Author's Profile Photo

ညဉ့်ယံထက်[ Nyint Yan Htet ]

1/03/2025

*ပစ်တိုင်းထောင်* အပိုင်း ( ၁၃ )

10 mins read
Novel
Fiction
Entertainment
*ပစ်တိုင်းထောင်*
အပိုင်း ( ၁၃ )'s photo

မျက်စိရှေ့မှာတင် မြေမှုန်တွေဖုန်းလွှမ်းသွားခဲ့ပြီဖြစ်တဲ့ အညိုရောင်သစ်သားအခေါင်း။ ထို‌မြေမှုန်တွေရဲ့အောက်ကအခေါင်းထဲမှာရှိနေတဲ့ မေကြီးရဲ့ခန္ဓာကိုယ်...

အချိန်ခနအကြာမှာပဲ အားလုံးကိုဖုံးလွှမ်းသွားပြီဖြစ်တဲ့ မို့မောက်နေ‌သည့်မြေပုံကိုကြည့်နေရင်း ပါးပြင်ပေါ်ကစီးကျလာတဲ့မျက်ရည်တို့ကို နန်းစံ ဥပက္ခာပြုထားလိုက်တယ်။ ဒီနေ့၊ဒီနေရာ၊ဒီအချိန်ကစပြီး မေကြီးကိုသူပြန်တွေ့ရတော့မှာမဟုတ်ဘူး။ မေကြီးသူ့ဆီက အပြီးတိုင်ထွက်သွားခဲ့ပြီ။ အရင်လို သူ့ကိုဆူတာ၊ ငေါက်တာမျိုး မရှိတော့ဘူး။ အရင်လိုလည်း ထမင်းအတူတူစားပေးနိုင်တော့မှာမဟုတ်ဘူး။ မုန့်ရောင်းပြီးပြန်လာတဲ့အခါ မေကြီးလို့သူအော်ခေါ်တိုင်း မပီမသပြန်ဖြေတဲ့ အသံကို ကြားနိုင်တော့မှာ မဟုတ်ဘူး....

"နန်းစံ..."

နန်းစံ ကြီးကြီးသတိပေးတာနဲ့ ကြီးကြီးတို့နဲ့အတူ မေကြီးရှိနေတဲ့မြေပုံနား ဖိနပ်ချွတ်ပြီး ထိုင်ချကာ မေကြီးကို သုံးကြိမ်တိုင်တိုင်ကန်တော့ရင်း နောက်ဆုံးအနေနဲ့ နှုတ်ဆက်လိုက်တယ်....

မေကြီးကိုနှုတ်ဆက်ရတာ မလွယ်ကူဘူး။ နန်းစံ ဦးတစ်ခါချလိုက်တဲ့အခါတိုင်း မေကြီး သူ့ဘဝကနေ အပြီးတိုင်ထွက်သွားပြီဆိုတာကို ပိုသဘောပေါက်လာပြီး ရင်ဘက်ကြီးတစ်ခုလုံး လေးလံလာတယ်။ ပျော်ရွှင်မှု၊ ဝမ်းနည်းမှု၊ နွေးထွေးမှုတွေအပြင် ပီတိဖြစ်တယ်၊ ဂုဏ်ယူတယ်၊ စိတ်ဆိုးတယ် ၊ စိတ်ကောက်တယ်ဆိုတဲ့ ခံစားချက်ပေါင်းစုံကို သူမွေးစကတည်းက အေးအတူ ပူအမျှခံစားပေးခဲ့တဲ့မေကြီး။ ခုတော့ သူ့ကိုထားကာ ထွက်သွားခဲ့ပြီ။ အတူတူရယ်မောခဲ့တဲ့ အချိန်တွေ၊ အတူတူ ငိုကြွေးခဲ့တဲ့အချိန်တွေ အားလုံးကို သူ့တစ်သက်မေ့နိုင်မှာမဟုတ်ဘူး။ နှလုံးသားထဲမှာ သံမှိုရိုက်ထားသလို စွဲစွဲမြဲမြဲမှတ်မိနေမှာ...

ခုဆို အရင်လို နန်းစံကိုရိုက်မယ့် ဘကြီးလည်းမရှိတော့သလို၊ ဘကြီးရိုက်တဲ့အခါတိုင်း မားမားမတ်မတ်ကာကွယ်ရပ်တည်ပေးခဲ့တဲ့မေကြီးလည်း နန်းစံနားမရှိတော့ဘူးဆိုတာ တွေးမိရင်း...

နောက်ဆုံးအကြိမ် မေကြီးရှိနေတဲ့မြေပုံကိုဦးချလိုက်ကာ မေကြီးအားနှုတ်ဆက်လိုက်တော့တယ်...

"နန်းစံ နှုတ်ဆက်ပါတယ် မေကြီး။ နောက်စံတင်းမနေဘဲ ကောင်းရာမွန်ရာကို စိတ်ဖြောင့်ဖြောင့်‌နဲ့သာ သွားပါ..."

__________

"နန်းစံ ဖွားရင်နဲ့နေပါရစေ သူကြီး..."

"နန်းစံ ကြီးကြီးတို့အိမ်မှာမနေဘူးလား..."

နန်းစံ သူ့ကိုအံ့ဩတကြီးမေးနေတဲ့ ကြီးကြီးကိုအားနာပေမယ့် ရက်လည်ပြီးတဲ့အခါ သူတစ်ယောက်ယောက်အိမ်မှာနေမှဖြစ်မယ်ဆိုရင် ဖွားရင်အိမ်မှာပဲနေချင်တယ်။ ကြီးကြီးက သူ့အပေါ်အရင်ထက်ပိုကောင်းပြီး ဆက်ဆံလာနိုင်ပေမယ့်လည်း သူ့အတွက်နေရထိုင်ရခက်မှာတော့ အသေချာပဲ။ နန်းစံ ခုလိုအချိန်မှာ သူများမျက်နှာ ကြည့်ပြီးမနေချင်ဘူး။ နေနိုင်မှာလည်း မဟုတ်ဘူး။ စိတ်ရော၊လူရော ဘယ်လောက်ထိ ပင်ပန်းနေသလဲဆိုတာ နန်းစံကိုယ် နန်းစံပဲသိတယ်...

