Author's Profile Photo

မောရိသျှ

17/02/2025

ဘက်အစွဲမထားပါနဲ့

2 mins read
Personal Development
Book Review
General Knowledge
ဘက်အစွဲမထားပါနဲ့'s photo

ဩဇာအာဏာ အရှိန်အဝါဆိုတာ အသွင်အပြင်၊ ပုံပန်းသဏ္ဍာန် (ဥပဓိ) အပေါ်မူတည်တယ်၊ ဒါကြောင့် ကိုယ့်ရဲ့ပုံရိပ်ကို ထိခိုက်စေမယ့် အလုပ်အကိုင်မျိုး၊ အသွားအလာမျိုး၊ အရွှေ့အလျားမျိုး လုံးဝ မလုပ်မိစေနဲ့။ ပုံရိပ်ကို အမြဲ မြင့်တင်ပါ။ ပုဂ္ဂလဖြစ်စေ၊ သမဂ္ဂဖြစ်စေ ဘယ်ဘက်ကိုမှ မလိုက်နဲ့။ ဘက်ကင်းကင်းနေပါ။ အမှီအခိုကင်းပြီး၊ လောင်းရိပ်တွေကနေ လွတ်ကင်းတဲ့ ရပ်တည်မှုမျိုးမှာ အထာကျကျ၊ နေတတ်ထိုင်တတ်ရင် လူလေးစားခံရတတ်တယ်။ အနေမတတ်ဘဲ၊ လွန်လွန်ကဲကဲ မော်ကြွားရင်တော့၊ လူမလေး ခွေးမခန့် အဘက်ဘက်က ဝင်ဆွဲတာမျိုး ခံရတတ်တယ်။  

နေတတ်၊ ထိုင်တတ်ပြီး၊ ဘက်တိုင်းနဲ့ အဆင်ပြေအောင် တသီးတသန့် ရပ်တည်နိုင်ရင် အားလုံးရဲ့ လေးစားမှုကို ခံရတတ်တယ်။ အနေအထားအရသာ အပေါ်လည်း မဟုတ်၊ အောက်လည်း မဟုတ်ပေမယ့်၊ အားလုံးရဲ့ ထိပ်ပေါ်ကနေ စီးပိုးခွင့် ရနိုင်တယ်။ ဘက်ရွေးလိုက်မယ်ဆိုရင်တော့၊ ရွေးချယ်လိုက်တဲ့ဘက် အလိုက် သူများနဲ့ တွဲဖက်လုပ်ကိုင်နေရင်တောင်၊ အမှီခိုခံ၊ အချိတ်အဆက်ခံဖြစ်သွားတဲ့အတွက်၊ ခေါင်းနေရာ မဟုတ်တော့ဘဲ၊ လက်ကိုင်တုတ်လို၊ တောင်ဝှေးလိုဘဝနဲ့ ခွာမရပြုမရ၊ အနေခက်ရလိမ့်မယ်။ 

တသီးတသန့်နေပြီး၊ အနေကောင်းနဲ့ ထိပ်ဦးပေါင်းမှာ ဆရာကျလာတာနဲ့အမျှ လူတွေရဲ့ လေးစားမှု ရလာလိမ့်မယ်။ ကိုယ့်ဘက်ကို ရွေးချယ်ပြီး ချဉ်းကပ်ဖို့ ကြိုးစားလာကြလိမ့်မယ်။ ကိုယ့်နောက် လိုက်ပါဖို့ တောင်းဆိုလာကြလိမ့်မယ်။ ဒါမှမဟုတ် ဘက်ချင်းယှဉ်ပြီး တန်းညှိတဲ့လူတွေရဲ့ ကမ်းလှမ်းမှုတွေ ရလာလိမ့်မယ်။ အနေအထားအလိုက်၊ အခြေအနေအရ ကိုယ်လိုအပ်နေတဲ့ တစ်စုံတစ်ရာနဲ့ မျှားခေါ်ပြီး၊ သူများလက်ကိုင်တုတ် လုပ်ဖို့ ဆွဲဆောင်ခံရတတ်တယ်။ အထူးမှတ်ထားဖို့က - လိုချင်တပ်မက်စိတ်ဆိုတာ ကပ်ရောဂါကို ဖြစ်စေတတ်တဲ့ ကူးစက်ရောဂါပိုးလိုပဲ၊ အကပ်လည်းမခံနဲ့၊ အလာလည်း မခံနဲ့။ လူတွေမက်တဲ့ လူဖြစ်လာရင်၊ ကိုယ့်ကို ငတ်အောင် လုပ်မယ့်သူတွေ ကပ်လာတတ်တယ်။ လူထင်ကြီးခံရတိုင်း မက်လောက်စရာ လူဖြစ်လိမ့်မယ်လို့လည်း မတွေးနဲ့။ နာမည်ကျော်၊ ဂုဏ်ရှိတိုင်း လူ့ထက်ကလူ ဖြစ်ချင်မှ ဖြစ်မှာပါ။ အမြင်အားဖြင့် အထင်ကြီးစရာ၊ အားကျစရာ၊ မက်လောက်စရာ အသွင်နဲ့လူတွေက အများအားဖြင့်၊ အထင်ကြီးဖို့ကောင်းအောင်၊ အားကျစရာဖြစ်နေအောင်၊ မက်မောစရာဖြစ်သွားအောင် ဟန်ပြဟန်ဆောင် နေတဲ့သူတွေ ဖြစ်တယ်။ 

