Author's Profile Photo

အဂ္ဂဇော်

10/03/2025

လမ်းကြုံလိုက်သောမိန်းကလေး (ဖြစ်ရပ်မှန်)

6 mins read
Novel
Fiction
Entertainment
လမ်းကြုံလိုက်သောမိန်းကလေး
(ဖြစ်ရပ်မှန်)'s photo

ကိုမောင်က ကားကြီးကိုသဘောကျနေမိသည်။ အထူးကားကြီးဖြစ်ပြီး တစ်တန်းတွင် သုံးခုံသာပါသည့်အပြင် ကျယ်ကျယ်ဝန်းဝန်းလဲရှိသည်မို့ ကျေနပ်နေမိသည်။ မကြာမီ လားရှိုးမှ အထူးကားကြီးက ထွက်ခွာလာခဲ့သည်။ ကိုမောင်ထိုင်ခုံနံပါတ်က ၅ ဖြစ်သည်။ သူ့ဘေးထိုင်ခုံ ၆ တွင်တော့ လူမပါလာပေ။ သို့သော် လိုင်းကားများသည် လမ်းခရီးတွင် လူထပ်တင်လေ့ရှိရာ၊ ကျောက်မဲ၊ သီပေါတွင် လူထပ်တင်ပုံရမည်ဟု တွေးမိသည်။

ခရီးသွားရင်း ဘေးနားတွင်ကောင်မလေးချောချောလေး ကျပါစေဟုဆုတောင်းမိသည်။ ကိုမောင်က လူပျိုကြီးဖြစ်သည်။ သို့သော် သူခရီးသွားတိုင်း ဘေးနားတွင် စကားတတွတ်တွတ်ပြောတတ်သည့် အဘိုးကြီးများ၊ ၀၀တုတ်တုတ်ဘုတ်ဆုံမကြီးများ၊ အိပ်လျှင်အလွန်ဟောက်တတ်သောသူများနှင့် အရက်မူးပြဲနေသည့် အမူးသမားများသာ ဘေးချင်းကပ်ကျတတ်သည်ဖြစ်ရာ ဒီတစ်ခါတွင်တော့ ကောင်မလေးများ ကျဖို့ကိုဆုတောင်းမိပြန်သည်။

ကားကဆက်မောင်းလာရင်း ကျောက်မဲ၊ သီပေါ မြို့များတွင် လူများထပ်တင်လေသည်။ ကားတစ်စီးလုံး လူအပြည့်ဖြစ်နေပြီဖြစ်သော်လည်း သူ့ဘေးကခုံတွင်တော့ လူမရှိသေးပေ။ ကိုမောင်လဲ ပျော်ရွှင်သွားသည်။ နှစ်ခုံတွဲကြီးတွင် တစ်ယောက်တည်း အေးအေးဆေးဆေးကျယ်ကျယ်ဝန်းဝန်း အိပ်လိုက်မည်ဟု ဆုံးဖြတ်လိုက်တော့သည်။ တကယ်လဲ ကားက မန္တလေးရောက်သည်အထိ လူမတက်တော့ပေ။ ညနေလဲစောင်းလာပြီး မှောင်မိုက်လာသဖြင့် ကိုမောင်လဲ မှေးရင်းလိုက်လာခဲ့သည်။

ကိုမောင်တို့ရုံးက အမြဲလားရှိုးနှင့်ရန်ကုန်ကို ခရီးထွက်နေရသည်။ တစ်လတစ်ခါခန့် ရန်ကုန်ဆင်းရသည်။ ထို့ကြောင့် ခရီးသွားရသည်က ကိုမောင်အတွက်တော့မထူးခြားတော့ပေ။ အချို့မှာ ကားပေါ်ရောက်လျှင် အိပ်မပျော်သော်လည်း ကိုမောင်က အကျင့်ဖြစ်နေပြီ၊ တစ်ညလုံးအိပ်ပြီးလိုက်သွားမှ နောက်နေ့ ရန်ကုန်ရုံးရောက်သည့်အခါတွင် လန်းဆန်းနေမည်ဖြစ်သည်။ သို့နှင့် ကားကြီးက မောင်းလာပြီးနောက် မိတ္ထီလာတွင် အပေါ့အပါးသွားရန်ရပ်နားသည်။ ကိုမောင်နာရီကိုကြည့်လိုက်တော့ ညသန်းခေါင်နားနီးနေပြီဖြစ်သည်။

