ဂျာနယ်ကျော် မမလေး
လေသည်လည်း တိုး၍ တိုး၍သာ တိုက်၏။ ခပ်ကြမ်းကြမ်း ခပ်ရမ်းရမ်း အပြင်းအထန် တိုက်လိုက်ပြီးနောက် မိုးသက် မိုးစက်ပါ လေထဲတွင် ရောနှောပါလာလေ၏။ညအချိန်ဖြစ်၍ အမှောင်ဓာတ် အုပ်ဆိုင်းဖုံးလွှမ်းထားမှုကြောင့် အမှုမဲ့ အမှတ်မဲ့သော် ဘာကိုမျှမြင်နိုင်မည်မဟုတ်သော်လည်း တစ်ချက်တစ်ချက် မှိတ်တုတ်မှိတ်တုတ် တောက်နေသည့် မီးရောင်ကလေး ထွက်လာ၍သာ လူနေတဲကလေးဖြစ်နေမှန်း သိနိုင်တော့၏။ထိုအတွင်း ဝင်းခနဲ ဝင်းခနဲ လျှပ်စစ်လက်လိုက်ပြီးလျှင် နားကွဲမတတ် ထစ်ချုန်းလိုက်သည့် မိုးကြိုးသံကြီး ပဲ့တင်ရိုက်ဟည်းသွားလျက် မိုးကောင်းကင်မှ မိုးရေများ တဝေါဝေါ သွန်ချလိုက်လေ၏။မိုးနှင့်အတူ လိုက်၍ မွှေ့ထိုးတိုက်ခတ်နေသည့် လေအရှိန်သည် မှေးမှိန်အားနည်းလှသည် ရေနံချေးမီး အုန်းမှုတ်ခွက်ကလေးကို မှိတ်တုတ်မှိတ်တုတ် တောက်နေရာ ဘဝမှ လုံးဝ မှောင်အတိကျသွားအောင် ပတ်ချာလည် လှည့်တိုက် ငြှိမ်းသတ်နေသဖြင့် နှင်းဥမှာ မီးမငြိမ်းအောင် အမျိုးမျိုး ကွယ်ကာ၍ နေရရှာ၏။
ရေနံဆီပုံးအဖုံး သွပ်ပြားအပဲ့ကလေးကို မိမိလက်နှစ်ဖက်နှင့် မြဲမြဲဆုပ်ကိုင်ကာ ငြိမ်းလုငြိမ်းလုဖြစ်နေသည့် မီးခွက်ကလေးကို ဟိုဘက်လှည့်ကာ သည်ဘက်လှည့်ကာနှင့် မီးတောက်မသေအောင် ကာပေးနေလေ၏။လူလုံးနှင့် ကွယ်လိုက်၊ သွပ်ပြားနှင့် ကာလိုက် လုပ်နေသော်လည်း မိမိတို့နေရသည့် တဲကလေးမှာ ဝါးလုံး လေးငါးတိုင်နှင့် ကဲလားမရှိ၊ ကွက်တိကွက်ကျားသက်ငယ်မိုး၊ သက်ငယ်ကာထားသည့် တဲကလေး ဖြစ်ရကား လေပြင်းသဖြင့် နဲ့ယိုင်၍ချိုးချိုးချွတ်ချွတ် အသံပင် ထွက်လာနေသည့်အတွက် မီးသေရုံတွင်မကဘဲ တဲလုံးပါ ကျွတ်ထွက်သွားကာ အတွင်းရှိ မိမိတို့သားအမိပါ မိုးရေထဲတွင် မျောသွားရတော့မည်ကဲ့သို့ ထင်ရလေ၏။မိုးနှင့်လေတို့၏ အအေးဓာတ်ကား ထဘီရင်ရှားနှင့် မီးကိုဆောင့်ကြောင့်ထိုင်ကာနေရသော မိမိအားပင် ခိုက်ခိုက်တုန်နေအောင် ချမ်းအေးလှသဖြင့် တဲထောင့်တွင် ခွေလဲနေသည့် ဒုက္ခိတ ဂီလာန အမေအိုအား သနားလှ၍ “အမေရေ.. ထဘီကို လုံလုံခြုံထား”ဟု ဟစ်အော်လိုက်လေ၏။ ဤအသံမှာ နှစ်ကြိမ်ဆင့်၍ ပစ်လိုက်သည့် မိုးကြိုးသံကြားတွင် သဲ့သဲ့လေးမျှသာ ကြားနိုင်လေ၏။
