်နဲ့ ပါးမို့မို့အပေါ်အပြင် နှုတ်ခမ်းတို့မှာပါ ခြယ်သထားပြီး ထိုကဲ့သို့အနီရောင်တွေကို ခပ်ထင်းထင်းခြယ်သထားတာတောင် ငယ်ဂုဏ်နဲ့အတူနဂိုလှပတဲ့ ခပ်ညိုညိုမျက်နှာလေးက ငြို့ငင်နေကာ လူတစ်ယောက်ကို အလွယ်တကူဆွဲဆောင်နိုင်သူမှန်း တစ်ခါကြည့်ရုံနဲ့သိသာလှတယ်။ ဝတ်ဆင်ထားတဲ့ အဖြူရောင်လက်တစ်လုံးအင်္ကျီလေးကလည်း ထိုမိန်းကလေးရဲ့ခါးသွယ်သွယ်လေးတွေကို မပေါ့်တပေါ်မြင်နေရသလို တင်ဖုံးရုံသာရှိတဲ့အနက်ရောင်ဘောင်းဘီလေးကလည်း အမြင်ရိုင်းလွန်းပေမယ့် သူမရဲ့အနီရောင်ဆံပင်ရှည်တွေကြောင့်ထင်ပါတယ်။ မြင်နေရတာတစ်မူထူးခြားပြီး အတော်ကိုညှို့အားပြင်းလွန်းလှတယ်...
သူမရဲ့ နာမည်ကမာယာ...ဒီနေရာကို ရောက်နေတာသုံးနှစ်ရှိပြီဖြစ်ပြီး ရောက်တုန်းကနဲ့ဆန့်ကျင်စွာ မထင်မှတ်ထားလောက်အောင် ပြောင်းလဲသွားခဲ့သူလည်းဖြစ်တယ်။ တံငါနားနီး တံငါ၊ မုဆိုးနားနီး မုဆိုးဆိုသလိုပဲ လောကကြီးနဲ့စတင်ထိတွေ့သင့်တဲ့ဆယ်ကျော်သက်အရွယ်မှာပဲ ဒီကိုရောင်းစားခံလိုက်ရတာမို့ ခုဆိုဒီနေရာရဲ့အကျင့်စရိုက်တွေက သူမကို လွယ်လွယ်နဲ့ဝါးမြိုပြီး မူရင်းပုံစံကို ပျောက်သွားစေခဲ့ပြီ...
သုံးနှစ်ဆိုတဲ့အချိန်က သိပ်အကြာကြီးမဟုတ်ပေမယ့် ခုဆိုဒီနေမှာ ဖြောင့်စင်းနေတဲ့ဆံပင်အနီရောင်တွေပိုင်ဆိုင်ထားပြီး ညှို့ငင်အားအကောင်းဆုံးမိန်းကလေးက 'မာယာ' ဆိုသူမိန်းကလေးပဲလေ။ ဒီနေရာရဲ့ဝါးမြိုခြင်းခံလိုက်ရတာက သူမရဲ့အသွင်အပြင်တင်မဟုတ်ဘဲ သူမရဲ့အကျင့်စရိုက်တွေပါဝါးမြိုခံလိုက်ရတယ်ဆိုတာကိုတော့ ခုပဲအားလုံးသေချာမြင်ရတော့မှာပါ...
"မာယာ! နင့်အကြည့်တွေကို အောက်ကျို့စမ်း! ငါ့ကိုခုလိုဆက်ကြည့်နေမယ်ဆိုရင် ဒီတစ်ခါအပြစ်ပေးခံရမယ့်သူက နင်ဖြစ်သွားလိုက်မယ်..."
"ပေးလိုက်လေ။ ပေးလိုက်ပေါ့။...ကျွန်မလည်း နောက်လာမယ့်ဧည့်သည်တွေနဲ့မအိပ်ရုံပေါ့..."
"မာယာ...နင်ငါ့ကို ပြန်ခြိမ်းခြောက်နေတာလား..."
