Author's Profile Photo

Yara

19/02/2025

လွယ်လွယ် လက်မလျှော့ပါနဲ့

1 min read
Personal Development
General Knowledge
Motivation
လွယ်လွယ် လက်မလျှော့ပါနဲ့'s photo
"လက်လျှော့တယ်" ဆိုတာ လောကမှာ အလွယ်ကူဆုံးအရာပါ။ တစ်နည်းဆိုရရင် အရှုံးပေးလိုက်ခြင်းတစ်မျိုးပါပဲ။ ဒီလိုလက်လျှော့ခြင်းရဲ့ နောက်ကွယ်မှာ အချိန်ကာလ ကြာမြင့်စွာ ဆုပ်ကိုင်ထားခဲ့ရတဲ့ မျှော်လင့်ချက် ဒါမှမဟုတ် အိပ်မက်လေးတွေ ရှိနေပါတယ်။

တကယ်လို့ သင်ဟာ ဘာမှ ဆက်လုပ်ချင်စိတ်မရှိတော့အောင် စိတ်ဓာတ်ကျပြီး တွေဝေနေပြီဆိုရင်တော့ ဒီစာလေးက သင့်အတွက်ပါပဲ။

☘️မောပန်းနေရင် ခဏနားပါ...

မိတ်ဆွေ...ဝေးလံတဲ့ ခရီးမိုင်ပေါင်းများစွာဆီရောက်ဖို့အတွက် ခြေတစ်လှမ်းက စရတာပါ။ အခုဆိုရင် သင်သွားချင်တဲ့ ခရီးမှတ်တိုင်ရဲ့ တစ်နေရာကို သင် ရောက်နေပါပြီ။ နောက်ကို ပြန်လှည့်ကြည့်လိုက်ရင်...ခက်ခဲ ပင်ပန်းတဲ့ နေ့ရက်တွေ၊ ဝမ်းနည်းငိုကြွေးပြီး အကြိမ်ကြိမ် အရှုံးပေးချင်တဲ့ နေ့ရက်တွေ ဘယ်လောက်တောင် ရှိခဲ့ပြီးပြီလဲ။ ဒါပေမဲ့ အခုထိ သင် အရှုံးမပေးရသေးပါဘူး။ ခဏတာ အနားယူ‌‌တဲ့ အခြေအနေမှာပဲ ရှိပါသေးတယ်။ လက်မလျှော့ပဲ ရှေ့ဆက်လျှောက်လို့ ရနိုင်ပါသေးတယ်။

☘️ကိုယ့်ကိုကိုယ် အပြစ်မတင်ပါနဲ့...

လူတိုင်း အမှားနဲ့ မကင်းပါဘူး။ ကိုယ်ရွေးချယ်ခဲ့တဲ့ လမ်းဟာ မှားကောင်းမှားနိုင်ပါတယ်။ ဒါပေမဲ့ ဒါဟာ အတိတ်ကာလဖြစ်သွားပါပြီ။ ပြန်ပြင်ဆင်လို့ မရတော့ပါဘူး။ ဒီတော့ အချိန်တိုင်းလိုလို ကိုယ့်ကိုကိုယ် အပြစ်တင်ရင်းနဲ့ပဲ နေထိုင်သွားမလား။ ရှေ့ဆက်လျှောက်မယ့် လမ်းတွေကို ကိုယ်တတ်အားသရွေ့ အကောင်းဆုံး ဆက်လျှောက်မလား။ အရာရာဟာ ကောင်းဖို့ဖြစ်လာတာပါလို့ တွေးကြည့်လိုက်ပါ။ ဒီလမ်းကို ရွေးချယ်လိုက်တဲ့အတွက် သင့်မှာ ကောင်းကျိုးတွေလည်း ရှိမှာပါ။ သင်ကိုယ်တိုင် မမြင်တတ်သေးလို့ပါ။

☘️ကိုယ်ဟာကိုယ်ပါပဲ...

သင့်မိဘနှစ်ပါးက မွေးဖွားထားတဲ့ သင်ဟာ ကမ္ဘာပေါ်မှာ မိတ္တူမရှိတဲ့ လူသားတစ်ဦးပါ။ သင့်ဆီမှာ ကိုယ်ပိုင်အတွေးအခေါ်၊ အကျင့်စရိုက်၊ ဉာဏ်ရည်ဉာဏ်သွေး၊ အားသာချက်နဲ့ ပါရမီဓာတ်ခံတွေ ရှိပြီးသားပါ။ ဒီလိုပဲ အခြားသူတွေလည်း နည်းတူပါပဲ။ ကိုယ်ပိုင် ဝိသေသလက္ခဏာတွေ ရှိပြီးသားပါ။ ပြိုင်စရာမလိုသလို၊ နှိုင်းယှဉ်စရာလည်း မလိုပါဘူး။ လူအများက ဒီလမ်းလျှောက်လို့ ကိုယ်ပါဒီလမ်း လိုက်လျှောက်ရမယ်ဆိုတဲ့ အတွေးကို မောင်းထုတ်လိုက်ပါ။ အများနဲ့ မတူတဲ့သူ ဖြစ်ချင်ရင် အများနဲ့မတူတဲ့ လမ်းကို ရွေးရမှာ ဓမ္မတာပါ။

☘️ကံဆိုးခြင်းလည်း မမြဲပါဘူး...