တအုန်းအုန်းရွာချနေသည့် မိုးလည်း ပိုမိုသည်းထန်လာသည်ထက် သည်းထန်လာလေ၏။ မိုးသံ၊ လေသံ တအုန်းအုန်း တဗြုန်းဗြုန်း ရောပြွမ်းသော အသံထုကြီးသာ ကြားရ၍ မှောင်ကြီးထဲတွင် အားစိုက်ကြည့်သော်လည်း မည်သည့် သဏ္ဌာန်မျှ မမြင်ရချေ။လောကဓာတ် ပတ်ဝန်းကျင်ကို တစ်ကွက်မျှ မမြင်ရနိုင်သော်လည်း ၎င်း၏ဘဝကိုကား မှောင်ထဲတွင် ဖောက်ထွင်းမြင်လျက်နေ၏။ စောစောက မီးရောင်ကလေးသာရှိလျှင် မြေပြင်တွင် မိုးရေတွေ တသွင်သွင်စီးကျနေသကဲ့သို့ သူ့ပါးပြင်တွင် ဖြိုင်ဖြိုင်စီးဆင်းနေသည့် မျက်ရည်များကို မြင်နိုင်ရာ၏။ညနေက ကောက်စိုက်အပြန် လယ်ကန်သင်းတွေ ဖြတ်ကျော်၍ လယ်နှင့်တစ်ခေါ်လောက်တွင်ရှိသည့် သပြေပင်ရွာကလေးကို သုတ်ခြေတင်သွားခဲ့၏။ ကောက်စိုက်မ ဘုတိုက “ရွာမှာ အဝတ်တွေ ဝေနေတယ်ကြားတယ်၊ ညည်းတို့မှာ လဲစရာမှ မရှိတာ၊ သွားတောင်းပါလားအေ့။ အင်္ဂလိပ်ပြန်လာလို့ သူကြီးတွေကို အဝတ်တွေဝေရအောင် ပို့လိုက်တယ်ဆိုလား။ သေသေချာချာတော့ မသိဘူး။ သွားတောင်းရင် ရတယ်ပြောတယ်။ ငါ့ထဘီပေါက်က လှည့်ဝတ်လို့မရအောင် ဖြစ်နေလို့ မသွားဝံ့ဘူး။ ညည်းသွားရင် ရှိခိုးပါရဲ့ နှင်းဥရယ်၊ ငါ့ဖို့ပါ တောင်းခဲ့ပါ”ဟု သတင်းပေးလိုက်၍ ရလိုရငြား ဝမ်းသာအားရနှင့် ကတိုက်ကရိုက် သုတ်ခြေတင်ခဲ့လေ၏။
နေကလေးညိုလာ၍ ရွာမြောက်ဖျားကွင်းသို့ ပြန်ရမည့်အတွက် မှောင်မည်စိုးသဖြင့် သုတ်ခြေတင် လျှောက်နေရာမှ ဒုန်းစိုင်းပြေးလေ၏။ရေဝင်နေသည့် ထဘီကြမ်းမှာ လူတစ်ယောက် ကုန်းပိုးပြေးရသကဲ့သို့ လေးလံလှ၍ ပြေးရင်းပင် မောဟိုက်နေလေ၏။ ရွာစပ်သို့ရောက်လျှင် အပေါ်အင်္ကျီမပါဘဲ ထဘီရင်ရှားနှင့်ဖြစ်နေ၍ ရွာသို့ဝင်ရန် ရှက်မိလေ၏။ဖခင်ရှိစဉ်တုန်းက ချောင်လည်ခဲ့၍ အဝတ်ထည်လဲ ထားနိုင်ကာ ဝတ်စားနေလာသည့်အတွက် ယခုသော် ကိုယ်တစ်ပိုင်းဖော်ထားရခြင်းကြောင့် မိမိရွာပင် မိမိမဝင်ရဲအောင် လိပ်ပြာလှန့်၍နေ၏။ ယောက်ျားဖော်၊ မိန်းမဖော် သူငယ်ချင်းများလည်းရှိ၏။ ယခုတစ်ခေါက် အင်္ကျီလေးမှ ဝတ်မလာနိုင်ရပါလားဟု ဝမ်းနည်းသွားမိ၏။ဂျပန်တစ်ခေတ်လုံး ရွာထဲသို့လာလျှင် ဝတ်ခဲ့၍ တဲပြန်ရောက်လျှင် ချွတ်ထားရသည့် ဖျင်ကြမ်းအင်္ကျီမှာလည်း ပြဲရာ စုတ်ရာက အစိတ်စိတ်အမြွာမြွာ ကွဲသွားပြီး လက်နှီးဘဝသို့ ရောက်၍နေသဖြင့် မဝတ်ခဲ့ရတော့ချေ။နှင်းဥသည် ဆောင်းထားသည့် ခမောက်ကို မျက်နှာပေါ်သို့ ခပ်ငိုက်ငိုက်ဆွဲချပြီးနောက် အုတ်လမ်းမသာလျှင် ငုံ့စိုက်ကြည့်ပြီး ရွာထဲသို့ လျှောက်လာခဲ့၏။ရှင်လောင်းလှည့်စဉ် တစ်ခါတုန်းက မော်လမြိုင် ရှေ့ထိုးဖိနပ်ကလေးစီး၍ ဤအုတ်လမ်းမပေါ်၌ လျှောက်ခဲ့ရဖူးသည်တို့ကို ပြန်၍သတိရလာလေ၏။
