Author's Profile Photo

မောရိသျှ

27/02/2025

ဘာပဲလုပ်လုပ် ကြိုတင်ပြင်ဆင်ဖို့ လုံးဝ မပျင်းမိစေနဲ့

1 min read
Personal Development
Book Review
General Knowledge
ဘာပဲလုပ်လုပ် ကြိုတင်ပြင်ဆင်ဖို့ လုံးဝ မပျင်းမိစေနဲ့'s photo

လက်ရှိ ကြုံတွေ့နေရတဲ့ အခက်အခဲကို ဦးစားပေး ဖြေရှင်းသင့်တယ် ဆိုတာက မှန်ပါတယ်။ ဒါပေမယ့် အနာဂတ်မှာ တွေ့ကြုံနိုင်တဲ့ ဆူးညှောင့်ခလုတ်တွေကိုတော့ အခုကတည်းက ကြိုရှင်းထားနိုင်ရင်၊ အခက်အခဲတွေ လျှော့နည်းသွားမှာပါ။ အနာဂတ်မှာ ဘာဖြစ်လာမလဲဆိုတာ ဘယ်သူမှ မသိနိုင်ပါဘူး။ အခုကတည်းက ဖြစ်နိုင်ချေတွေအားလုံးအတွက် ကြိုတင်ပြင်ဆင်ထားက အကောင်းဆုံးဖြစ်ပါတယ်။ 

လက်ရှိ အစီအစဉ်၊ နည်းစဉ်အတိုင်း ဆက်လုပ်သွားရင် ဘာဖြစ်နိုင်မလဲ၊ အဆိုးဆုံးဖြစ်နိုင်တဲ့ အချက်တွေက ဘာတွေဖြစ်မလဲ၊ ဘယ်လို အနေအထားရောက်သွားခဲ့ရင် ဘာလုပ်သင့်လဲ၊ ဘယ်သူ့ဆီ အကူအညီတောင်းခံပြီး၊ ဘယ်လို ဖြေရှင်းရင်၊ ဘယ်ပြဿနာကို အပြီးဖြတ်နိုင်မလဲ၊ ဘယ်ရန်သူကို ဘယ်လို ရွေ့ကွက်နဲ့ ကစားလိုက်ရင် ဘယ်အချိန်လောက်ရောက်တာနဲ့ တပြိုင်နက် ပြဿနာဖြေရှင်းပြီးသား ဖြစ်နိုင်မယ်၊ စသဖြင့် သူများထက် ခြေလှမ်းပေါင်းများစွာ သာလွန်အောင် ကြိုတင်တွေးမြင် စီစဉ်ထားမှသာ၊ ဩဇာအာဏာ အရှိန်အဝါကို ရှည်ကြာစွာ ထိန်းချုပ်ကိုင်တွယ်နိုင်သူ ဖြစ်မှာပါ။ 

ရေတိုအကျိုး၊ ရေရှည်အမြတ် မြင်သိနိုင်သူဟာ၊ အမြော်အမြင်ကြီးသူဖြစ်ပါတယ်။ အမြော်အမြင်ကြီးသူတိုင်းက လက်ရှိအချိန်ထက်၊ နောင်အချိန်ကို ကြိုတွေးပြီး ပူပန်တတ်ကြပါတယ်။ အခြေအနေအလိုက် ဘာလုပ်သင့်တယ်ဆိုပြီး အဖြေထုတ်နေတတ်ပါတယ်။ 

ပြဿနာ မရှိရင်တောင် ပြဿနာတူ ဖန်တီးပြီး၊ ဖြေရှင်းနည်း ထုတ်ဖော်တတ်ပါတယ်။ ပဋိပက္ခမရှိရင်၊ ပဋိပက္ခ မီးစလေးတွေ ချပြီး၊ အတွေ့အကြုံယူတတ်ပါတယ်။ လက်တွေ့ဖြေရှင်းဖူးတဲ့ အတွေ့အကြုံမရှိပါဘဲ၊ ဘာမှ လုပ်လို့ မရပါဘူး။ 

မသိဘဲ လုပ်ရင်၊ လွဲပြီးရင်း လွဲပါလိမ့်မယ်။ မတတ်ဘဲ လုပ်ရင် မှားပြီးရင်း မှားပါလိမ့်မယ်။ သိလည်း မသိ၊ တတ်လည်း မတတ်ဘဲ လုပ်ရင်တော့ လွဲရုံမက၊ မှားရုံနဲ့မပြီး သဲထဲရေသွန်သလို အလကားဖြစ်သွားပါလိမ့်မယ်။ အကျိုးရှိ၊ တန်ဖိုးရှိတဲ့ အရင်းအမြစ်တွေကို အကြောင်းမဲ့ မသုံးမဖြုန်းမိပါစေနဲ့။ မသိရင် သင်၊ မတတ်ရင် ကျင့်၊ သိအောင်တတ်အောင် ကြိုးစားပါ။  

ပူပင်သောက များရင် စိတ်ဆင်းရဲရတတ်ပါတယ်။ ဒါပေမယ့် ပူပင်သောက မရှိရင် စိတ်ဒုက္ခ ပိုကြီးပါတယ်။ မမြင်နိုင်တဲ့ အန္တရာယ်တွေ အတွက် ကြိုတင်ပြင်ဆင်ထားပါ။ သူများထက်ခြေလှမ်းများစွာ သာနိုင်သူဖြစ်အောင် ကြိုးစားပါ။ လိုလည်း မလိုစေနဲ့၊ ပိုလည်း မပိုစေနဲ့။ လုံလောက်အောင်သာ ကြိုးစားအားထုတ်ပါ။ 

ပြည့်စုံမှုကို ဘယ်သူမှ ဖော်ဆောင်နိုင်မှာ မဟုတ်ပေမယ့်၊ လုံလောက်တဲ့ အတိုင်းအတာအထိ အားထုတ်နိုင်ပါတယ်။ မဖြစ်နိုင်တာတွေကို ကြိုတွေးပြီး သောကမရောက်နဲ့။ ဖြစ်မလာသေးတာတွေအတွက် တွေးပူမနေနဲ့။ ဘာပဲလုပ်လုပ် အကျိုးရှိမရှိတွေးပါ။ စနစ်တကျ ကြိုတင်ပြင်ဆင်ထားပြီးမှ ရှေ့ဆက်လုပ်ဆောင်ပါ။ အမှားကို မကြောက်ပါနဲ့။ မလွဲအောင်သာ ကြိုးစား အားထုတ်ပါ။ အောင်မြင်မှုထက် အားထုတ်မှုသာ ပဓာနဖြစ်တယ်။

#မောရိသျှ
အာဏာစက် နည်းဥပဒေသ (၄၈) ရပ် - ရောဘတ်ဂရင်း

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေး"တော်တဲ့သူတွေက ဆင်ခြေမပေးဘူး...  ဖြေရှင်းနည်းကိုပဲ ရှာကြတယ်"လိုမှသုံးပါအင်တာနက်နဲ့ လူနေမှုဘဝ Life is what you make itစာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းစာစောင်လေးဆယ့်တစ် - ပန်းတိုင်သို့အရောက်တက်လှမ်းခြင်းစာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်စာစောင်လေးဆယ် - အလိုကြီးအရနည်း ဟိုလိုလို ဒီလိုလို ဝေလည်လည်