Author's Profile Photo

Dilu Nya

17/02/2025

အိမ် ( အပိုင်း ၃ )

2 mins read
Novel
Fiction
အိမ် ( အပိုင်း ၃ )'s photo

"ဝုတ်"
"ဝုတ်"
အသံနဲ့အတူ ရိပ်ခနဲ သူမြင်လိုက်တာ ခွေးတစ်ကောင်။
သိပ်ကို မြန်ဆန်ပြီး ထင်မှတ်မထားတဲ့ အခြေကြောင့် တံခါးကို ပိတ်ဖို့ သတိမရ။ ခွေးက သူ့မျက်နှာဆီ အရှိန်နဲ့ ခုန်အုပ်လိုက်တယ်။ ဒီတော့ သူကလည်း သူ့မျက်နှာကို ညာလက်နဲ့ ကာလိုက်မိတယ်။ ခွေးဟာ သူ့ရဲ့ညာလက်ကို ကိုက်ခဲလိုက်တယ်။ အရှိန်နဲ့ဆိုတော့ သူလည်း နောက်ကို လန်ကျသွားတယ်။ ခွေးသူ့အပေါ်ကနေ ကိုက်ခဲထားတဲ့ သူ့ညာလက်ကို မလွတ်။
သားကောင်ရဖို့ သဲကြီးမမဲကြီးတိုက်ခိုက်နေတဲ့ ကျားတစ်ကောင်လိုပဲ။
သူ ဘယ်လောက် ရုန်းရုန်း မရ။ လဲနေတဲ့အနေအထားမို့ သူလည်း ရသလောက် ဘယ်ဘက်လက်နဲ့ ခွေးရဲ့ ခေါင်းကို ထိုးတယ်။ ခွေးကလည်း သူ့အသားနာလေ ကိုက်ခဲလေ။ သူကလည်း ညာလက်ကိုရုန်းလိုက်၊ ဘယ်ဘက်လက်နဲ့ ခွေးကို ထိုးလိုက်နဲ့။
နောက်တော့ သူလည် အားကုန်ထည့်ပြီးခွေးကို ထိုး၊ တပြိုင်တည်းမှာပဲ သူ့ညာလက်ကို ရုန်းလိုက်တော့ လွတ်သွားတယ်။ ပြီးတော့ ချက်ချင်းပဲ ခွေးကိုတွန်းလိုက်ပြီး မတ်တပ်ရပ်လိုက်တယ်။ ခွေးရဲ့ ရန်လိုမှုကလည်း ပိုပြင်းထန်လာတယ်။ သူ့ဆီကို မာန်ဖီပြီး ကြည့်နေတယ်။
မှောင်ရိပ်တည်းမှာဆိုပေမဲ့ ခွေးရဲ့ ပုံသဏ္ဌာန်ကိုတော့ သူ့မြင်‌နေရတယ်။ ‌ခွေးရဲ့ အရွယ်အစားဟာ လမ်းဘေးမှာ မြင်နေကြ ခွေးထက် မပိုဘူး။ ဒါပေမဲ့ အဲ့ဒီလမ်းဘေးခွေးတွေထက် ရန်လိုမှုက ပိုပြီး ပြင်းထန်သလို ပိုပြီး အကြောက်အလန့်ကင်းနေတယ်။ သေသေချာချာ လေ့ကျင့်ထားပုံပဲ။ ဒီအိမ်ထဲ ဝင်ရောက်လာတဲ့ ဘယ်သူစိမ်းကိုမဆို အလွတ်ပေးမဲ့ပုံ မပေါ်ဘူး။
ခွေးက ဟောင်လိုက်၊ မာန်ဖီလိုက်လုပ်ပြီး သူ့ဆီ ထပ်ပြီး ခုန်အုပ်ပြန်တယ်။ ဒီတစ်ခါတော့ မရတော့။ အရှိန်နဲ့ဆိုတော့ သူလည်း ကိုယ်ကိုစောင်းပြီး အားနဲ့အင်နဲ့ ခွေးကို တွန်းထုတ်လိုက်တယ်။ ခွေးဟာ နံရံကို ထိသွာပြီး ကြမ်းပြင်ပေါ် ပြန်ကျသွားတယ်။ ပုံမှန်လောက်ဆို ခွေးဟာ အတော်လေးနာကျင်ပြီး သူ့ကို တိုက်ခိုက်ဖို့တော့ နည်းနည်းလောက် တွန့်ဆုတ်သွားမှာ။ ဒါပေမဲ့ ဒီခွေးကတော့ အဲ့လို မဟုတ်။ သူ့ဆီ ပြန်ပြီး ခာန်အုပ်ပြန်တယ်။ သူကလည်း ပထမအတိုင်းပဲ ပြန်တုံ့ပြန်လိုက်တယ်။