ယခုဘဝနှင့် ယခင်ဘဝကို အနေအထိုင် အဝတ်အစား အမျိုးမျိုးတို့နှင့် ချိန်ထိုး၍ လျှောက်လာနေရာမှ“နှင်းဥ နှင်းဥ”ဟု ဟစ်ခေါ်သံကြားသဖြင့် ကိုယ်ရှိန်သတ်ကာ နောက်သို့ လည်ပြန် လှည့်ကြည့်လိုက်၏။လက်ကိုင်ပဝါပြာကလေးကို ခေါင်းစည်းထားလျက် လက်နှစ်ဖက်က ပုဆိုးအောက်နားစကို လှန်ကိုင်ကာ ဈေးဆိုင်အိမ်ကလေးရှေ့တွင် ဗွက်ရှောင်ရင်း တုံးတွေကို ခနော်ခနဲ့ ကျော်နင်း၍ ပြေးလာသောသူကို တွေ့ရလေ၏။နှင်းဥကား မည်သူမည်ဝါ မမှတ်မိပေ။ ““တူပါတယ်လို့ အတင်းခေါ်နေတယ် နှင်းဥရယ်၊ အခု ဘယ်လဲ” “ဪ… ကိုညို လူထွက်လာပြီလား” “အေး.. ခဏထွက်လာတာ၊ ဆရာတော်က အခု တစ်ဝါပြန်ဆိုရဦးမယ်ဆိုလို့ မြို့ပြန်ရဦးမယ်။ အခုဘယ်လဲ၊ ဘယ်နေသလဲ””နှင်းဥသည် မေးခွန်းနှစ်ခွန်းစလုံးပင် တစ်ခုမှ မဖြေချင်ပေ။ ကိုညို ရှင်ပြုပြီး ငါးနှစ်လောက် ကွဲသွားကြ၍ ယခု မိမိဘဝပြောင်းသွားပုံကို နည်းနည်းမှ မသိချင်ပေ။“ပြောပါဦးဟ၊ ဘယ်လဲ။ နင့်ကြည့်ရတာ စိတ်မကောင်းလိုက်တာ ။ တစ်နေ့ကမှ ရွာရောက်လို့ နင်တို့အကြောင်း သိရတယ်။
ခုဘယ်ကိုလဲ” “ဪ…. ဒီနားတင်” “ဘယ်သူ့အိမ်လဲ၊ လာလေ သွားမယ်” “ဟို” “အင်း ” “ဟိုလေသူကြီးအိမ်” “သူကြီးအိမ် ဘာလုပ်တုံးဟ” ကိုညိုက ရှေးကကဲ့သို့ မိမိအား ရင်းရင်းနှီးနှီး ချစ်ခင်လျက်ရှိသေးသည်ကို တွေ့ရ၍ မျက်ရည်မကျမိအောင် မနည်းပင် ချုပ်တည်းထားရလေ၏။“သူကြီးအိမ် ဘာလုပ်သွားရမှာတုံး နှင်းဥရဲ့” “ကိုညို မကြားဘူးလား။ အဝတ် ဝေနေတယ်လို့ ဘုတို ကောက်စိုက်ရင်း ပြောလိုက်လို့။ အခု လာပြီးတောင်းမလို့” “တောင်းမလို့။ နှင်းဥ နင် တောင်းမလို့လား။ အလကားပေးတာ မဟုတ်ဘူးဟ။ အစိုးရက အလကားဝေတာ မဟုတ်ဘူး။ ပိုက်ဆံနဲ့ ဝယ်ရတာ။ အဲဒါ လူစေ့တက်စေ့ အကုန်ရတာမဟုတ်ဘူး။ ရချင်တဲ့လူမှ ရတာ။ ရွာထဲက လူတွေတောင်အကုန်မရပါဘူး။ နင့်နှယ် မသိရအောင် ဘယ်နေလို့လဲ နှင်းဥရယ်၊ ဟိုမြောက်ဖျားမှာလား”နှင်းဥသည် တွေတွေကလေး နားထောင်နေရာမှ ခေါင်းညိတ်ပြလိုက်၏။
မောကြီးပန်းကြီး ပြေးလာခဲ့ရ၍ ကြားရသည့်စကားကြောင့် ဆို့သွားသဖြင့် စကားနှင့်ပင် မဖြေလိုက်နိုင်ပေ။“သန်ဘက်ခါ ငါ သရက်တောကျောင်းတိုက်ကို ပြန်မယ်။ မြို့ရောက်တော့ ဈေးကြီးမှာ အင်္ကျီတစ်ထည်၊ လုံချည်တစ်ထည် ငါဝယ်ပြီး လူကြုံပေးလိုက်မယ်၊ဆက်ဆက်ပေးလိုက်မယ်။ မြို့မှာ အခု အထည်တွေ အားကြီးပဲ ရောက်လာကုန်ပြီ။ မျှော်သာနေနော်” “နေပါစေ ကိုညိုရယ်” “ဘယ်က နေပါစေလဲ။ နင့်ဖို့ အဝတ် ဝယ်မလာမိတာ၊ ခုဖြင့် နှင့်တွေ့ရတာနည်းနည်းမှ စိတ်မကောင်းဘူး။ ဒီလောက်ဖြစ်နေမှန်း