ကိုမောင်လဲဆက်ပြီးအိပ်လာခဲ့သည်။ ညကားမို့ကားကြီးမှာ အရှိန်ပြင်းပြင်းဖြင့်မောင်းနှင်နေသည်။ ကိုမောင်မည်မျှကြာကြာအိပ်မိသွားသည်မသိ ကားရပ်သွားတော့မှ လန့်နိုးသွားသည်။ ကားက သာမာန်ရပ်ခြင်းမဟုတ်ဘဲ တစ်ခုခုကိုမြင်သဖြင့် ထိုးရပ်လိုက်ခြင်းဖြစ်ရာ ခရီးသည်တော်တော်များများလန့်သွားတော့သည်။ ထိုစဉ် ကားစပါယ်ယာနှင့် ဒရိုင်ဘာမှာ အသံကျယ်ကျယ်နှင့်ပြောနေသည်ကိုခေါင်းထောင်ပြီးကြည့်မိလိုက်သည်။

"ဘယ်သွားမလို့လဲ"

"ရန်ကုန်ပြန်လာတာ"

အသက် ခပ်ငယ်ငယ်မိန်းကလေးတစ်ယောက်က ကလေးလေးတစ်ယောက်ကိုချီထားသည်။ ထိုမိန်းကလေးက ကားအောက်တွင်ရပ်နေရာ ဒရိုင်ဘာနှင့် စပါယ်ယာက မေးမြန်းနေလေသည်။

"ဘယ်လိုလုပ်ကျန်ခဲ့တာလဲ"

"ကားက အပေါ့အပါးသွားဖို့ရပ်တာ၊ နောက်တော့ ကျွန်မတို့သားအမိကိုမစောင့်ဘဲနဲ့ ထွက်သွားကြတာ"

ဒရိုင်ဘာက တစ်ချက်စဉ်းစားလိုက်သည်။ လိုင်းကားအချို့မှာ ထိုသို့ခရီးသည်များ ကျန်နေတတ်ကြသည်။ မှောင်မှောင်မဲမဲနှင့် ညဘက်ကြီးဖြစ်ကာ လူပြတ်သည့်နေရာမို့ ခရီးသည်အားကူညီသည့်အနေနှင့် ရန်ကုန်သို့ခေါ်လာရန်ဆုံးဖြတ်လိုက်သည်။ ကိုမောင်က မိုင်တိုင်ကိုကြည့်လိုက်တော့ ၂၉၀ အနားတွင်ဖြစ်သည်။ နောက်တော့ ဒရိုင်ဘာက ကောင်မလေးကို ကားပေါ်တက်ခိုင်းလိုက်သည်။ ကောင်မလေးက ကားပေါ်တက်ပြီးနောက် စပါယ်ယာက သူ့ဘေးရှိ လွတ်နေသောခုံဆီသို့ လက်ညိုးထိုးပြလိုက်သည်။

"အကို ဘေးကိုတစ်ချက်ကပ်ပေးပါ"

နှစ်ခုံဆက်ပေါ်တွင် အိပ်နေသည့်ကိုမောင်က ဘေးကပ်ပေးလိုက်သည်။ ကောင်မလေးက အသက် ၂၀ ခန့်ပင်ရှိဦးမည်။ အသားဖြူဖြူနှင့် ဆံပင်က ပုခုံးလောက်ရှိသည်။ ထိုင်ခုံတွင် ဝင်ထိုင်ပြီးနောက် ကိုမောင့်ဘက်ကိုလှည့်ပြုံးပြလိုက်ရာ ကိုမောင်က ကျေနပ်သွားသည်။ ငယ်ငယ်ချောချောကောင်မလေး၊ အသားကလဲ ဖြူဖြူဖွေးဖွေးနှင့် ချစ်စရာကလေးဖြစ်သည်။ လက်ထဲတွင် ကလေးကိုချီထားသည်။

"ညီမလေး ကလေးကိုချထားလိုက်ပါလား"

"ရပါတယ်၊ ချီထားလိုက်ပါ့မယ်"