လောကမှာ ဘယ်အရာမှ မမြဲတာကို သိကြမှာပါ။ အဆိုးတွေပြီးရင် အကောင်းတွေလာမှာပါ။ ငါ့ကျမှ ဖြစ်ရလေခြင်းဆိုတဲ့ အတွေးကို အဝေးဆုံး လွှင့်ပစ်လိုက်ပါ။ ငါလည်း လူထဲကလူဖြစ်လို့ သာမန်လူတွေလိုပဲ အနိမ့်အမြင့်၊ အတက်အကျရှိတယ်လို့ ခံယူထားပါ။ ကံဆိုးမှုနဲ့ ကျရှုံးမှုတွေကလည်း မမြဲပါဘူး။ ကံကောင်းမှုနဲ့ အောင်မြင်မှုတွေလည်း ဘဝထဲဝင်လာကြဦးမှာပါ။ သူတို့လာတဲ့အခါ ကိုယ်နဲ့ထိုက်တန်အောင်သာ ကြိုးစားပါ။

☘️အမှားထဲက သင်ခန်းစာယူပါ...

ဘဝမှာ မှားပြီးသား အမှားကို ထပ်ခါထပ်ခါ မမှားအောင် ဂရုစိုက်ပါ။ ယူတတ်ရင် အရာရာတိုင်းက သင်ခန်းစာတွေပါပဲ။ ရှေ့လာမယ့် နေ့ရက်တွေမှာ အမှားတူတွေ ထပ်မဖြစ်ဖို့ အရေးကြီးပါတယ်။ ဘယ်အရာကိုလုပ်လုပ် ဖြစ်နိုင်ရင် အကောင်းဆုံးလုပ်ပါ။ ကိုယ့်မှာလည်း နောင်တမကျန်ခဲ့တော့ဘူးပေါ့။ ကိုယ့်အကြောင်းကိုယ်ပဲ စဉ်းစားပြီး စိတ်ကို တံခါးဖွင့်ထားလိုက်ပါ။ မွန်းကြပ်ပိတ်လှောင်နေရင်လည်း ထပ်ခါထပ်ခါမှားနေတတ်ပါတယ်။

☘️ အချိန်ဆိုတာ ရပ်မနေပါဘူး...

သင်စိတ်ဓာတ်ကျလို့ရပါတယ်။ ဝမ်းနည်းလို့ရပါတယ်။ တွေဝေလို့ရပါတယ်။ ဒါပေမဲ့ အချိန်တွေ အများကြီးတော့ မယူမိပါစေနဲ့။ ကုန်သွားတဲ့ အချိန်တွေဟာ ဘာနဲ့မှ ပြန်အစားထိုးလို့ မရတာ သတိကပ်ပါ။ လမ်းပျောက်နေရင်တောင် ခဏနားပြီးရင် ရောက်နေတဲ့နေရာကပဲ ဆက်လျှောက်ပါ။ တစ်နေရာရာကိုတော့ ရောက်ပါလိမ့်မယ်။ အလျှော့ပေးလိုက်ဖို့ မတွေးပါနဲ့။ လောကကြီးဟာ ဖြစ်စေချင်သလို မဖြစ်တတ်တဲ့ သဘောတရားရှိတာကိုလည်း ဆင်ခြင်ပါ။ သင်အကောင်းဆုံး ရှေ့ဆက်ပါ။ ထိုက်တန်တဲ့ အကျိုးအမြတ်တစ်ခု ရလာမှာပါ။

အထက်မှာပြောပြခဲ့သလို လက်လျှော့လိုက်ဖို့လွယ်ပါတယ်။ ရှေ့ဆက်လျှောက်ဖို့ပဲ ခက်တာပါ။ မလွယ်တဲ့ အရာကို လုပ်နိုင်မှ သင်ဟာ ထူးချွန်သူတစ်ယောက်ဖြစ်မှာပါ။

#Yara
#27.2.2025


Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးအင်တာနက်နဲ့ လူနေမှုဘဝ စာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းအပေါ်ယံသမားစာစောင်လေးဆယ့်တစ် - ပန်းတိုင်သို့အရောက်တက်လှမ်းခြင်းစာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်စာစောင်လေးဆယ် - အလိုကြီးအရနည်း ဟိုလိုလို ဒီလိုလို ဝေလည်လည်စာစောင်သုံးဆယ် - အရင်းအမြစ်ပြည့်စုံခြင်းစာစောင်သုံးဆယ့်နှစ်-ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်ခြင်း