"ခြိမ်းခြောက်တာမဟုတ်ရပါဘူး။ ကျွန်မက ရှင်တို့အားလုံးကို ကြောက်ပါတယ်။ ဒါပေမယ့် ရှင်သိထားရမှာက ဖောက်သည်တွေကိုသာ ကျွန်မဆီက ဝန်ဆောင်မှုအပြည့်အဝပေးချင်တယ်ဆိုရင် ကျွန်မကိုကောင်းကောင်းမွန်မွန်ဆက်ဆံ! အဲ့လိုမှမဟုတ်ရင်တော့ ကျွန်မကလည်း ဝန်ဆောင်မှုကောင်းကောင်းပေးစရာမလိုဘူးလေ။ ရှင်သိပါတယ် ကျွန်မတို့အလုပ်က စိတ်ပါမှလေ..."
အနီရောင်နှုတ်ခမ်းတွေကို တွန့်ချိုးကာအရွဲ့တိုက်နေပုံက မဒမ်ဆိုတဲ့မိန်းမကြီးအတွက် အတော်ကိုအမြင်ကပ်စရာကောင်းနေခဲ့တယ်။ ဒါပေမယ့် ခုချိန်က 'မာယာ'ဆိုသူရဲ့ ကာလလို့ပြောရလောက်အောင်ကို နာမည်ကြီးလူကြိုက်များနေတာမို့ သူဒီတစ်ယောက်ကို အထိခံလို့မရဘူးလေ။ မဒမ့်အနေနဲ့ မာယာ့ကိုအမြင်ကပ်ပေမယ့်လည်း သူလက်မလွှတ်ချင်ရတဲ့အကြောင်းအရင်းက ဖောက်သည်ရရုံတင်မဟုတ်ဘူး။ တစ်ခါမှမိသားစုဆီပြန်မယ်လို့မညီးတာပဲ။ ဘာကြောင့်မှန်းမသိပေမယ့် ဒီကောင်မလေးဆီကနေ ပိုက်ဆံတွေစုမိရင် ဘယ်သွားမယ်၊ ဘာလုပ်မယ်ဆိုပြီး တစ်ခါလေးတောင် မကြားရဘူးမဟုတ်လား။ တဖြည်းဖြည်းပေါက်လာတဲ့အစွယ်ကိုသာချိုးပြီး အဆိပ်ထုတ်နိုင်ရင် ကိုယ့်နားမှာတောင် ထားလို့ရသေးတယ်...
"မဒမ်...သူ့ကို တစ်ခုခုလုပ်ပေးပါဦး။ သမီးရဲ့ ပါးတွေယောင်ကိုင်းနေပြီ..."
"ကောင်မက သခင်အားကိုးနဲ့ စောင်းကြွလာပြန်ပြီ..."
ရုတ်တရက်ဆိုသလို ကိုယ့်အနောက်ကအရိုက်ခံထားရတဲ့ကောင်မလေးကို ထပ်ရိုက်ဖို့လုပ်နေတဲ့ မာယာ့ကြောင့်အမြန်ပဲတွန်းပစ်လိုက်ရပြန်တယ်...
"တော်တော့! နင်တို့ဘာဖြစ်တာလဲ!!!"
"ဘာဖြစ်ရမှာလဲ! အဲ့ဟာမက ကျွန်မရဲ့အလှပြင်ပစ္စည်းတွေထဲကို ဘာအမှုန့်တွေမှန်းမသိလာထည့်နေတာလေ..."
"နင်လုပ်လား အန်း..."
"သမီးက ဒီအတိုင်းအလှပြင်ပစ္စည်းလေးတွေခနယူကြည့်ရုံပါ မဒမ်ရယ်..."
"ဘာ...ယူကြည့်ရုံဟုတ်လား...နင်ပြောတာဟုတ်မဟုတ် သိရတာပေါ့..."