ခဏနေတော့ ကားကိုဆက်မောင်းထွက်ခဲ့သည်။ ကိုမောင်က စကားပြောရန်ပြင်ဆင်နေသော်လည်း ကောင်မလေးမှာရုပ်ကတည်လွန်းသဖြင့် စကားစရှာမရတော့။ မထူးပါဘူးဟု ဆုံးဖြတ်လိုက်ပြီး ကားမှန်ကိုခေါင်းမှီပြီးနောက် ဆက်အိပ်လာခဲ့လိုက်သည်။ အိပ်နေရင်း နှာခေါင်းအတွင်း အနံ့တစ်ခုဝင်လာသည်။ အီးနံ့လိုလို၊ သေးနံ့လိုလို၊ ညှီစို့စို့နှင့်ဖြစ်သည်။ ထိုအနံ့က မွှန်ထူနေသည်။ ကားရှေ့မှ နာရီကိုကြည့်လိုက်တော့ ည ၁နာရီကျော်ပြီဖြစ်သည်။ ကိုမောင်က ဘေးက ကလေးလေးကိုလှမ်းကြည့်လိုက်သည်။

"ညီမရေ၊ ကလေးလေးက ချီးတွေပါထားတာလားမသိဘူးနော်"

ထိုမိန်းကလေးက ကလေးကိုပင်ဖြဲမကြည့်ဘဲ။

"မပါပါဘူးရှင့်"

"ဟုတ်လား၊ နှာခေါင်းထဲ အနံ့တစ်မျိုးရနေလို့"

သူတို့ပြောနေသည်ကို စပါယ်ယာကလေးကကြားသွားကာ ထလာလိုက်သည်။

"အကိုဘာဖြစ်လို့လဲ"

"ချီးနံ့လိုလိုပဲကွာ အနံ့တစ်ခုရနေလို့"

စပါယ်ယာကလေးက နှာခေါင်းတရှုံ့ရှုံ့နှင့် လုပ်ကြည့်သေးသည်။

"ဘာနံ့မှတော့မရပါဘူးအကိုရဲ့၊ ဒါပေမယ့် အကိုစိတ်ကျေနပ်သွားအောင် Air Freshener ဖြန်းပေးမယ်နော်"

ထို့နောက် ဘူးလေးနှင့် Air Freshener ဖြန်းပေးသွားသောအခါတွင်တော့ အနီးတစ်ဝိုက်မွှေးပျံ့သွားသည်။ သို့သော် အနံ့ကတော့ သိပ်မပျောက်သေးပေ။ ကိုမောင်လဲ ဆက်ပြီးမပြောချင်တော့သဖြင့် ကျိတ်မှိတ်ပြီး အိပ်လိုက်လာခဲ့သည်။

အိပ်နေရင်း သူ့ခါးကိုတစ်စုံတစ်ခုက လာထိသည်။ ပထမတော့ ဘေးနားက ကောင်မလေးက အမှတ်တမဲ့ထိမိသည်ဟု ယူဆ၍ ဘာမှမပြောဘဲငြိမ်နေလိုက်သော်လည်း သုံးလေးခါခန့် ခါးကိုထိတော့ လူက ယားလာသည်။ သို့နှင့်မျက်လုံးဖွင့်ကြည့်လိုက်ရာ ထိုကောင်မလေးနောက်ကျောဘက်သို့ လက်ဝါးတစ်ခုက တိုးဝင်သွားလေသည်။ ကောင်မလေးကိုကြည့်လိုက်ရာတွင်လဲ ထိုကောင်မလေးက ထိုင်ရင်း ကားရှေ့ကိုသာငေးကြည့်နေသည်။ တုတ်တုတ်မျှမလှုပ်ပေ။ ကိုမောင်စိတ်ထဲ ထူးဆန်းလာသည်။ ထို့ကြောင့် အိပ်ချင်ယောင်ဆောင်ပြီးမျက်လုံးကိုအသာကလေးဖွင့်ကြည့်ကာ ခုံနားသို့ကြည့်နေမိသည်။

