Author's Profile Photo

ဆွေ (မန္တလေး)

5/03/2025

ရေစက်တွေ မကုန်သရွေ့

1 min read

စာအုပ်အထူးကြီးတွေကို ဖတ်ရတာ မကြိုက်ဘူး။ စာအုပ်ပါးပါးလေးမို့ အထင်သေးလို့မရတဲ့ စာအုပ်ကောင်းတစ်အုပ်ကို ညွှန်းပေးရမယ်ဆိုရင် ဒီစာအုပ်ကို ညွှန်းပေးပါရစေ။ 

စတင်တွေ့ဆုံပုံကနေ အဆုံးထိ ရေစက်မကုန်ရင် စုံကို စုံတွေ့ရတယ်ဆိုတာ သက်သေပြလိမ့်မယ်။ ပစ္စည်းတစ်ခုကို တန်ဖိုးထားသိမ်းဆည်းတတ်တဲ့ မိန်းမတစ်ယောက်ရဲ့ တန်ဖိုးထားမှုကို တွေ့ရလိမ့်မယ်။ လူငယ်တွေရဲ့ ရိုမန်တစ်ဆန်ဆန် အသည်းတယားယားနဲ့ သစ်ရွက်လှုပ်တဲ့ ချစ်ကြည်နူးတစ်တည်တူးတာကိုတော့ ဒီစာအုပ်ထဲမှာ တွေ့ရမှာမဟုတ်ဘူး။ 

တည်တည်ငြိမ်ငြိမ် နေရာတစ်ခုရောက်သွားပြီး အသက်တစ်ခုရနေတဲ့ လူနှစ်ဦးရဲ့ သဘောကျမှု၊ နှစ်သက်မှု၊ တည်ကြည်တဲ့ ခံစားမှု၊ လေးလေးနက်နက် သဘောကျတယ်ဆိုတာ ဘယ်လိုမျိုးလဲ။ သိက္ခာရှိရှိ လုပ်သင့်လုပ်ထိုက်တာကို လုပ်ပြီးမှ ချဥ်းကပ်တဲ့ အမူအရာတွေကို ဖတ်ရမှာပဲ ဖြစ်ပါတယ်။ 
ကိုယ် ချစ်နှစ်သက်တဲ့သူရဲ့ ကံမကောင်းရှာတဲ့ အတိတ်ဖြစ်ရပ်မှန် တစ်ခုကို သိလိုက်ရတာတောင် စိတ်ပျက်မသွားတဲ့ ဇာတ်ကောင်ကိုလည်း မြင်တွေ့ရပါလိမ့်မယ်။ 

စာအုပ်နာမည်

သူ့လိုမိန်းမ

စာရေးသူ

ဂျာနယ်ကျော်မမလေး

ဘယ်သူတွေဖတ်သင့်သလဲ
  • လူငယ်ဇာတ်လမ်းတွေ ဖတ်ရတာ ငြီးငွေ့လာတဲ့သူတွေ
  • မတူညီတဲ့ ဇာတ်လမ်းကို ဖတ်ချင်တဲ့သူတွေ 
  • စာအုပ်အထူကြီးတွေ ဖတ်ရတာမကြိုက်တဲ့သူတွေ
  • ဝတ္ထုကောင်းကောင်းတစ်အုပ်ကို အချိန်သိပ်မပေးပဲ ဖတ်ဖြစ်ချင်တဲ့သူတွေနဲ့ သင့်တော်ပါတယ်။


 အကြိုက်ဆုံး ဇာတ်ကောင်

 မမြတ်လေးပါ။ မမြတ်လေးလို ရဲရဲရင့်ရင့် ပြောရဲဆိုရဲ သွားရဲလာရဲ ဘယ်သူ့အပေါ်မှ အားမကိုးပဲ ရပ်တည်နိုင်တဲ့ မိန်းမမျိုးမို့ သဘောကျမိတယ်။ မိန်းကလေးဇာတ်ကောင် Character တွေထဲမှာ မမြတ်လေးလို Character မျိုး နောက်ထပ် ထပ်တွေ့ချင်မိတယ်။

Rating

8/10
 

ဖတ်သည့်ကာလ 

၂၉၊ ဇန်နဝါရီ၊ ၂၀၂၅ မှ ၂၈၊ ဖေဖော်ဝါရီ၊ ၂၀၂၅ အထိ။

Review ရေးသည့် ရက်စွဲ 

၆၊ မတ်လ၊ ၂၀၂၅။

Keep Reading