သိရရင် ငါ ဝယ်ခဲ့မှာပဲ။ ကဲလေ မိုးချုပ်လိမ့်မယ်။ ပြန်တော့။ မနက်ကို ငါ အစောကြီးလာမယ်၊ စောင့်နေနော်။ ဘယ်မှမသွားနဲ့”နှင်းဥသည် အသံမထွက်အောင် ကြိတ်၍ ရှိုက်ကာ ရှိုက်ကာ အားရအောင် ငိုပြီးလျှင် မိခင်ရှိရာသို့ မှောင်ထဲတွင် စမ်း၍သွားလေ၏။ မိခင်ကို စမ်းမိသောအခါစိုရွှဲနေသည့် လုံချည်စကို ကိုင်မိသဖြင့် စိတ်ထဲတွင် မချိမဆံ့ဖြစ်ဖြစ်နှင့် “အမေ အမေ”ဟု နားနားသို့ကပ်ကာ ခေါ်လိုက်၏။“နှင်းဥ နှင်းဥ၊ အမယ်လေး၊ အသက်ရှူလို့လည်း မရဘူး။ မျက်စိတွေလည်း
ပြာလို့၊ ငါ မမြင်ရတော့ဘူး” “မီးငြိမ်းသွားလို့ မှောင်နေတာ အမေရဲ့။ ပန်းနာဆိုတာ အေးရင် ဒီလိုပဲ မောတာပဲ အမေ။ မီးလုပ်နေရတာနဲ့ အမေ့ စိုကုန်မှန်းတောင် မသိဘူး” “ဟိုတဲမှာ မီးသွားကူးစမ်း” “အမေ့ မိုးတွေရွာနေတယ်။ လမ်းမှာငြိမ်းသွားမှာပေါ့” “ဟင်း ဟင်း ချမ်းလိုက်တာ” “လုံချည်ချင်း လဲဝတ်ရအောင်အမေ၊ ချွတ် မှန်း...”
“နင်ကကော” “အို… အမေ့လုံချည် ဝတ်ပါ့မယ်။
ကျွန်မ ကိစ္စမရှိဘူး”နှင်းဥသည် မတ်တတ်ရပ်၍ လုံချည်ကို ချွတ်ချလိုက်လေသည်။မိမိ၏ ကိုယ်တုံးလုံးကိုယ်ကို မှောင်ထဲတွင် မမြင်ရ၍သာ ရဲရဲတင်းတင်း လဲဖယ်ပေးလေ၏။ မိမိ၏ စိုထိုင်းထိုင်းလုံချည်ကို မိခင်အား ပတ်ပေးလိုက်ပြီး မိခင်ကိုယ်မှ လုံချည်ကို ဆွဲခွာလေရာ လုံချည်မှာ အပေါ်ပိုင်းသာ မိုးရေများ ရွှဲနေ၍ အောက်ပိုင်းက မစိုသဖြင့် ဆွဲချွတ်မယူတော့ဘဲ မစိုသည့်ဘက်နှင့်ရွေး၍ ခြေထောက်ကို ထွေးပေးထားပြီး မိမိမူကား ကိုယ်တုံးလုံးနှင့်ပင် မိခင်အား ဖက်ထားလေသည်။အေးလွန်လွန်း၍ နှင်းဥ၏အမေလည်း ရောဂါဖောက်၍ မောနေလေ၏။နှင်းဥသည် မကြံနိုင်။ ၎င်း၏ ကိုယ်ငွေ့နှင့်သာ မိခင်အား အပူငွေ့ပေးရလေ၏။“သည်မိုး မတိတ်ရင် အမေ ခက်လိမ့်မယ်” ဟုတွေးမိပြီး ရင်ထဲတွင် တဒိတ်ဒိတ်ခုန်၍ “တိတ်ပါတော့ မိုးရယ်” ဟု အကြိမ်ကြိမ် ဆုတောင်းလျက် ရှိနေ၏။မိုးလည်း သည်းရာမှ စဲ၍လာသော်လည်း လေကား တသိမ့်သိမ့်တိုက်လျက်ပင်။"အမ အမေ”ဟု တပ်တပ်ခေါ်ပါသော်လည်း စကားပြန်မရ။ နှင်းဥကားအားငယ်သွားသည်။ တစ်ညလုံး နွေးနွေးမထွေးရဘဲ အစို အအေးကြီးနှင့် ထားလျှင် မိုးလင်းမှ ခံပါ့မလားဟု ကြီးစွာသော ကြောင့်ကြပူပန်ခြင်း ဖြစ်လေ၏။