"ကလေးကို ဖိအားမပေးနဲ့မိဘုတ်...သူဆုံးဖြတ်ချက်အတိုင်း လိုက်ရောပေးလိုက်ပါ..."

"ဟုတ်ကဲ့ သူကြီး..."

"ဒေါ်ရင်အေးရော နန်းစံနဲ့နေလို့အဆင်ပြေမလား..."

ဒေါ်ရင်အေး သူကြီးရဲ့မေးခွန်းကိုကြားတာနဲ့ ချက်ချင်းဆိုသလို...

"နန်းစံဆိုတာ ကျုပ်လက်ပေါ်ကြီးလာတာပါတော်။ ဘာအဆင်မပြေစရာရှိလဲ။ ကျုပ်အိမ်မှာဆို သူ့ဟာသူဘယ်လိုနေနေ ဘယ်သူ့မျက်နှာမှကြည့်စရာမလိုဘူး။ ကျုပ်လည်း နန်းစံကို ကျုပ်နဲ့ပဲအတူနေစေချင်တာ..."

ဦးငွေပေါ ဒေါ်ရင်အေးရဲ့စကားကို ငြင်းဖွယ်မရှိပါဘူး...

"ဒါဆို...နန်းစံ ဒေါ်ရင်အေးနဲ့နေလိမ့်မယ်။ အားလုံးပြန်လို့ရပါပြီ။ နန်းစံ...ဒေါ်ရင်အေး...ခနလောက်စကားပြောစရာရှိလို့နေခဲ့ပါဦး။ သန်းဟိန်းနဲ့ ဘုတ်ဆုံမ ညည်းတို့လည်းနေဦး..."

ဦးသန်းဟိန်း ထပြန်လို့ရပြီဆိုတာကြောင့် ထပြန်ဖို့ပြင်လိုက်ပေမယ့် သူကြီးက သူတို့ချည်းနေခဲ့ပါဦးလို့ပြောလိုက်တာကြောင့် စိတ်ထဲထိတ်ကနဲဖြစ်သွားတော့တယ်။ အကယ်၍ ကိုယ်ဝန်ကိစ္စသာဆိုရင်...

ဦးငွေပေါ အခြားရွာသူရွာသားတွေပြန်သွားတာနဲ့ မိန်းမဖြစ်သူဒေါ်ရင်လှကို နန်စံအား စစ်မေးဖို့အတွက် အချက်ပြလိုက်တယ်...

"နန်းစံ...ဒီမှာ အပြင်လူဘယ်သူမှမရှိဘူး။ အဖွားတို့ပဲရှိတယ်။ သမီးဘယ်သူ့ကိုမှကြောက်စရာမလိုဘူး။ အဲ့တာကြောင့် သမီးကိုစော်ကားတဲ့သူက ဘယ်သူလဲဆိုတာ အဖွားတို့ကိုပြောလို့ရတယ်။ အဲ့ကြမှ ထိုက်သင့်တဲ့အပြစ်ကို..."

"နန်းစံ အစော်ကားခံရတာ မဟုတ်ဘူးလို့ ဘယ်နှစ်ခေါက်ပြောရမှာလဲ..."

"ဒါဆိုလည်း သမီးချစ်သူကဘယ်သူလည်း အဖွားတို့ကိုပြောလေကွယ်...အဲ့ကြမှ အဖွားတို့ကသေချာ ဆုံးဖြတ်ပေးလို့ရမှာပေါ့။ သင့်တော်ရင်တော့ လက်ထပ်ပေးမှာပေါ့ကွယ်..."

ဦးသန်းဟိန်း ဖွားရင်လှရဲ့စကားကြောင့် ရင်ထဲထိတ်သွားတော့တယ်။ လက်ထပ်ပေးမယ်ဆိုရင် နန်းစံက ဖွင့်ပြောလိုက်နိုင်တယ်မလား။ ဒါဆို အာကာမောင်ကရော...

"မသိဘူး..."

"ဟဲ့ မသိလို့ရမလား! ညည်းနဲ့ဖြစ်တာ ညည်းမသိရအောင် ....ကျုပ်ပြောရင် အစွန်းထိရောက်တော့မယ် မိနန်းရယ်။ ညည်းဆေးများမိထားသလားအေ..."

"ကဲ မရင်အေး မဆူပါနဲ့တော့တော်။ ကလေးကို ချော့မော့မေးပါ။ သူကြုံထားရတာတွေကများတော့ သူ မပြောချင်လို့နေမှာပါ..."

"နန်းစံ!..."

မိဘုတ် ဖျက်ကနဲခေါင်းထဲရောက်လာတဲ့ အတွေးတစ်ခုကြောင့် အလန့်တကြားပဲ နန်းစံကိုကြည့်မိတယ်...

"ညည်းမဟုတ်မှလွဲ အိမ်ထောင်ရှိယောက်ျားနဲ့များ..."

"မဟုတ်ဘူး! အဲ့လို လုံးဝမဟုတ်ဘူးနော်..."

နန်းစံ အလန့်တကြားပဲ ငြင်းဆန်လိုက်တယ်။ အရင်ကတည်းက လူတကာက ရှုံ့ချချင်နေပါတယ်ဆို ခုလိုသာထင်ကုန်ကြရင်ဖြင့်...

"ဒါဆို ဘယ်သူလဲဆိုတာ ညည်းပြောပါလား မိနန်းရယ်...သူကြီတို့လင်မယားကလည်း ညည်း‌ပြောပြလို့ သင့်တော်တဲ့သူဆိုရင် လက်ထပ်ပေးမယ်လို့ပြောပြီးပြီလေ..."