ချက်ချင်းဆိုသလို အခန်းထဲကိုဒေါသတကြီးဝင်သွားတဲ့ မာယာ။ ခနတောင်မကြာလိုက်ဘဲ ချက်ချင်းဆိုသလို မိတ်ကပ်ပစ္စည်းတွေပိုက်ကာ ထွက်လာပြီး ကြမ်းပြင်ပေါ်ကို ထိုမိတ်ကပ်ပစ္စည်းတွေ အပုံလိုက်ပစ်ချလိုက်ပြန်ပြီ...
"နင်ဘာမှမထည့်ထားဘူးမလား။ လာ... အဲ့နောက်က ထွက်ခဲ့။ ငါကိုယ်တိုင် နင့်ကိုပြင်ပေးမယ်။ လာလေ..."
"သူပြောတာ မဟုတ်ဘူးဆိုရင် သက်သေပြလိုက်လေ အန်း။..."
"လာလေ..."
မာယာ ဟိုမိန်းမနောက်မှာပုန်းနေတဲ့ကောင်မရဲ့ ကြောက်လန့်တကြီးဖြစ်နေတဲ့ရုပ်ကိုကြည့်ကာ ရွံမိတယ်။ ဗြောင်လိမ်ဗြောင်စားမ...
"သွားလိုက်လေ အန်း...နင်မလုပ်ရင် သူ့ကိုငါကိုယ်တိုင် အပြစ်ပေးမယ်..."
"ဟို...သမီးမှားသွားပါတယ် မဒမ်။ သမီး...အဲ့လိုလုပ်ဖို့ မရည်ရွယ်ပါဘူး.... ဧည့်သည်တိုင်းက မာယာ့ကိုချည်း ခေါ်ချင်နေကြတော့ သမီး....တောင်းပန်ပါတယ် မဒမ်ရယ်..."
"မြင်ပြီမလား..."
မာယာ မဒမ်ဆိုတဲ့မိန်းမကြီးရဲ့ မျက်နှာတည့်တည့်ကိုကြည့်ကာ ပြောလိုက်တယ်။ ပြီးတာနဲ့ ထိုမိန်းမရဲ့နောက်က တစ်ယောက်ဆီ အကြည့်လွှဲလိုက်ပြီး...
"နင့်ကိုတော့ ငါတော်တော့်ကိုအံ့ဩတယ် အန်း...။ အစားခံရမယ့်ကြက်ချင်းတူတူတောင် ငါ့အသားပိုကောင်းတယ်လုပ်ချင်နေသေးတယ်။ နင်ကြည့်ရတာ ဒီအလုပ်ကို တော်တော်ချစ်မြတ်နိုးနေပုံပဲနော်..."
"တော်တော့ မာယာ။ အန်း...နင့်အပြစ်ကိုနင်သိ ခုဆေးပေးခန်းကိုသွား။ ပြီးရင်အဲ့မျက်နှာပေါ်က ဒဏ်ရာတွေကို ပျောက်အောင်ကု။ ကုသစရိတ်အားလုံး နင့်လုပ်အားခထဲက ဖြတ်မယ်ဆိုတာ မမေ့နဲ့..."
"မဒမ်...မလုပ်ပါနဲ့"
"ငါအခေါက်ခေါက်အလီလီပြောရတာမကြိုက်ဘူး..."
"ဟုတ်...ဟုတ်ကဲ့ မဒမ်..."
"မာယာ ညည်းလည်း နောက်ဆိုပြေရာပြေကြောင်းပြော။ ပြောလို့မရရင် ငါ့ဆီလာတိုင်။ နင်ဘာတွေလုပ်နေလဲဆိုတာ နင်သိပါတယ်။ နင့်ခန္ဓာကိုယ်က ပိုက်ဆံအတွက်နော်။ အလကားသုံးဖို့မဟုတ်ဘူး။ ပြီတော့ ရန်ဖြစ်တာကိုအားပေးအားမြှောက်လုပ်တဲ့သူတွေကိုပါ နောက်တစ်ခါဆို လုပ်အားခဖြတ်မယ်။ ဖယ်ကြ!..."