ဖြူဆွတ်ဆွတ်မိန်းမလက်က ကောင်မလေးကျောနောက်မှထွက်လာသည်။ သို့သော် လက်ကခပ်သေးသေးဖြစ်သည်။ ဘေးကကောင်မလေးမှာ ကလေးကိုလက်နှစ်ဖက်ဖြင့်ပွေ့ချီထားသည်ကို အတိုင်းသားမြင်နေရသည်မို့ ထိုကောင်မလေးလက်မဟုတ်တာသေချာသည်။ ကိုမောင်ကြောက်လန့်လာပြီဖြစ်သည်။ လက်ကရှည်ထွက်လာပြီး သူ့ခါးနားသို့ရောက်လာသည်။ မြွေတစ်ကောင်လိုရှည်ရှည်ကြီးဖြစ်သည်။ ကိုမောင် ထိုကောင်မလေးက သရဲဖြစ်နေမလားဟု တွေးနေမိပြီ။ ကိုယ်တစ်ခြမ်းလုံးက ကြက်သီးတွေထလာပြီး မွှေးညှင်းတွေထောင်ထလာပြီဖြစ်သည်။

သို့နှင့် ထိုကောင်မလေးမျက်နှာကို ခိုးကြည့်နေမိသည်။ ခိုးကြည့်နေသည့် ၁၅ မိနစ်ခန့်အတွင်း ထိုကောင်မလေးမှာ မျက်တောင်တစ်ချက်ပင်မခတ်ချေ။ သို့သော် လက်တစ်ခုကတော့ သူ့ခါးအား ကိုင်နေသည်ကိုအားမရဘဲ ပုတ်လိုက၊ ဆွဲဆိတ်လိုက်နှင့် ဆော့ကစားနေသည်။ ကိုမောင်လဲ မလှုပ်ရဲဘဲ အောင့်ထားရသည်။

သို့သော် တစ်ချက်ဆွဲဆိတ်လိုက်ရာတွင် ခါးကအလိုလိုတွန့်သွားမိသည်။ ခါးတွန့်လိုက်သည်နှင့် ထိုလက်က မြွေတစ်ကောင်ကဲ့သို့ ကောင်မလေးကျောကုန်းနောက်သို့ အလျှင်အမြန်တိုးဝင်သွားသည်။ ထိုအခါ ထိုကောင်မလေးက သူ့ကိုလှည့်ကြည့်သည်။ သူ့မျက်နှာက လူသေမျက်နှာကြီးလို ဖြူဖပ်နေကာ ရယ်ခြင်း ပြုံးခြင်းလဲမရှိပေ။ ထို့နောက် ပါးစပ်ကို စေ့စေ့ပိတ်ထားလျှက် အသံထွက်လာလေသည်။

"ကလေးက ဆော့တတ်လို့ စိတ်မရှိပါနဲ့နော်"

တင်းတင်းစေ့ထားသည့် ပါးစပ်က ယဲ့ယဲ့ကလေးပင် မလှုပ်ပေ။ သို့သော် အသံကတော့ ပါးစပ်ဖွင့်ပြီးပြောသည့်အလား ပီပီသသကြားရသည်။ ကိုမောင်အလွန်ထိတ်လန့်နေသည်။ စောင်နှင့်ထုပ်ကာ ပွေ့ထားသည့် ကလေးလေးကိုသေချာကြည့်လိုက်တော့ တစ်နှစ်အရွယ်ကလေးလေးက သူ့ကိုကြည့်ကာပြုံးပြနေသည်။ ထိုကလေးက အားရပါးရ ရယ်မောလိုက်သောအခါတွင် ပါးစပ်ထဲတွင် တြိဂံပုံစံ ချွန်ထက်နေသည့် သွားများကိုလှမ်းတွေ့ရသည်။

ကလေးကိုကြည့်လိုက်တော့မှ ကလေးကိုပွေ့ချီထားသည့်လက်ကို သတိထားမိသည်။ ထိုကောင်မလေး၏ လက်များက သာမာန်လူလက်ချောင်းများထက် ရှည်လျားနေကာ လက်ချောင်းထိပ်များမှာလဲ သစ်ချွန်၊ ဝါးချွန်ကဲ့သို့ ချွန်ထက်နေသည်။ လက်သည်းကိုလဲ မတွေ့ရပေ။ သေချာပြီ၊ ထိုသားအမိနှစ်ယောက်မှာ သရဲသားအမိဖြစ်နေသည်။

