မောင်ဇင်(မှိုင်းဌာနီ)
ဒီဆောင်းပါးကို ကျွန်တော်ဘာမှ မစခင် "ခေါင်းဆောင်" ဆိုတဲ့ဝေါဟာရကို အရင်ရှင်းလင်းပါရစေ။ "ခေါင်းဆောင်" ဆိုတာ အင်္ဂလိပ်လို "leader" ၊ မြန်မာအဘိဓာန်တွေနဲ့ ဒေသိရအသုံးအနှုန်းအဓိပ္ပာယ်တွေအနေနဲ့ကတော့ "ခေါင်းဆောင်" ဆိုတာ "အရာရာကို ဦးစီးဆောင်ရွက်ကြီးကြပ်သူ" ဆိုပြီး နားလည်သိရှိထားကြပြီးသားဖြစ်ပါတယ်။ ဆက်ရမယ်ဆိုရင် ကျွန်တော်တို့ လူမှု့အသိုက်အဝန်းထဲမှာပဲ "ခေါင်းဆောင်" အမျိုးမျိုးကို ကဏ္ဍအသီးသီးမှာ တွေ့မြင်ကြရမှာပါ။
"အိမ်" မှာဆိုရင် "အိမ်ထောင်ဦးစီး" ၊ "ကျောင်း" မှာဆိုရင် "ကျောင်းအုပ်ကြီး၊ကျောင်းသားခေါင်းဆောင်၊အတန်းခေါင်းဆောင်" ၊ "ရပ်ကွက်"ထဲမှာဆိုရင် "ရပ်ကွက်လူကြီး" ၊ နောက်ဆုံးကုန်ကုန်ပြောရရင် "နိုင်ငံတစ်နိုင်ငံ"မှာပါ "နိုင်ငံ့ခေါင်းဆောင်"ရယ်ဆိုပြီး အမျိုးမျိုးသော ခေါင်းဆောင်တွေ အများကြီးရှိကြပါတယ်။
လူတွေမှာ အသေးမစိတ်တဲ့ အသက်အရွယ်အပိုင်းအခြား ၃ ခုရှိပါတယ်။ဘယ်လိုမျိုးတွေလဲလို့ဆိုရရင် ၁။မွေးဖွားရာအချိန်၊ ၂။ရှင်သန်နေထိုင်ရချိန်၊ ၃။ဘဝနေဝင်ချိန် ဆိုပြီးပါပဲ။ ဒီလို အသက်အရွယ် ၃ ခု (သို့) အချိန် ၃ ချိန်ရှိနေစဉ်မှာလည်းပဲ အပေါ်မှာပြောခဲ့တဲ့ အမျိုးမျိုးသော "ခေါင်းဆောင်" နေရာတွေမှာ လူတိုင်းလူတိုင်းပါဝင် ဦးစီးဦးဆောင် ဆောင်ရွက်ကြရမှာ မလွဲဧကန်ပါပဲ။ တစ်ချက်ပြောချင်တာက "ဘယ်လိုနေရာမှာပဲ ကိုယ်ဟာ "ခေါင်းဆောင်" လုပ်လုပ်၊ အရည်အချင်းလည်ရှိ၊ သမာသမတ်လည်းကျ၊ ရိုးသားဖြောင့်မတ်တဲ့ "ခေါင်းဆောင်ကောင်း" တစ်ယောက်သာဖြစ်ဖို့လိုအပ်ပါတယ်။