ခွေးဟာ ‌နာလေ ပိုပြီးဒေါထွက် တိုက်ခိုက်လေပဲ။ သူ့မှာကလည်း ခွေးကို တိုက်ခိုက်နိုင်တာဆြိလို့ လက်နှစ်ဖက်ပဲ ရှိတာ။ အမှောင်ထဲမှာလည်းဖြစ်၊ နေရာကလည်း မျက်နှာချင်းဆိုင် အခန်းတွေရှေ့က စင်္ကြံလမ်းလို ဖြစ်နေတော့ တုတ်တစ်ချောင်း မပြော‌နဲ့ အပ်တစ်ချောင်း မရှိ။( မတွေ့တာလည်း ဖြစ်ချင်ဖြစ်မှာပေါ့လေ။)
ဒီအတိုင်းဆို မလွယ်။ ဒီခွေးကို သူ ဘယ်လို ရင်ဆိုင်မလဲ။ ဒီအိမ်ထဲရောက်ပြီးကတည်းက သူ့အလုပ်ကို ဘာမှ မစတင်နိုင်သေး။ ‌အချိန်‌ကြာလာရင် သူ့အတွက်မကောင်းဘူး။ ခုက ခိုးဖို့ဆိုတာထက် ဒီရန်လိုအားကြီးနေတဲ့ ခွေးကို သူ အရင် ကျော်ဖြတ်ရဦးမယ်။
ခွေးကလည်း ခုန်အုပ်တာ မရတော့ သူ့‌ခြေထောက်ကို ဝင်ဝင်ဆွဲတယ်။ တစ်ခါမှာတော့ သူ့ဘောင်းဘီကို ကိုက်မိပြီး နောက်ကို ကိုက်ဆွဲလိုက်တာ သူတောင်ဟန်ချက်ပျက်ပြီး လဲတော့မလို့။ အချိန်မီ နံရံကို တွန်းပြီး မထိန်းလိုက်နိုင်ရင် မလွယ်ဘူး။
နောက်တော့ သူလည်း သတိရပြီး နီးရာ အခန်းတစ်ခန်းထဲကို ဝင်လိုက်တယ်။ ဒါကိုသိသွားတဲ့ ခွေးကလည်း သူ့ဆီခုန်အုပ်လိုက်သေးတယ်။ ဒီတစ်ခါတော့ သူ ဦးသွားတယ်။ ခွေးဟာ သူ့ဆီမရောက်တော့ဘဲ အခန်းတံခါးကို ရိုက်မိသွားပြီး "ဘုန်း" ဆိုတဲ့အသံကိုပဲ သူကြားလိုက်တယ်။ ဒီတစ်ခါတော့ ခွေးဟာ သဲကြီးမဲကြီး ဟောင်တော့တာပဲ။ သူ့မှာလည်း အခန်းထဲရောက်မှ သက်ပြင်းချနိုင်တယ်။ ပြီးတော့ သူဟာ ထိုင်ချလိုက်တယ်။ အသက်ကို ဝဝ ရှူလိုက်တယ်။ အြပင်က ခွေးဟောင်သံကို လျစ်လျူရှုပြီး အမောဖြေလိုက်တယ်။ တစ်ခန်းလုံးကတော့ မှောင်မဲလို့ပေါ့။
အခန်းထဲရောက်ပြီး ခဏကြာတော့ ခွေးဟောင်သံ တိတ်သွားတယ်။ ဒါပေမဲ့ ဒီခွေးဟာ ဘယ်မှ သွားမှာ မဟုတ်ဘူးဆိုတာ သူသိတယ်။ ဒီခွေးဟာ သေသေချာချာ လေ့ကျင့်ပေးထားတဲ့အတိုင်း သူ့ကို အလွတ်ပေးမှာ မဟုတ်ဘူး။ ဒါပေမဲ့ အခြေအနေသိရအောင် သူဟာ အခန်းတံခါးဆီ ထသွားပြီး တံခါးကို ဖြေးဖြေးချင်း ဖွင့်လိုက်တယ်။ တစ်ထွာလောက်ပဲ ရှိသေးတယ်။ "ဝုတ်"ဆိုတဲ့အသံနဲ့အတူ တံခါးဆီရိပ်ခနဲ။ သူကလည်း အသင့်အနေအထားဆိုတော့ မြန်မြန်ဆန်ဆန်ပဲ တံခါးကို ပိတ်လိုက်နိုင်တယ်။ ခွေးက ခဏတော့ ဟောင်သေးတယ်။ နောက်တော့ အသံမကြားရတော့။ ဒါပေမဲ့ ဒီအခန်းထဲက ထွက်ဖို့မလွယ်မှန်း သူ သိလိုက်တယ်။