အမေ့အားလှိုက်လှိုက်လှဲလှဲ သနားလှသဖြင့် ဘယ်လိုများ နွေးအောင် လုပ်ရပါ့မလဲဟု အကြံအဖန် ထုတ်ကြည့်မိရာ ညနေက ရွာသို့သွားစဉ် တဲနှင့် မနီးအဝေးတွင်ရှိသည့် စပါးကျီကြီးကို မြင်လိုက်လေ၏။ထိုကျီကြီး အမိုးအောက် လူလျှောက်ရန် ဆင့်ခင်းရိုက်ထားသည့် သစ်သားပျဉ်ပြားပေါ်တွင် ဂုန်အိတ်တွေ ဆင့်ထပ်ထားသည်ကို ပြေးမြင်လေ၏။ ကျီနားက ဖြတ်လျှောက်သွားစဉ်သော်လည်းကောင်း၊ ဖြတ်ပြန်လာစဉ်သော်လည်းကောင်း လူရိပ်လူခြေတစ်ဦးမှ မတွေ့ခဲ့ရသဖြင့် မိုးတိတ်လျှင် ထိုဂုန်အိတ်ထပ်မှ ဂုန်အိတ်သုံးလေးလုံးသွားယူမည်။ မိုးလင်းမှ သွားပြန်ထားမည်ဟု မိုးအတိတ်သာ စောင့်လင့်နေလေတော့၏။အနီးအနား တဲများတွင်လည်း မိမိတို့ကဲ့သို့ ဆင်းရဲသူတစ်စုများသာ ဖြစ်ကြ၍ ရှိစုမဲ့စုကလေးတို့နှင့် စုကွေးနေကြမည်ဖြစ်၍ ငှားရရင် လုံလုံလောက်လောက်ပေးနိုင်စရာ မရှိကြပေ။ ဂုန်အိတ်ကိုသာ ထွေးချင်သလို ထွေးပေးလိုက်ရလျှင် လုံလုံလဲလဲ နွေးနိုင်မည်။ အပြန်မှ အသိတဲကိုဝင်ပြီး မီးခြစ်ငှားခဲ့ပြီး ရေနွေးကျိုတိုက်မည်စသည်ဖြင့် တွက်ကိန်းချနေရင်းပင် မိုးလည်းစဲရာမှ တိတ်သွားလေ၏။“အမေ အမေ-- ခဏနေဦး၊ မီးထွန်းသွားဦးမယ်”လူမမာမှာ မောဟိုက်နေ၍ဘာမျှပြန်မပြောနိုင်ချေ။နှင်းဥလည်း မတ်တတ်ထရပ်လိုက်ရာ တစ်ကိုယ်လုံး ဟာသွားလေ၏။
ဟာလာဟင်းလင်း ဖြစ်သွားမှသာ အဝတ်မရှိမှန်း သတိရ၍ ကပျာကယာ သူ့အမေခြေထောက်တွင် တွေးထားသည့် လုံချည်ကို ကောက်စွပ်လျက် တဲဝသို့ စမ်းထွက်ခဲ့လေ၏။မိုးသားတွေ ပျောက်သွား၍ တစ်ခြမ်းလကလေးသည် ကောင်းကင်တွင် ရေးရေးထင်လျက် ပေါ်လာရာ သွားလိုရာလမ်းကို စိတ်နှင့်မမှန်းရဘဲ သဲသဲကွဲကွဲ မြင်ရလေ၏။သွက်သွက်လျှောက်လာခဲ့သဖြင့် ကျီနားသို့ ခဏနှင့် ရောက်လာခဲ့၏။ မိခင်ဇောကြောင့် ကြောက်ရမှန်းမသိ။ တဲက ထွက်ခဲ့သော်လည်း ရေးရေးလင်းလျက်ရှိသော လရောင်အောက်တွင် မှုန်မှုန်မည်းမည်း တိတ်ဆိတ်ခြောက်သွေ့လျက်ရှိသော ကျီကြီးကို မျှော်ကြည့်လိုက်ပြီး ကြက်သီးဖျန်းသွားလေ၏။ညမှောင်တွင် အဆောက်အအုံကြီးလျှင် တစ်မျိုးပင် ကြောက်စရာ ပုံသဏ္ဌာန်ဆောင်သဖြင့် အနားသို့ ရုတ်တရက်ချဉ်းကပ်ရန် နှင်းဥ၌ ခဲယဉ်းနေပြန်၏။ကြောက်စိတ်ကြောင့် နောက်ပြန်ဆုတ်လိုသည့် စိတ်ကို အားပေးလိုက်လေ၏။“ငါ ဒီအတိုင်းပြန်ရင် အမေ မုချ သေလိမ့်မယ်” ဟုတွက်၍ စိတ်အားတင်းပြီး ကျီဘေးသို့ ကပ်လျှောက်လာခဲ့၏။စောစောက ချမ်းသလောက် ဇောချွေးတွေ ထွက်လျက်နေ၏။ ကျီဝင်းထဲသို့ဝင်ရန် လျှောက်လာရာ ခြံစည်းရိုးတံခါး ပိတ်ထားသည်ကို တွေ့ရ၍ အကြံခက်သွားလေ၏။ ညနေက လူရိပ်လူယောင် မမြင်ရဘဲ ယခု ဘယ်သူလာ၍ တံခါးပိတ်သလဲ ဟု စဉ်းစားရင်း တွန်းကြည့်ရာ တံခါးသည် ကျီခနဲမြည်၍ ပွင့်သွား၏။