မာယာ ထွက်သွားတဲ့မိန်းမကြီးကို စိုက်ကြည့်နေမိတယ်။ ထိုမိန်းမကြီးရဲ့စကားအရဆို သူ့ကိစ္စကိုသိနေပြီပေါ့။ သိတော့လည်း ကောင်းတာပဲလေ။ အလုပ်ရှုပ်ခံပြီး ဖုံးကွယ်ထားစရာမလိုတော့ဘူးပေါ့။ ရွဲ့ချင်တာကြောင့်ရော၊ စိတ်မကြည်တော့တာကြောင့်ရော ခြေလှမ်းတွေကို အခန်းထဲဝင်ရမယ့်အစား အခြားဘက်ကိုဦးတည်လိုက်တယ်...
"မာယာ! နင်ဘယ်သွားမလို့လဲ။ ညကြ နင်အလုပ်သွားရမှာလေ..."
"အချိန်တန်ပြန်ရောက်ရင် ပြီးရောမလား..."
မာယာအနောက်ကိုလှည့်မကြည့်တော့ဘဲ အော်ကာ ထိုနေရာကနေ ထွက်လာလိုက်တယ်။ ဧည့်သည်သွားတွေ့တာများ အချိန်မှန်ပြန်ရောက်ရင်ရတာပဲလေ။ ဘယ်သူ့မှ သူ့ကိုလိုက်စစ်ဆေးနေမှာမှမဟုတ်တာ။ ဖောက်သည်တွေလိုချင်တာက သူ့ခန္ဓာကိုယ်ပဲလေ...
__________
"ဟဲ့ရောင် ကိုးပေါက်ကွ! ငါစားတယ်..."
"ဟာ... ဟူဂို မင်းပဲဒီနေ့ အကုန်သိမ်းနေတာကွာ..."
"ဟား...ဟား...ကံဇာတာတွေတက်နေတယ်လေ..."
ဟူဂို...ဟုတ်ပါတယ်။ ကျွန်တော့်နာမည်က ဟူဂိုပါ။ ကျွန်တော့်နာမည်အရင်းတော့မဟုတ်ဘူးပေါ့။ ဒီနေရာကိုရောက်လာပြီးမှ ဒီနာမည်ကိုရခဲ့တာလေ။ ကျွန်တော် ဒီနေရာကိုရောက်လာရတဲ့အကြောင်းအရင်းက အခြားသူတွေနဲ့မခြားမနားပါပဲ။ အဖေဆုံးတော့ မိထွေးနဲ့နေရတာအဆင်မပြေလို့ မိထွေးနဲ့ဝေးရာမှာ အလုပ်လုပ်မယ်လို့ဆုံးဖြတ်ခဲ့ရာက စတော့တာပဲလေ။ နောက်တော့ ထိုင်းမှာ အလုပ်ရမယ်ဆိုတဲ့စကားကိုယုံပြီး လိုက်လာရာကနေ ဒီကိုရောက်လာတာပဲ။ ခုတော့ ကျွန်တော့်ရဲ့အလုပ်က နှစ်ခုရှိတယ်။ ပထမတစ်ခုက ညဘက် အင်ဖာနိုမှာ ဝိတ်တာလုပ်ရတာဖြစ်ပြီး ဒုတိယတစ်ခုကတော့ တရားမဝင်တဲ့ပစ္စည်းအချို့ထုပ်ပိုးရတာ...
ကျွန်တော့်အသက်က ဆယ့်ကိုးနှစ်ပါ။ ငယ်သေးတာသိပေမယ့်လည်း ကျွန်တော်ဒီရောက်လာခါစက ဆယ့်ရှစ်တောင်မပြည့်သေးပါဘူး။ စက်ရုံမှာ အလုပ်ရအောင်အသက်ပြည့်ပြီလို့လိမ်ပေးမယ်ဆိုပြီးတောင် အချိုသတ်ခံခဲ့ရသေးတယ်။ ထားပါတော့လေ။ နေသားကြနေပါပြီ။ ဒါပေမယ့် ကျွန်တော့်လိုလူက ဒီနေရာမှာတစ်သက်လုံးအသက်ရှင်သွားမယ့်ကောင်မဟုတ်ဘူး။ အခွင့်အရေးရတာနဲ့ ဒီနေရာကနေ ရအောင်ထွက်သွားမယ်။ ကျွန်တော့်မှာ အိမ်မက်တွေရှိသေးတယ်။ အဲ့အိမ်မက်တွေထဲက တစ်ခုက သူမ...