‌နန်းစံဖွားရင်ရဲ့စကားကြောင့် မျက်ရည်တို့က ဝဲတက်လာတော့တယ်။ သူပြောချင်တာပေါ့။ ပြောလိုက်ပြီးမှ တစ်ခုခုသာ လွဲချော်သွားခဲ့ရင်...

"နန်းစံ အဆင်သင့်ဖြစ်တဲ့အခါ ပြောပါ့မယ် သူကြီး။ နန်းစံကို ဖိအားထပ်မပေးပါနဲ့..."

"ရတယ် သမီးလေး။ အဖိုးတို့သမီးကို နားလည်ပေးနိုင်လို့ ဖိအားထပ်မပေးတော့ဘူး။ ဒါပေမယ့် ဒေါ်တုတ် ရက်လည်ပြီးလို့မှ သမီး‌မပြောသေးရင်တော့ အဖိုးတို့ ရဲခေါ်ရလိမ့်မယ်သမီး..."

နန်းစံ သူကြီးရဲ့စကားကြောင့် တစ်ကိုယ်လုံးကြက်သီးမွှေးညှင်းထသွားတော့တယ်။ မဖြစ်ဘူး။ အဲ့လိုသာ ခေါ်လိုက်ရင် အကိုဒုက္ခအကြီးအကျယ်ရောက်ရမှာ...

"နန်းစံ ရက်လည်ပြီးရင် ပြောပါ့မယ်..."

နန်းစံ သူ့ရဲ့စကားကို သိပ်သဘောကျပုံမပေါ်တဲ့ လူကြီးတွေရဲ့အမူအရာကိုသတိထားမိပေမယ့် နန်းစံ အကို့ကိုဒုက္ခမရောက်စေချင်ဘူး။ သူ့မှာ အခုဆို အကိုပဲကျန်တော့တာ။ သူသာ အကို့အကြောင်းဖုံးထားပေးမယ်ဆို နောက်ကျအကိုနဲ့သူ အေးအေးချမ်းချမ်းလက်ထပ်နိုင်မှာ။ အဲ့လိုမဟုတ်ဘဲ သူသာဖွင့်ပြောလိုက်ရင် အကို့ကိုဟိုဆရာဝန်ပြောသလိုထောင်ထဲထည့်ကြမှာ...

'နန်းစံမှာ အကိုပဲရှိတော့တာမို့ အကို့ကို နန်းစံတက်နိုင်သလောက်ကာကွယ်ပေးမယ်အကို...အကိုကသာ နန်းစံကို မထားခဲ့ပါနဲ့ အကိုရယ်...'

__________

"ဦးလေး..."

ဦးသန်းဟိန်း အိမ်ပေါ်ခြေချခါစရှိသေး ချက်ချင်းအနားကိုရောက်လာတဲ့ အာကာမောင်ကြောင့် ဦးသန်းဟိန်း စိတ်ပျက်မိတယ်...

"ဦးလေး...သူတို့ နန်းစံကို မေးကြသေးလား..."

"သူ မင်းအကြောင်းမပြောဘူး..."

အာကာမောင် ဦးလေးသန်းဟိန်း‌ရဲ့စကားကြားမှပဲ သက်ပြင်းချနိုင်တော့တယ်။ ဒီရွာမှာသာ နေနေရတာ အစားစားတာကစ ကျီးလန့်စာစားနေရသလိုပဲ။ ခုဆို ဒီအိမ်မှာ သူနေနေရသေးပေး‌မယ့် သူ့ကို‌မကောင်းတတ်လို့သာ ထမင်းကျွေးနေရတဲ့ပုံနဲ့ ဆက်ဆံနေကြတာ။ သူ့မာမီဆီ အကူအညီတာင်းတုန်းက မျက်နှာတွေနဲ့ တစ်ခြားစီပဲ။ ခုလောက်လေးတောင် ဒီလောက်ထိ အပိုတွေ ပြုမူနေကြတာ။ သူဒီရွာကို လာရတဲ့အကြောင်းအရင်းကိုသာ သိရင်...

"မင်း ရက်လည်တဲ့နေ့ ပြန်ဖို့ပြင်ထား။ အဲ့နေ့ကြ နန်းစံက သူ့ချစ်သူဘယ်သူဆိုတာပြောမယ်တဲ့..."

"ဒါဆို စောစောပြန်ရင်ရော..."

"အဲ့လိုကြလည်း မင်းကြောက်တတ်သားပဲ။ ခုချိန်ပြန်လို့ကတော့ မင်းရဲ့ဖူး ယောင်နေတဲ့မျက်နှာနဲ့တင် မင်းမှန်းတစ်ရွာလုံးရိပ်မိလိမ့်မယ်။ ရက်လည်နေ့ကြရင်တော့ တစ်ရွာလုံးနီးပါး နန်းစံတို့ခြံဆီသွားကြမှာ။ အဲ့အချိန် ထွက်သွားရင် သူတို့သိလိုက်မှာမဟုတ်ဘူး။ ခုချိန်ဆိုလို့ကတော့ ရွာထိပ်မှာတင် မသင်္ကာလို့ဆိုပြီး ဆွဲခေါ်လာတာခံရမှာပဲ...."

‌အာကာမောင် ဦးသန်းဟိန်းရဲ့စကားကြောင့် အတော်လေးလန့်မိတယ်။ ဦးသန်းဟိန်းပြောတာလည်းမှန်တာပဲ။ သူ့မျက်နှာတစ်ခုလုံးက ဖူးယောင်နေသေးတယ်။ ရက်လည်နေ့လောက်ဆိုရင်တော့ သူသက်သာလောက်ပြီ...

"အဖေ...အဆင်ပြေရဲ့လား..."