သွားရင်း လာရင်း တစ်ယောက်ယောက် စေ့သွားတာပဲဟု ယုံကြည်ကာ မရဲတရဲ လှမ်းဝင်လာခဲ့၏။ တိုးဝှေ့တိုက်ခတ်သည့် လေအဟုန်ကြောင့် ကျီဝင်းရှိကုက္ကိုပင်၊ အုန်းပင်တို့မှ တရှဲရှဲထွက်သံကို သဘက်သရဲများ ထွက်ဆွဲလေမလားဟုခေါင်းနားပန်းကြီးသွားလေ၏။ သစ်ပင်ကိုင်းများ လှုပ်လှုပ်ရှားရှားမြင်တိုင်း စိတ်ချောက်ချားသွား၏။ စိတ်ချောက်ချားလွန်း၍ မည်းမည်းကို သဲသဲကွဲကွဲ မမြင်ရခင်သရဲပင် အောက်မေ့ပြီး တစ်ကျောလုံး စိမ့်သွားလေ၏။ အချိန်မှာ လူကြီးခေါင်းချချိန်၁၁ နာရီခန့်ဖြစ်၏။ ရွာထဲမှ ခွေးများသည် ဆွဲဆွဲငင်ငင် အူလိုက်ကြ၍ နှင်းဥလုပ်ရန်အလုပ်ကို ဝိုင်းဝန်းဖျက်ဆီးပေးကြ၏။လှည့်၍လည်း ပြန်ချင်၏၊ ယူလည်း ယူချင်၏။ စိတ်နှစ်စိတ် လွန်ဆွဲနေရာယူလိုခြင်းဇွဲ၏ ထက်သန်ပြင်းပြမှုက နှင်းဥအား ဂုန်အိတ်ထပ်နားသို့ အနိုင်ဆွဲခေါ်သွားလေ၏။နှင်းဥသည် တစ်ခြမ်းလကလေး၏ အကူအညီဖြင့် ဂုန်အိတ်ထပ်ထဲမှ ဂုန်အိတ်လေးလုံး ဆွဲထုတ်လိပ်လေ၏။ ဖြည်းဖြည်းဆေးဆေး မလိပ်ဘဲ လျင်လျင်မြန်မြန်ကြီးလိပ်ပြီးနောက် ဆင့်ခင်းရိုက်ထားသည့် ပျဉ်ပေါ်မှ မြေပေါ်သို့ ခုန်ချလိုက်၏။ပျဉ်ခင်းပေါ်တွင် ကျီနံရံနှင့် မှီထောင်ထားသည့် သွပ်ပြားချပ်မှာ နှင်းဥ ခုန်လိုက်သည့်အရှိန်ဖြင့် မြေပေါ်ရှိ တုံးတို၊ တုံးစများပေါ်သို့ ဗြုန်းခနဲ လျှောကျသွား၏။နှင်းဥလည်း မြေပြိုသည်ထင်သည့် ယုန်ကဲ့သို့ တအားကျုံးပြေးလေ၏။
သရဲပဲ၊သရဲလိုက်ပြီဟု အောက်မေ့၍ ပြေးချင်သလောက် ပြေးလို့မရဘဲ ခြေဆွဲနေ၍ ဖင့်လေးနေ၏။ နောက်မှနေ၍ ခေါက်တုံ့ကျနေသည့် ဆံပင်ကို လှမ်းဆောင့်ဆွဲလိုက်သဖြင့်ဇက်ကြိုးသတ်လိုက်သည့် မြင်းပမာ တုံ့ဆိုင်းသွားရ၏။ကိုယ်ခန္ဓာအတွင်းမှ သွေးကြောများ ရပ်ဆိုင်းသွားဘိသည့်အလား အသက်ရှူရန်ပင် မတတ်နိုင်ပေ။ ဂုန်အိတ်တွေ လွှတ်ချပြီး မျက်စိကို စုံမှိတ်ထားလိုက်၏။မိမိ နားမလည်သည့် ဘာသာစကားနှင့် ဆံပင်ကို လှမ်းဆွဲထားသူက ဟစ်အော်လိုက်ပြီး ဆွဲလှည့်လိုက်မှ ရုတ်တရက် မျက်စိဖွင့်ကြည့်ပြီး အံကိုက်၍ အလွတ်ရုန်းတော့၏။မုတ်ဆိတ်ဖားဖားနှင့် ခေါ်တောကုလားကြီးကို သရဲသဘက်ထက်ပင် နှင်းဥကြောက်အားပိုလေ၏။ကုလားကြီးလည်း နှင်းဥ မရုန်းနိုင်အောင် လှမ်း၍ဖက်လိုက်၏။ မဖက်မိခင်ပင် နှင်းဥသည် အရေးထဲ၌ ရင်ရှားထားသည့် ထဘီစ ပြုတ်ကျွတ်သွားမည်စိုးလှ၍ဆောင့်ကြောင့်ထိုင်ချလိုက်၏။ နောက်ထပ် ခေါ်တောတစ်ယောက် အမြန်ရောက်လာပြီး သူတို့ချင်းချင်း ငြာသံပေးကာ နှင်းဥအား ဖမ်းချုပ်၍ ညောင်ရေအိုးစင် ပန်းအိုးစင်ကစားသကဲ့သို့ ပွေ့သွားကြရာ နှင်းဥလည်း ရုန်းလွန့်ရင်း ဆောင့်ကြောင့်ကလေးပါသွားတော့၏။