ဘာလို့ ဒီလိုပြောရတာလဲဆိုရင် "ခေါင်းဆောင်" ဆိုတာအရာအားလုံးမှာ စီမံကြီးကြပ်ကွပ်ကဲရတာကြောင့်ပါပဲ။ ခေါင်းဆောင်လုပ်သူက အစ "စည်းပျက်ကမ်းပျက်၊မဖြောင့်မတ်၊မမှန်ကန်၊အရည်အချင်းမရှိရင် နောက်လိုက်လုပ်သူတွေကပါ ပျက်စီးယို့ယွင်းလာနိုင်တာမို့ပါပဲ။ နောက်တစ်ချက် ကိုယ်ကသာ အဲ့လို "ဗလာခေါင်းဆောင်" မျိုးသားဖြစ်သွားရင် ကိုယ့်နောက်လိုက်တွေက ထက်မြက်ပါတယ် ဆိုရင်တောင်မှ ပတ်ဝန်းကျင်လူအများက "ဗလာခေါင်းဆောင်နဲ့ဗလာအဖွဲ့" ဆိုတော့ "ဆရာမကောင်း တပည့်ခေါင်း၊ တပည့်မကောင်း ဆရာ့ခေါင်း" ဆိုသလို နှိမ်ချဆက်ဆံတာကိုခံရပါလိမ့်မယ်။
ဆက်ပြီး "ခေါင်းဆောင်ကောင်းတစ်ယောက်မှာရှိသင့်(ဝါ)ရှိရမယ့် အဓိကအရေးကြီးအရည်အချင်း"တွေကိုမရောက်ခင် သင်ဟာ အရင်ဆုံး "နောက်လိုက်ကောင်း" ဖြစ်ထားရပါဦးမယ်။ ဆရာမောင်သာချို ပြောသလို "အမြင့်ဆုံးကိုရောက်ချင်ရင်တော့ အနိမ့်ဆုံးကနေ စကြိုးစားရမှာပဲ၊မဟုတ်ရင် အမြင့်ဆုံးရောက်မှာ အသက်ရှုကြပ်နေလိမ့်မယ်။"ဆိုသလိုပါပဲဗျာ။ ငွေရှာရတဲ့အလုပ်၊ပညာရှာမှီးရတဲ့အလုပ် ဘယ်လို အလုပ်မျိုးကိုပဲ လုပ်ပါစေ၊ အခြေခံကနေစတင်ရတာပါပဲ။ စကားပုံတောင် ရှိသေးခင်ဗျ "အစကောင်းမှ အနှောင်းသေချာ" ပါသတဲ့။ အဲ့သလို ရှိကြတော့ ထပ်ပြောရမယ်ဆို သင်ဟာ "နောက်လိုက်ကောင်း" အရင် ဖြစ်ထားရမယ် ဆိုတဲ့အကြောင်း မှာကြားလိုက်ပါရစေ။
စပြီး "ခေါင်းဆောင်ကောင်းယောက်မှာ ရှိသင့်ရှိထိုက်ရမယ့် အရည်အချင်း"တွေကို ကျွန်တော် သိမှတ်ခံယူထားတဲ့အတိုင်း တင်ပြဆွေးနွေးပါ့မယ်။ "ခေါင်းဆောင်" ဆိုတာ "လက်ရုံးရည်၊နှလုံးရည် ရှိရမယ်" လို့ ထင်မြင်ယူဆပါတယ်။ အဲ့ဒီမှာ "လက်ရုံးရည်" ဆိုတာက "တိုက်ရည်၊ခိုက်ရည်" ကိုအဓိက မဆိုလိုတော့ဘဲနဲ့ "အလုပ်တစ်ခုကို ဘယ်လောက်ထိလက်တွေ့ကျကျ ခန့်ခွဲတတ်လဲ၊ဘယ်ေလာက်ထိစည်းကမ်းရှိလဲ၊လက်အောက်ငယ်သားတွေအပေါ်မှာ ကိုယ့်ရဲ့ စကားတစ်ခွန်းဟာ ဘယ်လောက်ထိ အရာရောက်လဲ၊လက်အောက်ငယ်သားတွေကိုရော ဘယ်လောက်ထိစည်းရုံးနိုင်လဲ" စတာတွေလို့ ထင်မြင်ပါတယ်။ နောက်တစ်ခုက "နှလုံးရည်"ပါ။ "နှလုံးရည်" ဆိုတာက "ကိုယ့်ကျင့်တရား၊ရိုးသားမှု၊ဖြောင့်မတ်တည်ကြည်ပြီး ညှာတာထောက်ထားတတ်မှု၊ဆင်ခြင်တုံတရားရှိမှု"စတာတွေပဲ ဖြစ်တယ်လို့ ထင်မြင်မိပါတယ်။စာဖတ်သူများလည်း နားလည်ကြပြီလို့ ယူဆပါတယ်။