အာကာမောင် ရုတ်တရက် အိမ်နောက်ဖေးကထွက်လာတဲ့ ပြည့်စုံနားမှာပဲ ကပ်နေလိုက်တယ်။ သူတို့ဘာတွေထပ်ပြောမလဲဆိုတာ ကြားချင်သေးတယ်။ ‌အခြားသူတွေက သူ့ကိုခါးခါးသီးသီးဖြစ်နေရင်တောင် ပြည့်စုံဆိုတဲ့ကောင်ကသူ့အပေါ် ဆိုးဆိုးရွားရွားဆက်ဆံမှာမဟုတ်ဘူး။ ပြည့်စုံက မိန်းမသာရတာ အရင်ကတည်းက လူကြီးအထာကိုင်တတ်တဲ့ ငပျော့။ သူက သူများကိုသာမုန်းမယ်။ သူ့ကိုယ်သူတော့ အမုန်းခံမယ့်ကောင်မျိုးမဟုတ်ဘူး။ အဲ့တာကြောင့် ဒီလိုအချိန် သူ့နားကပ်နေတာက ကိုယ့်အတွက် အလုံခြုံဆုံးနဲ့ သတင်းအလွယ်တကူအရနိုင်ဆုံးပဲ....

"ပြေပါတယ် သားရယ်။ နန်းစံကတော့ ခေါင်းမာနေတုန်း..."

"နန်းစံလည်း သနားပါတယ် အဖေရယ်။ ကျွန်တော် သူ့အကြောင်းတွေးမိတိုင်း တကယ်စိတ်မကောင်းဘူး..."

"အဖေတို့ကသာ စိတ်မကောင်းဖြစ်နေတာ။ အာကာမောင်ပုံကြည့်ရတာတော့ အားနာပုံတောင် မပေါ်ဘူး..."

"အဖေ..."

ပြည့်စုံ အာကာ့ကိုရှေ့ထားကာ ပေါ်တင်ကြီးပြောနေတဲ့ အဖေ့ကြောင့် ဆက်မပြောဖို့သတိပေးလိုက်တယ်...

"‌အဖေအမှန်ပြောတာပဲ သား။ အကြွေးတွေ၊ ငွေလိုနေတာတွေကိုသာ ထည့်မတွက်ရင် မင်းကို ငါကိုယ်တိုင်သူကြီးဆီသွားပို့တယ်..."

ဒုန်း!

သူ့ကို‌ဟောက်လား၊ ဟမ်းလားလုပ်ပြီး သစ်သား ပက်လက်ကုလားထိုင်ပေါ်ကနေ ဒုန်းကနဲမြည်အောင် ဆောင့်အောင့်ထထွက်သွားတဲ့ ဦးလေးသန်းဟိန်းကြောင့် အာကာမဲ့မိတယ်။ လေသာကျယ်နေတာ၊ သူကိုယ်တိုင်တောင်အဖြစ်မရှိလို့ မုဆိုးမမာမီ့ဆီကနေ ‌‌အကြွေးတွေယူပြီး အကြွေးလည်နစ်နေတဲ့အဖိုးကြီး...

"အာကာမောင်...မင်းအခန်းထဲမှာသာ မင်းနေစမ်းပါ..."

"ငါအခန်းထဲမှာချည်း အောင်းမနေနိုင်ဘူး..."

"မင်းမရှက်တက်တာလား။ အသိစိတ်မရှိတာလား။ မင်းလုပ်ရပ်က..."

"စာလာတယ်!!!! စာလာတယ်!!!"

ပြည့်စုံ အာကာ့ကိုပြောနေတုန်းရှိသေး ရုတ်တရက် ခြံရှေ့ကအော်သံကြားတာကြောင့် အမြန်ပဲဆင်းကာစာအိတ်ကိုသွားယူဖို့လုပ်လိုက်တယ်။ အာကာမောင်ရဲ့မျက်နှာကတော့ ခုထိရောင်နေတုန်းမို့ အိမ်အောက်လုံးဝမဆင်းခိုင်းသေးဘူး။ အမေ့ကိုတောင် သူတို့ရန်ဖြစ်တာသိမှာဆိုးလို့ အဖေက အဖွားရဲ့ ရက်လည်မပြီးမချင်း အဖွားအိမ်မှာပဲ ကူတဲ့သူတွေနဲ့အတူအိပ်ဆိုပြီးပြောထားတာ။ အမေသာသိရင် တစ်ရွာလုံးသိသွားမှာလေ...

"စာအိတ်..."

ပြည့်စုံ စာပို့သမားဆီကနေ စာအိတ်ကိုယူလိုက်တယ်...

"ရော့...ငွေလည်းပါတယ်..."

ပြည့်စုံ စာအိတ်ကိုဖတ်ကြည့်မလို့ရှိသေး။ ငွေထုတ်ပါထပ်ပါနေတယ်ဆို‌တာကြောင့် ဘယ်သူဆိုတာ သိလိုက်ပါပြီ...

"အန်တီ..."

ပြည့်စုံ စာအိတ်ကိုဖွင့်ဖတ်လိုက်တယ်။ ရေးထားတာက...

'ပြည့်စုံမောင် သို့...

အန်တီအာကာ့ရဲ့ ‌မာမီပါ။ အာကာ အမှား‌တွေလုပ်မိတယ်ဆိုတာ အန်တီသိထားတယ်။ ဒါပေမယ့်လည်း အန်တီ့မျက်နှာထောက်ပြီး သားကိုသေချာစောင့်ရှောက်ပေးပါ။ စာအိတ်နဲ့အတူ ငွေငါးသိန်းထည့်ပေးလိုက်တယ်။ အန်တီ့ဆန်ဆိုင်မှာ သားပြန်သွားပြီမကြာသေးခင်ကပဲ ငွေအလွဲအချော်လေးရှိနေတယ်။ ဒါပေမယ့် စိတ်မပူပါနဲ့ အန်တီ့သားကိုသာ ဂရုစိုက်ပေးပါ။ အန်တီ့သားလေးအပေါ်မေတ္တာမပျက်သရွေ့ အန်တီကလည်း သားအပေါ်မေတ္တာရှိနေမှာပါ။ အာကာ့ကိုလည်း အန်တီကသတိရတယ်။အန်တီ့ဆီ ဖုန်းဆက်ဦးလို့ပြောလိုက်ပါ...