သူ ဒီအခန်းထဲကနေ ဘယ်လို ထွက်မလဲ။
ဒီအခန်းထဲမှာ ပိတ်မိနေလို့တော့ မဖြစ်ဘူး။
ဒါဆို ဘယ်လိုလုပ်ရမလဲ။
သေချာတာကတော့ အပြင်မှာ သူ့ကို တိုက်ခိုက်ဖို့ ခွေးတစ်ကောင်က စောင့်နေမယ် ဆိုတာပဲ။
သူလည်း ဘောင်းဘီအိတ်ထဲကနေ အသေးစား ဓာတ်မီးလေးကို ထုတ်လိုက်တယ်။ အခန်းထဲမှာ ခွေးကို ရိုက်လို့ရလောက်မဲ့အရာ တစ်ခုခုကို ရှာမိတယ်။ အခန်းထဲမှာက ဟောင်းနွမ်းပြီးပိုးမျှင်တွေတက်နေတဲ့ ခုတင်တစ်လုံး။ ပြီးတော့ ဘီဒိုဟောင်း တစ်ခုနဲ့ ဖုန်တက်နေတဲ့ အိတ်တချို့။ ဒီအခန်းဟာ လူမနေတာ အတော်ကြာခဲ့ပြီဆိုတာ သူရပ်နေတဲ့ ကြမ်းပြင်မှာ ရှိနေတဲ့ ဖုန်မှုန့်တွေက သက်သေပဲ။
သူဟာ အခန်းပတ်လည်ကို ဓာတ်မီးနဲ့ ထိုးကြည့်ရင်း ဘီဒို နားမှာ ကြောင်တစ်ကောင်ကို တွေ့လိုက်ကတယ်။ ရုတ်တရက်ဆိုတော့ "ညှောင်"ဆိုတဲ့အသံနဲ့အတူ သူ့ရင်ခုန်သံတွေတောင် မြန်သွားတယ်။ ပြီးတော့ ကြောင်ဟာ ဘီဒိုပေါ်ခုန်တက်ပြီး မျက်နှာမှာ ရှိနေတဲ့ အပေါက်ထဲကို ခုန်ဝင်သွားတယ်။ နောက်တော့ သူလည်း သက်ပြင်းသဲ့သဲ့ချပြီး ခုတင်မှာရှိတဲ့ ခြင်တောင်ကြိုးအတွက်အသင့်ရှိနေတဲ့ သစ်သားချောင်းကို ချွတ်လိုက်တယ်။ ဒီလောက်ဆို ခွေးကို ကောင်းကောင်း ရင်ဆိုင်လို့ရပြီ။ ဒီတော့ သူ့စိတ်တွေ လေးလံမှုလျော့သွားပြီး တံခါးဆီ ဦးတည်လိုက်တယ်။ အဲဒီအချိန်မှာပဲ မီးရောင်ဟာ အခန်းဆီဆီကို ဖျတ်ခနဲ ဖြတ်သွားတယ်။
သူဟာ မတုံ့မဆိုင်းဘဲ အခန်းပြတင်ပေါက်နားဆီ ရောက်သွားပြီး အပြင်ကို ကြည့်လိုက်မိတယ်။
ဟာ!
သူ့စိတ်တွေ မွန်းကြပ်သွားရတယ်။ သူ့ဘဝတစ်လျှောက်မှာ ဒီလောက်လွဲချော်မှုတွေကို မကြုံးဖူးခဲ့ဘူး။ ခုတော့ အခြေအနေတွေက သူ့အတွက် ခက်ခဲသည်ထက် ခက်ခဲလာပြီဆိုတာကို သိလိုက်ရတယ်။
ဟုတ်တယ်။
ခြံထဲကို ကားတစ်စီး ဝင်လာပြီ‌ လေ။ အဲ့ဒီကားပေါ်မှာ ဘယ်သူတွေ ပါသလဲဆိုတာ သူ သိနေတယ် မဟုတ်လား။

&&&&

Keep Reading

ညဖြူဖြူ သူတော်စင်ရူး သူခိုးငရိုးမေတ္တာမဏ္ဍိုင်မျက်နှာကို တော်တော်တည် ထားသည်ပျင်းတာနဲ့ အချိန်ဆွဲတဲ့ အကျင့်ကို ဘယ်လိုဖျောက်မလဲ ရှန်ဂရီလာ"သည်မိုး"တစ်ကျွန်းစံ၏အပြန်လမ်းအကြီးအကဲ" စကားလက်ဆောင် ( ၁၀၀ )"အဆိပ်