ကိုမောင်ဘာလုပ်ရမှန်းမသိတော့ပေ။

"ဒါတကယ်မဖြစ်နိုင်ဘူး၊ ငါအိပ်မက်မက်နေတာလား၊ ငါစိတ်ထင်နေတာလား"

မျက်လုံးများကို တင်းကြပ်စွာပြန်ပိတ်လိုက်ပြီး ပြန်ဖွင့်ကြည့်မိသည်။ သို့သော် အဖြစ်အပျက်တွေက ပြောင်းလဲမသွားပေ။ ထိုတော့မှ သရဲတစ်ကောင်နှင့် နဖူးတွေ့ဒူးတွေ့ကြုံနေပြီမှန်း ကိုမောင်သိလိုက်သည်။ ရသလောက် ဘုရားစာများကိုရွတ်ဖတ်မိသည်။ မျက်လုံးကိုလဲ ဖွင့်မကြည့်တော့ဘဲ ခေါင်းကိုတစ်ဖက်သို့လှည့်ထားမိသည်။ ခန္ဓာကိုယ်ကတော့ မလှုပ်ရှားရဲပေ။ သို့သော် ဘုရားစာများမှာ ကပြောင်းကပြန်များဖြစ်နေသည်။ တစ်သက်လုံးရွတ်လာသည့် ဂါထာများမှာ မေ့နေကာ စာကြောင်းများမှာလဲ အစီအစဉ်မကျဖြစ်နေလေသည်။

စိတ်ထဲတင်းပြီး ဘုရားစာကိုအာရုံပြုကာ ရွတ်ဖတ်နေမိသည်။ ဂုဏ်တော်ကိုးပါးပင် မေ့ချင်ချင်ဖြစ်နေသဖြင့် ဗုဒ္ဓေါဟုသာ ရေရွတ်နေမိသည်။ ထိုစဉ် သူ့နားနားတွင် လေအေးလေး တစ်ချက်တိုက်သကဲ့သို့ဖြစ်သွားပြီးနောက် တစ်ယောက်ယောက်က စကားတိုးတိုးကလေးလာပြောသလိုဖြစ်နေသည်။ မျက်လုံးကို ပိုပြီးမှိတ်ထားမိသည်။ စကားက ဘာစကားတွေမှန်းတော့မသိပေ။ စကားဆိုသော်လည်း လေချွန်သံကဲ့သို့ဖြစ်နေပြီး နားမှာလဲ ယားနေတော့သည်။ တစ်လမ်းလုံး ကိုမောင်က ဘုရားစာသာရွတ်လာခဲ့သလို ဘေးက သရဲမကလဲ သူ့အားစကားပြောလိုက်၊ အသံပေးလိုက်၊ ကလေးလေးကလဲ ရယ်မောလိုက်နှင့် မျိုးစုံနှောင့်ယှက်နေလေသည်။

အချိန်တော်တော်ကြာသွားခဲ့သည်ထင်သည်။ ကားရှေ့ပိုင်းမှ မေတ္တာပို့တေးများကို တိုးတိုးကလေးဖွင့်နေပြီဖြစ်သည်။ ထိုမေတ္တာပို့တေးပြီးသော် မင်းကွန်းဆရာတော်ကြီး၏ ပရိတ်တရားအသံက တိုးထွက်လာလေသည်။ ကိုမောင်လဲ ထိုတရားအသံနောက်ကနေလိုက်၍ ဘုရားစာလိုက်ရွတ်နေမိသည်။ ရွတ်ရင်း နာရီဝက်ခန့်ကြာသည်အထိ ဘေးမှဘာအသံမှမကြားရတော့ပေ။ ကိုမောင် မျက်လုံးကို မဖွင့်ရဲ ဖွင့်ရဲဖြင့် ဖွင့်ကြည့်လိုက်ရာ ဘေးတွင်လူတစ်ယောက်မှမရှိတော့။

သူလဲထူးဆန်းပြီး ဘေးဘယ်ညာသို့လိုက်ကြည့်မိသည်။ ကျန်သည့်ခရီးသည်များမှာ အိပ်သူကအိပ်နေသည်။ ကားနောက်ပိုင်းမှခရီးသည်အချို့က နိုးနေကြသည်ထင်သည်။ သူလိုက်ကြည့်ရင်း စပါယ်ယာကောင်လေးကို လှမ်းခေါ်လိုက်မိသည်။