နောက်ဆုံးအနေနဲ့မှာချင်တာကတော့ ကိုယ်ဟာ "ခေါင်းဆောင်" ဖြစ်လာပြီဆိုရင် အရင်က "နောက်လိုက်" ဖြစ်စဉ်ကထက် တာဝန်ယူမှု၊တာဝန်ခံမှု တွေပိုပြီးရှိလာမှာဖြစ်ပါတယ်။ နောက်ပိုင်း စာရေးသူ ကျွန်တော့်ရဲ့ အသိုက်အဝန်းထဲမှာတင် လူကိုကြည့်တော့ "အတော့်ကိုပဲ ထက်မြက်ပါတယ်၊စိတ်ထားကိုလေ့လာကြည့်လိုက်တော့ မနာလိုမှုတွေ၊ ချနင်းချင်တဲ့စိတ်တွေ၊ အသစ်မို့ အထင်အမြင်သေးတဲ့စိတ်ထားတွေ၊ဘဝင်မြင့်လေဟပ်နေတဲ့ စိတ်တွေ၊အပြစ်ဖို့တတ်တဲ့စိတ်တွေ" ကိုသွားမြင်နေရပါတယ်။ ဒီဆောင်းပါးကနေ ကျွန်တော်မှာချင်တာက "ခေါင်းဆောင်" ဖြစ်ပြီးဆိုရင် "ပညာတတ်၊လူယုတ်မာ"တွေတော့ မဖြစ်ကြပါစေနဲ့ခင်ဗျာ။
နိဂုံးချုပ်ရတော့မယ်ဆိုရင်ကတော့ "ခုဝယ် လူငယ်၊နှောင်ဝယ် လူကြီး" ဖြစ်လာကြမယ့် မျိုးဆက်သစ်လူငယ်မောင်မယ်တွေအနေနဲ့ [၁။ လိပ်လို ကိုယ့်ဖက်ပဲကိုယ်ယက်တတ်သူ၊ ၂။နွားရိုင်း လို ဒေါသငွေ့တရိပ်ရိပ်နဲ့စွပ်စွဲတတ်သူ၊ ၃။ပုတ်သင်ညို ကဲ့သို့ Yes man လိုလူ၊ ၄။သိမ်းငှက်လို အထက်စီးကနေ နိုင့်ထက်စီးနင်းတဲ့သူ၊ ၅။မြွေလို သူများအသိုက်အဆင်သင့်ဝင်ယူတတ်တဲ့သူ၊ ၆။ကင်းမြှီးကောက်လို နောက်ကျောကိုမှ ဆူးနဲ့ထိုးတတ်တဲ့သူ၊ ၇။ဂဏန်းလို ကိုယ့်သာအမှန်၊လက်မတထောင်ထောင်နဲ့ ကန့်လန့်ဘေးတိုက်ပဲသွားတဲ့သူ" စားမျိုးတွေမဖြစ်ကြပါစေနဲ့လို့ စေတနာအရင်းခံနဲ့မေတ္တာလက်ဆောင်အသိစကားပါးပြီး ဒီဆောင်းပါးလေးကို ဒီမှာပဲ နိဂုံးချုပ်ပါရစေခင်ဗျာ။
လိုက်ပါဖတ်ရှု့ပေးကြတဲ့ မိဘပြည်သူများအားလုံးအား လေးစားကျေးဇူးတင်လျက်။
ဖောင်တိန်ဖြင့် ရှင်သန်မည့်
မောင်ဇင်(မှိုင်းဌာနီ) ၂၇.၂.၂၀၂၅
Keep Reading