ဒေါ်တင်တင်သန်း...'

ပြည့်စုံ စာဖတ်ပြီးတာနဲ့ ထိုစာရွက်ကိုလုံးချေပစ်လိုက်ပြီး နောက်လက်တစ်ဖက်က ငွေထုပ်ကိုလည်း စိုက်ကြည့်နေမိတယ်။ ဒီတစ်ခါသူ့ကို ငွေနဲ့ဆွယ်ရုံမဟုတ်ဘဲ ခြိမ်းခြောက်နေပြီပေါ့....

"လိုက်လည်းလိုက်တဲ့ သားအမိတွေ..."

__________

မျက်နှာပေါ် တဖြူးဖြူးတိုက်ခတ်နေတဲ့ လေပြေတွေက အရင်ကလိုအေးချမ်းမှုကို ပေးနိုင်လိမ့်မယ်လို့ထင်ခဲ့ပေမယ့် ခုတော့ ထင်ထားသလိုဖြစ်‌မ‌နေခဲ့ဘူး...

အိမ်ရှေ့မှာ တရိပ်ရိပ်နဲ့ သတင်းမေးလာတယ်ဆိုပြီးချောင်းမြောင်းနေကြတဲ့ ရွာထဲကလူတွေကြောင့် နန်းစံ စိတ်အိုက်တယ်။ ဘယ်လိုမှ နေလို့ထိုင်လို့အဆင်ပြေမနေဘူး။ အဲ့တာကြောင့်လည်း အိမ်နောက်ဘက်မှာ လေကောင်းလေသန့်ရလိုရငြား ငုတ်တုတ်လာထိုင်နေပေမယ့် လေပြေလေညှင်းတွေက အရင်လိုအေးချမ်းမနေဘူးရယ်...

"ရော့...ထမင်းစား..."

နန်းစံ ငူငိုင်နေတုန်းရှိသေး ထမင်းပန်းကန်ကြီးထိုးပေးလာတဲ့ ကိုထူးကြောင့် နန်းစံခေါင်းသာခါပြလိုက်တယ်...

"စားစမ်းပါ။ နင်မနက်က မနက်စာမစားဘူးဆို..."

"မစားချင်ပါဘူး ကိုထူးရယ်...စားလည်း မျိုကျမှာမှမဟုတ်တာ..."

"မျိုမကျလည်း ဝင်အောင်စားရမှာပဲ။ နင်မစားရင် အိပ်ရာထဲလဲသွားလိမ့်မယ်။ ဆေးရုံက ဆေးတွေရော သောက်ပြီးပြီလား..."

"အွန်း မနက်ကတော့သောက်ထားတာပဲ..."

ငထူး မှိုင်ထွေနေတဲ့နန်းစံကိုကြည့်ပြီး အတော်ကိုသနားမိတယ်။ သူ့ကိုယ်သူလည်း စိတ်မလုံဘူး။ ပြန်တွေးကြည့်တဲ့အခါတိုင်း ဒေါသကထွက်သလို အကုန်လည်း ထုတ်ပြောလိုက်ချင်မိတယ်။ ဒါပေမယ့် အဲ့နေ့က...

[ "မင်း နန်းစံကိုတာဝန်ယူမှရမယ် အာကာမောင်! မင်းကို ပြည့်စုံမျက်နှာထောက်ပြီး ထောင်ထဲမထည့်တာပဲ ကျေးဇူးတင်ဦး!"

"ကျွန်တော် လက်ထပ်လို့မရဘူး..."

"ဘာကွ!"

"မင်း!! ဖယ်ဗျာ!"

"ငထူး! တိတ်တိတ်နေစမ်း! ငါလူကြီးတစ်ယောက်အနေနဲ့ ဒီကိစ္စကိုဖြေရှင်းမယ်....ငါ့တူအာကာ...မင်းလက်မထပ်ရင်တော့ တစ်နည်းပဲရှိတယ်။ မင်းထောင်ထဲသာသွားတော့..."

"ထောင်ထဲသွားရအောင် ကျွန်တော် သူ့ကို စော်ကားတာမဟုတ်ဘူး...."

"အာကာမောင်...မင်းအတော် လက်ပေါက်ကပ်တာပဲ။ သူနဲ့နှစ်ဦးသဘောတူဆိုရင်တောင် သူ့အသက်က..."

"ကျွန်တော် ထောင်ထဲသွားရရင် ဦးလေးတို့မိသားစုပါ ဒုက္ခရောက်မှာ..."

"ဘာ..."

"စဉ်းစားကြည့်လေ...ကျွန်တော်သာ ထောင်ထဲသွားရရင် ဦးလေးပန်းထိမ်ဖိုအတွက် ချေးထားတဲ့ကျွန်တော့်မာမီရဲ့ငွေတွေ၊ပြီးတော့ ပြည့်စုံလုပ်နေတဲ့ အလုပ်...တစ်ခုမှ ကျွန်တော့်မာမီရဲ့လောင်းရိပ်အောက်က မလွတ်ဘူး‌။ ရီရီလည်း ကလေးမွေးတော့မယ်။ ငထူးကလည်း ကျောင်းတက်ရတော့မယ်..."

"ကျုပ် ကျောင်းမတက်ဘူးဗျာ!"

"ငထူး! ဝင်မပြောနဲ့။...အာကာ‌မောင် မင်း ဦးလေးတို့အိမ်ပေါ်တက်ပြီး ဦးလေးတို့မိသားစုကို စော်ကားနေတာလား။ ခြိမ်းခြောက်နေတာလား။..."