"ဟူဂို...ဝေစမ်းပါကွာ။ နားချိန်က ခနရတာကို ပြုံးစိပြုံးစိနဲ့..."
"sorryပါကွာ..."
"မ sorry ပါနဲ့။ ငါတို့က မင်းဘာတွေတွေးနေလည်းဆိုတာသိပြီးသား..."
"ဟာ...မင်းတို့ကလည်းကွာ..."
"မင်းတို့ကွလည်းကွာ လုပ်မနေနဲ့။ ဟိုမှာ မင်းစော်လာပြီ..."
"ဘာ..."
ဟူဂိုအနောက်ဘက်ကို ချက်ချင်းလှည့်ကြည့်လိုက်တော့ ပစ္စည်းအကျိုးအပဲ့တွေကြားကနေ သူ့ဆီတည့်တည့်လာနေတဲ့ မာယာ...
"မင်းစွဲလမ်းလည်း စွဲလမ်းစရာပါပဲကွာ..."
ဟူဂို ထိုခပ်နောက်နောက်စကားကို ကြားလိုက်တဲ့အချိန် ဒေါသကထောင်းကနဲထွက်သွားတာမို့ ခုံပေါ်က တန်းထပြီး မာယာ့ဆီကို အမြန်ဆုံး လျှောက်သွားလိုက်တယ်...
"မာယာ!"
မာယာ သူမဆီကိုတည့်တည့်လျှောက်လာနေတဲ့ ဟူဂို့ကိုမြင်တာကြောင့် ဟူဂိုတို့ဘက်ကို ဆက်မသွားတော့ဘဲ ရောက်ရာနေရာမှာသာ ရပ်နေလိုက်တယ်...
"မာယာ..."
"နင် ဟိုက ထလာကတည်းက ငါ့နာမည်ကိုခေါ်နေတာ။ ဘယ်တော့ရပ်မှာလဲ..."
"အဲ့တာမပြောစမ်းပါနဲ့။ အခြားနေရာကို အရင်သွားရအောင်..."
"ဘာလဲ..."
"လာပါဟာ..."
မာယာ သူ့လက်ကိုအတင်းဆွဲကာ သူတို့တွေ့နေကြ ဂိုထောင်ပျက်ဆီကိုခေါ်သွားတဲ့ ဟူဂို့နောက်ကို လိုက်သွားရပြန်ပြီ...
"ဘာလဲ...ကဲလွှတ်ပါတော့။ ဒီထက်ဆက်သွားရင် နှစ်ယောက်လုံး သေနတ်စာ မိတော့မယ်..."
"မလွှတ်ချင်ဘူး..."
"အပိုတွေ..."
မာယာ သူ့လက်တွေကိုဆုပ်ကိုင်ထားရုံမက ခန္ဓာကိုယ်တစ်ခုလုံးကိုပါ ပွေ့ဖက်လာတဲ့ ဟူဂို့ကို တွန်းမထုတ်မိတဲ့အပြင် ပြန်ပြီးပွေ့ဖက်လိုက်တယ်...
"ငါလွမ်းနေတာ..."
"အပိုတွေ ပြောမနေစမ်းပါနဲ့။ အင်ဖာနိုမှာ ညတိုင်းမတွေ့ချင်မှအဆုံး တွေ့နေရတာပဲလေ..."
"အဲ့အကြောင်းမပြောစမ်းပါနဲ့။ အင်ဖာနိုမှာ မင်းကိုတွေ့ရတဲ့အခါတိုင်း ငါရင်နာတယ်..."
"မှောက်အိပ်လို့နေမှာပေါ့..."
