သျှန္နရီလွန်း
အခန်း ၂
Black Cat Card
ကြောင်နက်ကတ်
ဖုန်းပြောပြီးတော့ ကျွန်တော့်လက်ထဲက ပတ်တီးလိပ်ကို ဆွဲယူပြီး သူ့ဘာသာ ဖြည်နေပြန်တယ်။ ပတ်တီးတစ်စကို ပါးစပ်က ကိုက်၊ ပတ်တီးတစ်စကို လက်တစ်ဖက်က ဆွဲနဲ့ ဪ..အမြင်မတော်ပြန်ဘူး။ ခုနလေးတင် ကျွန်တော့်ကို ဆဲထားတဲ့
ဒီပေါက်ကျော်မကို ကျွန်တော် ကူညီရပြန်တယ်။
ခုလိုဆိုတော့လည်း ငြိမ်ခံနေသား။
ခုမှ သေချာကြည့်မိတယ်။ အိလက်မောင်းမှာ တက်တူးထိုးထားတာပဲ။ အဲ..ကြောင်ရုပ်ကလေးဟ။ လက်မောင်းပေါ်ကို တွားတက်နေသလို ပုံစံလေး။ ပခုံးဒဏ်ရာက အလျားရှည်တော့ ကြောင်ခေါင်းအထိ ရောက်နေတယ်။ သေချာကြည့်ရင် ကြောင်လေး ခေါင်းကွဲပြီး သွေးတွေ ဖြာကျနေသလိုပါပဲလား။
"ဟဲ့...ဘာတွေ ဒီလောက်တောင် စိုက်ကြည့်နေတာလဲ။ နင် မိန်းမလက်မောင်း မမြင်ဖူးဘူးလား?"
အိက မရိုးမရွ ဖြစ်လာသလို မေးတော့ ကျွန်တော် နည်းနည်းရှက်သွားတယ်။
"အာ..မ...မဟုတ်ပါဘူး။ ဒီမှာ
နင့်တက်တူးလေးက ထူးဆန်းလို့..."
"ဪ...အာ့လား။ အဲဒါ ကြောင်တက်လေ။
ဒီဘက်မှာ ကြောင်ဆင်း"
ဟုတ်တယ်ဟ။ နောက်လက်မောင်းတစ်ဖက်မှာကျ ကြောင်လေး ဇောက်ထိုးဆင်းနေတဲ့ပုံစံ
တက်တူးတစ်ခု။
"အခု ကြောင်တက်က ခေါင်းကွဲသွားလို့
ဆရာနဲ့ ပွဲပေးပြီးမှ သိဒ္ဓိပြန်တင်ရဦးမယ်"
"ဟေ"
အိပါးစပ်က သိဒ္ဓိတွေ မဟိဒ္ဓိတွေ
ထွက်လာတော့ ကျွန်တော် ပိုအံ့ဩရပြန်ပြီ။ အိ
ဒါတွေကို ဘယ်လိုတောင် သိတာလဲ။
"ဗျီး...ဗျီး..."