"မစော်ကားပါဘူး ဦးလေး။ ခြိမ်းခြောက်နေတာလည်း မဟုတ်ဘူး။ ဒါပေမယ့် ဦးလေးတို့မှာလည်း ရွေးချယ်စရာသိပ်မရှိဘူးဆိုတာ သိထားစေချင်တယ်။ ကျွန်တော်ကတော့ နန်းစံကိုလက်ထပ်မှာမဟုတ်ဘူး။ အဲ့တော့ အကယ်၍ ကျွန်တော်ဒီရွာကထွက်သွားဖို့ ကူညီပေးရင် ဦးလေးတို့အကြွေးဆပ်စရာမလိုတော့တဲ့အပြင် မာမီ့ဆီက ငွေပါထပ်တောင်းပေးမယ်..."

"မင်းအရမ်းရိုင်းလွန်းတယ် အာကာမောင်! "

"ရိုင်းတာမဟုတ်ရပါဘူး။ အကယ်၍ ကျွန်တော်မလွတ်ရင်တော့ ထောင်ထဲမှာ အန်ကယ်နဲ့အတူ ပြန်တွေ့ကြမှာပေါ့..."

"မင်း!"

အဲ့အချိန်က ‌အဖေ့ရဲ့နာကျင်နေတဲ့ မျက်လုံးတွေ။ ချောင်ပိတ်ခံနေရတဲ့ မျက်လုံးတွေ..." ]

"ကိုထူး...ကိုထူး...ကိုထူး!!!"

"ဟမ်..."

ပျံ့လွင့်နေတဲ့အာရုံတွေကို ရုတ်ချည်းပျောက်ကွယ်သွားစေတဲ့ နန်းစံရဲ့ခေါ်သံ...

"ဘာတွေတွေးနေတာလဲ။ ထမင်းတွေ မှောက်ကုန်ပြီ!"

"ဟမ်! ဟာ...ဟုတ်သားပဲ..."

ငထူး အတွေးလွန်ရင်း လက်ထဲမှာကိုင်ထားတဲ့ပန်းကန်ကို သတိလက်လွတ်ဖြစ်သွားခဲ့တာ။ ခုတော့ သတိလွတ်ရင်း ပန်းကန်ကဘေးစောင်းသွားပြီး ထမင်းအချို့မြေပေါ်ပြုတ်ကျကုန်ပြီ...

"ဖယ်ပါ ကိုထူးရယ်...ကိုယ့်ဟာကိုပဲ ကောက်ပါ့မယ်..."

နန်းစံ ကိုယ့်ထက်တောင်ငိုင်နေတဲ့ ကိုထူးကို စိတ်မရှည်တာကြောင့် ဘေးဘက်တွန်းကာ အနီးနားက သစ်ရွက်ခြောက်တစ်ရွက်ကောက်လိုက်ပြီး ပြုတ်ကျနေတဲ့ထမင်းတွေကို ကောက်ထည့်လိုက်တယ်...

ဝါကျင်ကျင် သစ်ရွက်ခြောက်ထဲ မြေမှုန့်လူးနေတဲ့ထမင်းအချို့ကိုကောက်ထည့်နေတုန်း မျက်လုံးထဲဝင်လာတဲ့ပုံရိပ်အချို့...

ခပ်ညစ်ညစ်ဖြစ်နေတဲ့ ထမင်းဖြူတွေက အရင်ကအကိုနဲ့အတူကောက်ခဲ့ဖူးတဲ့ ခရေပန်းတွေအလား...

အကို...ဟုတ်တယ်။ သူ့အကို့ကို ဆေးရုံကပြန်လာပြီးကတည်းက မတွေ့တော့တာ။ သူ့မှာ အချိန်ကရှိတော့တာမဟုတ်ဘူး။ ရက်သာလည်ပြီးရင် သူကြီးကိုအကို့အကြောင်းဖွင့်ပြောရတော့မှာ။ နန်းစံ အကိုနဲ့တိုင်ပင်မှဖြစ်မယ်...

"ကိုထူး..."

"ဘာလဲ ငါကူကောက်ပေးရမလား။ ကုန်းကုန်းကွကွမလုပ်ရဘူးထင်တယ်။ ဗိုက်ပြန်နာတာလား။ ငါကူ..."

"ဘာမှမဖြစ်ပါဘူး။ ဒီတိုင်း ကိုအာကာကို မမြင်လို့မေးတာပါ..."

ငထူး နန်းစံရဲ့အ‌မေးကြောင့် ဒေါသလည်းထောင်းကနဲထွက်လာသလို ဘာမှလည်းမဖြေချင်တာမို့ လက်ထဲကထမင်းပန်းကန်ကိုသာ ‌လက်တစ်ကမ်းအလိုကကျောက်စည်ဘောင်ပေါ်လှမ်းတင်လိုက်တယ်...

"ကိုထူး...နန်းစံမေးတာကြားရဲ့လား...နန်းစံပြန်လာပြီးကတည်းက အကို...ကိုအာကာကို မတွေ့လို့..."

"မသိဘူးလေ။ နေမကောင်းလို့နေမှာပေါ့..."

ငထူးပါးစပ်ထဲရှိရာ‌လျောက်ပြောလိုက်ချင်းဖြစ်တယ်။ သူထင်တာက အဲ့လိုပြောလိုက်ရင် နန်းစံငြိမ်သွားမယ်လို့ပေါ့ ဒါပေမယ့်...

"နေမကောင်းဘူး။ ဘယ်လိုဖြစ်တာလဲဟင်။ စိုးရိမ်ရလား..."

"နင်ဘာဖြစ်နေတာလဲ။ နင်နဲ့ဘာဆိုင်လို့လဲ!..."