မာယာ့အတွက် စနောက်သလိုပြောလိုက်တာဆိုပေမယ့် ဟူဂို့အတွက်တော့ထိုစကားက ရီစရာကောင်းမနေခဲ့တာ အမှန်...
"ကျစ်...မာယာ..."
ဟူဂို အကောင်းပြောနေပေမယ့် အရေးမလုပ်ဘဲ သံလုံးတွေပေါ်ထိုင်ချကာ ကိုယ့်ဆီလက်ကမ်းပေးလာတဲ့ မာယာကြောင့် သူဘာကိုဆိုလိုလဲဆိုတာ ဟူဂိုတန်းသိလိုက်တယ်...
"ရော့...မင်းဆေးလိပ်တွေ လျှော့သောက်နော် မာယာ..."
ဟူဂိုတစ်ယောက်ပြောနေကြစကားတွေကို ထပ်ပြောနေပေမယ့် အမြင်ကပ်တာကြောင့် မကြားချင်ယောင်သာ ဆောင်ပြီး သူမီးညှိပေးတဲ့ဆေးလိပ်ကို တစ်ရှိုက်သောက်လိုက်ကာ မီးခိုးငွေ့တွေကို မှုတ်ထုတ်လိုက်တယ်...
"ငါမင်းကို ပြောတာကြားလား မာယာ..."
"ငါစိတ်ညစ်နေတယ်နော်။ ပြဿနာမရှာချင်စမ်းပါနဲ့..."
"အေးပါ။ ဘာပဲဖြစ်ဖြစ် မင်းစိတ်ညစ်နေတဲ့အချိန် ငါ့ဆီလာပေးတာကိုပဲ ကျေးဇူးတင်လှပါပြီ။ အခြားအချိန်တွေဆို ငါရှိမှန်းတောင် သတိရသေးရဲ့လားမသိဘူး..."
ဟူဂို ထိုသို့ပြောလိုက်မိပြန်တော့လည်း သူတို့စတွေ့ပုံကို ပြန်သတိရမိတယ်။ အဲ့တုန်းက သူစရောက်ခါစဖြစ်ပြီး အရင်ထဲကမဟုတ်မခံစိတ်နဲ့ လက်မြန်ခြေမြန်ရှိတဲ့သူမို့ ရောင်းစားခံရတာသိသိချင်း ချက်ချင်းဆိုသလို အနားကလူတွေကိုပြန်တိုက်ခိုက်ပြီး ထွက်ပြေးတော့တာပဲ။ ပထမတော့ အပြေးလွန်ပြီး မိန်းကလေးတွေဘက်ခြမ်းရောက်သွားပေမယ့် နောက်တော့ပြန်မိတဲ့အပြင် အင်အားခြင်းကမမျှတော့လည်း အသက်မသေရုံတမယ် အရိုက်နှက်ခံရတော့တာပဲ...
ဒါပေမယ့်ကံအဆိုးထဲက ကံအကောင်းလို့ပြောရမလား။ ရိုက်နှက်ခံရတဲ့နေ့မှာပဲ မာယာ့ကိုစတွေ့ခဲ့တာ။ အဲ့တုန်းက သူသေလုဆဲဆဲအရိုက်ခံရတာက မာယာ့ရဲ့အခန်းရှေ့မှာဖြစ်နေတာလေ။ အဲ့တုန်းက မာယာပြောတဲ့စကားလေးက သူ့ကိုအင်အားဖြစ်စေခဲ့တယ်။ မာယာပြောတာက...
"ထွက်ပြေးချင်ရင်လည်း လမ်းသိအောင်ဝောာ့ လေ့လာဦးပေါ့။ ဒီနေရာမှာ မျက်ကန်းလိုထွက်ပြေးနေရင်တော့ အသတ်မခံရဖို့သာ ဆုတောင်း" ဆိုပဲ...