ကျွန်တော် နောက်တစ်ခု မေးမလို့ ရှိသေး။
အိဖုန်းက ထပ်တုန်လာပြန်တယ်။ ဒီကောင်ဟာ အနှောင့်ပဲဟ။
"အေး...ပျံလွှား နင် ရောက်ပြီလား။ ငါလာပြီ။ ခဏစောင့်"
အိက ဖုန်းကိုင်လျက်နဲ့ ထဖို့ပြင်တယ်။
"ဟဲ့..နေဦးလေ။ ဒီမှာ အနားသတ်ရဦးမယ်"
"ဟာ...နင့်ဟာက ကြာတယ်။ တော်ပြီ။
ဒီလောက်ဆို ရပြီ။ ဟိုမှာ ငါ့လူ ရောက်နေပြီ"
ပြောပြောဆိုဆိုနဲ့ အိ အပြေးတစ်ပိုင်း ထွက်သွားတယ်။ ဘာရယ်? ငါ့လူ ဟုတ်လား? ဒါဆို ငါက
ဘာလဲ? ဟယ်..မဟုတ်သေးပါဘူး။ ငါ ဘာတွေ လျှောက်တွေးနေ။
ကျွန်တော် အိမ်ရှေ့ခန်း ရောက်တော့
လူတစ်ယောက် အိမ်ထဲ ဝင်နေပြီ။ အိလိုပဲ
ဟူဒီအနက် ဘောင်းဘီအနက် mask အနက်နဲ့
All black တစ်ကောင်။ ထူးခြားတာက သူ့မျက်လုံးတွေ။ မီးရောင်မှိန်မှိန်အောက်မှာတောင်
တဖျတ်ဖျတ် တောက်နေသလား မှတ်ရတယ်။ ကြောင်မျက်ရွဲလိုပဲ။ ကျွန်တော်ကတော့ မကြိုက်ဘူး။ အထူးသဖြင့် ကျွန်တော့်ကို အဲ့လူ ကြည့်တဲ့ အကြည့်တွေကို မကြိုက်ဘူး။ စူးလွန်းအားကြီးတယ်။
"ပျံလွှားရေ...ခဏနော်။ ရေချိုးခန်းထဲမှာ ငါ့လက်စလက်နတွေ ရှင်းရဦးမှာမို့။ ၃ မိနစ်ပဲ စောင့်"
အိက အိမ်ထဲ ပြန်ဝင်သွားတယ်။ ကျွန်တော် လိုက်မသွားတော့ဘူး။ ကျွန်တော့် ဧည့်ခန်းထဲမှာ လူစိမ်းတစ်ယောက်ကို ဒီတိုင်း တစ်ယောက်တည်း မထားခဲ့ချင်ဘူးလေ။
"လာ..ညီလေး.. ဒီမှာ ခဏ ထိုင်စောင့်လေ"
ကျွန်တော် အိမ်ရှင်ပီသလိုက်တယ်။ ဧည့်သည်က ခေါင်းခါပြီး လက်ကာပြတယ်။ အသံမထွက်ဘူး။ ရင်ထဲတော့ အောင့်သက်သက် ဖြစ်သွားသလိုပဲ။
"OK... I'm here."
တော်သေးတယ်။ အိ ပြန်ရောက်တာ မြန်လို့။ မဟုတ်ရင် ကျွန်တော်နဲ့ အဲ့ကောင်နဲ့ ငြိတော့မယ်။
"ပျံလွှားရေ...ငါ့ကို အချိန်ခဏလောက် ထပ်ပေးပါလား။ ဒီမှာ ငါ့သူငယ်ချင်းက ငါတို့နဲ့ မကြုံဖူးသေးလို့ မှာစရာရှိတာတွေ မှာရအောင်လို့ပါ..."
ပျံလွှားဆိုတဲ့သူက ကျွန်တော့်ကို စိုက်ကြည့်နေပြန်တယ်။ ပြီးတော့ မျက်နှာလွှဲသွားတယ်။ အိဘက်ကို လက်သုံးချောင်း ထောင်ပြတယ်။
"အေးပါ...သုံးမိနစ်တည်းပါ။ မကြာပါဘူး။
လာ သူငယ်ချင်း..."
အိက ပြောပြောဆိုဆို ကျွန်တော့်ကို
လက်ဆွဲပြီး မီးဖိုခန်းဆီ ခေါ်သွားတယ်။ ကျွန်တော်လည်း ကြောင်တိကြောင်တောင်နဲ့ ပါသွားတာပေါ့။ အခန်းထဲ ရောက်တော့ အိက ကျွန်တော့ကို စာအိတ်လေးတစ်ခု ပေးတယ်။ ထုံးစံအတိုင်းပဲ။ အနက်ရောင်လေး။
"မနက်ကျရင် နင့်ဆီကို ငါ့အကြောင်းတွေ လာမေးကြလိမ့်မယ်။ နင် ဘယ်သူ့ကိုမှ မကြောက်နဲ့။ ဘာတစ်ခွန်းမှလည်း မပြောနဲ့။ "မိုးမြင့်"ဆိုတဲ့သူကို ရအောင်ရှာ။ နင်နဲ့ သူနဲ့ နှစ်ယောက်တည်းရှိတဲ့အချိန်ကျမှ ဒီစာအိတ်ကိုပေး။ မဟူရာက ပေးခိုင်းလိုက်တာလို့ ပြောပြီးပေး။ အာ့ဆို အားလုံး အဆင်ပြေသွားလိမ့်မယ်။ နင် ငါ ပြောတာတွေ မှတ်မိလား?"