ငထူး ပြောပြီးမှ မျက်နှာပျက်သွားတဲ့ နန်းစံကြောင့် နောင်တရမိတယ်။ဘာဆိုင်လဲဆိုတာ အမေကလွဲသူတို့တစ်မိသားစုလုံးသိနေတာပဲ။ နန်းစံကိုလည်း ဒီလိုအချိန်မှာ စိတ်ဒုက္ခမရောက်စေချင်ဘူး...

"ဘာမှမဟုတ်တော့ဘူးဟာ...သွားတော့မယ်..."

"ခန..."

"ဘာလဲ..."

နန်းစံ ကိုထူးရဲ့လက်ကိုဆက်ခနဲဆွဲပြီးကာမှ ဘာပြောရမှန်းမသိဖြစ်နေတော့တယ်။ သူ‌ဘာပြောရမလဲ။ ကိုအာကာ့ကို စိတ်ပူလို့ပါလို့ ထပ်ပြောရင်လည်း ပြဿနာကတက်ဦးမယ်...

"ဟို..."

"ဘာလဲလို့..."

"ကိုထူးအိမ်ပြန်မယ်ဆိုရင် နန်းစံ ကိုထူးနဲ့ခနလိုက်ခဲ့လို့ရမလား..."

"တော်ပါတော့ နန်းစံရာ..."

"ဘာဖြစ်လို့လဲ ကိုထူးရယ်။ ခုနကကြ..."

"နင်...‌"

ငထူး ကိုယ့်ပါးစပ်ကို ထိန်းနေရတယ်။ သူစိတ်ထဲရှိတဲ့အတိုင်းသာဆို သောင်းကျန်းမိတော့မယ်။ ဟိုနွားကနန်းစံကိုလုံးဝ တာဝန်မယူဘူးလို့ အပြတ်ပြောနေတဲ့အချိန် နန်းစံက...

တောက်!

"ဘာဖြစ်တာလဲ...ကိုထူး..."

"ဘာဖြစ်ဖြစ် ဖယ်ဟာ..."

နန်စံ သူ့လက်ကိုအတင်းခါချနေတဲ့ကိုထူးကြောင့် အတော်ကိုစိတ်ထဲမွန်းကျပ်လာတယ်။ သူအကိုနဲ့တွေ့မှကိုရမှာပါဆိုနေ...

"ဟို...ဖွားရင်ကတောင်မေးနေတာ။ ကိုအာကာ..."

"နန်းစံ!"

ငထူးဒေါသတကြီးပဲ အော်မိလိုက်တာမို့ အိမ်ရှေ့ကလူကြီးတွေများကြားသွားသလားဆိုတာ အမြန်ကြည့်လိုက်တယ်။ လူကြီးတွေ သူတို့ဟာသူတို့စကားစုပြောနေတာ သေချာတယ်ဆိုမှ...

"နင် လာခဲ့..."

"ကိုထူး..."

နန်းစံရဲ့လက်ကို အတင်းဆောင့်ဆွဲကာ အိမ်နောက်ဘက်ခပ်လှမ်းလှမ်းက တောင်ပို့နားကိုဘခပ်သုတ်သုတ်လျှောက်သွားနေတဲ့ ကိုထူးကြောင့် နန်းစံရင်ထဲလေးမိတယ်။ ဘာများဖြစ်ပြန်ပြီလဲ...

"နန်းစံ...ငါပြောတာ နားထောင်..."

"ကိုထူး...ငိုနေတာလား..."

နန်းစံ မျက်ရည်တွေဝဲနေတဲ့ကိုထူးကြောင့် စိတ်ပူမိတယ်...

"ငါပြောတာသာ နားထောင်စမ်းပါ။ နင်အာကာမောင်ဆိုတဲ့ကောင်ကို မေ့လိုက်တော့..."

"ရှင်..."

နန်းစံ ကိုထူးရဲ့စကားကြောင့် အတော်ကိုလန့်သွားမိတယ်။ ကိုထူး...ကိုထူးက ဘယ်လိုလုပ်လုပ် သိသွားရတာလဲ...

"အဲ့ကောင်က အောက်တန်းစားကောင်..."

"ကိုထူး..."

ကိုထူးရဲ့စကားကြောင့် နန်းစံရဲ့လက်ကောက်ဝတ်ကို ဆုပ်ကိုင်ထားတဲ့ကိုထူးရဲ့လက်ကို ဖြုတ်ချလိုက်တယ်...

"နန်းစံ..."

"ကိုထူး နန်းစံတို့အကြောင်းကို ဘယ်ကနေဘယ်လိုသိသွားတာလဲတော့မသိပေမယ့် အကိုက လူကောင်းပါ..."

"‌ဘာကိုလူကောင်းလဲ။ နင့်ကိုဗိုက်ကြီးအောင်လုပ်... ကိုယ်ဝန်ပျက်ကျမှ တာဝန်မယူနိုင်ဘူးဆိုပြီး အပြတ်ငြင်းတဲ့ကောင်က လူကောင်းလား...ဟမ်...ပြောလေ နန်းစံ..."

"မဟုတ်တာ။ အကိုက အဲ့လိုလူမျိုးမဟုတ်ဘူး။ အကိုက...အကိုက နန်းစံကို လက်ထပ်မှာ။ အကိုရှောင်နေတာကလည်း ဆေးရုံမှာ ဟိုဆရာဝန်ပြောသလို ထောင်ထဲထည့်ခံရမှာဆိုးလို့။ အဲ့လိုသာဆို အကိုလည်း ဒုက္ခရောက်မယ်။ နန်းစံလည်း...နန်းစံလည်း ဒီထက်အရှက်ကွဲမှာ..."

"နင် စုံလုံးကန်းနေပြီ နန်းစံ...အဲ့ကောင် နင့်ကိုမချစ်ဘူး။ သူက နင့်ကိုလိမ်ညာနေတာ။ အဖေ့က သူနင့်ကိုယူရမယ်။ မယူရင် ထောင်ထဲထည့်မယ်ပြောလို့ သူထောင်ထဲရောက်ရင် အဖေ့ကိုပါအကြွေးကိစ္စနဲ့ထောင်ထဲရောက်အောင်လုပ်မယ်ဆိုပြီး ပြန်ခြိမ်းခြောက်တာ..."