ရှက်လည်းရှက်လှ၏၊ ကြောက်လည်း ကြောက်လှ၏။ ဘာလုပ်ရမည်မှ သတိမရတော့ဘဲ ကုလားတွေ လွှတ်အောင် လက်များကို ကုန်းကိုက်ရာ နာလွန်းမကနာမှ ကိုရွှေခေါ်တောများသည် စပါးပုတ်ကြီးနား၌ ချကြ၏။နှင်းဥသည် ပြေး၍မလွတ်နိုင်မှန်းသိ၍ “ကယ်ကြပါဦး” ဟု အသံကုန် ကုန်း၍ဟစ်လေ၏။ခေါ်တောကုလား၏ လက်ဖဝါးကြမ်းကြမ်းကြီးက ပါးစပ်ကို ဆီးပိတ်ထားလိုက်၍ အသံ အပြင်မရောက်ပေ။ကုလားလက်ကို ဖယ်ရင်း ရုန်းရင်း မျက်စိများ ပြာလာပြီးနောက် မဟာပထဝီမြေကြီးလည်း အိုးထိန်းစက်ကဲ့သို့ သွက်သွက်လည်သွားသလို ထင်လိုက်ရပြီးလျှင် မူးသွားရာမှ မေ့သွားလေ၏။သတိပြန်ရသောအခါ နှင်းဥသည် သွပ်ပေါ်သို့ တဗြုန်းဗြုန်း ပက်ဖျန်းနေသော မိုးသံကို ရှေးဦးစွာ ကြားရလေ၏။
၎င်း၏ အရောင်မရှိသော မျက်လုံးစုံနှင့် ဟိုဟိုသည်သည် ပြူးကျယ်စွာ ဖွင့်ကြည့်လိုက်၏။လက်ဆွဲမှန်အိမ်မီးမှာ ခြေရင်းဘက်တွင် လင်းနေသည်။ တခေါခေါ အိပ်မောကျနေသည့် ဘေးက ကုလားကြီးကို သွားမြင်ရာ စိတ်ရော ကိုယ်ပါ နာကြည်းနာကျင်သွားလေ၏။ကုလားမနိုးအောင် ဖြည်းဖြည်းထ၍ အပေါက်တံခါးကို ဖွင့်လေ၏။ ကုလားများ နိုးဦးမလားဟု စိတ်ပူမိသော်လည်း လှည့်၍မကြည့်ပေ။ တုံးလုံးလှဲအိပ်နေသည့် ခေါ်တောကုလားကို သင်္ချိုင်းက ပုပ်ပွနေသည့် လူသေကောင်ပုပ်ကြီးကဲ့သို့ ကြည့်ရမှာစက်ဆုပ်ရွံရှာလွန်းလှမိခြင်းကြောင့် တစ်ကြိမ်တစ်ခါမျှ ပြန်လှည့်မကြည့်ဘဲ တံခါးဖွင့်ပြီး ပြေးလေ၏။မိုးရေထဲတွင် အမေရှိရာ တဲသို့ ဦးတည်ပြီး ပြေးနေလေ၏။ ပြေးနေရင်းဟစ်အော်ငိုကြွေးလိုက်ချင်သည့်စိတ်ကို ချုပ်တည်းထားလေ၏။မိုးတိမ်မိုးလိပ်များ ဖုံးအုပ်သွား၍ တစ်ခြမ်းလကလေး ကွယ်နေသဖြင့် တဲထဲသို့ စမ်း၍ဝင်ခဲ့ရ၏။
ရွဲရွဲစိုနေသော ကိုယ်က ရေများကို လက်နှင့်သုတ်ခါပြီး မိခင်နားသို့ တွားသွားကာ “အမေ အမေ” ဟု ကတုန်ကယင် ခေါ်လိုက်၏။မိုးသံနှင့် ဘာသံမှ ပြန်မကြားရပေ။မိခင်လက်ကို ဆွဲလှုပ်ကြည့်ရာ သစ်ချောင်းကြီးကဲ့သို့ တောင့်တောင့်မာမာကြီး ကိုင်လိုက်ရသဖြင့် “အမယ်လေး” ဟု ကျယ်လောင်စွာ ဟစ်အော်လိုက်ကာ သူ့အမေ ကိုယ်ပေါ်သို့ ၎င်းကိုယ်ကို မှောက်ချလိုက်၏။မိုးသံ လေသံနှင့် နှင်းဥ ငိုလိုက်သည့်အသံ ရောပြွမ်းထွက်လာသံမှာ မကောင်းဆိုးဝါးများ၏ အသံကဲ့သို့ အလားတူ မခြားပင်ဖြစ်လေ၏။နှင်းဥလည်း အားရအောင် ငိုကြွေးနေရာမှ ရုတ်တရက် တိတ်၍သွား၏။