"အေး"
"အာ့ဆို ပြန်ပြောပြ"
"အင်း...မနက်ကျ နင့်အကြောင်းတွေ လာမေးရင် ငါက ဘယ်သူ့ကိုမှ ပြောမပြရဘူး"
"အေး"
"မိုးမြင့် ဆိုတဲ့သူကို တွေ့မှ မဟူရာ ပေးခိုင်းလိုက်တာပါဆိုပြီး ဒီစာအိတ်ကို ပေးရမယ်"
"အေး"
"ဒါနဲ့ နေပါဦး...မိုးမြင့်ကို မတွေ့ရင်ရော"
"ဟာ...လျှာရှည်ပြန်ပြီ။ တွေ့မှာ စိတ်ချ။ နင်သာ ရအောင်ပေး"
"ဪ...အေးပါ"
"ဒါဆို ငါ သွားတော့မယ်။ ပြီးတော့ ခုညအတွက်လည်း ကျေးဇူးတင်တယ်နော်"
ပြောရင်းဆိုရင်း အိက ကျွန်တော့်ကို
ဆွဲဖက်လိုက်တယ်။ပြီးတော့ နားနားကပ်ပြီး
တိုးတိုးလေး ပြောတယ်။
"Long Live the Cats!" တဲ့
ကျွန်တော် ရုန်းမလို့ ပြင်တုန်းမှာပဲ အိက
ကျွန်တော့်ကို တွန်းထုတ်လိုက်ပြီး ချာခနဲ လှည့်ထွက်သွားတယ်။ ကျွန်တော် ယိုင်လဲမလို
ဖြစ်သွားတာကို ထိန်းပြီး အိနောက်ကို အပြေးလိုက်သွားမိတယ်။ မမီတော့ဘူး။ ကျွန်တော်
အိမ်ရှေ့ခန်းထဲ ရောက်တော့ ဘယ်သူမှ
ရှိမနေတော့ဘူး။ တံခါးမကြီးကလည်း
ပိတ်လျက်သား။
ကျွန်တော် မကျေနပ်လို့ အိမ်တံခါးကို တွန်းဖွင့်ပြီး တိုက်ခန်းအပြင် ထွက်ကြည့်တယ်။ ကော်ရစ်ဒါတစ်လျှောက်ဟာ တိတ်ဆိတ်လို့။ အပြင်ဝရန်တာ
ကနေ အောက်ကို ငုံ့ကြည့်မိတယ်။ ခွေးတစ်ကောင် ကြောင်တစ်မြီးမှ မရှိ။ အဲ...ဟုတ်ဖူးဟ။ ဟိုမှာ ကြောင်လေး။ ကွန်ဒိုအောက်က ရပ်ထားတဲ့
ကျွန်တော့်ကားပေါ်မှာ
ကြောင်အနက်လေးတစ်ကောင်...ကျွန်တော့်ကိုမော့ကြည့်နေတယ်။ သူ့မျက်လုံးက ခုန
ပျံလွှားလိုပဲ တဖိတ်ဖိတ်တောက်လို့။
ကျွန်တော် ကျောထဲ စိမ့်လာလို့ ကြောင်လေးကို ဆက်မကြည့်ရဲတော့ဘဲ အထဲ ပြန်ဝင်လာခဲ့တယ်။ ဘာလဲ? ငါ သရဲခြောက် ခံရတာလား? လက်ထဲမှာ ကိုင်လျက်သားရှိဆဲ စာအိတ်အနက်လေးကို ကျွန်တော် ငုံ့ကြည့်မိတယ်။ မဟုတ်ဘူး။ ဒါ အိပ်မက် မဟုတ်ဘူး။ ကျွန်တော် စာအိတ်ကို ဖွင့်ကြည့်လိုက်တယ်။ အထဲမှာ တားရော့ကတ်လို
ကတ်လေးတစ်ကတ်....
တစ်ဖက်မှာက မျက်လုံးစိမ်းနဲ့
ကြောင်နက်လေး🐈⬛
တစ်ဖက်မှာက မျက်လုံးဝါနဲ့ ယုန်ဖြူလေး🐰
#ကြောင်နက်ဂိုဏ်း
Keep Reading