"ဦးလေးပါ သိနေတာလား။ ကိုထူး...အခြားသူတွေရော သိနေပြီလား...ဒါဆို...အကို အန္တရာယ်ရှိတာပေါ့..."

"နန်းစံ...."

ငထူး ဘာပြောရမှန်းတောင်မသိတော့ဘူး။ သူဒီလောက်ထိပြောပြနေတာတောင်...

"နင် မွှန်နေပြီ..."

"မွှန်နေတာ မဟုတ်ဘူး ကိုထူး။ နန်းစံမှာ အကိုပဲရှိတော့တာ။ အကိုသာ နန်းစံကို စိတ်ကွက်သွားရင် နန်းစံ ဘဝသွားပြီ။ နန်းစံကို လူတိုင်းက လက်ညှိုးထိုးကြတော့မှာ..."

"နင့်ကို အဲ့ကောင်ကသေတောင်ယူမှာမဟုတ်ဘူး။ ဒီလိုလုပ်...ငါလည်း နှုတ်ဆိတ်ပြီးမနေနိုင်ဘူး။ ငါတို့ရဲသွားတိုင်ကြမယ်။ အဲ့ကောင်ကို ထောင်ထဲထည့်မယ်။ ငါလည်းကျောင်းမတတ်ဘူး။ နင်လည်း..."

"မလုပ်ဘူး...ကိုထူး ဘာတွေပြောနေတာလဲ။ အကို့ကို နန်းစံယုံတယ်။ အကိုက နန်းစံကို လက်ထပ်မှာ။ အကိုက နန်းစံရဲ့ရှေ့မှာ မားမားမတ်မတ်ရပ်တည်ပေးမှာ။ အကိုက နန်းစံကို ထားသွားမှာမဟုတ်ဘူး။ အကို့ကို နန်းစံတွေ့ချင်တယ်။ ခုသွားတွေ့မယ်။ မဟုတ်သေးဘူး။ ခုသွားတွေ့လိုက်ရင် လူတွေသိသွားမှာပေါ့။ အဲ့တာဆို အကိုဒုက္ခရောက်မှာ...ဘယ်လိုလုပ်ရမလဲ...ဘယ်လိုလုပ်ရမလဲဟင်..."

"နန်းစံရာ..."

ငထူး နန်းစံကိုပွေ့ဖက်ထားမိတယ်။ သူဘယ်လိုလုပ်ပေးရမလဲ။ အကိုတစ်ယောက်အနေနဲ့ သူဘာလုပ်နိုင်လဲ။ သူရဲသွားတိုင်မယ်ဆိုရင်တောင် အဖေက...

"ကိုထူး...အကိုက နန်းစံကို မထားခဲ့လောက်ပါဘူးနော်။ အကို နန်းစံကို ထားခဲ့ရင် နန်းစံရူးမှာ...ကိုထူးရဲ့။ နန်းစံ ဘာလုပ်ရမလဲ။ နန်းစံ ဘာလုပ်သင့်လဲ...ဟင်...ဘာလုပ်သင့်လဲ..."

နန်းစံ ရင်ဘက်ကြီးတစ်ခုလုံးပူလောင်နေပြီ။ နန်းစံ ငိုနေရုံကလွဲ ဘာမှမလုပ်တတ်တော့ဘူး။ ကိုထူးပြောသလိုသာ အကိုနန်းစံကို ထားခဲ့ရင်...အကိုသာ နန်းစံကို တာဝန်မယူဘူးဆိုရင် နန်းစံဘဝက ‌နန်းစံကို မွေးခဲ့တဲ့အမေထက် ဆိုးမှာ။ အမေကမှ နန်းစံကို မွေးပြီး ဝဋ်ကျွတ်သွားပေမယ့် နန်းစံက...နန်းစံက လူတကာ အထင်‌မြင်သေးတာကို အသက်ရှင်နေတဲ့ကာလ‌တစ်လျှောက်လုံး ခံစားနေရမှာ။ အဲ့လိုသာ ဖြစ်လာရင် နန်းစံခံနိုင်ရည်ရှိမှာမဟုတ်ဘူး။ တကယ်သာဖြစ်လာရင်တော့....

နန်စံ ခပ်လှမ်းလှမ်းကယိုင်နဲ့နဲ့တဲအိမ်လေးကို တုန်ရီစွာလှည့်ကြည့်နေမိတယ်။ သူ့ဘဝတစ်ခုလုံးက ခုဆို အကို့အပေါ်မူတည်သွားပြီ။ အကိုသာ သူ့ကိုမစွန့်ပစ်ရင် အကို့စိတ်နဲ့ အသက်ဆက်ရှင်နိုင်မယ်။ အကိုသာ စွန့်ပစ်မယ်ဆိုရင်တော့....

...နန်းစံ ခံနိုင်ရည်ရှိမှာမဟုတ်လို့ မေကြီးနောက်ကို လိုက်ခဲ့ပါရစေ...

*ပစ်တိုင်းထောင်*


//////////

{ ၁.၃.၂၀၂၅ }
{ ည ၉:၁၃ }



Keep Reading

ညဖြူဖြူ သူတော်စင်ရူး သူခိုးငရိုးမေတ္တာမဏ္ဍိုင်မျက်နှာကို တော်တော်တည် ထားသည်ပျင်းတာနဲ့ အချိန်ဆွဲတဲ့ အကျင့်ကို ဘယ်လိုဖျောက်မလဲ ရှန်ဂရီလာ"သည်မိုး"တစ်ကျွန်းစံ၏အပြန်လမ်းအကြီးအကဲ" စကားလက်ဆောင် ( ၁၀၀ )"အဆိပ်