သူ့အတွက်တော့ ထိုစကားက အကြံဉာဏ်အသစ်လည်းရစေသလို အားလည်းဖြစ်စေတယ်။ နောက်ပိုင်းဒဏ်ရာတွေသက်သာပြီး ဟူဂိုဆိုတဲ့နာမည်အသစ်နဲ့အတူ အင်ဖာနိုမှာ စလုပ်ရချိန် ထိုမိန်းကလေးကို သူပြန်တွေ့ခဲ့တယ်။ ဒီလိုပတ်ဝန်းကျင်မှာတွေ့ခဲ့တဲ့မိန်းကလေးမို့ အများကြီးမျှော်လင့်မထားပေမယ့် စိတ်မကောင်းစွာပဲ ထိုမိန်းကလေးက ဒီနေရာမှာစတင်နာမည်ရလာတဲ့ ပြည့်တန်ဆာမလေးတဲ့လေ...
"နင်ဘာတွေ တွေးနေတာလဲ..."
မာယာ ကိုယ့်ကိုစိုက်ကြည့်ကာ ငေးမှိုင်နေတဲ့ ဟူဂိုကြောင့် အသိဝင်အောင် ခြေထောက်ကိုလှမ်းကန်ကာ မေးလိုက်တယ်...
"မင်းအကြောင်း..."
"နင်လည်းအပိုတော့ သိပ်ပြောတက်တယ်..."
"ဟာ အပိုမဟုတ်ရပါဘူးဆိိုကွာ။ ဒါနဲ့ မာယာ...ငါအဆက်အသွယ်အချို့ရထားတယ်။ အကယ်၍ အားလုံးအဆင်ပြေရင် မင်းကို ဒီနေရာကနေ ခေါ်ထုတ်သွားမယ်..."
စိတ်ပြေလက်ပျောက်ဖြစ်အောင် ဒီကိုလာပါတယ်ဆိုကာမှ မဖြစ်နိုင်တဲ့ကိစ္စအကြောင်းစကားစလာပြန်တာမို့ လက်ထဲက ဆေးလိပ်ပြာကိုတောက်ချကာ သက်ပြင်းချမိတယ်...
"နင့်ကို ငါအဲ့ကိစ္စ ပြောတာလည်း အကြိမ်ပေါင်းများစွာရှိနေပြီ။ မပင်ပန်းဘူးလား။..."
"ဒါဆို မင်းကဒီမှာတစ်သက်လုံးနေမလို့လား။ ငါတို့ဘဝက ဒီလိုဖြစ်သင့်တာမဟုတ်ဘူး။ ငါတို့ဒီကနေ သေချာပေါက်ထွက်နိုင်အောင်လုပ်ရမယ်။ ပြီးရင် ငါတို့ဘဝအသစ်ပြန်စမယ်။ ငါတို့လက်ထပ်ပြီး..."
စကားမဆုံးခင်မှာဘဲ ကျောက်ရုပ်လိုတောင့်တင်းသွားတဲ့ မာယာ့ရဲ့ပုံစံကြောင့် ဟူဂိုပြောလက်စ စကားကိုရပ်တန့်လိုက်တယ်။ မာယာ့ရဲ့အတိတ်အကြောင်း သူအကုန်ကြားခဲ့ပြီးပါပြီ။ အဲ့တာကြောင့်လည်းမာယာ့ကို သူနားလည်သထက်နားလည်အောင်ကြိုးစားပေးနေတာ...
"ဟူဂို..."
"ပြောလေ မာယာ..."
"ငါတို့က ဘာဆက်ဆံရေးမှမဟုတ်ဘူး။ ငါဘယ်သူ့ကိုမှ ထပ်ချစ်တော့မှာမဟုတ်ဘူး။ အရေးအကြီးဆုံးက ငါနင့်ကိုမချစ်ဘူး။ အဲ့တာက ဘယ်တော့မှပြောင်းလဲမှာ မဟုတ်ဘူး..."
"ငါသိပြီးသား မာယာ..."
"ဒါဆို မလိုတာတွေမပြောနဲ့လေ..."