လူ့လေးစားခံ အစစ်၊ အထင်ကြီးလောက်စရာ လူ့ပေါ်ကလူအစစ်တွေက သူတို့နဲ့ သိကျွမ်းခွင့်၊ ရင်းနှီးခွင့်၊ ခင်မင်ခွင့် မရဘဲ သူတို့အနေနဲ့ ဘာကြောင့် လူလေးစားခံဖြစ်နေကြတယ်၊ အထင်ကြီးလောက်စရာ ဖြစ်နေတယ်ဆိုတာကို လွယ်လွယ် မသိနိုင်မမြင်နိုင်ပါဘူး။ ရေပေါ်ဆီလို လူမျိုးတွေထက် ပိုပြီး ဟန်ဆောင်ကောင်းကြတယ်။ ဖုံးကွယ်ထားတတ်ကြတယ်။ လူသိမခံလိုကြပါဘူး။ အနှစ်ရှိတော့ အသံမထွက်ဘဲ၊ တည်ငြိမ်ကြပါတယ်။ အနှစ်မရှိဘဲ၊ အဆံလောက်သမားတွေကျတော့ လူပုံလယ်မှာ အရှက်မရှိ ဂုဏ်ဆာပြတတ်ကြတယ်။

အခြေမခိုင်၊ အနေမတတ်ဘဲ၊ မော်ကြွားလွန်လို့ အောက်ပြုတ်ကျသွားခဲ့ရင်တော့၊ သွားပြီပဲ။ အဖတ်ဆည်မရတော့ရင်၊ ဘက်သမားတွေက သူတို့လက်အောက်ထဲကို မဝင်မချင်း အတင်း သွတ်သွင်းတာမျိုး ခံရတတ်တယ်။ ဒါကြောင့် နန်းကျဘုရင်တိုင်းက သေသော်မှသည် အိုကောင်း၏လို့ ညည်းတတ်ကြတာပါ။ သူမသာ ကိုယ်မသာ ဖြစ်သွားခဲ့ရင်၊ မထင်မှတ်ထားတဲ့ အဘက်ဘက်က နည်းစုံသုံးပြီး ကိုယ့်ကို အတင်း လက်ယက်ခေါ်ကြလိမ့်မယ်။ 

ကံကောင်းလို့ ကိုယ့်အနေအထားက အောက်ဆုံးမှာဆိုပေမယ့်၊ လုပ်ရည်ကိုင်ရည်၊ စွမ်းဆောင်ရည်အပြင်၊ အရင်းအမြစ်တချို့ ရှိနေခဲ့ရင်တော့၊ မျက်နှာသာပေးတာတွေ၊ အကြွေးချေ၊ လက်ဆောင်ပေး၊ စသဖြင့် မက်လောက်စရာ ဆွဲဆောင်မှု တစ်စုံတစ်ရာနဲ့ သူတို့ဘက် မရောက်ရောက်အောင် အချိတ်အဆက်တွေ တမင်ဆင်ပြီး အတင်းခေါ်ကြပါလိမ့်မယ်။ အဲဒီလို အနေအထားမျိုး ရောက်သွားခဲ့ရင်၊ အထူးမှတ်ထားပါ။ လုံးဝ ခေါင်းမညိတ်ပါနဲ့။