မိခင်၏ခေါင်းကို ထူမလိုက်၏။ ကျောက်တုံးကို မရသကဲ့သို့ လေးနေ၍ ခေါင်းကိုပြန်ချကာ မှောင်ထဲတွင် မျက်နှာကို စမ်း၍ကြည့်ပြန်၏။ ထို့နောက် ပါးချင်း ပါးချင်းအပ်လိုက်ကာ မိခင်အား မိမိ၏ စောစောကအဖြစ်စုံကို ပြောပြနေလေ၏။တစ်ဖန် ဟစ်ငိုပြန်၏။ တစ်ဖန် တိတ်သွားပြန်၏။ ပြန်၍ ထပ်ငိုပြန်ပြီးနောက်ငြိမ်သက်၍သွားပြန်၏။ နံနက်တွင် မည်သူ့မျက်နှာတွေနှင့်မျှ မျက်နှာချင်းမဆိုင်ရဲ၍ မဆိုင်ချင်။အထူးသဖြင့် ကိုညိုနှင့်လည်း မျက်နှာချင်းမဆိုင်ဝံ့၍ မျက်နှာချင်းမဆိုင်ချင်။ မိမိကိုယ်ကိုယ် မနက်အထိ ဤမြေပေါ်မှာ မထားမှ နံနက်တွင် မည်သူနှင့်မျှ မတွေ့ရတော့မည်မဟုတ်ပါလား...ဟု တိတ်တိတ်ဆိတ်ဆိတ် ငြိမ်ငြိမ်သက်သက် စဉ်းစားကြည့်နေပြီးလျှင် ကပျာကယာ မိခင်အား အကြိမ်ကြိမ် နမ်းရှုပ်၍ လေးလေးကန်ကန်နှင့် တဲဝသို့ ထွက်သွားလေ၏။တစ်ချက်တစ်ချက်တွင် လျှပ်စစ်ပြက်၍ တဝင်းဝင်းလက်လိုက်တိုင်း လက်လိုက်တိုင်း မိုးရေထဲတွင် ဒယိမ်းဒယိုင် လျှောက်သွားနေသော နှင်းဥကို ကောင်းစွာမြင်နိုင်၏။
သူသည် ချောင်းဘက်သို့ လျှောက်၍နေလေ၏။ထိုသို့လျှောက်သွားနေရင်း ဘာစိတ်ကူးရသွားသည်မသိ။ ဘုကိုတို့ တဲအိုကလေးရှေ့တွင် ခေတ္တရပ်ကာ သူ့ကိုယ်မှ ထဘီကိုချွတ်၍ခေါက်ပြီး တဲဝ၌ စွန့်ထားခဲ့ပြီးနောက် ချောင်းဘက်သို့ ဒုန်းစိုင်းပြေးသွားပြီးလျှင် တံတားလေးပေါ်မှ ချောင်းထဲသို့ခုန်ချလိုက်လေ၏။မိုးကြီးလည်း သည်းထန်စွာ ရွာချနေ၏။ သပြေပင်ရွာတစ်ရွာလုံး အိပ်မောကျနေကြ၏။ အဝတ်ရှားပါးမှုဒုက္ခကြောင့် လူဖြစ်ရှုံး၍ လူတစ်ကိုယ်လုံး ရေထဲသို့ပစ်လိုက်ရသည့် နှင်းဥ၏ ဖြစ်အင်ကို သနားချစ်ခင်သည့် မိတ်ဆွေ ကိုညိုလည်းမသိ။ အသိအကျွမ်း ရွာသူရွာသားတွေလည်း မသိကြ။ တိုင်းပြည်ကို အုပ်ချုပ်၍မင်းလုပ်နေသူတို့လည်း သိကြမည်မဟုတ်။ချောင်းထဲတွင် နစ်၍သွားသည့် နှင်းဥအား မိုးကြီးလည်း သည်းထန်စွာ သွန်းကူနှစ်ပေးလိုက်၏။
အရုဏ်တက် မိုးမလင်းခင် တအုန်းအုန်းရွာချနေသည့် “သည်မိုး” မှာ လူတန်းစေ့စေ့ လူလိုနေရ၍ လူ့အခွင့်အရေးကို တင်းပြည့် ကျပ်ပြည့် ရရှိသည့် သူတို့အတွက်သော်ကား တစ်မိုက်ထူထူ မွေ့ရာပေါ်ဝယ် ကိုယ်ကို နှစ်၍ ဂွမ်းစောင်၊ သက္ကလတ်စောင်၊ ကတ္တီပါစောင်၊ ခြုံစောင်အမျိုးမျိုးတို့နှင့် အထပ်ထပ်ခြုံလွှမ်း၍ ကွေးအိပ်နေရသည်မှာ အလွန်တရာမှ “ဇိမ်” ရှိလှပါပေ၏။
#ဂျာနယ်ကျော် မမလေး
Keep Reading