ဟူဂို ခြေထောက်တွေဆင်းကာ ဘာမှမဖြစ်သလိုဆေးလိပ်ဖွာနေပြန်တဲ့ မာယာ့ကို စိုက်ကြည့်နေမိတယ်။ မာယာ သူ့အပေါ်သံယောဇဉ်ရှိနေပြီဆိုတာကို သူသိတယ်။ အရင်စိတ်ဒဏ်ရာကြောင့်သာ လက်ခံပေးဖို့ခက်ခဲနေတာပါ။ သူတို့ရဲ့ ဆက်ဆံရေးက သွေးသားပတ်သတ်မှုတစ်ခုတည်းတော့ မဖြစ်နိုင်ဘူးလေ။ မာယာစိတ်ညစ်တိုင်း သူ့ဆီလာနေကြဆိုကတည်းက သူကမာယာ့ရဲ့ဘဝတစ်စိတ်တစ်ပိုင်းမှာတော့ နေရာယူထားပြီမဟုတ်လား...
"ငါပြန်တော့မယ်..."
"မင်း...ဒီတိုင်းပြန်မလို့လား..."
မာယာ မဝံ့မရဲဖြစ်နေတဲ့ ဟူဂို့ကိုကြည့်ပြီး စိတ်ပျက်လို့ အခြားတစ်ဖက်ကိုသာ အကြည့်လွှဲလိုက်တယ်...
"ငါစိတ်မပါတော့ဘူး။ ငါပြောဦးမယ် ဟူဂို။ နင်လည်း အခြားယောက်ျားတွေလို ငါ့ခန္ဓာကိုယ်ကို မက်တာပဲမဟုတ်ဘူးလား။ အဲ့တော့ အပိုတွေပြောမနေနဲ့..."
"ငါမင်းခန္ဓာကိုယ်ကို မမက်ဘူးလို့မပြောဘူး မာယာ။ ဒါပေမယ့် ငါမက်တာ မင်းခန္ဓာကိုယ်တစ်ခုတည်းမဟုတ်ဘူး။ မင်းနှလုံးသားကိုလည်း မက်တယ်။ မင်းနဲ့ပတ်သတ်သမျှအားလုံးကို ငါတစ်ယောက်တည်းပဲ ပိုင်ဆိုင်ချင်တာ။ အဲ့အတွက်လည်း ငါမင်းကိုဒီကနေ ရအောင်ကယ်ထုတ်မယ်။ ငါကျိန်ရဲတယ်ကွာ။ မင်းကို ငါဒီကနေရအောင်ကို ကယ်ထုတ်မှာ..."
"ဟုတ်ပါပြီ။ မတားလိုပါဘူး။ ငါ့ကိုမကယ်နိုင်သေးခင် နင့်ရဲ့အသက်နဲ့ခန္ဓာအိုးစားမကွဲပါစေနဲ့လို့ပဲ ငါဆုတောင်းပေးပါတယ်..."
"မင်းစောင့်ကြည့်လိုက်လေ။ ငါကမင်းကို ဒီကနေရအောင်ကယ်ထုတ်ပြီး လက်ထပ်မှာ...သွားပြီ!!!"
"ငါ..."
မာယာ ဆဲဆိုချင်မိသွားပေမယ့်လည်း ပြောတဲ့သူကထွက်ပြေးသွားပြီမို့ စိတ်လျှော့လိုက်တော့တယ်။ လက်ထပ်မယ်တဲ့...အပိုစကားတွေ...အချိန်တန်လို့ အသစ်ပေါ်လာရင် သူ့ကိုထားခဲ့ဦးမှာပဲလေ...
"ဟင်း..."
ဒါပေမယ့် ကျွန်မက အရင်လို ခပ်နုံနုံကလေးမလေးမှမဟုတ်တော့တာ။ ကျွန်မက 'မာယာ' ဖြစ်နေပြီလေ။ ဘယ်သူမှထားခဲ့တာမခံရအောင် အစောကတည်းက သံယောစဉ်မှန်သမျှကို စည်းတားထားရမှာပေါ့...
*ပစ်တိုင်းထောင်*
//////////
{ ၁၀.၃.၂၀၂၅ }
{ ည ၉:၀၀ }
Keep Reading