ခေါင်းညိတ်မိလိုက်တာနဲ့ ဘဝပျက်သွားပါလိမ့်မယ်။ အများရဲ့ ဂရုစိုက်မှုကို အခွင့်ကောင်းယူပစ်လိုက်ပါ။ ဘက်သမားတွေ ဘာကြောင့် ကိုယ့်အပေါ် စိတ်ဝင်စားကြသလဲ ဆိုပြီး သူတို့ရဲ့ အကြံနောက်ကွယ်က ရည်ရွယ်ချက်ကို မြင်အောင် ကြည့်ပါ။ အကြောင်းမဲ့ ကိုယ့်ကို စေတနာနဲ့ သနားလို့ လာခေါ်တာမျိုး မဖြစ်နိုင်ပါဘူး။ အမြော်အမြင်ရှိပါ။ ပါးနပ်ပါ။ လောင်းရိပ်ခံ ဘယ်တော့မှ မဖြစ်ပါစေနဲ့။ ပေးလာသမျှမှာ အစွယ်မပါရင်၊ အသာတကြည်လက်ခံပြီး၊ ကိုယ်ကျိုးထုတ်လိုက်ပါ။ အစွယ်ပါလာရင်တော့၊ သူ့အဆိပ်နဲ့သူ ပြန်သေသွားအောင် ပညာသားပါပါ ငြင်းဆန်လိုက်ပါ။ မဖြစ်မနေ လက်ခံရမယ်ဆိုရင်တော့၊ အပြစ်ကြီးတွေ ထပ်ဆင့်တိုးသွားတာမျိုး မဖြစ်အောင် ခေါင်းညိတ်ပြီး၊ လက်လျိုလိုက်ပါ။ ဒါပေမယ့် ဘယ်တော့မှ သူများအပူ၊ ကိုယ့်အပူအဖြစ်မခံနဲ့။ ရုန်းထွက်နိုင်တာနဲ့ တပြိုင်နက် ကန်ထွက်ပါ။ 

ဒီနေရာမှာ အထူးမှတ်ထားဖို့က၊ လူတွေကို ဆန့်ကျင်ပြီး၊ တကိုယ်တော် ရပ်တည်ဖို့ ပြောနေတာ လုံးဝ မဟုတ်ပါဘူး။ ကောင်းတာပဲ လုပ်လုပ်၊ ဆိုးတာပဲ လုပ်လုပ် တစ်ယောက်တည်း နေလို့ မရပါဘူး။ ပေါင်းသင်းဆက်ဆံရေး နဲ့ အချိတ်အဆက်တွေ မဖြစ်မနေ လိုအပ်ပါတယ်။ လူတွေနဲ့ အဆင်ပြေအောင် နေပါ။ ပါးနပ်ပါ။ ကိုယ့်ရည်ရွယ်ချက်ကို ဖုံးကွယ်ထားပြီး၊ သူများဖြစ်ချင်တာကို လိုက်လုပ်ပေးရင်၊ ကိုယ်ကျိုးထုတ်ပါ။ တဖက်သားက ဆယ်ဆလောက် ကောက်ကျစ်စဉ်းလဲလာရင်၊ သူ့ထက် အဆပေါင်း တရာ ကောက်ကျစ်စဉ်းလဲတတ်ရမယ်။ ရန်သူက ခြေဆယ်လှမ်းကျော်တက်သွားနိုင်ခဲ့ရင်၊ ရန်သူထက် ခြေလှမ်းတရာ ကွက်ကျော်ရိုက်တတ်ရမယ်။ 

#မောရိသျှ
အာဏာစက် နည်းဥပဒေသ (၄၈) ရပ် - ရောဘတ်ဂရင်း

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးအရင်းအနှီးနဲ့ တည်ဆောက်ထားတဲ့ ဘဝရည်မှန်းချက်ပန်းတိုင်တစ်ကိုယ်ရည်ငွေကြေးဆိုင်ရာ ထားရှိသင့်တဲ့ အပြုအမူတွေ… အပိုင်း (၅)Personal Finance Levelsငွေကြပ်တည်းမှုစာစောင်သုံးဆယ့်နှစ်-ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်ခြင်းဖြစ်နိုင်ပါ့မလား?စာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်သင့်လုပ်ငန်းက တကယ်မြတ်နေရဲ့လား-အပိုင်း(၂)အခြေအနေအရ ဖြစ်တည်မှု