"ညီ . . ညီလေး ဒီဘေးက ကောင်မလေးဘယ်ရောက်သွားလဲ"

စပါယ်ယာကောင်လေးက ထူးဆန်းပြီး ကားအနောက်ဘက်သို့တိုင် လျှောက်သွားကာ လိုက်ရှာနေမိသည်။

"ထူးဆန်းတယ်ဗျ၊ ဘယ်ရောက်သွားလဲမသိဘူး"

ကောင်းကင်တွင် ရောင်နီများသန်းလာပြီဖြစ်သည်။ ကားစပါယ်ယာနှင့် ဒရိုင်ဘာက ခေါင်းချင်းဆိုင်နေကြသည်။

"လမ်းမှာများဆင်းသွားတာလား"

"မဖြစ်နိုင်ဘူးဗျ၊ ညကားဆိုတော့ လမ်းမှာတစ်ချက်မှ မရပ်တော့ဘဲဆက်မောင်းလာတာအခုထိဘဲ"

"အေး၊ ဒါဆို ဒီကောင်မလေးနဲ့ ကလေးလေးဘယ်ရောက်သွားတာလဲ"

စပါယ်ယာကလေးက ခေါင်းကိုကုပ်နေသည်။

"ငါပြောတာနားထောင်၊ သူတို့သားအမိက သရဲတွေပဲ၊ ငါ့ကိုလဲခြောက်လှန့်ခံရတယ်"

စပါယ်ယာကလေးက ကားပေါ်မှပရိတ်တရားကို အသံကျယ်ပြီးဖွင့်လိုက်သည်။ မကြာခင် ရန်ကုန်ရောက်တော့မည်ဖြစ်သည်။ ကိုမောင်က ထိုခုံပေါ်သို့ခြေထောက်ပင်မတင်ရဲဘဲ သူ့အခြမ်းတွင်သာ ကပ်ပြီးထိုင်နေမိသည်။ စိတ်ထဲလဲ မသတီတော့ပေ။ နှုတ်မှတော့ ဘုရားစာများကို ဆက်ပြီးရွတ်ဆိုနေဆဲဖြစ်ပါသည်။

ရန်ကုန်ရောက်သည်အထိ ကိုမောင်အကြောက်မပြေသေးပေ။ သူတို့ကားစီးခရီးသည်များလဲ ထိုအကြောင်းကိုကြားသည့်အခါ အံ့သြနေကြသည်။ အချို့ခရီးသည်များက ကားရပ်ပြီး ထိုသားအမိကိုကားပေါ်တင်ချိန်တွင် သူတို့ကိုမမြင်ရဟုဆိုသည်။ စပါယ်ယာနှင့် ဒရိုင်ဘာစကားပြောသံများကိုသာ ကြားရသည်ဟုပြောကြသည်။ နောက်ပိုင်း ကိုမောင် ထိုရာထူးကိုဆက်မလုပ်လိုတော့။ ညှိနှိုင်းရခက်သဖြင့် ကုမ္မဏီမှထွက်လိုက်ပြီး လားရှိုးမြို့တစ်နေရာတွင် ဈေးဆိုင်ကလေးဖွင့်ကာ ရောင်းချနေတော့သည်။ ထိုကိစ္စဖြစ်ပြီး ခရီးဝေးမသွားဖြစ်သည်မှာ ယခုထိတိုင်ဖြစ်သည်ဟု ဆိုသည်။

ပြီးပါပြီ။

Keep Reading

ညဖြူဖြူ သူတော်စင်ရူး သူခိုးငရိုးမေတ္တာမဏ္ဍိုင်မျက်နှာကို တော်တော်တည် ထားသည်ပျင်းတာနဲ့ အချိန်ဆွဲတဲ့ အကျင့်ကို ဘယ်လိုဖျောက်မလဲ ရှန်ဂရီလာ"သည်မိုး"တစ်ကျွန်းစံ၏အပြန်လမ်းအကြီးအကဲ" စကားလက်ဆောင် ( ၁၀၀ )"အဆိပ်